← Chapters

Magical Plot

Vol. 9 Ch. 81

Magical Plot

Vol. 9 Ch. 81

ထို့နောက်ပိုင်း ဇာတ်လမ်းက တဖြည်းဖြည်းနဲ့ မှော်ဆန်လာသလို ခံစားရသည်။

စာတမ်းတို အရေးအသားပြိုင်ပွဲမှာ ချူးရှား ‘A’ အဆင့်ရရှိသွားပြီး သခင်လေး မူရုံရွှမ်ထက် သာလွန်သွားသဖြင့် သခင်လေး အလွန်မကျေမနပ်ဖြစ်သွားခဲ့သည်။ ထို့နောက် ချူးရှားကို အမည်ပျက်စာရင်းသွင်းဖို့ ညွှန်ကြားလိုက်သည်။ ထို့ကြောင့် ချူးရှားကို ကျောင်းတော်တစ်ခုလုံးက စတင်ပစ်မှတ်ထားလေတော့သည်။

ကိုယ်လုပ်တော်များ: “…”

ကျန်းကျီမြောင် ရယ်ချင်စိတ်ဖြင့် တွေးလိုက်သည်။

[ရယ်ချင်လွန်းလို့သေတော့မှာပဲ၊ ရှေးခေတ်ဗားရှင်းပြောင်းလိုက်တော့ ဇာတ်လမ်းက… ထားလိုက်ပါ ထားလိုက်ပါ၊ အရေးမကြီးပါဘူး! ဒီလိုဒရမ်မာမျိုးကို ကြည့်ရင် ဦးနှောက်ကို မသုံးတာ အကောင်းဆုံးပဲ!]

ဦးနှောက်ကို မသုံးရဘူးဟုတ်လား…

အားလုံးလည်း မိဖုရားကြီး အကြံပေးသည့်အတိုင်း ဦးနှောက်များကို လွှင့်ပစ်ခဲ့ကြရပါသည်။

ထို့နောက် ဇာတ်လမ်းဆက်ခဲ့သည်။ အာဏာပါဝါတို့၏ ဖိနှိပ်မှုအောက်တွင် ချူးရှားအရှုံးမပေးခဲ့ဘဲ မူရုံရွှမ်ကို စိန်ခေါ်ခဲ့ပါသည်။ သူ့လုပ်ရပ်တွေက တရားမျှတမှုမရှိဘဲ မှားယွင်းသဖြင့် နောက်ဆုံးအချိန်အထိ သူမ တွန်းလှန်သွားမည်ဟုကြွေးကြော်ခဲ့သည်။

[ဟူး… ရှေးခေတ်ဗားရှင်းဖြစ်သွားတော့ Meteor Garden က အရင်းရှင်စနစ်နဲ့ ပဒေသရာဇ်စနစ်တို့ကို ပုန်ကန်တဲ့အကြောင်း ရိုက်ပြထားသလို ခံစားရတယ်…]

ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ကျန်းကျီမြောင်ပင် စိတ်ဝင်စားသွားမိသည်။

ထိုစဉ် စနစ်က ရယ်သွေးကာ ဝင်ပြောလိုက်သည်။

[ဒီစနစ်ကိုယ်တိုင် ဖန်တီးထားတဲ့ ဇာတ်လမ်းမို့ ကောင်းမှာသေချာပါတယ် စနစ်ပိုင်ရှင်]

ဘာကြောင့်မှန်းမသိဘဲ ကျန်းကျီမြောင်လည်း အလွန်မျှော်လင့်ထားသည်။ ထို့ကြောင့် ပထမပိုင်းပြီးသောအခါ ဒုတိယပိုင်းကို ချက်ချင်းဖွင့်ကြည့်ခဲ့သည်။

ဒီအပိုင်းမှာ လူအများ၏အနိုင်ကျင့်နှိပ်စက်မှုကို ခံနေရသော်လည်း ချူးရှား သတ္တိရှိရှိရင်ဆိုင်ကျော်လွှားခဲ့သည်။ ထို့အပြင် အနိုင်ကျင့်ခံနေရသည့် နောက်ထပ်လူတစ်ဦးကိုလည်း သူမ ကူညီပေးခဲ့သေးသည်။

ချူးရှားကို မူရုံရွှမ် ပညာပြဖို့အတွက် သူမကို အနောက် တောင်တန်းတွေဆီခေါ်သွားပြီး ခွေးရိုင်းတွေစေလွှတ်ကာ တိုက်ခိုက်စေခဲ့သည်။

ချူးရှားကမူ မိန်းကလေးတစ်ဦးဖြစ်သော်လည်း သတ္တိရှိရှိ ရင်ဆိုင်ကာ ဒဏ်ရာအရခံပြီး ထိုခွေးတွေကို သုတ်သင်ပစ်ခဲ့သည်။

အနောက်တောင်တန်းတွေဆီမှ ပြန်ထွက်လာသောအခါ အရုဏ်တက်ချိန်ပင် ရောက်နေပြီဖြစ်သည်။ အစကတော့ တစ်ကိုယ်လုံး စုတ်ပြတ်အားလျော့နေသည့် ချူးရှားကို မြင်ရလိမ့်မည်ဟု မူရုံရွှမ်မျှော်လင့်ထားခဲ့သော်လည်း သူမြင်လိုက်ရသည့် မြင်ကွင်းကမူခြားနားနေခဲ့သည်။

ချူးရှား မျက်နှာတစ်ခုလုံး သွေးတွေပေကျံနေသော်လည်း ခေါင်းမော့ ရင်ကော့ထားနိုင်ခဲ့သည်။

မူရုံရွှမ် အံ့ဩတုန်လှုပ်သွားခဲ့ရပါသည်။ ချူးရှားကို စိတ်ထဲမှ အထင်အမြင်သေး ဝေဖန်ခဲ့ဖူးသူများပင် ရီဝေသွားခဲ့ကြသည်။

ကျောင်းတော်သို့ ချူးရှားပြန်လည်ရောက်ရှိလာသောအခါ တစ်ညလုံး ခွေးများနှင့်လုံးထွေး သတ်ပုတ်ထားရသော် လည်း နောက်ထပ် ‘A’ အဆင့် ရရှိသည့် စာတမ်းတိုတစ်ပုဒ်ကိုရေးသားနိုင်ခဲ့ပြန်သည်။

ထို့နောက် မူရုံရွှမ်ရှေ့သို့သွားကာ ချူးရှားအေးစက်စွာ ပြောလိုက်သည်။

“မင်း ဘယ်လို ယုတ်ညံ့တဲ့ နည်းလမ်းမျိုးပဲသုံးသုံး ငါရင်ဆိုင်ပြမယ်! မင်းက သူများတွေကို အနိုင်ကျင့်ရတာ သဘောကျတယ်မဟုတ်လား၊ ဒါဆိုလည်း အနိုင်ကျင့်ရမယ့် လူတွေ လိုက်ရှာမနေနဲ့တော့၊ ငါ မင်းနဲ့ နောက်ဆုံးအချိန်ထိ ကစားပေးမယ်!”

ချူးရှား လေသံမှာ ခိုင်မာပြတ်သားလွန်းပါသည်။ အကြောင်းအရင်းတစ်ခုခုကြောင့် ယခင်တုန်းကလို ချူးရှားကို မူရုံရွှမ် မလှောင်ပြောင်တော့ဘဲ တိတ်ဆိတ်သွားခဲ့သည်။

ဒုတိယပိုင်းအဆုံးသတ်တွင် သခင်လေး လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော သွမ့်မုယန်က ချူးရှားအပေါ် နွေးနွေးထွေးထွေး ဆက်ဆံလာခဲ့လေသည်။

ကိုယ်လုပ်တော်များအားလုံး ဇာတ်လမ်းတွဲထဲ အလွန်မျောပါနေကြပြီဖြစ်သည်။ ဒုတိယပိုင်းပြီးသောအခါ တတိယပိုင်းကိုကြည့်ရဖို့ မျှော်လင့်စောင့်စားနေမိကြပါပြီ။

“အခမဲ့အပိုင်းတွေကုန်သွားပြီ”

ကျန်းကျီမြောင် နာနာကျင်ကျင်ဖြင့် တီးတိုးရေရွတ်လိုက်သည်။ ဒီတစ်ခါတော့ စနစ်ကို သူမ ရှုံးနိမ့်သွားသည်ဟု ဝန်ခံရမည်။ ဇာတ်လမ်းတွဲက အလွန်စွဲမက်စရာကောင်းလှသည်ပင်။

သို့သော်လည်း ထပ်ကြည့်ချင်ပါက သူမ အမှတ်ဖြင့်ဝယ် ယူရမည်။ လောလောဆယ် သူ့လက်ထဲ အမှတ်တွေ အများကြီးရှိနေပါသည်။ သို့သော် သူမရောက်လာသည့် ကမ္ဘာကြီးက သူ ထင်ထားသလို ဘေးကင်းလုံခြုံမှုမရှိမှန်း သိလိုက်ရသည့် အချိန်ကစလို့ ကျန်းကျီမြောင် အမှတ်တွေကို ချွေချွေတာတာ ခြစ်ခြစ်ကုပ်ကုပ်သာ အသုံးပြုခဲ့သည်။

ဒီအမှတ်တွေကို အရေးပေါ်အသုံးပြုဖို့အတွက် သိမ်းထားရပါမည်။ အခမဲ့ရရှိလျှင်် ကြည့်လိုက်မည်ဖြစ်သော်လည်း အမှတ်ဖြင့် လဲလှယ်ရမည်ဆိုလျှင်တော့ သူ မေ့လိုက်တော့မည်။

[ထားလိုက်ပါတော့၊ မနက်ဖြန်မနက်ကျမှ ဆက်ကြည့်လိုက်မယ်!]

ယခုမှ ဇာတ်လမ်းကိုစွဲလမ်းခါစဖြစ်နေသော ကိုယ်လုပ် တော်များအားလုံး ဆွံ့အသွားခဲ့ကြသည်။

“…”

မလုပ်ပါနဲ့! မလုပ်ပါနဲ့!

ဒီကိုယ်လုပ်တော်တို့ ကြည့်ချင်သေးတယ်!

မနက်ဖြန် မနက်ဟုတ်လား… ဟုတ်ပြီ!

မနက်ဖြန် မနက် ကြည့်ရမယ့် နှစ်ပိုင်းကို လုံးဝလွတ်လို့ မဖြစ်ဘူး!

သေချာပေါက် စောစောလာစောင့်နေရမယ်!

ဆုံးဖြတ်ချက်ပြတ်သားနေသည့် အားလုံး၏မျက်နှာတွေကို ယွဲ့မြန် ကြည့်ရင်း နေ့တိုင်း အရုဏ်မတက်ခင်ကတည်းက ဖုန့်ယီနန်းဆောင်ရှေ့ကို ကိုယ်လုပ်တော်တွေဘာကြောင့် ရောက်ရှိနေတတ်မှန်း ရုတ်တရက် နားလည်သွားခဲ့ရသည်။

သူ သာဆိုလျှင်လည်း… စောင့်နေမိမှာဖြစ်သည်။

သို့သော် ပြဿနာက ဖုန့်ယီနန်းဆောင်သို့ သူမ ကြွဖို့အ တွက် အကြောင်းပြချက်တစ်ခုခုလိုအပ်ပါသည်။

[တခြား ဘာမှလုပ်စရာမရှိတော့ အပိုင်း (၁) ကနေ နောက်တစ်ခါပြန်ကြည့်လိုက်ပါဦးမယ်]

ကျန်းကျီမြောင် ပျင်းရိနေသဖြင့် ပထမပိုင်းကိုပြန်ဖွင့်ကြည့်နေလိုက်ပါသည်။

“အရှင်မင်းကြီး…”

လီသဲ့ဟွိုက် တိုးညှင်းစွာ လျှောက်တင်လိုက်သည်

“ဒီငယ်သားတို့ ဘယ်လို အသံပေးသင့်လဲ”

ယွဲ့လင်း တံခါးဝမှာရပ်နေသည်မှာ နာရီဝက်ခန့်ကြာပါပြီ။ သူ ရောက်ရှိလာမှန်း အနောက်နန်းဆောင်အဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ သတိမထားမိကြသေးချေ။

[အဲ့ဒီမူရုံရွှမ်က မျက်နှာပဲလှပြီး ဘာမှ အသုံးမကျတဲ့ကောင်၊ ဟန်ပဲရှိပြီး အဆံမရှိတဲ့ကောင်၊ ချူးရှားလိုပဲ အနိုင်ကျင့်ခံရတဲ့ ထိုင်ခုံဖော်ကလည်း နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ပုံစံမျိုး ဖြစ်နေတယ်ဆိုတော့…]

ကျန်းကျီမြောင် အာရုံထဲ ဝေဖန်ချက်များ စတင်ထုတ်နေပြီဖြစ်သည်။

ယွဲ့လင်း: “…”

သူ့ကို မော်ကြည့်ရမယ့်အစား ဇာတ်လမ်းတွဲကိုပဲ နောက်တစ်ခေါက် ပြန်ကြည့်နေတယ်ပေါ့…

အဲ့ဒီ မူရုံရွှမ်ဆိုတဲ့လူရဲ့မျက်နှာက အဲ့လောက်ကြည့်ကောင်းလို့လား…

ဟန်ပဲရှိပြီး အဆံမရှိဟုဆိုသောစကားကို ယွဲ့လင်း လုံးဝ လျစ်လျူရှုလိုက်ပါသည်။ ကျန်းကျီမြောင် အခြား ယောက်ျားလေးတစ်ယောက်ကို မျက်နှာလှသည်ဟု ချီး ကျူးလိုက်သည့် စကားကိုပဲ ယွဲ့လင်း ကြားသည်။ နောက်တစ်ယောက်က နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းသည်ဟုပင် ကျန်းကျီမြောင် တွေးနေသေးသည်။

ချစ်ဖို့ကောင်းတယ်ဟုတ်လား…

အဲ့ဒီလူက သူ့လောက် သနားစရာကောင်းလို့လား

ယွဲ့လင်း ဒေါသထွက်သွားရသည်။ ဘေးမှ လီသဲ့ဟွိုက်လည်း ချွေးသီးချွေးပေါက်များ စတင်စီးကျလာပြီဖြစ် သည်။

အရှင်မ! ခေါင်းလေးနည်းနည်းလောက် မော်ကြည့်လိုက်စမ်းပါ!

အရှင်မင်းကြီး ပေါက်ကွဲတော့မယ်!

ရုတ်တရက်ဆိုသလို ယွဲ့လင်း ခန်းဆောင်ထဲဝင်သွားခဲ့သည်။ လီသဲ့ဟွိုက် စိတ်ချောက်ချားသွားပြီး အမြန် လျှောက်တင်လိုက်ပါသည်။

“အရှင်မင်းကြီး! အမျက်ဒေါသမကြီးပါနဲ့၊ အရှင်မက…”

လီသဲ့ဟွိုက် ဆုံးအောင် မလျှောက်တင်နိုင်ခင် ယွဲ့လင်းက ကျန်းကျီမြောင်ရှေ့ ရှောက်ရှိသွားပြီဖြစ်ပြီး နာကျင်နေသော မျက်နှာမျိုးဖြင့် မိန့်လိုက်ပါသည်။

“ဒီနေ့ည ညစာအတူတူသုံးဆောင်မယ်လို့ ကျန်းတို့ သဘောတူထားကြတယ် မဟုတ်လား မိဖုရား”

လီသဲ့ဟွိုက် ကြက်သေသေသွားပြီး လည်ချောင်းဝရောက်နေသည့် စကားလုံးများကိုပြန်မျိုချလိုက်မိသည်။

ယွဲ့လင်း အသံကိုကြားမှ ကျန်းကျီမြောင် ကြက်သေသေကာ တစ်ခုခုကို သတိရသွားခဲ့ပါသည်။

အဲ့တာကြောင့် တစ်ယောက်ယောက်ကို မေ့နေသလို ခံစားရတာကိုး!

ယွဲ့လင်းကို ခေါ်ဖို့ မေ့သွားတာပဲ!

“အရှင်မင်းကြီး…”

ကျန်းကျီမြောင် လိပ်ပြာမလုံ ဖြစ်သွားသည်။

“ဒီနေ့ည မိန်းမသားတွေပဲ ရှိနေတာမို့လို့ အရှင်မင်းကြီး ကြွမြန်းလာရင် မသင့်တော်ဘူးလို့ ဒီမိဖုရား ထင်မိလို့ပါ…”

ယွဲ့လင်း အံကြိတ်လိုက်သည်။ ဒီနေရာမှာ ယွဲ့မြန်ကလွဲပြီး တခြားသူတွေအားလုံးက သူ့အနောက်နန်းဆောင်မှ ကိုယ် လုပ်တော်များသာ။

ဒါကို မိဖုရားက ‘မသင့်တော်’ဘူးတဲ့လား…

တခြားသူတွေကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။ ကိုယ် လုပ်တော်တွေ အားလုံးလည်း ကျန်းကျီမြောင်၏စကား ကို ထောက်ခံသယောင်ယောင်ဖြစ်နေကြပါသည်။

ယွဲ့လင်း: “…”

“အရှင်မင်းကြီး ဘာမှ မသုံးဆောင်ရသေးဘူးမဟုတ်လား”

ကျန်းကျီမြောင် အမြန်လျှောက်တင်လိုက်သည်။

“နည်းနည်းလောက် သုံးဆောင်ပါဦး”

ကျန်းကျီမြောင် အပြစ်ရှိသလို ခံစားရသဖြင့် ယွဲ့လင်းအတွက် စားဖွယ်ရာများပြင်ဆင်ပေးလိုက်ပါသည်။ ယွဲ့လင်းလည်း မျက်နှာသိသိသာသာ ကြည်လင်သွားသည်။ ထို့နောက် ပန်းကန်လုံးထဲမှ မျှစ်တစ်ချောင်းကိုယူလိုက်ပြီး အောက်က လူတွေကိုငုံ့ကြည့်လိုက်သည်။

သူ့မျက်နှာထားက ထိုသို့အဓိပ္ပာယ်ဆောင်ပုံရသည်။

ငါ့မှာ မိဖုရားကိုယ်တိုင် ဆက်သထားတဲ့ မျှစ်တစ်ချောင်းရှိတယ်

မင်းတို့မှာကော… မင်းတို့မှာ ဘာရှိလဲ ?

ကိုယ်လုပ်တော်များ: “…”

ကလေးဆန်လိုက်တာ! အရှင်မင်းကြီး ကလေးဆန်လွန်းနေပြီ!

သို့သော်လည်း ကိုယ်လုပ်တော်များအားလုံး ထူးထူးဆန်းဆန်း သဝန်တိုမိလာကြသည်။ အားလုံး၏ မျက်နှာတွေကို မြင်မှ ယွဲ့လင်း ကျေကျေနပ်နပ်ကြီး သုံးဆောင်လေတော့သည်။

“အရှင်မ”။ ယွဲ့လင်း မိန့်လိုက်သည်။ “အဲ့ဒီ စွပ်ပြုတ်ကလည်း ကောင်းမယ့်ပုံစံပဲ”

ကျန်းကျီမြောင် ကြက်သေသေသွားပြီး ယွဲ့လင်းအတွက် စွပ်ပြုတ်တစ်ပန်းကန် အမြန် ခပ်ထည့် ပေးလိုက်ပါသည်။ သို့သော်ယွဲ့လင်းက ချက်ချင်း မသုံးဆောင်ပါ။

“လီသဲ့ဟွိုက်၊ ဒီစွပ်ပြုတ်က အမှန်တကယ် ကောင်းမွန်မယ့်ပုံပဲ။ ပန်းကန်ကို သယ်ပြီး အားလုံးကို လိုက်ပြလိုက်ပါလား”။ ယွဲ့လင်း အမိန့်ပေးလိုက်သည်။

လီသဲ့ဟွိုက် ကြောင်စီစီဖြစ်သွားသော်လည်း အမိန့်နာခံလိုက်ပါသည်။

ကျန်းကျီမြောင်: “???”

အကြောင်းအရင်းကို နားမလည်သော်လည်း လီသဲ့ဟွိုက် စွပ်ပြုတ်ပန်းကန်ကိုကိုင်ပြီး ခန်းဆောင်တစ်ခုလုံးကိုလှည့် ပတ်လိုက်သည်။ ယွဲ့လင်း မိန့်ကြားထားသည့်အတိုင်း ကိုယ်လုပ်တော်တစ်ဦးချင်းစီရှေ့မှာ ရပ်ပြီး စွပ်ပြုတ်အား မြင်သာအောင် ပြလိုက်သည်။

ကိုယ်လုပ်တော်များ: “???”

ဒါခွေးစာကျွေးတာမဟုတ်လား…

ကျိန်းသေပေါက် ခွေးစာကျွေးနေတာ မဟုတ်လား ??

အဲ့လောက်ကြီးကျ သင့်တောင် သင့်တော်ပါရဲ့လား ??

အားလုံး၏စူးစူးရှရှ အကြည့်များအား ကျေကျေနပ်နပ်ကြီးခံယူပြီးနောက် ယွဲ့လင်း စွပ်ပြုတ်ကိုအရသာခံ သုံးဆောင်လိုက်သည်။

“မိဖုရားကိုယ်တိုင် ဆက်သထားတဲ့ စွပ်ပြုတ်မို့လို့လား မသိဘူး အရမ်းချိုမြိန်နေတာပဲ၊ အားလုံးကော ဘယ်လို သဘောရကြလဲ”

ယွဲ့လင်း အားလုံးကို ငုံ့ကြည့်လိုက်ပြန်သည်။

ထို့နောက် တစ်ခုခုကိုနားလည်သွားဟန်ဖြင့် ဆက်မိန့်လိုက်သည်။

“ဪ ဟုတ်သားပဲ၊ မိဖုရားကိုယ်တိုင် ဆက်သပေးတဲ့ စွပ်ပြုတ်ကို သောက်ဖူးတဲ့လူမှ မရှိတာ၊ မေးမိတာ ကျန်းမှားသွားတယ်”

All Chapters