← Chapters

Poor Little Thing

Vol. 9 Ch. 82

Poor Little Thing

Vol. 9 Ch. 82

ကျန်းကျီမြောင် ကြက်သေသေနေသည်။ ကိုယ်လုပ်တော်များအားလုံးလည်း ကြက်သေသေနေပါသည်။

သို့သော် ယွဲ့လင်အပြုံးကမူ ပိုမိုတောက်ပလာခဲ့သည်။ သူစွပ်ပြုတ်တစ်ဇွန်းလောက် သောက်ပြီးတိုင်း ချီးကျူးခန်းဖွင့်လို့ မဆုံးနိုင်ဖြစ်နေရလေသည်။

ကိုယ်လုပ်တော်များ: “…”

ယွဲ့လင်း၏နှောင့်ယှက်မှုကြောင့် ယခုလက်ရှိဖွင့်ထားသည့် Meteor Garden ပင် စိတ်ဝင်စားဖို့မကောင်းတော့ချေ။

“အရှင်မင်းကြီး… စွပ်ပြုတ်တွေ အေးတော့မယ်” ကျန်းကျီမြောင် သတိပေးလိုက်သည်။

“မိဖုရား လက်နဲ့ ကိုယ်တိုင် ဆက်သထားတဲ့ စွပ်ပြုတ်မို့လို့ အေးစက်သွားရင်တောင် သောက်သုံးလိုက်ရင် ကျန်းနှလုံးသားထဲ နွေးထွေးသွားမှာပါ”

ယွဲ့လင်း တွန့်ဆုတ်မှုမရှိဘဲ ပြောလိုက်သည်။

ကျန်းကျီမြောင်ခမျာ အံ့ဩမှင်သက်သွားခဲ့သည်။

ဘာဆေးတွေ မှားသောက်ထားသလဲဟု ယွဲ့လင်းအား သူမေးချင်ပင် စိတ်ပေါက်သွားရသည်။

သို့သော်… သူ စိတ်ထိန်းထားလိုက်ပါသည်။ ယွဲ့လင်းမှာ သူမ ဘော့စ်ဖြစ်သည်။ ထို့ကြောင့် အနည်းငယ် သည်းခံသင့်သည်။

ကျန်းကျီမြောင် သည်းခံနိုင်သော်လည်း တခြားသူများကမူ သည်းမခံနိုင်တော့သည့် ပုံစံပင်…

ကြင်ယာတော်သဲ့ ချက်ချင်းဆိုသလို မတ်တပ်ရပ်လိုက်ပြီး လျှောက်တင်လိုက်ပါတော့သည်။

“အရှင်မ၊ ဒီကြင်ယာတော်တို့အားလုံး ညစာကိုဝဝလင်လင် သုံးဆောင်ပြီးသွားပါပြီ၊ အရှင်မင်းကြီး အခုမှ ကြွမြန်းလာတာဆိုတော့ သူ့ဖာသာ သူ အေးအေးချမ်းချမ်းညစာသုံးဆောင်ပါစေလား ? ဒီကြင်ယာတော်တို့ ဒီလို ငုတ်တုတ် ထိုင်စောင့်နေတော့ အရှင်မင်းကြီး ညစာသုံးဆောင်ရတာ အနှောင့်အယှက် ဖြစ်နေမှာပေါ့”

ချန်ရှုယိလည်း နူးညံ့သိမ်မွေ့စွာထောက်ခံလိုက်သည်။

“ဒီကြင်ယာတော်တို့ တစ်ညလုံးကစားကြမယ်လို့ အရှင်မ မိန့်ထားတယ် မဟုတ်ဘူးလား ? ဟိုမှာ မာကျောက်စားပွဲတောင် ပြင်ပြီးသွားပြီ”

ယွဲ့လင်း: “???”

ဒီကိုယ်လုပ်တော်တွေကတော့ မျိုးဆက် ၉ ဆက်ကွပ်မျက် ခံရမှာ မကြောက်ကြဘူးလား!

ကျန်းကျီမြောင် အနည်းငယ်ချောင်းဟန့်လိုက်သည်။

“အရှင်မင်းကြီး ဗွေမယူပါနဲ့၊ ဒီနေ့က ယွဲ့မြန်ဘွဲ့အမည်ခံယူတဲ့ နေ့မို့လို့ ညီအစ်မတွေအားလုံး ပျော်ရွှင်နေကြတာ၊ အဲ့တာကြောင့် ပျော်စရာကောင်းတာလေးတွေ လုပ်ဖို့ စီစဉ်ထားကြတာပါ”

ကိုယ်လုပ်တော်များအားလုံး ပီတိဖြာသွားပြီး ယွဲ့လင်းထံ လှမ်းကြည့်လိုက်ကြသည်။

မြင်လား ? အရှင်မက သူတို့နဲ့တစ်ညလုံး ကစားဖို့ စီစဉ်ထားပြီးသား ?

အရှင်မင်းကြီးကကော…? အရှင်မင်းကြီးက အရှင်မရဲ့ အစီအစဉ်ထဲမှာတောင် မပါဘူး!

ရင်ထဲမှာ ရှိတာနဲ့ မရှိတာ ဒီလိုကွာခြားတားပေါ့!

ဟင်းလျာတွေ၊ စွပ်ပြုတ်တွေ ဆက်သခြင်းကဲ့သို့ အသေး အဖွဲကိစ္စများကို သူမတို့ ဂရုမစိုက်ပါ။

အလင်းရောင်များ မှေးမှိန်သွားခဲ့သည်။ ယွဲ့လင်း တစ် ယောက်တည်းထိုင်ကာ အထီးကျန်မျက်နှာမျိုးဖြင့် ရုတ် တရက် မိန့်လိုက်ပါတော့သည်။

“မိဖုရား သွားလိုရာ သွားနိုင်ပါတယ်၊ ကျန်း ငယ်စဉ်က တည်းက တစ်ယောက်တည်းနေလာရတာဖြစ်လို့ အထီး ကျန်မှုနဲ့ အသားကျနေပါပြီ”

၎င်း၏ဖြူဖြူဖွေးဖွေး ချောချောမောမော မျက်နှာထက် မဲ့ပြုံးတစ်ခု ဖြည်းညှင်းစွာပေါ်လာခဲ့သည်။

မီးအလင်းရောင်ကြောင့် သူ့မျက်နှာသည် လင်းတစ်ဝက်မှောင်တစ်ဝက်ဖြစ်နေပြီး အလွန်သနားစရာကောင်းသည့် ပုံစံဖြစ်သွားရသည်။

ကိုယ်လုပ်တော်များ: “???”

အားလုံးရင်ထဲ တဒုတ်ဒုတ် မြည်သွားကြသည်။

အရှင်မင်းကြီးက တကယ်သနားစရာကောင်းတဲ့ပုံစံဖြစ်အောင် သရုပ်ဆောင်ပြနေတာပဲ!

ထင်ထားသည့်အတိုင်း ကျန်းကျီမြောင်လည်း ဒါကိုမကြည့်ရက်ခဲ့ချေ။

[အရှင်မင်းကြီး ငယ်ငယ်လေးကတည်းက လူတိုင်းရဲ့ စွန့် ပစ်မှုကို ခံထားရတာ၊ အဲ့တာကြောင့် တစ်ယောက်တည်း ကျန်နေရတဲ့ ခံစားချက်ကြီးကို သဘောကျမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား]

ကျန်းကျီမြောင် နူးညံ့သိမ်မွေ့စွာ လျှောက်တင်လိုက်သည်။

“ဒီမိဖုရား အရှင်မင်းကြီးနားမှာပဲ အဖော်ပြုပေးပါ့မယ်၊ ညီအစ်မတွေကတော့…”

ယွဲ့လင်း သဘောထားပြည့်ဝစွာ မိန့်လိုက်သည်။

“သူတို့ လုပ်ချင်တာ လုပ်လို့ရပါတယ်”

ညီအစ်မများထံ ကျန်းကျီမြောင် တောင်းတောင်းပန်ပန် ကြည့်လိုက်ပါသည်။

“ဒီမိဖုရား အရှင်မင်းကြီးကို အဖော်ပြုပေးလိုက်ပါဦးမယ်၊ အားလုံး ကိုယ့်ဖာသာ ကိုယ် ပျော်ကြနော်”

ကြင်ယာတော်သဲ့ အံကြိတ်လိုက်မိသည်။ သူ သည်းခံထားသော်လည်း ယွဲ့လင်းအား တစ်ခါလောက်တော့ မကျေမနပ် လှမ်းကြည့်လိုက်မိသည်။

ယွဲ့လင်းကမူ မျက်နှာထားပြောင်းလဲခြင်း မရှိပေ။

အောင်နိုင်သူတစ်ယောက်အနေဖြင့် တည်တည်တံ့တံ့နေ ထိုင်ရပါမည်။ ဒီအရှုံးသမားတစ်သိုက်နှင့် ရန်ဖက်ဖြစ်စရာ မလိုအပ်ချေ။

ကြင်ယာတော်သဲ့နှင့် အခြားကိုယ်လုပ်တော်များလည်း ဘာမှမတတ်နိုင်တော့ဘဲ သူမတို့ဖာသာ သူမတို့ပျော်ပါးဖို့သာ စီစဉ်ရတော့သည်။

ထိုစဉ် လီသဲ့ဟွိုက် အပြေးရောက်ရှိလာပြီး လျှောက်တင်လိုက်သည်။

“မင်းသမီးအန်းလဲ့နဲ့ ကြင်ယာတော်တို့! မှောင်ရီပျိုးနေပြီဖြစ်လို့ အပြန်လမ်းလျှောက်ရမှာ ခက်ခဲနိုင်တဲ့အတွက် အားလုံးရဲ့သက်ဆိုင်ရာ နန်းဆောင်တွေဆီ ပြန်ပို့ဆောင်ပေးဖို့ ဒီငယ်သားကို အရှင်မင်းကြီးက တာဝန်ပေးထားပါတယ်”

ထို့နောက် မိန်းမစိုးလေးတစ်စုက လက်ဆွဲမီးအိမ်လေးတွေ ကိုင်ပြီး သူမတို့ကို သက်ဆိုင်ရာနန်းဆောင်ဆီ ပြန်ပို့ပေးဖို့ စောင့်နေကြလေတော့သည်။

ကိုယ်လုပ်တော်များ : “…”

အရှင်မင်းကြီးက… တကယ့် အမျိုးယုတ်ပဲ!!

သူတို့ကို ပြန်လွှတ်ဖို့ကြိုးစားတာ အရှင်မ မဟုတ်မှန်းသေချာသည်။ အရှင်မသည် သူမတို့ ပျော်ပါးကစားနိုင်ဖို့ရာ စီစဉ်ပေးထားခြင်းဖြစ်သည်။

သို့သော် ယွဲ့လင်းကမူ သူမတို့အား သက်ဆိုင်ရာနန်းဆောင်ဆီ ပြန်လွှတ်ဖို့ကြံနေခဲ့သည်။

ရင်ထဲမှာ မကျေမနပ်ကြိမ်းမောင်းနေကြသော်လည်း နှုတ်မှထုတ်မပြောရဲကြသဖြင့် ကိုယ်လုပ်တော်များအားလုံး အမိန့်နာခံရုံသာရှိတော့သည်။

ယွဲ့မြန်၏ချောင်းဖန့်နန်းဆောင်နှင့် ကြင်ယာတော်သဲ့၏ ကျောက်ဟွာနန်းဆောင်တို့မှာ လမ်းချင်းတူညီကြသည်။

ကြင်ယာတော်သဲ့ကို ယွဲ့မြန် တိုးညှင်းစွာမေးမြန်းလိုက်ပါသည်။

“အစ်ကိုတော်က… ကျိန်းသေပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်လား ?”

အစ်ကိုတော် ဒီလောက်ထိ သဘောထားသေးသိမ်သည့်လူဖြစ်မည်ဟု ယွဲ့မြန်တစ်ခါမှ စိတ်ကူးမယဉ်ဖူးခဲ့ပါ။

ကြင်ယာတော်သဲ့ ဟွန်းခနဲမြည်အောင် အသက်ရှူထုတ်လိုက်သည်။

ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်လို့ ဘာဖြစ်ရမှာလဲ ?

အရှင်မသည် လှပကျော့ရှင်းပြီး ဣန္ဒြေရှိသူဖြစ်သဖြင့် အရှင်မင်းကြီး၏နှလုံးသားအား ဆွဲဆောင်နိုင်တာမထူး ဆန်းပါ။ သို့သော် အရှင်မင်းကြီးကမူ ကိုယ့်အကြောင်းကိုယ် သိသင့်သည်။

ပန်းသေပန်းညှိုးဖြစ်နေပါလျက်နဲ့ အရှင်မအား ယခုလို သိမ်းပိုက်ဖို့ ကြိုးစားနေခြင်းမှာမဖြစ်သင့်ပေ။

ထိုအကြောင်းကို ယွဲ့မြန်အားပြန်ပြောပြလို့မရသည်မှာ နှမျောဖို့ကောင်းလှသည်။ မဟုတ်ပါက ယွဲ့လင်း အကြောင်းတွေအကုန်လုံးကို သူ့နောက်ကွယ်မှာ ယွဲ့မြန်အား ကြင်ယာတော်သဲ့ အအိတ်သွန်ဖာ‌မှောက်ပြောပြမိမည်သာ။

“စိတ်ထဲမထားပါနဲ့” ကြင်ယာတော်သဲ့ အံကြိတ်လျက် ပြောလိုက်သည်။

“နန်းတွင်းရေးရာ ကိစ္စတွေဆိုတာ အရမ်းရှုပ်ထွေးတယ်၊ အရှင်မင်းကြီးက အရှင်မကို တစ်သက်လုံးသိမ်းပိုက်ထားနိုင်မှာမို့လို့လား ကြည့်ကြသေးတာပေါ့”

ယွဲ့မြန် ခေါင်းညိတ် ထောက်ခံလိုက်မိသည်။

ထို့နောက် တစ်ခုခုလွဲနေသလို ရုတ်တရက် ခံစားလိုက်ပါသည်။

အမ်…

ကြင်ယာတော်သဲ့က အစ်ကိုတော်ရဲ့ ကြင်ယာတော်မဟုတ်ဘူးလား ?

မိဖုရားကြီးနဲ့ ယှဉ်ပြိုင်ပြီး အစ်ကိုတော်ကို လုယူရမှာ မဟုတ်ဘူးလား ?

ဘာလို့ အခြေအနေတွေ ပြောင်းပြန်ဖြစ်နေရတာလဲ ?

ယွဲ့မြန် ခေတ္တရီဝေသွားသော်လည်း အခြေအနေကို ခပ်မြန်မြန် လက်ခံလိုက်ပါသည်။

ဘာထူးဆန်းလို့လဲ!

ယွဲ့မြန်နဲ့ ယွဲ့လင်းတို့က မောင်နှမတွေဖြစ်ကြသော်လည်း ကျန်းကျီမြောင်ကို သူမ ပိုရင်းနှီးသလို ခံစားရသည်။ ထို့ကြောင့် တခြားသူတွေလည်း ဒီလို ခံစားရတာ မထူးဆန်းပါ။

ယွဲ့မြန်အတွက် စိတ်ပူစရာ တစ်ခုသာ ရှိသည်။

မနက်ဖြန်မနက် ကိုယ်လုပ်တော်များနှင့်အတူတူ အစ်မတော်အား ဂါဝရသွားပြုနိုင်ဖို့ ဘာအကြောင်းပြချက်ပေးရမလဲ ဆိုတာပင်။

Meteor Garden မှာစွဲမက်ဖွယ် ဇာတ်လမ်းတွဲဖြစ်သည်။ ဇာတ်လမ်းအား သူမ လွတ်မသွားချင်ပါ။ ရန်သူများအား ချူးရှား မည်သို့ ပြန်တွန်းလှန်မည်အား မြင်ချင်ပါသေးသည်။

လမ်းဆုံလမ်းခွကို ရောက်သောအခါ ကြင်ယာတော်သဲ့နဲ့ ယွဲ့မြန် လမ်းခွဲလိုက်သည်။

ယွဲ့မြန် စိုးရိမ်ပူပန်နေသော်လည်း အသက်ဝဝရှူလိုက်သည်။

နောက်ဆုံးတော့ သူမ ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့သည်။ မျက်နှာပြောင်တိုက်ရမည်ဆိုလျှင်ပင် မနက်ဖြန် ဖုန့်ယီနန်းဆောင်သို့ကြွမြန်းမည့် ကိုယ်လုပ်တော်တွေကြားထဲ သူမ ရအောင်ဝင်ရမည်။

အရှက်ဆိုတာ ဘာမှန်း သူမ မသိတော့ရင် အစ်မတော်ကလည်း သူ့အား မောင်းထုတ်ရလောက်တဲ့အထိတော့ မလုပ်လောက်ဘူး မလား…

ထိုအတွေးဖြင့် ယွဲ့မြန် စိတ်သက်သာရာရသွားခဲ့လေတော့သည်။

ဖုန့်ယီနန်းဆောင်တွင်…

ယွဲ့လင်း ညစာသုံးဆောင်နေသည့်အချိန် ကျန်းကျီမြောင် အဖော်ပြုပေးပြီးနောက် ပြန်ထွက်လာသောအခါ ကိုယ် လုပ်တော်များ မရှိကြတော့မှန်းသိလိုက်ရသည်။

ကျန်းကျီမြောင် စိတ်မကောင်းဖြစ်သွားသည်။

[ငါကိုက မပြတ်မသားဖြစ်နေတာ၊ ဒီခေတ်မှာ ညီအစ်မတွေနဲ့ ညလုံးပေါက်ကဲရတာ ပျော်ဖို့ကောင်းမှာပဲ]

ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်သည်။

“သူတို့ စောစောပြန်သွားကြတဲ့ပုံပဲနော်၊ မပြီးပြတ်သေးတဲ့ အရေးကိစ္စတွေ ကိုယ်စီရှိကြလို့ထင်ပါတယ်”

ယွဲ့လင်းအား လီသဲ့ဟွိုက် ခိုးကြည့်လိုက်ပါသည်။

သူတို့ ဘာလို့ ထွက်သွားရလဲ အရှင်မင်းကြီး မသိဘူးလား…

ယွဲ့လင်းလည်း လီသဲ့ဟွိုက်ထံ ခံစားချက်မဲ့စွာလှည့်ကြည့်လိုက်သည်။ လီသဲ့ဟွိုက် ချက်ချင်းခေါင်းပြန်ငုံ့သွားလေသည်။

“အမှန်ပါပဲ” ကျန်းကျီမြောင် အနည်းငယ်ရှက်ရွံ့သွားခဲ့သည်။

“ဒီမိဖုရား သေသေချာချာ မစီစဉ်ခဲ့မိတာပါ”

“မိဖုရား စီစဉ်တာ အရမ်းစေ့စပ်ပါတယ်” ယွဲ့လင်း နွေးထွေးစွာ မိန့်လိုက်သည်။

“တခြားသူတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျန်းအမြဲတမ်းရှိနေမှာပါ”

ကျန်းကျီမြောင် ခေတ္တကြက်သေသေသွားသော်လည်း ကရုဏာသက်သည့် မျက်နှာမျိုးဖြစ်သွားလေသည်။

[သနားစရာကောင်လေး… ဘယ်လောက်တောင် အဖော်လိုချင်နေသလဲ မသိဘူး]

ယွဲ့လင်း တိတ်ဆိတ်သွားခဲ့သည်။

သူ လိုချင်တာ ဒီလို တုန့်ပြန်မှုမျိုးမဟုတ်ပါ…

သို့သော် ကိစ္စမရှိပေ။ ဒါကို အောင်မြင်မှုတစ်ခုဟု သတ် မှတ်နိုင်သည်။

ယွဲ့လင်း သနားစရာကောင်းသည့် မျက်နှာမျိုးလုပ်ပြလျက် ရှင်းပြလိုက်သည်။

“ကျန်း ငယ်စဉ်အခါက စာလုံးတစ်လုံး သေချာမရေးနိုင်လို့ တစ်ညလုံး နန်းဆောင်အပြင်ဘက်မှာ မတ်တပ်ရပ်ခဲ့ရဖူးတယ်၊ ဒီလိုအချိန်မျိုးမှာ ဒီလမင်းကြီးကို မော့ကြည့်ရင်း တစ်ယောက်တည်း အထီးကျန်အေးစက်မှုကိုပဲ ခံစားခဲ့ရတာ၊ ဒါပေမယ့် အခု ကျန်း ဘေးနားမှာ မိဖုရား ရှိနေပြီဆိုတော့ လမင်းကြီးကနွေးထွေးလာသလိုတောင် ခံစားရတယ်”

ကျန်းကျီမြောင် ၏အကြည့်များ ပိုမိုနူးညံ့သွားခဲ့သည်။

[အောင်မယ်လေး… ငါ့ဘော့စ်က အရမ်းသနားစရာကောင်းတာပဲ ? ဘာလုပ်ပေးရမလဲ ? ချော့ပေးရမှာပေါ့! ငါ့ကို လစာတွေ ဒီလောက်အများကြီး ပေးထားတာ!]

“အတိတ်က ကိစ္စတွေကို သိပ်မတွေးပါနဲ့တော့ အရှင်မင်း ကြီး အနာဂတ်မှာ အရှင်မင်းကြီးဘေးနား ဒီမိဖုရား အမြဲတမ်း ရှိနေပေးမယ်နော်”

ကျန်းကျီမြောင် နူးညံ့သိမ်မွေ့စွာ လျှောက်တင်လိုက်သည်။

[အဆင်ပြေမယ်ဆိုရင် ဒီမိဖုရားလည်း ဒီကုမ္ပဏီမှာပဲ ပင်စင်ယူချင်တယ်]

လရောင်ကမူ နူးညံ့ညင်သာလို့နေသည်။

ကျန်းကျီမြောင်၏လှပသိမ်မွေ့သော မျက်နှာလေးပေါ် နောက်ထပ် နူးညံ့သည့်အလင်းရောင်တစ်ခု သက်ဆင်းလာခဲ့သည်။

ယွဲ့လင်း ရီဝေကာ အတွေးနယ်လွန်သွားပြီး နှုတ်မှ ရေရွတ်လိုက်ပါသည်။

“မြောင်မြောင်…”

ဟမ်…

ယွဲ့လင်းအား ကျန်းကျီမြောင် အံ့အားသင့်စွာကြည့်လိုက်သည်။

ထိုခေါ်ပုံခေါ်နည်းက အလွန်ရင်းနှီးနေသယောင် ခံစားလိုက်ရပါသည်။

“ကျန်း အပြည့်အဝ ယုံကြည်နိုင်တဲ့လူမျိုးဆိုတာတစ်ခါမှ မရှိခဲ့ဖူးဘူး၊ မြောင်မြောင်က အဲ့လိုလူမျိုးဖြစ်ပေးနိုင်မလား” ယွဲ့လင်း ခံစားချက်သိပ်မပါစွာ မေးလိုက်သည်။

[ကျွတ်ကျွတ်ကျွတ် သနားစရာကောင်လေး၊ ဘေးကင်းလုံခြုံမယ့် နားခိုရာတစ်ခု လိုချင်နေတာဖြစ်မယ်]

ကျန်းကျီမြောင် ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

“ဒါပေါ့ ဒီမိဖုရားနဲ့ အရှင်မင်းကြီးက အသန်မာဆုံးမဟာ မိတ်တွေပဲဥစ္စာ”

မဟာမိတ်ပဲလား…

ကျန်းကျီမြောင်အား ယွဲ့လင်း အချိန်အတော်ကြာအောင် ငေးကြည့်နေခဲ့သည်။

ကျန်းကျီမြောင်ထံမှာ သူ တစ်ခုခုရှာဖွေချင်ခဲ့သည်။

နူးညံ့သိမ်မွေ့မှုကို သူ မြင်သည်။ ကရုဏာသက်မှုကို သူမြင်သည်။ ဘုံရန်သူတစ်ယောက်ကို သူမြင်သည်။

သို့သော် သူအမှန်တကယ် မြင်ချင်သည့်အရာကိုတော့ ယွဲ့လင်းမမြင်ခဲ့ရပါ။

ယွဲ့လင်း ခပ်သဲ့သဲ့ပြုံးလိုက်ပြီး တိုးညှင်းစွာ မိန့်လိုက်တော့သည်။

“ဟုတ်ပါတယ်၊ မဟာမိတ်တွေပါ”

All Chapters