Quite Experienced
Vol. 9 Ch. 83
ညအချိန်…
ကုတင်ပေါ်မှာ လှဲလျောင်းရင်း ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ကျန်းကျီမြောင်ကို ယွဲ့လင်း ငေးကြည့်နေမိပါသည်။ ထိုစဉ် ကျန်းကျီမြောင်၏မျက်နှာလေးအား နူးနူးညံ့ညံ့ပွတ်သပ်ပေးဖို့အတွက် ယွဲ့လင်း လက်လှမ်းလိုက်သည်။
ရုတ်တရက်…
သူတို့နှစ်ယောက်၏ပထမဆုံးညကို ယွဲ့လင်း ပြန်မြင်ယောင်မိလေသည်။
ကျန်းကျီမြောင်၏မှော်ဆန်သည့် ထူးထူးဆန်းဆန်းစွမ်း အင်များကို သိရှိခဲ့ရပြီးနောက် သူမအား လည်ပင်းညှစ် သတ်ဖို့ပင် ယွဲ့လင်းကြံစည်ခဲ့မိသေးသည်။
ယခု ပြန်စဉ်းစားကြည့်ခါမှ အလွန်ကြောက်စရာကောင်းလွန်းနေသည်။
ယွဲ့လင်းခေတ္တတွန့်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးမှာတော့ ကျန်းကျီမြောင်၏ပါးပြင်ကို မထိတွေ့ရက်တော့ဘဲ သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်တော့သည်။
သူ ဝန်ခံသည်။ ကျန်းကျီမြောင် အပေါ်ထားသည့် သူ့ခံစားချက်များမှာ တခြားသူများနှင့် မတူညီပေ။
သို့သော်… သူ မကြာခင် သေဆုံးရတော့မည်လူဖြစ်သည်။
ဝတ္ထုဇာတ်လမ်းအရ သုံးနှစ်အကြာမှာ သေဆုံးခြင်းဖြစ်စေ၊ ကံစီမံသည့်အတိုင်း ငါးနှစ်အကြာမှာ သေဆုံးခြင်းဖြစ်စေ နှစ်ခုစလုံးက ရှောင်လွှဲဖို့ ခဲယဉ်းလွန်းလိမ့်မည်။
သူ့အားကျန်းကျီမြောင် ကယ်တင်ပေးချင်နေမှန်း ယွဲ့လင်း နားလည်သည်။ သို့သော် တချို့ ကံကြမ္မာတွေကို မြောင်မြောင်ပင် ပြောင်းလဲနိုင်စွမ်းရှိမည် မဟုတ်လောက်ချေ။
ကျန်းကျီမြောင်၏ယခင်တုန်းက အတွေးသံကို ယွဲ့လင်း ပြန်ကြားယောင်မိသည်။
သူအသက်ရှင်နိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း အသက်မရှင်နိုင်ပါက မြောင်မြောင်တွေးထားသည့်အတိုင်း ဆောင်ရွက်တာ အကောင်းဆုံးဖြစ်လိမ့်မည်။ နန်းတော်ပြင်ပမှကလေးတစ်ယောက်အား ခေါ်ယူပြီး အိမ်ရှေ့စံအဖြစ် မွေးစားလိုက်မည်။
ထို့နောက်ပိုင်း မြောင်မြောင့် အစွမ်းအစနဲ့သာဆို အခြေအ နေအားလုံး အလွယ်တကူထိန်းချုပ်နိုင်လိမ့်မည်။
နန်းတော်အတွင်း ဆက်နေထိုင်ချင်လျှင် ဧကရီမယ်တော်ကြီးဖြစ်လာလိမ့်မည်။ နန်းတော်မှာ မနေထိုင်ချင်လျှင်လည်း သူ အားလုံးစီစဉ်ပေးခဲ့မည်သာ။
ထို့ကြောင့်…
နောက်ဆုံးနေ့ရက်တွေ ရောက်ရှိသည့်အချိန်အထိ ကျန်းကျီမြောင်အပေါ် သူဘယ်လို ခံစားချက်တွေရှိနေသလဲဆိုတာ ယွဲ့လင်း ဖွင့်ပြောမည်မဟုတ်ပါ။
သေဆုံးရတော့မည့်လူတစ်ယောက်က ခံစားချက်တွေ၊ အနာဂတ်တွေအကြောင်းပြောဖို့ရာ မထိုက်တန်ပေ။
သုံးနှစ်…
ယွဲ့လင်း သက်ပြင်းချလိုက်သည်။ အချိန်တွေက ရုတ်တ ရက်ကြီး ပိုမြန်ဆန်လာသလို ခံစားလိုက်ရသည်။
သုံးနှစ်အကြာမှာ သူအမှန်တကယ် သေဆုံးရမည်ဆိုလျှင် သူသေဆုံးသည့်အခါ မြောင်မြောင် သက်တောင့်သက်သာ ဘဝမျိုးနှင့် နေထိုင်နိုင်ဖို့အတွက် လက်ရှိပြဿနာအားလုံးကိုဖြေရှင်းခဲ့ရမည်။
ဘယ်အရာကိုမဆို အားကြိုးမာန်တက် ဆောင်ရွက်ရပါတော့မည်။
မနက်မိုးလင်းသောအခါ…
ကောင်းကင်ကြီးတစ်ခုလုံး မလင်းတလင်းဖြစ်နေချိန် ယွဲ့လင်း ပေါ့ပေါ့ပါးပါးအိပ်ရာထခဲ့ပါသည်။
ယခုဆို ယွဲ့လင်း အိပ်ရာထနည်း ကျွမ်းကျင်နေပြီဖြစ် သည်။ သူ အိပ်ရာထတိုင်း ကျန်းကျီမြောင် နိုးမသွားစေအောင် ထတတ်လာသည်။
ကျန်းကျီမြောင်အား ယွဲ့လင်း ခေတ္တငေးကြည့်ခဲ့သည်။
ထို့နောက် တွန့်ဆုတ်မှုမရှိဘဲ လှည့်ထွက်လာခဲ့ပါတော့ သည်။ သူ့အတွက် လက်ကျန်အချိန်က နည်းပါးလွန်းသော်လည်း လုပ်စရာတွေကတော့ အများကြီးကျန်နေသေးသည်။ ထို့ကြောင့် အချိန်ဆွဲနေလို့ လုံးဝမဖြစ်တော့ပါ။
ကျန်းကျီမြောင် အိပ်ရာနိုးသောအခါ ဘေးမှာ ယွဲ့လင်းရှိမနေခဲ့ပါ။
ကျန်းကျီမြောင် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ယွဲ့လင်း ဘယ်အချိန်ထွက်သွားသလဲ ကျွေ့ယွဲ့ ထံ မေးမြန်းကြည့်လိုက်သည်။
ကျွေ့ယွဲ့လည်း ယွဲ့လင်းကြွမြန်းသွားသည့် အချိန်ကို လျှောက်တင်လိုက်သည်။
ကျန်းကျီမြောင် မှင်သက်သွားခဲ့၏။
အဲ့လောက် အစောကြီးလား…
နွေရာသီဖြစ်သဖြင့် ညတာတိုတောင်းကာ မိုးလင်းချိန် စောတတ်သည်။
သို့သော် ယွဲ့လင်း အိပ်ရာထသည့်အချိန်က မိုးပင်စင်စင်မလင်းသေးပါ။
“အရှင်မင်းကြီး အလောတကြီး ကြွမြန်းသွားခဲ့တာပါ၊ အရှင်မင်းကြီးက နန်းတက်တာ မကြာသေးတော့ဆောင် ရွက်ရမယ့် အရေးကိစ္စတွေ အများကြီးရှိနေလို့နဲ့တူပါတယ်” ကျွေ့ယွဲ့ ခန်းမှန်းကြည့်လိုက်သည်။
ကျန်းကျီမြောင်လည်း သက်ပြင်းသာ ချမိတော့သည်။
ယွဲ့ဟွာကို အနိုင်ယူဖို့အတွက်နဲ့ ယွဲ့လင်း အသည်းအသန် ကြိုးစားနေပုံရသည်။
ယခု ဝတ္ထု၏ပထမတစ်ဝက်ကို ကျန်းကျီမြောင် သိရှိခဲ့ရပြီဖြစ်ကာ ယွဲ့ဟွာ၏လျှို့ဝှက်ချက်တချို့ကိုလည်း သိသွားခဲ့ပါပြီ။
သို့သော်… စနစ်ထံမှသိရှိထားသည့် ဇာတ်လမ်းအ ကြောင်းအရာများကို နှုတ်ဖြင့် ထုတ်ပြောလို့ မရပါ။
သူမ နည်းလမ်းတစ်ခုခု စဉ်းစားမှရမည်။ ကျန်းကျစ်ဖျင် ၏ကိစ္စတုန်းကလိုပဲ ယွဲ့လင်း ကိုယ်တိုင်လှုပ်ရှားအောင် လမ်းကြောင်းသွယ်ပေးရမည်။
ဘယ်လိုလမ်းကြောင်းသွယ်ပေးရမလဲ…
ကြာစေ့ပဲနောက်စွပ်ပြုတ် နောက်တစ်ပန်းကန် ထပ်ပြုတ်ပေးလိုက်ရမလား…
ကျန်းကျီမြောင် ခေတ္တစဉ်းစားလိုက်ပြီးနောက် ပုံမှန်အ တိုင်းပဲ ဂါဝရပြုခံဖို့ ကိုယ်လုပ်တော်များထံကြွမြန်းလာခဲ့ပါသည်။
ကိုယ်လုပ်တော်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ကျန်းကျီမြောင် ခေတ္တမှင်သက်သွားခဲ့သည်။
ဟိုးဟိုး…
ဒီနေ့က နေ့ထူးနေ့မြတ်ပါလား
ပန်ဒါဝက်ဝံလို မျက်လုံးနှစ်ဖက် မည်းနက်နေသည့် လင်းချင်ချင်လည်း ရောက်နေသည့်ပုံစံပင်။ လင်းချင်ချင်သည် သူမ အုပ်ချုပ်မှုအောက်မှာရှိနေသူဟု အသေအချာပင် ပြောလို့မရနိုင်ပါ။
ထိုစဉ် ယွဲ့မြန်ကိုပါ ကျန်းကျီမြောင် မြင်လိုက်ရသည်။
“မင်းသမီးအန်းလဲ့ ဘာလို့…” ကျန်းကျီမြောင် စကားစရုံရှိသေးသည်။
သူမကို ကျန်းကျီမြောင် မောင်းထုတ်မှာစိုးသဖြင့် ယွဲ့မြန် အမြန်လျှောက်တင်လိုက်ပါသည်။
“အစ်မတော်! ချောင်းဖန့် နန်းဆောင်က အရမ်းအထီးကျန်ခြောက်သွေ့ပြီး အေးစက်လွန်းပါတယ်၊ ဒီမှာဆို အားလုံးနဲ့ စကားအတူတူ ပြောရတာ ပျော်ဖို့ကောင်းတယ်၊ ဒီညီမတော်လည်း အားလုံးနဲ့ အတူတူတွေ့ဆုံရတာ သဘောကျတယ်၊ အဲ့တာကြောင့် ဒီညီမတော်ကို နှင်မထုတ်ပါနဲ့နော်”
ကျန်းကျီမြောင်ကို ယွဲ့မြန် အားသနားစရာကောင်းစွာ ကြည့်လိုက်မိသည်။
ကျန်းကျီမြောင် ချက်ချင်းစိတ်ပျော့သွားသည်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ဒီမှာ စကားလေးဘာလေး ပြောပေါ့”
“ကျေးဇူးကြီးမားလှပါတယ် အစ်မတော်”
ယွဲ့မြန် ချက်ချင်းဆိုသလို ပျော်ရွှင်သွားခဲ့သည်။
ထို့နောက် အားလုံးဂါဝရပြုလိုက်ကြပြီးနောက် ယနေ့အ တွက် မနက်ခင်း အတင်းအဖျင်းများကို ကျန်းကျီမြောင် ဖတ်ရှုရန်ပြင်လိုက်သည်။
ထိုစဉ် ကြေညာသံတစ်သံ ထွက်ပေါ်လာခဲ့၏။
ယွဲ့လင်း ကြွမြန်းလာခြင်းဖြစ်သည်။ ဒီလိုအချိန်ဆို မနက်ခင်း ညီလာခံအစည်းအဝေးပြီးဆုံးခါစသာ ရှိလောက်ဦးမည်ဖြစ်သည်။
ကျန်းကျီမြောင် အံ့အားသင့်သွားမိသည်။
ယွဲ့လင်းက ဒီလောက် အလုပ်များနေတဲ့ပုံစံနဲ့ အချိန်ကို ဘယ်လိုများရအောင်ယူပြီး ရောက်လာခဲ့တာလဲ…
လင်းချင်ချင် မျက်လုံးတွေလည်း ရုတ်တရက်တောက်ပသွားခဲ့သည်။
ရှို့အန်းနန်းဆောင်မှ လွတ်မြောက်ပြီးနောက် သူမ အိပ်ရေးဝဝအိပ်နိုင်ခဲ့သည်။ သို့သော် မည်မျှ အိပ်ရေးဝဝအိပ်ပါစေ သူမ အားအင်တွေ ပြန်မပြည့်ဝသေးပါ။ သို့သော် ဖုန့်ယီနန်းဆောင်သို့ သူမ အားကြိုးမာန်တက်ရောက်လာခဲ့သည်။
လင်းချင်ချင် သူ့ကိုယ် သူ အခက်အခဲတစ်ခုကြုံပြီးတိုင်း ပိုမိုသန်မာလာတတ်သည့် ဇာတ်လိုက်မင်းသမီးဟု ခံယူထားသည်။ အခုချိန်ကစပြီး အရံဇာတ်ပို့ဖြစ်သူ ကျန်းကျီမြောင်ကို သူမ ရင်ဆိုင်တိုက်ခိုက်ပါတော့မည်။
ကျန်းကျီမြောင်၏ကောက်ကျစ်ယုတ်မာသော သရုပ်မှန်ကို ယွဲ့လင်းအား ထုတ်ပြရုံသာမကဘဲ ကိုယ်လုပ်တော်တွေ ကြားထဲမှာလည်း အခြေအနေကိုစောင့်ကြည့်ပြီး မဟာ မိတ်ဖွဲ့ရမည်ဖြစ်သည်။
အနောက်နန်းဆောင်မှာ ကိုယ်လုပ်တော်ဖြစ်တာချင်းလည်းအတူတူ၊ ယောက်ျားတစ်ယောက်ကို ပြိုင်လုတာချင်းလည်းအတူတူ ဘာပြဿနာမှမဖြစ်ဘဲ သဟဇာတဖြစ်စွာ နေထိုင်နိုင်သည်ဆိုတာကို လင်းချင်ချင် မယုံကြည်ပေ။
ထို့အပြင် သူမမှာ မဟာမိတ်တစ်ယောက် ရှိနေပြီးသားဖြစ်သည်။
ချန်ရှုယိထံ လင်းချင်ချင် လှမ်းကြည့်လိုက်သည်။
ချန်ရှုယိသည် နန်းတော်ထဲ အစ်ကိုဟွာထည့်သွင်းထားသည့် သူလျှိုတစ်ယောက်ဖြစ်မှန်း မကြာသေးခင်ကမှ လင်းချင်ချင် သိခဲ့ရသည်။ လိုအပ်ပါက သူ့အား ချန်ရှုယိအကူအညီပေးပါလိမ့်မည်။
ချန်ရှုယိအပြင်…
ကြမ်းကြုတ်သော ကြင်ယာတော်သဲ့၊ ဆင်ခြင်တုံတရားကင်းမဲ့သော အန်းကျောက်ရီ၊ စုကျဲယွီ စသည်တို့ကလည်း သူမ၏ ပစ်မှတ်တွေ ဖြစ်လာနိုင်သည်။
လင်းချင်ချင် မဟာအစီအစဉ်တွေချမှတ်ထားရုံသာ ရှိသေးသည်။ ယွဲ့လင်း ကြွမြန်းလာမှ သူမ အစီအစဉ်တွေကို လက်တွေ့အကောင်အထည် ဖော်နိုင်မှာဖြစ်သည်။
လင်းချင်ချင် မပျော်ဘဲ နေနိုင်ပါ့မလား ?
ဖုန့်ယီနန်းဆောင်တွင် မနက်ခင်းဂါဝရပြုချိန်မှာ သူမ ရှိနေသည့်အခါတိုင်း အရှင်မင်းကြီး ကြွလာတတ်သည်။ ဒါနဲ့ဆို နှစ်ကြိမ်နှစ်ခါပင် ရှိနေပါပြီ။ သူ မရှိပါက ဖုန့်ယီနန်းဆောင်သို့ အရှင်မင်းကြီး ကြွမြန်းလာခြင်းမရှိတတ်ပါ။
ထိုသည်ကိုကြည့်ခြင်းအားဖြင့် သူမ နားလည်နိုင်တာတစ်ခုရှိသည်။ အရှင်မင်းကြီး နှုတ်မှဝန်မခံသော်လည်း နှလုံး သားထဲမှာတော့ သူမတစ်ယောက်တည်းကိုသာ ချစ်မြတ် နိုးနေဆဲဖြစ်သည်။
ယွဲ့လင်း၏ယခင်က နှလုံးသားမဲ့မှုများကို လင်းချင်ချင် ခွင့်လွှတ်ချင်သွားသည်။
နောက်ပိုင်း သူ့အပြစ်တွေကို ပြန်ပေးဆပ်မည်ဆိုလျှင် လင်းချင်ချင် ကျိန်းသေပေါက် ခွင့်လွှတ်ပေးမည်သာ။
ယွဲ့လင်း ကြွမြန်းလာခဲ့သည်။
လင်းချင်ချင် စိတ်ခံစားချက်များကို စုစည်းလိုက်သည်။ ထို့နောက် သနားစဖွယ်မျက်နှာလေးလုပ်ပြကာ ကျန်းကျီမြောင်ထက်အရင်ဦးအောင် ယွဲ့လင်းကို ဂါဝရပြုလိုက်လေသည်။
“အရှင်မင်းကြီးကို ဒီရံရွေတော် ဂါဝရပြုပါတယ်”
ကျန်းကျီမြောင်: “???”
[ဒီလင်းချင်ချင်က ဘယ်လိုလား ?]
သို့သော် ကျန်းကျီမြောင် ဒါတွေကို သိပ်ဂရုမစိုက်ပါ။ သူမလည်း ဂါဝရပြုလိုက်ပြီး ယွဲ့လင်းကိုကြိုဆိုလိုက်ပါသည်။
ယွဲ့လင်း မျက်မှောင်ကြုတ်ကာ လင်းချင်ချင်အား ကြည့်လိုက်သည်။
ကိုယ်လုပ်တော်များအားလုံး ပြန်ထိုင်နေကြပြီဖြစ်သော် လည်း လင်းချင်ချင်ကမူ မတ်တပ်ရပ်နေဆဲဖြစ်ကာ ဘယ် ညာ ယိမ်းထိုးနေလေသည်။ အဓိက တခြားသူများနှင့် ခြားနားနေသည်ကိုပြသချင်တာဖြစ်မည်။
“ရံရွေတော်လင်း” ယွဲ့လင်း အေးစက်စွာ မေးမြန်းလိုက်ပါသည်။
“နေရ ထိုင်ရ ခက်ခဲနေလို့လား”
လင်းချင်ချင် အနည်းငယ်ရွှင်မြူးသွားပြီး သနားစရာကောင်းစွာ လျှောက်တင်လိုက်ပါသည်။
“ဒီရံရွေတော် ဘာမှ မဖြစ်ပါဘူး အရှင်မင်းကြီး… အရင်ရက်တွေတုန်းက မယ်တော်ကြီးကို အနီးကပ် ပြုစုစောင့် ရှောက်ခဲ့ရတာကြောင့် ခွန်အားလျော့နည်းနေတာပါ၊ မိဖုရားကြီးကို ဂါဝရပြုဖို့ ပျက်ကွက်တာမျိုးကိုလည်း ဒီရံရွေတော် မလုပ်ဝံ့ပါဘူး၊ အရှင်မင်းကြီးရှေ့မှောက်မှာ ဒီလို ဣန္ဒြေမဲ့တဲ့ ပုံစံဖြစ်သွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး၊ ဒီရံရွေတော်ကို ခွင့်လွှတ်ပေးတော်မူပါ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့…”
ယွဲ့လင်းကို ဝမ်းနည်းညှိုးငယ်စွာလျှောက်တင်နေသော် လည်း လင်းချင်ချင်က ကျန်းကျီမြောင်ကိုပါ မထိတထိ တွန်းပို့နေတာဖြစ်သည်။
ယွဲ့လင်း မျက်မှောင်ကြုတ်သွားသည်။
“ရံရွေတော်လင်း ဆိုလိုချင်တာက ဒီမှာ ဂါဝရလာပြုဖို့ မိဖုရားကြီးက အတင်းအကြပ်စေခိုင်းခဲ့တယ်ပေါ့၊ အဲ့တာကြောင့် ရံရွေတော်လင်း နေထိုင်မကောင်း ဖြစ်သွားခဲ့တာပေါ့ ဟုတ်လား”
လင်းချင်ချင် အမြန်ခေါင်းခါလိုက်ပါသည်။
“ဒီရံရွေတော် အဲ့လို ဆိုလိုတာ မဟုတ်ရပါဘူး အရှင်မင်း ကြီး၊ မိဖုရားကြီးက အမြဲတမ်း သဘောထားပြည့်ဝပြီး စေတနာမေတ္တာတရား ကြီးမားလွန်းပါတယ်။ မိဖုရားကြီးကို အပြစ်မတင်ပါနဲ့ အရှင်မင်းကြီး”
ကျန်းကျီမြောင်ထံ ယွဲ့လင်း လှည့်ကြည့်ကာသက်ပြင်းချလိုက်သည်။
“အရှင်မက တကယ်သဘောထားပြည့်ဝပြီး မေတ္တာတရားကြီးမားလွန်းပါတယ်”
ကျန်းကျီမြောင် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
“ဖြစ်နိုင်ပါတယ်”
“သို့ပေမယ့် ရှေ့လျှောက် ကျန်း ဒါမျိုးထပ်ဖြစ်ခွင့်မပေးနိုင်ဘူး” ယွဲ့လင်း မိန့်လိုက်သည်။
“အပြစ်ပေးစရာရှိတာကိုတော့ ပေးရမှာပဲ”
“ဒီမိဖုရား နားလည်ပါတယ်”
ကျန်းကျီမြောင် အမိန့်နာခံလိုက်သည်။
“ဒီနေ့ အပြစ်ပေးဖို့ ကျန်းကူညီပေးမယ်”
လင်းချင်ချင်အား ယွဲ့လင်း ကြည့်လိုက်သည်။
“ရံရွေတော်လင်းရဲ့ စကားတွေက အခြေအမြစ်မရှိဘဲ မိဖုရားကြီးကို စော်ကားရာကျနေတယ်၊ သူ့နှုတ်ကို ၁၀ ကြိမ် ၁၀ ခါ ရိုက်နှက် ဆုံးမလိုက်စမ်း ယွင်ရှန်း”
ပါးရိုက်ကျွမ်းကျင်သူ ယွင်ရှန်းကမူ လက်ဖဝါးတွေပွတ်ပြီး တဖြည်းဖြည်းချဉ်းကပ်လာခဲ့ပါပြီ။