← Chapters

Several Green Hats

Vol. 9 Ch. 85

Several Green Hats

Vol. 9 Ch. 85

[!!!???]

အားလုံးရဲ့ အာရုံထဲ ကျန်းကျီမြောင်၏အတွေးသံတွေပေါ်မလာသေးဘဲ ပထမဆုံးအကြိမ်အဖြစ် မေးခွန်းသင်္ကေတများ၊ အာမေဋိတ်သင်္ကေတများ ပေါ်လာခဲ့ပါသည်။ ထို့ပြင် ထိုသင်္ကေတများက ကြောက်စရာကောင်းလောက်အောင် ပမာဏများပြားလွန်းသည်။

ထိုသင်္ကေတများကို အားလုံးပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သဖြင့် အဓိပ္ပာယ်ကို နားမလည်ကြပေ။

သို့သော်…

မိဖုရားကြီး အလွန်တုန်လှုပ်သွားသဖြင့် အတွေးတောင်ကောင်းကောင်း မတွေးနိုင်တော့တာ ဖြစ်ပါလိမ့်မည်။

ဘယ်လို အတင်းအဖျင်းမျိုးမို့လို့လဲ!

[အနောက်နန်းဆောင်ထဲက မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့က… သူတို့က…]

ကျန်းကျီမြောင် အတွေးသံများပင် တုန်ယင်နေခဲ့သည်။

သူ ခေါင်းမော့လိုက်ပြီး ထိုနှစ်ယောက်ကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်ကြသည်။

မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့လည်း မျက်နှာတွေဖြူဖပ်သွားကြသည်။ တစ်နေ့နေ့ ဒီလိုဖြစ်လာလိမ့်မည်ဟု သူမတို့ မျှော်လင့်ထားပြီးသားဖြစ်သည်။

မိဖုရားကြီးမှာ ကောင်းကင်ဘုံ၏စွမ်းအားများရှိနေသဖြင့် တစ်နေ့နေ့တစ်ချိန်ချိန် သူမတို့၏လျှို့ဝှက်ချက်ကိုလည်း သိသွားမည်မှာ သေချာသည်။

သို့သော်… သူတို့နှစ်ယောက် ‘အကယ်၍’ဟူသည့် မျှော်လင့်ချက်လေးဖြင့် အားတင်းထားခဲ့သည်။

သို့သော်လည်း ထိုမျှော်လင့်ချက်လေး အဆုံးသတ်သွားခဲ့ရပါပြီ။ ဒီနေ့ကျမှ အရှင်မင်းကြီးလည်း တိုက်တိုက်ဆိုင်ဆိုင် ရှိနေပြန်သည်။

မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့အကြား တခြားကိုယ်လုပ် တော်များစွာထိုင်နေသည်။ သို့သော် သူမတို့နှစ်ယောက် တစ်ယောက်မျက်နှာကိုတစ်ယောက် ခိုင်မာပြတ်သားစွာ လှမ်းကြည့်လိုက်ကြသည်။

ဒါ… သူတို့ရဲ့ ကံကြမ္မာပဲ ဖြစ်မှာပါ…

ထိုဆုံးဖြတ်ချက်ကို ချခဲ့ကတည်းက ဒီလိုဇာတ်သိမ်းမျိုးကို လက်ခံဖို့ ပြင်ဆင်ထားပြီးသားဖြစ်သည်။ မိဖုရားကြီးကြောင့် လျှို့ဝှက်ချက်တွေပေါ်သွားတာဖြစ်သော်လည်း သူတို့နှစ်ယောက် စိတ်သက်သာရာရသွားခဲ့ပြီး သက်ပြင်းချမိကြသည်။

ဘေးနားမှ စောင့်ကြည့်နေသူတိုင်း သံသယဝင်လာကာ စိတ်မတည်မငြိမ်ဖြစ်လာကြသည်။

ဘာတွေ ဖြစ်နေကြတာလဲ…

ယွဲ့လင်းလည်း မျက်မှောင်ကြုတ်သွားခဲ့ပါသည်။

[သူတို့နှစ်ယောက်က… အနောက်နန်းဆောင်ကို မရောက်ခင်ကတည်းက စိတ်နှလုံးသား အပြန်အလှန်ပေးအပ်ထားတဲ့ ချစ်သူတွေဖြစ်နေခဲ့ကြတာတဲ့… သူတို့နှစ်ယောက်က နန်းဆောင်တစ်ခုတည်းမှာ နေရတာ၊ ပြီးတော့ နန်းဆောင်မှာ အဓိကနေရာယူထားတဲ့သူမရှိလို့ နှစ်ယောက်စလုံး ခြေချင်းချိတ်ပြီး လင်မယားတွေလို အတူတူအိပ်စက်ခဲ့ကြတာတဲ့]

ကျန်းကျီမြောင် အတင်းအဖျင်းကို ဆက်ဖတ်ကြည့်လိုက် ပါတော့သည်။

ကိုယ်လုပ်တော်များ: “???”

ကြင်ယာတော်သဲ့နှင့် တခြားကိုယ်လုပ်တော်များက အံ့အား သင့်စရာ အတင်းအဖျင်းများကို အသားကျနေပြီးသား ဖြစ်သည်။

သို့သော် ယခုမူ သူမတို့ပင်လျှင် တည်တည်ငြိမ်ငြိမ်မထိုင်နိုင်တော့ပါ။

ထိုကဲ့သို့ လျှို့ဝှက်ချက်မျိုးကို ပထမဆုံးအကြိမ်ကြားဖူးသည့် ယွဲ့မြန်လည်း ချက်ချင်းရီဝေမှင်သက်သွားခဲ့သည်။

အဲ့ဒီ မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့က… အစ်ကိုတော့်ရဲ့ ကိုယ်လုပ်တော်တွေ မဟုတ်ကြဘူးလား ?

သူတို့ကလေ…

သူတို့က အပြန်အလှန်နှလုံးသား အပ်နှင်းထားတယ် ဟုတ်လား…

ယွဲ့မြန် စိတ်မထိန်းနိုင်ဘဲ ယွဲ့လင်းခေါင်းပေါ်ကို လှမ်းမျှော် ကြည့်လိုက်သည်။ ဘာကြောင့် ဒီလိုကြည့်မိမှန်း သူ့ကိုယ်သူလည်း နားမလည်နိုင်ခဲ့ပါ။

သို့သော် သူ့ရင်ထဲမှာတော့ အစ်ကိုတော့်ခေါင်းပေါ်မှာ တစ်ခုခုလိုအပ်နေသည်ဟု ခံစားလာမိသည်။

ဧကန္တ… အစိမ်းရောင်ဦးထုပ်လေး ဆောင်းပေးလိုက်ရင် ပိုတင့်တယ် သွားမလား…

ဒါမှမဟုတ်…

တစ်ခုမက ပိုဆောင်းလိုက်ရင် လိုက်ဖက်သွားမလား…

ယွဲ့လင်းအား ယွဲ့မြန် လှည့်ကြည့်လိုက်သည်။ တခြားကိုယ် လုပ်တော်တွေလည်း ယွဲ့လင်းထံလှည့်ကြည့်လိုက်ကြသည်။ ကျန်းကျီမြောင်လည်း ယွဲ့လင်းအား လှည့်ကြည့်လိုက်ပါတော့သည်။

ဘာမှ မကြားရသည့် လင်းချင်ချင်ပင် ယွဲ့လင်းအား လှည့်ကြည့်လိုက်မိသည်။

လင်းချင်ချင်ကမူ အခြေအနေအား ဘာမှ နားမလည်ချေ။ သို့သော် ကိုယ်လုပ်တော်များ၏ ရုတ်တရက်ဆန်သည့် အပြုအမူများကိုမြင်ပြီး အေးစက်စွာ မျက်စောင်းထိုးလိုက်သည်။

အခုမှ အရှင်မင်းကြီးရဲ့မေတ္တာတရားကို ပြိုင်လုရကောင်းမှန်း သိပြီလား!

နောက်ကျသွားပြီ!

သူမ ရရှိထားသည့် ဒဏ်ရာများကြောင့် အရှင်မင်းကြီး စိတ်တွေ အချိန်အတော်ကြာအောင် ထိခိုက်နေလိမ့်မည်။ ထို့ကြောင့် တခြားကိုယ်လုပ်တော်တွေ ဘယ်လိုပဲဖြား ယောင်းပါစေ အသုံးဝင်မည် မဟုတ်ပါ။

အတင်းအဖျင်းက မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့၏ အရေးကိစ္စဖြစ်သော်လည်း လောလောဆယ်တော့ အားလုံးသည် ယွဲ့လင်းကိုသာ ဝိုင်းကြည့်နေကြသည်။

ယွဲ့လင်း နှုတ်ခမ်းများ တွန့်သွားရလေသည်။

သူ့ကိုယ်လုပ်တော်နှစ်ယောက်က… အချင်းချင်းချစ်ကြိုက် နေကြသတဲ့…

ဒီကိစ္စက… နည်းနည်း တုန်လှုပ်ဖို့ကောင်းပါလား…

သို့သော် သူ့ရင်ထဲ အမျက်ဒေါသတော့ လုံးဝမဖြစ်မိပေ။

[မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့ရဲ့ ဘဝကလည်း မလွယ်ကူခဲ့ဘူး၊ ညစာစားပွဲတစ်ခုမှာ မုန့်ချိုက်ရမ်ရဲ့ မိထွေးက သူ့ကို သူဌေးကြီးတစ်ယောက်နဲ့ အတင်းအကြပ်ပေးစားဖို့ကြံ စည်ခဲ့တာတဲ့၊ ဒါပေမယ့် အဲ့ဒီညစာစားပွဲမှာ ဝမ်ပေါင်လင်လည်းရှိနေခဲ့တယ်၊ အဲ့ဒီ အကြံအစည်တွေကို ဝမ်ပေါင်လင် သိသွားပြီး မုန့်ချိုက်ရမ်ရဲ့အရှက်သိက္ခာကို ကာကွယ်ပေးနိုင်ခဲ့တယ်]

[နောက်တော့ သူတို့နှစ်ယောက် ပွဲအခမ်းအနားတွေ ဘာတွေမှာ မကြာခဏ တွေ့ဆုံခဲ့ကြတယ်၊ ဝမ်ပေါင်လင်ကို တခြားသူတွေ ဝိုင်းလှောင်ပြောင်နေတုန်းက ကျေးဇူးဆပ်တဲ့အနေနဲ့ မုန့်ချိုက်ရမ် ဝင်ကူညီပေးခဲ့တယ်၊ နောက်တော့ သူတို့နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက်မေတ္တာ သက်ဝင်လာခဲ့တယ်၊ ခံစားချက်တွေကို နားလည်ကြပေမယ့် နှစ်ယောက်သား ဖွင့်ဟပြီးဝန်မခံခဲ့ကြဘူး]

[ယွဲ့လင်းနန်းတက်ပြီး ကြင်ယာတော်ခြောက်ပါးရွေးချယ်တဲ့အချိန် ရောက်တဲ့အထိပေါ့]

[အဲ့ဒီကာလမှာ ကောလဟာလတွေ အများကြီးထွက်လာခဲ့တာ၊ နန်းတက်လာတဲ့ ဧကရာဇ်မင်းကြီးက မင်းဆိုးမင်းညစ်ဆန်တယ်၊ လူတွေကို သတ်ချင်သလိုသတ်တယ်၊ သူ့ဆီအခစားဝင်တဲ့အခါ အသက်ကို ဖက်နဲ့ ထုပ်ထားရတယ်ဆိုတဲ့ ကောလဟာလတွေထွက်လာခဲ့တယ်]

[အရင်တစ်ခေါက်က သူ့အမိန့်ကို မနာခံခဲ့တဲ့အတွက် မုန့်ချိုက်ရမ်ရဲ့မိထွေးက ကြင်ယာတော်ရွေးချယ်မယ့် စာရင်းထဲ မုန့်ချိုက်ရမ်ရဲ့နာမည်ကို ရည်ရွယ်ချက်ရှိရှိထည့်ပေး လိုက်တယ်]

[ဒါကိုသိသွားတော့ ဝမ်ပေါင်လင်လည်း အနောက်နန်းဆောင်ထဲကို ဝင်ရောက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်]

[အကြောင်းစုံသိလိုက်ရတော့ မုန့်ချိုက်ရမ် ဘာကိုမှ ဂရုမစိုက်တော့ဘဲ အနောက်နန်းဆောင်ထဲကို မဝင်ခင် ဝမ်ပေါင်လင်နဲ့ နောက်ဆုံးတစ်ကြိမ်ထပ်ဆုံတွေ့ခဲ့ကြတယ်၊ နှစ်ယောက်သား ခံစားချက်အစစ်အမှန်တွေကို ထုတ်ပြခဲ့ကြတယ်၊ ဒီလောကကြီးမှာ သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေကို လူတွေအားလုံး ရှုတ်ချလိမ့်မယ်ဆိုတာကိုလည်း နားလည်ကြတယ်၊ သူတို့နှစ်ယောက်သာ အနောက်နန်းဆောင်ထဲ အတူတူဝင်ရောက်ခွင့်ရခဲ့ရင် တစ်ယောက်ကိုတစ်ယောက် တစ်ခါတလေတွေ့နိုင်ဦးမှာပဲဆိုတဲ့ မျှော်လင့် ချက်လေးထားရှိခဲ့တယ်၊ အဲ့တာက သူတို့နှစ်ယောက် အတူ တူနေနိုင်တာနဲ့ အနီးစပ်ဆုံးပဲ မဟုတ်လား]

ကျန်းကျီမြောင် တွေးတောလိုက်သည်။

ကိုယ်လုပ်တော်များအားလုံး ခေါင်းတွေငုံ့ထားကြပြီး တချို့ဆို မျက်ရည်များပင် သုတ်နေကြပါပြီ။

ကြည်နူးဝမ်းနည်းစရာ ဇာတ်လမ်းလေးပါလား!

နေ့တိုင်းနေ့တိုင်း မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့နှစ်ယောက်ပတ်သတ်နေသည်အား မြင်ရဖို့ခဲယဉ်းလှသည်။ သူမတို့သည် ချန်ရှုယိနဲ့ အန်းကျောက်ရီတို့ကဲ့သို့ အတူသွားအတူလာ လုပ်တတ်သူ မဟုတ်ကြပါ။ အပြင်ဘက်မှာ တစ်ယောက်ကိုတစ်ယောက် စကားမပြောသလောက်ပင် ရှားပါးသည်။

သို့သော်လည်း တကယ်တမ်းမှာ ချစ်သူစုံတွဲတွေဖြစ်နေကြသည်။ တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုထားရချိန် သူတို့နှလုံးသားထဲ ဘယ်လောက်တောင် ဗလောင်ဆူနာ ကျင်နေလိမ့်မလဲ မသိနိုင်ပါ။ တွေးမိလိုက်ရုံနှင့် အားလုံး မျက်ရည်ဝဲကြရသည်။

ယွဲ့လင်း: “…”

အတော်လေးလှပတဲ့ အချစ်ဇာတ်လမ်းလေးပါလား…

ယွဲ့လင်း ဘယ်လိုမျက်နှာထားရမှန်းမသိ ဖြစ်သွားခဲ့သည်။ သူ့တစ်ကိုယ်လုံးလည်း ထုံကျင်နေပါပြီ။

မုန့်ချိုက်ရမ် ခါးသီးစွာပြုံးလိုက်ပြီး ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။

“အရှင်မ… ဒီကိုယ်လုပ်တော်က…”

ဒီနေ့ကိစ္စကို ဖုံးကွယ်ထားလို့မရတော့ပါ။ ထို့ကြောင့်အများ ရှေ့မှာ ဝန်ခံလိုက်တာအကောင်းဆုံးဖြစ်လိမ့်မည်။ အပြစ် ဒဏ်တွေ၊ ဝန်ထုပ်ဝန်ပိုးတွေ အားလုံးကို သူ တစ်ယောက် တည်း ရင်စည်းခံလိုက်မည်ပင်။

သူ့အား အရှင်မင်းကြီး သေဒဏ်ပေးလည်းကိစ္စမရှိချေ။ ဝမ်ပေါင်လင် အေးအေးချမ်းချမ်းနေနိုင်ဖို့သာ မျှော်လင့်မိသည်။

“သူ မဟုတ်ဘူး! ဒီကိုယ်လုပ်တော်ပါ!”

အမြဲတမ်း စကားနည်းပြီး အနေအေးသည့် ဝမ်ပေါင်လင် ရုတ်တရက် စိတ်ဖိစီးစွာ မတ်တပ်ထရပ်လိုက်ပါသည်။

“ဒီကိုယ်လုပ်တော် ဝန်ခံစရာရှိပါတယ် အရှင်မ၊ ဒီကိုယ် လုပ်တော် ကျူးလွန်ထားမိတဲ့အပြစ်က ခွင့်လွှတ်နိုင်စရာမရှိဘူး၊ အဲ့တာကြောင့်…”

ဝမ်ပေါင်လင် အရာရာကို စွန့်လွှတ်တော့မည့် ပုံစံမျိုးဖြစ်နေသဖြင့် ကျန်းကျီမြောင် ထိတ်လန့်သွားခဲ့ရသည်။

မလုပ်နဲ့!

ဒီနှစ်ယောက် အမှန်အတိုင်း ဖွင့်ပြောမလို့တော့ မဟုတ်ပါဘူးနော်

မလိုပါဘူး! အဲ့လောက်ကြီး လုပ်စရာမလိုပါဘူး!

အမှန်အတိုင်းဝန်ခံလိုက်ရင်တောင် အရှင်မင်းကြီး နားမလည်ရင် ဒုက္ခရောက်လိမ့်မယ်!

ကျန်းကျီမြောင် နှုတ်ဖွင့်လိုက်ပြီး တစ်ခုခုမိန့်ဖို့ ကြံလိုက်စဉ် ယွဲ့လင်း ရုတ်တရက်ဖြတ်ပြောလိုက်ပါသည်။

“နှစ်ယောက်သား ဘာတွေအရေးတကြီးပြောစရာရှိလို့လဲ ? နန်းဆောင်ထဲမှာ ဆူဆူညံညံနဲ့ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာကို ကျန်း သဘောမကျဘူး”

မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့နှစ်ယောက် မျက်နှာများဖြူဆုပ်သွားခဲ့ကြသည်။

ယွဲ့လင်း အေးစက်စွာ ထပ်မိန့်လိုက်သည်။

“ရိုင်းစိုင်းလိုက်တာ! ရှေ့လျှောက် မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့နေထိုင်တဲ့ ကျင်းမို့နန်းဆောင်ကို တခြားကိုယ်လုပ် တော်တွေ ပြောင်းရွှေ့နေထိုင်ခွင့်မရှိစေရဘူး! သူတို့နှစ်ယောက်ရဲ့ရိုင်းပျမှုတွေ တခြားကိုယ်လုပ်တော်တွေဆီ ကူးစက်သွားလို့မဖြစ်ဘူး”

မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့ ကြက်သေသေသွားခဲ့ကြသည်။

တခြားကိုယ်လုပ်တော်တွေ ပြောင်းရွှေ့နေထိုင်ခွင့် မရှိတော့ဘူးဟုတ်လား…

အရှင်မင်းကြီးက…

သူတို့နှစ်ယောက် လွတ်လွတ်လပ်လပ်နေထိုင်လို့ရအောင် လုပ်ပေးနေတာနဲ့ မတူဘူးလား…

“ဒီနှစ်ယောက်ကို မြင်ရုံနဲ့ ကျန်း အမျက်ဒေါသထွက်ရတယ်၊ လီသဲ့ဟွိုက်! ရှေ့လျှောက် သူတို့နှစ်ယောက်ရဲ့ အမည်တွေကို အစီရင်ခံစရာ မလိုတော့ဘူး၊ ဒီနှစ်ယောက်ကိုအပြစ်ပေးတဲ့အနေနဲ့ ကျန်းတစ်သက်လုံး အရေးပေး မကြင်နာတော့ဘူး၊ ပြီးတော့ အနောက်နန်းဆောင်မှာ ရာထူးအဆင့်ထပ်တက်ခွင့်လည်း တစ်သက်လုံး မရှိစေရဘူး!”

ယွဲ့လင်း သွေးအေးစွာ မိန့်လိုက်သည်။

မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့ ရီဝေစွာ နားထောင်နေကြသည်။

အပေါ်ယံကြည့်လျှင်တော့ သူတို့နှစ်ယောက်အတွက် ကြီးလေးသည့် အပြစ်ဒဏ်များဖြစ်သည်။ သို့သော် လက်ရှိအ ခြေအနေကို ကြည့်ခြင်းအားဖြင့် သူမတို့နှစ်ယောက်နားလည်သွားခဲ့ကြသည်။

ယွဲ့လင်းမှ သူမတို့အား ကူညီပေးနေခြင်းဖြစ်သည်။

အနောက်နန်းဆောင်မှာ သူမတို့နှစ်ယောက်၏ရာထူးအဆင့် နိမ့်ပါးသဖြင့် နန်းဆောင်ထဲမှာ တံခါးပိတ်ပြီးနေလျှင်ပင် မည်သူမှဂရုစိုက်ကြမည်မဟုတ်ပါ။ ရာထူးအဆင့် တက်သွားချိန်မှသာ ပြဿနာရှိလာနိုင်မည်ဖြစ်သည်။

အရှင်မင်းကြီးက သူတို့အတွက် ညှာတာထောက်ထားပေးနေတာပဲ!

မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့ ရင်ထဲနွေးထွေးသွားခဲ့ကြသည်။

အရှင်မင်းကြီးလည်း အရှင်မ၏အတွေးများအားကြားနိုင်တာသေချာသည်။ ထို့ကြောင့် သူတို့နှစ်ယောက်၏ အရှက် ရစရာလျှို့ဝှက်ချက်များအား သိရှိသွားမှာသေချာသည်။

သို့သော် အရှင်မင်းကြီးသည် သူမတို့ကို ကူညီပေးရန်ဆုံး ဖြတ်ခဲ့သည်။

မုန့်ချိုုက်ရမ်နှင့် ဝမ်ပေါင်လင်တို့နှစ်ယောက် မျက်ရည်များဖြင့် ဒူးထောက်ချလိုက်ကြသည်။

“ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး”

All Chapters