← Chapters

Scolding and Cursing

Vol. 9 Ch. 89

Scolding and Cursing

Vol. 9 Ch. 89

ဟွေ့ရှင်း ခေါင်းမော့ကြည့်လိုက်ရာ ကြက်သေသေသွားခဲ့ရသည်။

သူမ ထင်ထားသလို ရံရွေတော်လင်း ရောက်လာတာ မဟုတ်ပါ…

သူက…

မိဖုရားကြီး၏ နန်းဆောင်မှ အခြွေအရံခေါင်းဆောင် ကျွေ့ယွဲ့ဖြစ်သည်။

ကျွေ့ယွဲ့အနောက်မှာ နေ့လယ်စာဘူးနဲ့ လိမ်းဆေးတို့အသီး သီးကိုင်ဆောင်ထားကြသည့် အခြွေအရံနှစ်ယောက်လည်း ပါလာသည်။

ကျွေ့ယွဲ့ မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“မိဖုရားကြီးက စိတ်သဘောထားဖြူစင်တဲ့အတွက် နင့်ကို အသက်ရှင်ခွင့် ပေးသနားလိုက်တယ်၊ နင်တကယ်အသက် ရှင်နိုင် မရှင်နိုင်ကတော့ နင့်အပေါ်မှာပဲ မူတည်လိမ့်မယ်”

ထို့နောက် အနောက်က အခြွေအရံနှစ်ယောက်ကို ကျွေ့ယွဲ့ အမိန့်ပေးလိုက်သည်။

“သူ့ဒဏ်ရာတွေကို နည်းနည်း ဆေးထည့်ပေးလိုက်၊ သူအစာစားနိုင်ရင် တစ်ခုခု ကျွေးလိုက်၊ မစားနိုင်ရင်တော့ ဒီတိုင်းထားလိုက်”

ထို့နောက် နေ့လယ်စာဘူးတစ်ဘူးကိုယူပြီး လင်းချင်ချင်ထံ ကျွေ့ယွဲ့ ရောက်လာခဲ့ပါသည်။

လင်းချင်ချင် မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ဘာလာလုပ်တာလဲ”

သို့သော် လင်းချင်ချင် မျက်လုံးများက နေ့လယ်စာဘူးထံမှာသာ ရှိနေပါသည်။

“ချိုးရွှယ်နန်းဆောင်အတွက် ဒီငယ်သား နေ့လယ်စာလာပို့ဆောင်ပေးတာပါ၊ ရံရွေတော်လင်းအတွက် ဒီမှာ ထားခဲ့ပေးရမလား”

ကျွေ့ယွဲ့ မေးမြန်းလိုက်သည်။

လင်းချင်ချင် ဟွန်းခနဲမြည်အောင် အသက်ရှူထုတ်လိုက်သည်။

ကျန်းကျီမြောင်က အတော်လေး ဉာဏ်ကောင်းပါသည်။။ သူမကို အရှင်မင်းကြီး အမျက်ထွက်နေသည်မှာယာယီသာဖြစ်မှန်းသိသဖြင့် ဒီလိုအချိန်မျိုးကို အခွင့်ကောင်းယူပြီး သူမကို ဖော်လံဖားလုပ်ဖို့ ကျန်းကျီမြောင် ကြိုးစားနေတာ ဖြစ်ပါလိမ့်မည်။

စိတ်မကောင်းစရာပဲ…

ဒီလိုလာလုပ်လို့ ရမယ်ထင်နေလား!

“မလိုဘူး ပြန်ယူသွားလိုက်”

လင်းချင်ချင် စိတ်မဝင်စားသည့် ပုံစံဖြင့် အမိန့်ပေးလိုက်သည်။

ဒီလိုပြောသော်လည်း ကျန်းကျီမြောင်အမိန့်ကြောင့် ကျွေ့ယွဲ့ နေလယ်စာဘူးကို ဒီမှာထားခဲ့ရမှာ သေချာသည်ဟု လင်းချင်ချင် ယုံကြည်သည်။

ဒီလိုဆို လင်းချင်ချင် အောက်ကျို့စရာလည်း မလိုသို အစာလည်း ငတ်မည်မဟုတ်ပေ။

လင်းချင်ချင် အတွေးလွန်နေစဉ် ကျွေ့ယွဲ့ခေါင်းညိတ်လိုက်ပါသည်။

“ဒီငယ်သား နားလည်ပါပြီ”

ထို့နောက် နေ့လယ်စာဘူးကို ယူရင်း ကျွေ့ယွဲ့ ပြန်ထွက်လာခဲ့တော့သည်။

တကယ်တော့ နေ့လယ်စာဘူးထဲမှာ ဘာမှမပါဘဲ အခွံသက်သက်ဖြစ်သည်။ လင်းချင်ချင်၏အခြေအနေကို သွားအကဲခတ်ပြီး အစီရင်ပြန်ခံဖို့ မိဖုရားကြီး မိန့်ကြားထားတာကြောင့်သာ သူ ရောက်လာခဲ့ရခြင်းဖြစ်သည်။

လောလောဆယ် အခြေအနေမှာတော့ ဟွေ့ရှင်းက အတော် သနားစရာကောင်းနေသည်။ ထို့အပြင် ရံရွေတော်လင်းကလည်း သူမ ထင်ထားတာထက် ပိုပြီးနှလုံးသားမဲ့သည်။

ကျွေ့ယွဲ့က အခြွေအရံနှစ်ယောက်ကို စောင့်မနေတော့ဘဲ ဖုန့်ယီနန်းဆောင်သို့ အမြန်ပြန်ကာ မိဖုရားကြီးအား လျှောက်တင်ခဲ့ပါသည်။

ချူးရွှယ်နန်းဆောင်၏အခြေအနေကို နားထောင်ရင်း ကျန်းကျီမြောင် မျက်လုံးထဲ အံ့အားသင့်မှုတွေ ထင်ဟပ်လာခဲ့သည်။

ဒီလင်းချင်ချင်က ဘယ်လိုလဲ…

စိတ်ဓာတ်က ယုတ်မာကောက်ကျစ်တယ် ဆိုရင်တောင် နည်းနည်း ဟန်ဆောင်ပန်ဆောင်လေးတောင် မနေနိုင်ဘူးလား။

ဒါမှမဟုတ် သူ့ဦးနှောက်ထဲ အစ်ကိုဟွာဆိုတာပဲ ရှိနေလို့ တခြားနေရာတွေ သုံးစားလို့ မရတော့တာလား ?

ကျန်းကျီမြောင် တွေးမိပါသည်။

သူ ဇာတ်လမ်းတစ်ဝက်လောက်ကို သိရှိပြီးပြီဖြစ်သည်။

ဝတ္ထုအရဆို လွန်ခဲ့သည့်နှစ်အနည်းငယ်လောက်ကတည်း က ယွဲ့ဟွာ သူလျှိုတွေပျိုးထောင်ထားခဲ့ခြင်းဖြစ်သည်။

အဘက်ဘက်မှပြည့်စုံသည့် ဇာတ်လိုက်မင်းသားဖြစ်သဖြင့် ယွဲ့ဟွာ အခွင့်အလမ်းတွေ အများကြီး ရခဲ့တာတော့ သေချာသည်။ သူအောင်မြင်မှုတွေ အများကြီးကိုလည်း ရယူပိုင်ဆိုင်နိုင်ခဲ့သည်။

တချို့အမျိုးသမီးတွေကို ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူတွေအဖြစ် လေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့သည်။

တချို့တွေက ဆောင်ကြာမြိုင်တွေမှာ ထိပ်တန်း ကြယ်ပွင့်တွေဖြစ်လာခဲ့သည်။

တချို့တွေကတော့ ဝန်ကြီးမှူးမတ်များ၏ကိုယ်လုပ်တော်များဖြစ်လာပြီး ထိုဝန်ကြီးမှူးမတ်များကိုယွဲ့ဟွာဘက် တော်သားများ ဖြစ်လာအောင် သွေးထိုးလှုံ့ဆော်နိုင်ခဲ့သည်။

အနောက်နန်းဆောင်ထဲမှာတောင် ယွဲ့ဟွာထည့်သွင်းထားသည့်လူတွေ အများကြီးရှိနေသည်။ ဟွေ့ရှင်းကလည်း ၎င်းတို့ထဲမှ တစ်ဦးအပါအဝင်ပင်။

ကျန်းကျီမြောင်၏ စစ်မြေပြင်က ယခုအနောက်နန်းဆောင်မှာဖြစ်သည်။ အနောက်နန်းဆောင်ထဲ ယွဲ့ဟွာ ထည့်သွင်းထားသည့် သူလျှိုများအား တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်ရပါမည်။

သို့သော်လည်း ဝတ္ထုထဲမှာပင် အသေးစိတ်ဖော်ပြခံရသည့် အရံဇာတ်ကောင် အနည်းငယ်သာရှိပြီး အများစုကိုဖြတ်လျှောက်သဘောမျိုးသာ ရေးသားထားခဲ့တာဖြစ်သည်။ ထိုလူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို သိရဖို့ နည်းလမ်းမရှိသေးပါ။

ဟွေ့ရှင်းကို ကူညီပေးလိုက်ရခြင်းက အနီးနားမှာ ရှိနေပြီးသားဖြစ်သည့် နယ်ရုပ်တစ်ရုပ်မှ ထိုးဖောက်ခွင့် ရနိုင်မလား ကျန်းကျီမြောင် စမ်းသပ်ကြည့်ဖို့ဖြစ်သည်။

ဟွေ့ရှင်းသာ ပူးပေါင်းနိုင်မည်ဆိုလျှင် သူအောင်မြင်နိုင်ချေ ပိုမြင့်ပါလိမ့်မည်။

အမှန်ပင်။ မပူးပေါင်းနိုင်လျှင်လည်း ကိစ္စမရှိပါ။ သူမ ဒီတိုင်း လမ်းကြုံလို့သာ ဟွေ့ရှင်းကို ကူညီပေးလိုက်သည့် သဘောဖြစ်သည်။ စိတ်ထဲ မျှော်လင့်ချက် သိပ်မထားခဲ့ပေ။

ဟွေ့ရှင်းက မင်းသားအန်းဟယ်၏ ဝါဒရိုက်သွင်းမှုကို ခံထားရသူဖြစ်သည့်အပြင် ချူးရွှယ်နန်းဆောင်မှာ အမှု ထမ်းနေတာလည်း ကြာပြီဖြစ်သဖြင့် သစ္စာတရားခိုင်မာနေမှာ သေချာသည်။

သို့သော်…

ယနေ့လို အဖြစ်အပျက်မျိုး အကြိမ်ကြိမ်ထပ်ဖြစ်လာခဲ့ရင်ကော…

ဟွေ့ရှင်းစိတ်ထဲ သစ္စာစောင့်သိချင်စိတ်ရှိဦးမည်ဟု ကျန်းကျီမြောင် မယုံကြည်ပါ။

“ကြာစေ့ပဲနောက်စွပ်ပြုတ် စီစဉ်ပြီးပြီလား ယွင်ရှန်း”

ကျန်းကျီမြောင် မေးလိုက်သည်။

ယွင်ရှန်း အမြန်ခေါင်းညိတ်ပြလိုက်ပါသည်။

“အားလုံးပြင်ဆင်ထားပြီးသားပါ အရှင်မ”

“ယူဆောင်လာခဲ့၊ အရှင်မင်းကြီးကို ဒီမိဖုရား ကိုယ်တိုင် သွားဆက်သမယ်”

ကျန်းကျီမြောင် သေချာစဉ်းစားခဲ့ပါသည်။ အမှတ်များစွာ အသုံးပြုပြီး လှဲလှယ်ထားရသည့် ဇာတ်လမ်းအချက်အ လက်များကိုနှုတ်ဖြင့် တိုက်ရိုက်ထုတ်ပြောလို့ မရလျှင်တောင် အနည်းဆုံးတော့ ယွဲ့လင်းအားအရိပ်အမြွက်ပေးပြီး လမ်းကြောင်းသွယ်ပေးသင့်သည်။

ယွဲ့ဟွာဘက်တော်သားများအကြောင်းကို စာအုပ်၏ပထမတစ်ဝက်မှာ အတော်လေး ဖော်ပြထားပါသည်။

အသေးစိတ်မကျသော်လည်း ထိုသဲလွန်စများကို အခြေပြုပြီး စုံစမ်းရှာဖွေကြည့်လိုက်ပါက အောင်မြင်မှုရရှိမည်မှာ သေချာပါသည်။

တော်ဝင်စာကြည့်ဆောင်သို့ ကျန်းကျီမြောင် ရောက်ရှိလာသောအခါ ဆွံ့အသွားခဲ့ရပါသည်။

ဘာလို့လဲ…

ယွဲ့လင်းကို သူမ လာတွေ့တိုင်း ပြဿနာတစ်ခုမဟုတ်တစ်ခု ကြုံနေရတာလဲ…

ဒီတစ်ခါလည်း ဘာတွေဖြစ်ပျက်နေပြန်ပြီလဲ မသိပါ။

နေရောင်ခြည်အပူပြင်းဆုံး အချိန်ဖြစ်သည့် မွန်းတည့်ချိန်ဖြစ်သော်လည်း တော်ဝင်စာကြည့်ဆောင်ရှေ့မှာ ဆံပင်ဖြူဖြူ အဘိုးကြီးတစ်ဦးက ဒူးထောက်နေသည်။

ထိုအဘိုးကြီးက သေရမှာလည်း ကြောက်ပုံမပေါ်ဘဲ ပါးစပ်မှ မရပ်မနား အော်ပြောနေပါသည်။

“အရှင်မင်းကြီး! အမိန့်တော်ကို ပြန်ရုတ်သိမ်းပေးဖို့ ဒီငယ်သား တောင်းဆိုပါတယ်! ဒုဝန်ကြီးကျန်းက သားဖြစ်သူကို သွင်သင်ဆုံးမနိုင်ခြင်းမရှိဘူးဆိုပေမယ့် အရှင်မင်း ကြီးအပေါ်မှာ သစ္စာစောင့်သိတယ်၊ စွမ်းရည်ပါရမီပိုင်းမှာလည်း ဘာမှ အပြစ်ဆိုစရာ မရှိပါဘူး၊ ဒီလို အသေးအဖွဲကိစ္စလေးကြောင့် ဒုဝန်ကြီးကျန်းကို အခုလိုရာထူးချလိုက်တာက မင်းကောင်းမင်းမြတ်တစ်ပါးရဲ့ လုပ်ရပ်မဟုတ်ပါဘူး!”

“အဘိုးကြီးချန့်၊ ဒူးဆက်ထောက်မနေပါနဲ့တော့"

လီသဲ့ဟွိုက် ခါးသီးသော မျက်နှာဖြင့် အကြံပြုလိုက်ပါသည်။

“အရှင်မင်းကြီးက ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းမယ့် လူမျိုးမဟုတ်ဘူး၊ ဒီတိုင်း ဒူးဆက်ထောက်နေဦးမယ်ဆိုရင်တောင် ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူး”

“အရှင်မင်းကြီးရဲ့ အပြစ်ပဲလေ! စိစစ်ကွပ်ကဲသူတွေဖြစ်တဲ့ ငါတို့က ကန့်ကွက်ကြောင်းကို ပွင့်ပွင့်လင်းလင်းလျှောက်တင်လို့မရဘူးလား! ဒီလူအိုကြီး ဒီမှာသေတဲ့အထိ ဒူးထောက်နေရမယ်ဆိုရင်တောင် အရှင်မင်းကြီး အမိန့်တော်ကို ပြန်ရုတ်သိမ်းတဲ့အထိ စောင့်မှာပဲ!”

“ခင်ဗျားတော့…”

လီသဲ့ဟွိုက် ထပ်သတိပေးဖို့ ကြံလိုက်စဉ် ကျန်းကျီမြောင်ကို မြင်သွားခဲ့ပါသည်။

လီသဲ့ဟွိုက် မျက်လုံးများ အရောင်တောက်သွားခဲ့၏။

“အရှင်မ!”

ကျန်းကျီမြောင်လည်း အနားရောက်လာခဲ့သည်။

“ဒီနေ့လည်း ကံမကောင်းပြန်ဘူးလား”

လီသဲ့ဟွိုက် အနားကပ်လိုက်ပြီး တီးတိုးလျှောက်တင်လိုက်ပါသည်။

“မနက်က ညီလာခံအစည်းအဝေးမှာ ကျန်းသဲ့ဟုန်ကို အရှင်မင်းကြီး ရာထူးက ချလိုက်တယ်၊ အဲ့အချိန်တုန်းကတော့ ကန့်ကွက်သူမရှိဘဲ အားလုံး အဆင်ပြေချောမွေ့ခဲ့ပါတယ်၊ အခုဒူးထောက်နေတဲ့ ချန့်လုံဆိုတာ အရင်တုန်းက နန်းတော် စိစစ်ကွပ်ကဲသူတစ်ဦးပဲ၊ သူတာဝန်ထမ်းဆောင်စဉ် ကာလတုန်းက သမာသမတ်ကျပြီး အရာရာကို တဲ့တိုးဆုံးဖြတ်တတ်လို့နာမည်ကြီးတယ်၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူအနားယူသွားခဲ့ပြီး မွေးရပ်မြေကို ပြန်သွားခဲ့တာ၊ ဒီနေ့ ကျန်းသဲ့ဟုန်ကို ရာထူးက ချလိုက်တာနဲ့ ချန့်လုံ မြို့ တော်ဆီ ပြန်ရောက်လာတာနဲ့တိုက်ဆိုင်သွားတာ၊ နန်းတော်ကို ချန့်လုံပြန်ရောက်ရောက်ချင်း အရှင်မင်းကြီးဆီမှာ အခ စားဝင်ဖို့ တောင်းဆိုခဲ့တယ်၊ အရှင်မင်းကြီးကလည်း နန်းတွင်း အရာရှိဟောင်းတွေကို လေးစားတတ်တဲ့သူမို့လို့ သူ့ကို အခစားဝင်ရောက်ခွင့် ပေးခဲ့တယ်”

“ရလဒ်ကတော့ အရှင်မင်းကြီးကို တွေ့တာနဲ့ အမှားနဲ့ အမှန်ကို မခွဲခြားနိုင်တဲ့၊ မပြတ်သားတဲ့ ဧကရာဇ်မင်းကြီးဆိုပြီး စွပ်စွဲပါလေကော၊ ပြီးတော့ ဒုတိယမင်းသမီးကို အချိန်မတိုင်ခင် ဘွဲ့ရာထူးအပ်နှင်းလိုက်တာ အစဉ်အလာကို ချိုးဖောက်တဲ့ လုပ်ရပ်လို့လည်း ပြောတယ်၊ ပြီးတော့ ကျန်းကျစ်ဖျင်ရဲ့ ပြစ်မှုက မကြီးမားပေမယ့် အရှင်မင်းကြီးပေးတဲ့ ပြစ်ဒဏ်က ကြီးလေးလွန်းတယ်လို့လည်း ပြောတယ်၊ ပြီးတော့ ဂုဏ်သိက္ခာပိုင်းကို ထည့်မတွက်ရင်တောင် ကျန်းသဲ့ဟုန်က ထူးချွန်ပြောင်မြောက်တဲ့ လူတစ်ယောက်မို့လို့ သူ့သားကိစ္စကြောင့်နဲ့ သူ့ကို အပြစ်မပေးသင့်ဘူးလို့ ပြောတယ်။ အဲ့ဒီနောက် အရှင်မင်းကြီးကိုစွပ်စွပ်စွဲစွဲတွေ ဆက် တိုက် ပြောတော့တာပဲ။ အရှင်မင်းကြီးက မမှုဘဲ သူ့ကို အပြင်ထုတ်လိုက်ဖို့ပဲ ငယ်သားတွေကို အမိန့်ပေးခဲ့တယ်၊ တော်ဝင်စာကြည့်ဆောင် အပြင်ကို ရောက်တာနဲ့ ချန့်လုံ အခုလို ဒူးထောက်ဆန္ဒပြတော့တာပဲ”

“ဒီလူက ပြောရဆိုရခက်ပေမယ့် တိုင်းသူပြည်သားတွေအကြားမှာ ဂုဏ်သတင်းမွှေးတဲ့လူပဲ၊ သူသာ ဒီလို ဒူးထောက်ပြီး ဆန္ဒပြရနေရင် အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာတော့…”

လီသဲ့ဟွိုက် စိတ်ပျက်လက်ပျက် ညည်းညူလိုက်ပါသည်။

ဒီအဘိုးကြီးကို အင်အားသုံးပြီး ဆွဲထုတ်ဖို့ လီသဲ့ဟွိုက် စဉ်းစားမိပါသေးသည်။ သို့သော် တစ်စုံတစ်ယောက် ချဉ်း ကပ်လာသည်နှင့် အဘိုးကြီးသည် အသက်သေတော့မလို အော်ဟစ်သောင်းကျန်းတတ်သည်။

သူ့စကားကိုသာ အရှင်မင်းကြီး နားမထောင်ပါက ဒီမှာ မသေရရင်တောင် တခြားတစ်နေရာမှာ သွားသေမည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။

ကျန်းကျီမြောင်: “… အဲ့တာ လူရမ်းကားတစ်ယောက်ရဲ့ အပြုအမူနဲ့ မတူဘူးလား”

ရေငတ်နေချိန် မိုးရွာချလိုက်သကဲ့သို့ ခိုကိုးရာရသွားပြီး လီသဲ့ဟွိုက် အမြန်ထောက်ခံလိုက်ပါသည်။

“မဟုတ်ဘူးလား အရှင်မ! ဒါပေမယ့် သူက အသက်ကြီးနေပြီလေ၊ ပြီးတော့ တိုင်းသူပြည်သားတွေအကြားမှာ ဂုဏ်သတင်းလည်း မွှေးပျံ့တဲ့လူဆိုတော့ ဒီငယ်သား ဘာလုပ်ရမှန်းမသိ ဖြစ်နေရတာပါ”

“အရှင်မင်းကြီးက ဘယ်လိုမိန့်လဲ”

ကျန်းကျီမြောင် မေးလိုက်သည်။

လီသဲ့ဟွိုက် တိုးညှင်းစွာ လျှောက်တင်လိုက်ပါသည်။

“အပြင်မှာ နေတွေအရမ်းပူနေလို့ သူသာ ဒီတိုင်း ဒူးဆက်ထောက်နေမယ်ဆိုရင် မကြာခင် သတိလစ်သွားလိမ့်မယ်တဲ့၊ အဲ့အချိန်ကျမှ သူ့ကို ဆွဲထုတ်လိုက်လို့ အရှင်မင်းကြီးက မိန့်ထားပါတယ်”

ယွဲ့လင်းလည်း ဒေါသထွက်နေတာ သေချာပါသည်။

ကျန်းကျီမြောင် ရယ်ချင်သွားသည်။

“အရှင်မင်းကြီးလည်း အမျက်ဒေါသထွက်နေတဲ့ပုံပဲနော်”

“ဒီလိုလူမျိုးနဲ့ ရင်ဆိုင်ရမှတော့ ဒေါသမထွက်ဘဲ နေနိုင်တဲ့လူ ရှိမယ်မထင်ဘူး”

လီသဲ့ဟွိုက် ခါးသီးစွာ ပြောလိုက်ပါသည်။

ထို့နောက် အားအင်အပြည့်နဲ့ အော်ဟစ်သောင်းကျန်းနေဆဲဖြစ်သည့် ချန့်လုံကို လီသဲ့ဟွိုက် လှည့်ကြည့်လိုက်ပြီး အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။

ချန့်လုံက အသက် ၇၀ - ၈၀ လောက်ရှိပြီ ဖြစ်သော်လည်း အတော်လေး ကျန်းမာသန်စွမ်းနေပါသေးသည်။

ကျန်းကျီမြောင်လည်း ချန့်လုံကို လှည့်ကြည့်လိုက်သည်။

ကျန်းကျီမြောင်၏အကြည့်ကိုမြင်သောအခါ ခလုတ်တစ်ခု ဖွင့်ခံလိုက်ရသကဲ့သို့ ကျန်းကျီမြောင်ကိုပါ ချန့်လုံ စတင် ဟိန်းဟောက်ကြိမ်းမောင်းလေတော့သည်။

All Chapters