Overly Intimate
Vol. 9 Ch. 90
“မိဖုရားကြီး! လက်ဆက်ထိန်းမြှားမှုပြီးကတည်းက မိဖုရားကြီးကိုပဲ အရှင်မင်းကြီး လွန်လွန်ကျူးကျူး အရေးပေးခဲ့တာ၊ ဒီနေ့ဒီအချိန်အထိ အခြားကြင်ယာတော်တွေရဲ့ နန်းဆောင်ကို ကြွမြန်းခြင်းမရှိသေးဘူး၊ ဝန်ကြီးချုပ်ကျန်းရဲ့ သမီးတော်ဖြစ်လို့ အခြေအနေကို အရိပ်အကဲကြည့်တတ်မယ်ထင်ထားတာ! အနောက်နန်းဆောင်ကို အုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီး အရှင်မင်းကြီးကို မိဖုရားကြီး တစ် ယောက်တည်း စိုးမိုးထားတယ်၊ ကျန်းမိသားစုက သားသ မီးတွေကို ဒီလိုပဲ ပျိုးထောင်ထားတာလား”
“ဒီတစ်ခေါက် ဒုတိယမင်းသမီးကို ဘွဲ့ရာထူးအပ်နှင်းတဲ့ကိစ္စလည်း ဒီငယ်သားကြားသိရတယ်၊ အဲ့ဒီကိစ္စမှာ မိဖုရားကြီးရဲ့ အထောက်အကူပြုမှုလည်း ပါဝင်နေတယ်မဟုတ်လား၊ နန်းတွင်းရေးကိစ္စတွေကို အနောက်နန်းဆောင်က ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးလို့ တားမြစ်ထားတာမေ့သွားပါပြီလား!”
“ပြီးတော့ မယ်တော်ကြီး နာမကျန်းဖြစ်ခဲ့တုန်းကလည်း မိဖုရားကြီးက သူများတွေကို အမိန့်ပေးဖို့ပဲတတ်စွမ်းခဲ့တယ်၊ မိဖုရားကြီးကိုယ်တိုင် မယ်တော်ကြီးကို ဘယ်နှကြိမ်များပြုစုခဲ့သလဲ”
“မနာလိုဝန်တိုစိတ်များပြီး လူကြီးမိဘအပေါ် ဝတ္တရားမကျေပွန်တဲ့အပြင် နန်းတွင်းရေးကိစ္စတွေကိုပါ ဝင်စွက်ဖက်နေတယ်! ဧကရီမိဖုရားဆိုတဲ့ ဂုဏ်ရာထူးနဲ့ လုံးဝ မထိုက် တန်ဘူး! မိဖုရားကြီးကိုပါ ချက်ချင်းနန်းချဖို့ အရှင်မင်း ကြီးကို တောင်းဆိုပါတယ်! အရှင်မင်းကြီးသာ မလိုက် လျောဘူးဆိုရင် နန်းတော် ဗရုတ်သုက္ခဖြစ်အောင် ဒီလို ကောက်ကျစ်တဲ့မိဖုရားကို လုပ်ခွင့်ပြုမယ့်အစား ဒီငယ် သား ဒီနေရာမှာပဲ ဒူးထောက်ရင်းသေလိုက်ပါတော့မယ်”
ချန့်လုံ အားရပါးရ ကြွေးကြော်လိုက်ပါသည်။
ကျန်းကျီမြောင်လည်း နားထောင်ရင်း ကြက်သေသေသွားခဲ့သည်။
သူက ကောက်ကျစ်တဲ့ မိဖုရားတောင် ဖြစ်သွားပြီလား ?
မူရင်းဝတ္ထုထဲမှာ ကျန်းကျီမြောင်က အမြှောက်စာ အရံဇာတ်ပို့သာသာရှိသည်။ ယခု ကောက်ကျစ်သည့် မိဖုရား ဖြစ်သွားပြီဖြစ်သဖြင့် အဆင့်တက်လာသည်ဟု ဆိုနိုင်ပါသည်။
အနည်းဆုံးတော့ လူသိပိုများလာတယ်လို့ ယူဆလို့ရတာပဲ မဟုတ်လား။
ချန့်လုံကို ကျန်းကျီမြောင် ရွှင်မြူးစွာကြည့်လိုက်သည်။
“အဘိုးချန့် အော်တာ ကြာနေပြီဆိုတော့ အာခေါင်ခြောက်ပြီး ရေတွေဘာတွေ ဆာနေလောက်ပြီပေါ့”
ထပ်အော်စမ်းပါ ထပ်ကြိမ်းမောင်းစမ်းပါ!
ဗီလိန်ကြီးဖြစ်ရသည့် ခံစားချက်ကို သူမလည်း ခံစားကြည့်ချင်ပါသည်။
ချန့်လုံခေတ္တကြက်သေသေသွားပြီး ပါးစပ်ဖွင့်ကာ ထပ်ဟိန်းဟောက်ဖို့ ပြင်လိုက်သည်။
သို့သော် သူပါးစပ်ဟရုံသာရှိသေးစဉ် သူ့ရင်ဘတ်ကို တစ် စုံတစ်ယောက် ဆောင့်ကန်လိုက်သဖြင့် နောက်ပြန်လဲကျသွားလေတော့သည်။
တော်ဝင်စာကြည့်ဆောင်ထဲမှ ယွဲ့လင်း ဒေါသတကြီး ထွက်လာခဲ့ပြီး ချန့်လုံကို အေးစက်စွာမိန့်လိုက်သည်။
“သေချင်သပါ့ဆိုရင် ကိုယ့်အိမ်မှာ ကိုယ် ကြိုးဆွဲချသေလို့ ရတယ်၊ ငါ့မျက်စိရှေ့မှာ လာသေစရာမလိုဘူး!”
ချန့်လုံ ခေတ္တရီဝေသွားသော်လည်း ချက်ချင်းဆိုသလို ပျော်ရွှင်သွားခဲ့သည်။
ယွဲ့လင်း ဒီလို ဒေါသထွက်လာစေဖို့ သူရန်စနေခဲ့တာ ကြာပါပြီ။ သို့သော်လည်း သူ့စကားတွေကို ယွဲ့လင်း အဖတ်မလုပ်ခဲ့ပေ။
ကောင်းတယ်! ဒါဆို ပြဿနာရှာလို့ ပိုလွယ်သွားပြီပေါ့!
ပြဇာတ်ထဲရောက်နေသကဲ့သို့ ချန့်လုံ အော်ဟစ်ငိုကြွေးလိုက်ပါသည်။
“အရှင်မင်းကြီးကို ဒီငယ်သား ကြောက်ရွံ့မိပါတယ်! သို့ပေမယ့် ဒီငယ်သားရဲ့ လုပ်ရပ်တိုင်းက ကြီးမြတ်တဲ့ ယုံမင်း ဆက်နဲ့ အရှင်မင်းကြီးတို့ရဲ့ ကောင်းကျိုးအတွက်ပါပဲ! ကောက်ကျစ်တဲ့ မိဖုရားကို အမြန်ဆုံးနန်းချပြီး အစွမ်းအစ ရှိတဲ့ ဝန်ကြီးမှူးမတ်တွေကိုလည်း အလွယ်တကူ မပစ်ပယ်လိုက်ဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်! ဒါမှ ယုံမင်းဆက် အဓွန့်ရှည်တည်တံ့နိုင်မှာပါ! အရှင်မင်းကြီး နောက်တစ်ကြိမ် ပြန်စဉ်းစားပေးဖို့ ဒီငယ်သား တောင်းဆိုပါတယ်!”
ချန့်လုံ မြေကြီးပေါ် ခေါင်းငုံ့ချလိုက်ပြီး တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။
ဟန်ဆောင်ပန်ဆောင်လုပ်နေသည့် အဘိုးကြီးကို ကြည့်ရင်း ယွဲ့လင်းမျက်လုံးထဲ ဒေါသမီးတွေ တောက်လောင်လာပါသည်။
သူ့ကို ဘယ်လိုပဲ မကောင်းပြောပြောကိစ္စမရှိပါ။ နန်းတွင်းနန်းပြင်မှာ သူ့ဂုဏ်သတင်းက နဂိုကတည်းကမှ မွှေးပျံ့နေခဲ့တာ မဟုတ်ပေ။
သို့သော် မြောင်မြောင်ကို ကောက်ကျစ်သည့် မိဖုရားဟု အမည်တပ်နေခြင်းက ကိုယ့်သေတွင်းကိုယ် တူးနေခြင်းသာ ဖြစ်ပါသည်။
ယွဲ့လင်း မျက်လုံးများ သွေးချင်းနီလာပြီး ချန့်လုံထံ ဆက်လျှောက်လာခဲ့သည်။
ချန့်လုံ ခေါင်းငုံ့ထားလိုက်ပါသည်။
သူသေရမှာ မကြောက်ပါ၊ သေခွင့်မရမှာကိုသာ ကြောက် ရွံ့မိပါသည်။
ဘဝမှာ နန်းတွင်းစိစစ်ကွပ်ကဲသူတစ်ဦးအတွက် မက်မောစရာဆိုလို့ သမိုင်းကြောင်း ရာဇဝင်စာအုပ်တွေထဲ အမည်တစ်ခု တွင်ကျန်ခဲ့စေဖို့သာဖြစ်သည်။
သမိုင်းကြောင်းစာအုပ်တွေထဲ အမည်ကျန်ရစ်နိုင်ဖို့ အလွယ်ကူဆုံးနီးလမ်းက နန်းတော်ရှေ့မှာ သေဆုံးဖို့ပင်။
ထိုအခါ သူသေရမည်ဆိုလျှင်တောင် သူ့မိသားစု အနာဂတ်လှပနိုင်ပါလိမ့်မည်။ ဒီ့ထက်ပိုပြီး တောင်းဆိုချင်တာမရှိတော့ပါ။
“အရှင်မင်းကြီး” ယွဲ့လင်း၏ လက်ကို ကျန်းကျီမြောင် ရုတ်တရက် ဆုပ်ကိုင်လိုက်ပါသည်။
နေတွေအလွန်ပူပြင်းနေသော်လည်း မိဖုရားကြီး၏လက်က အေးမြလှသည်ဟု ယွဲ့လင်း ခံစားမိသည်။
ယွဲ့လင်းလည်း ချက်ချင်းဆိုသလို အသိစိတ်ပြန်ကပ်သွားခဲ့သည်။ ထို့နောက် ကျန်းကျီမြောင်ကို ရီဝေစွာ လှည့်ကြည့်လိုက်ပါသည်။
ကျန်းကျီမြောင်က ချိုချိုမြိန်မြိန်ပြုံးလိုက်ပြီး နွေးထွေးစွာ လျှောက်တင်လိုက်သည်။
“ဒီ့ထက် ကြန့်ကြာရင် ကြာစေ့ပဲနောက်စွပ်ပြုတ်တွေ မအေးဘဲ နေတော့မယ်”
ယွဲ့လင်း ချက်ချင်းစိတ်တည်ငြိမ်သွားခဲ့သည်။ လိမ္မာပြီး စကားနားထောင်သည့် ကလေးတစ်ယောက်လိုခေါင်း ညိတ်ပြလိုက်ပါသည်။
ထို့နောက် ချန့်လုံကိုကြည့်ကာ ခံစားချက်မဲ့စွာ မိန့်လိုက်သည်။
“မင်းဒီမှာသေသွားရင် နာမည်ကောင်းသိပ်ရမှာ မဟုတ်ဘူး၊ တကယ်သေချင်သေးတယ်ဆိုရင် မနက်ဖြန် ညီလာခံအစည်းအဝေးမှာ လာသေလိုက်၊ ဝန်ကြီးမှူးမတ်၊ နန်းတွင်းအရာရှိပေါင်းများစွာရှေ့မှာ မင်းကို နာမည်ကောင်းယူခွင့်ပေးမယ်”
ယွဲ့လင်း၏ အသံက အလွန်အေးစက်နေပါသည်။
ချန့်လုံ ခန္ဓာကိုယ်တုန်ယင်သွားပြီး ယွဲ့လင်း၏ စကားကို အနည်းငယ် နားမလည်နိုင်ဖြစ်ခဲ့ရသည်။
သို့သော်လည်း ပြဿနာကို ဒီ့ထက်ပုံကြီးချဲ့နိုင်လျှင် ပိုတောင်ကောင်းမွန်ပါသေးသည်။
ထို့ကြောင့် ချန့်လုံ လျှောက်တင်လိုက်သည်။ “ဒါဖြင့်ရင် မနက်ဖြန် အရှင်မင်းကြီးကို အကြုံပြုဖို့ ဒီငယ်သား ပြန်လာခဲ့ပါ့မယ်”
ချန့်လုံကို ယွဲ့လင်း အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး ကျန်းကျီမြောင်လက်ကိုဆွဲကာ တော်ဝင်စာကြည့်ဆောင်ထဲ ဝင်သွားလေတော့သည်။
လီသဲ့ဟွိုက်လည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချမိလေသည်။
အရှင်မ ထပ်ကယ်ပေလို့ပေါ့!
“အဘိုးချန်း ဒီဘက်ကိုကြွပါ”
ချန့်လုံကို လီသဲ့ဟွိုက်ကိုယ်တိုင် လိုက်ပို့ပေးခဲ့ပါသည်။
-
တော်ဝင်စာကြည့်ဆောင်အတွင်း…
ကျန်းကျီမြောင်လက်ကို ယွဲ့လင်း ဆုပ်ကိုင်ထားဆဲဖြစ် သည်။
ဒီတစ်ခါတော့ ကျန်းကျီမြောင် ပွင့်ပွင့်လင်းလင်း တောင်းဆိုလိုက်ပါသည်။
“အရှင်မင်းကြီး၊ ဒီမိဖုရားလက်ကို လွှတ်ပေးလို့ ရမလား”
“ခဏလောက် စောင့်ဦး” ယွဲ့လင်း ပြောလိုက်သည်။
ကျန်းကျီမြောင်၏ဇဝေဇဝါဖြစ်နေသော မျက်ဝန်းများကို မြင်သွားပြီး ယွဲ့လင်း အမြန်ရှင်းပြလိုက်ပါသည်။
“ကျန်းမှာ နာတာရှည် ခေါင်းကိုက်ခဲမှုရောဂါရှိတယ်၊ နည်းလမ်းပေါင်းစုံ ကြိုးစားကြည့်ခဲ့ပေမယ့် သက်သာအောင် မလုပ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ အရှင်မရဲ့ လက်ကို ဆုပ်ကိုင်ထားရရင် အဲ့ဒီခေါင်းကိုက်ဝေဒနာ သက်သာလာသလို ခံစားရတယ်၊ အဲ့တာကြောင့် အရှင်မလက်ကို ခဏလောက် ကိုင်ထားခွင့်ပြုပါနော်”
ကျန်းကျီမြောင်ကို ယွဲ့လင်း မျှော်လင့်တကြီး စိုက်ကြည့်လိုက်သည်။ သူ့အကြည့်က စွန့်ပစ်ခံထားရသည့် တိရိစ္ဆာန်လေးတစ်ကောင်ပအလား ကရုဏာသက်စရာကောင်းလှသည်။
ကျန်းကျီမြောင်လည်း စိတ်ပျော့သွားပြီး နွေးထွေးစွာ ခွင့်ပြုလိုက်ပါသည်။
“ကောင်းပါပြီ”
[လက်ကိုင်ထားရင် ခေါင်းကိုက်ခဲတာ သက်သာတယ်ပေါ့၊ အဲ့တာမျိုး တကယ်ရှိလို့လား၊ အဲ့တာကြောင့် အရင်တစ်ခေါက်တုန်းကလည်း တော်ဝင်စာကြည့်ဆောင်ထဲ ငါ့လက်ကို ကိုင်ထားခဲ့တာဖြစ်မယ်]
စနစ်ကို ကျန်းကျီမြောင် မေးကြည့်လိုက်ပါသည်။ “စနစ်! အရှင်မင်းကြီးပြောတဲ့ အခြေအနေက ဘယ်လိုလဲ။ ငါက သူ့ခေါင်းကိုက်ခဲမှုဝေဒနာကို သက်သာစေတယ်ဟုတ်လား”
စနစ်ကလည်း မသေချာစွာ ပြန်ဖြေလိုက်သည်။
“ကျွန်ုပ်လည်း သေချာမပြောနိုင်ပါဘူး၊ ဒါပေမယ့် ဖြစ်နိုင်ချေတစ်ခုတော့ ရှိပါတယ်”
စနစ် ခေတ္တရပ်တန့်သွားပြီး ရှင်းပြလိုက်ပါသည်။
“စနစ်ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာ စနစ်တစ်ခုရှိနေတာလေ။ ဒါကြောင့် စနစ်ပိုင်ရှင်က ကံအလွန်ကောင်းမွန်တဲ့လူလို့ သတ်မှတ်လို့ရတယ်၊ ယွဲ့လင်းက ဧကရာဇ်မင်းတစ်ပါး ဖြစ်ပေမယ့် ကံက ကြောက်ဖို့ကောင်းလောက်အောင် နိမ့်ပါးလွန်းတယ်၊ စနစ်ပိုင်ရှင် သူနဲ့ ထိတွေ့လိုက်တော့ စနစ်ပိုင်ရှင်ရဲ့ ကံကောင်းခြင်းက သူ့ကံဆိုးခြင်းတွေကို ဖြည့် ဆည်းပေးနိုင်ပြီး နာကျင်မှုကို သက်သာစေတာဖြစ်နိုင်ပါတယ်”
“ဥပမာပြောရရင် ဝတ္ထုတွေထဲမှာ ဇာတ်လိုက်မင်းသား မင်းသမီးတွေဘေးနားက လူတိုင်း ကံကောင်းမှုတွေ ကြုံတွေ့ရသလိုမျိုးပဲ ဇာတ်လိုက်တွေရဲ့ ကံတရားလွှမ်းမိုးမှုကို ခံလိုက်ရတာမျိုးပေါ့”
“ယွဲ့လင်းအခြေအနေကလည်း ဒီလိုပဲ ဖြစ်နိုင်ပါတယ်၊ သို့ပေမယ့် ကံကောင်းခြင်းကိုပဲ အမြဲတမ်း အားကိုးနေတာက ရေရှည်အတွက် ကောင်းမွန်တဲ့ နည်းလမ်းမဟုတ်ဘူး၊ ယွဲ့လင်းကို အကောင်းပကတိအတိုင်း ပြန်ဖြစ်စေချင်ရင် ပြဿနာရင်းမြစ်ကို သေချာပေါက်ရှာဖွေမှဖြစ်မယ်”
ကျန်းကျီမြောင် ခေါင်းညိတ်လိုက်ပါသည်။ ယွဲ့လင်း၏ ခေါင်းကိုက်ဝေဒနာကို အရှင်းပျောက်ကင်းစေချင်ပါက ပြဿနာရင်းမြစ်ကို ရှာဖွေရမည်ဖြစ်မှန်း သူလည်း နားလည်ပါသည်။
သို့သော် သူမ ရှာဖွေဖို့ နည်းလမ်း မတွေ့သေးပါ။ ဇာတ် လမ်း ၁၀၀% ကို ဝယ်ယူပြီးလျှင်တော့ သဲလွန်စရကောင်း ရလာနိုင်ပါသည်။
ကျန်းကျီမြောင် ရီဝေနေပြန်ပြီ…
ယွဲ့လင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ယခု သူမအာရုံထဲက စနစ်ဟုခေါ်သည့် မှော်ဆန်ဆန် ဖြစ်တည်မှုတစ်ခုနဲ့ မြောင်မြောင် ဆက်သွယ်နေတာဖြစ်မည်။
ထိုသို့ဆက်သွယ်ပြီးနောက် ဘယ်လိုရလဒ်မျိုး ရလာမလဲဆိုတာ ယွဲ့လင်း မပြောနိုင်ပါ။
“အတိုချုန်းပြောရရင်တော့ အသားချင်းထိတွေ့မှု ပိုများလေလေ ယွဲ့လင်းအတွက်ကံကောင်းခြင်းတွေ ယူဆောင် လာပေးနိုင်လေလေလို့ သတ်မှတ်လို့ရပါတယ်”
နောက်ဆုံးတော့ စနစ် ကောက်ချက်ချလိုက်ပါသည်။
ကျန်းကျီမြောင်လည်း ခေါင်းပြန်မော့လာသည်။
ယွဲ့လင်းမျက်နှာက တင်းမာနေပြီး အလွန်နာကျင်နေပုံပေါက်ပါသည်။
ကျန်းကျီမြောင် စိတ်မကောင်းဖြစ်သွားပြီး နောက်လက်တစ်ဖက်ကိုပါ ကမ်းပေးလိုက်သည်။
“လက်တစ်ဖက်တည်းနဲ့ လုံလောက်ပါ့မလား၊ နောက်တစ်ဖက်ကိုပါ ကိုင်ထားလေ”
ကျန်းကျီမြောင်ကို ယွဲ့လင်း မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
သူ့ရင်ထဲ မျှော်လင့်ချက်တစ်ခု ဖြစ်တည်လာခဲ့သည်။
မြောင်မြောင် သူ့အပေါ် သဘောကောင်းနေတယ်…
ဧကန္တ…
ယွဲ့လင်း မလှုပ်ရှားသေးပါ။
နာကျင်မှုကြောင့် ယွဲ့လင်း ရီဝေနေသည်ဟု ကျန်းကျီမြောင်ထင်သွားပြီး နှုတ်ခမ်းကိုက်ကာ လျှောက်တင်လိုက်သည်။
“ဒါတောင် မသက်သာသေးဘူးဆိုရင်…”
“နည်းနည်း လွန်ကျူးတယ်လို့ထင်ရပေမယ့်…”
ကျန်းကျီမြောင် မဝံ့မရဲ တွန့်ဆုတ်စွာ ပြောလိုက်သည်။
ယွဲ့လင်းလည်း မျက်လုံးတွေတဖြည်းဖြည်း အရောင်တောက်လာခဲ့သည်။
သူ့အသံတွေတောင် ပြာဝင်သွားခဲ့ပါသည်။
“ဘာဖြစ်လဲ ? ဘာက လွန်ကျူးတယ်လို့ ထင်ရတာလဲ”