Attending Court?
Vol. 10 Ch. 91
ယွဲ့လင်း၏ထူးထူးဆန်းဆန်း အကြည့်များကို ရင်ဆိုင်ရင်း ကျန်းကျီမြောင် လေးနက်စွာ ပြောလိုက်ပါသည်။
“ဒါမှ မသက်သာသေးဘူးဆိုရင် ဒီမိဖုရား ဖိနပ်တွေ၊ ခြေအိတ်တွေကို ချွတ်လိုက်ပါ့မယ်၊ အဲ့တာဆို ဒီမိဖုရားရဲ့ လက်တွေ ခြေထောက်တွေကို တစ်ပြိုင်တည်း ကိုင်ထားလို့ရတယ်၊ စိတ်ချပါ၊ ဒီမိဖုရားခြေထောက်တွေက မနံပါဘူး”
ယွဲ့လင်း: “???”
ယွဲ့လင်း မျှော်လင့်ချက်များ ချက်ချင်းပြိုလဲသွားရသည်။
အတွေးလွန်ခဲ့မိတဲ့ သူ့ အပြစ်ပါ!
[သူက ငါ့ဘော့စ်ပဲလေ၊ ငါနည်းနည်း အနစ်နာခံပေးလိုက်လို့ ဘောနပ်စ်တွေ ထပ်ပေးရင် ဘယ်လိုလုပ်မလဲ]
ယွဲ့လင်း ရယ်မောလိုက်မိပါသည်။ သူ့ကို ကျန်းကျီမြောင် အူကြောင်ကြောင်ဖြင့် ကြည့်လိုက်သည်။
ကျန်းကျီမြောင်၏ လက်နောက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း ယွဲ့လင်း ပြောလိုက်ပါသည်။ “ဒီလောက်ဆို လုံလောက်ပါပြီ မြောင်မြောင်”
သူ့စိတ်ထဲ မကောင်းသည့် စိတ်ကူးတွေ ရူးသွပ်စရာကောင်းလောက်အောင် ဝင်ရောက်နေပါသည်။
မြောင်မြောင်က နှလုံးသား နူးညံ့သူဖြစ်မှန်း သူသိသည်။ သူ ထုတ်မပြောနိုင်သည့် အတိတ်က ဖြစ်ရပ်ဆိုးတွေကိုလည်း မြောင်မြောင်သိနေသည်။ ထိုဖြစ်ရပ်တွေကို အသုံး ချပြီး သူမရှေ့မှာ သနားစဖွယ်ကောင်းအောင်နေပြလိုက်ပါက သူမ ကရုဏာသက်သွားနိုင်သည်။
ဒါကို အခွင့်ကောင်းယူပြီး မြောင်မြောင်နဲ့ ပိုမိုနီးစပ်အောင် ဖန်တီးနိုင်ပါသည်။
ဧကန္တ… မြောင်မြောင်၏နှလုံးသားကို အမှန်တကယ် ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးလေးတစ်ခု သူ့မှာ ရှိနေနိုင်သေးသည်။
သို့သော်…
နဂိုကတည်းက ဝင်မလာသင့်သည့် ထိုအတွေးများကို ယွဲ့လင်း စိတ်ဓာတ်ခွန်အား ခိုင်မာစွာဖြင့် ဖယ်ရှားပစ်လိုက်ပါသည်။
သူက သေဆုံးရတော့မည့် လူတစ်ယောက်ဖြစ်သည်။ မြောင်မြောင်ကိုပါ ဒုက္ခတွင်းထဲ ဆွဲချမိလို့ မဖြစ်ပါ။
သူ့ကို မဟာမိတ်တစ်ယောက်လို၊ အထက်အရာရှိတစ်ယောက်လို မြောင်မြောင် သဘောထားတာ ပိုကောင်းပါသည်။
ဒါမှ တစ်နေ့နေ့တစ်ချိန်ချိန် သူထွက်သွားရသည့်အခါ မြောင်မြောင် သိပ်ပြီးဝမ်းမနည်းရမှာဖြစ်သည်။
ထို့နောက် သူနည်းလမ်းတစ်ခု ရှာဖွေမည်။ မြောင်မြောင်နှင့် အနောက်နန်းဆောင်အတွင်းရှိ ကိုယ်လုပ်တော်များ အားလုံးအတွက် လွတ်လပ်သည့်အနာဂတ်တစ်ခု ပိုင်ဆိုင်နိုင်အောင် သူကြိုးစားမည်။
ယွဲ့လင်း စိတ်သဘောထားမြင့်မြတ်တာကြောင့် ဒီလိုကြံ ရွယ်ထားတာ မဟုတ်ပါ။ မြောင်မြောင် စိတ်ထားဖြူစင်မှန်း သိနေတာကြောင့်သာဖြစ်သည်။
မြောင်မြောင်သာဆိုလျှင်လည်း အားလုံးကို အေးအေးချမ်းချမ်း နေထိုင်စေချင်မှာ သေချာသည်။
ထို့ကြောင့် သူ မသေခင် ပြဿနာတွေ အားလုံးကိုဖြေရှင်းပေးခဲ့ရမည်။ ဒါမှ အချိန်တန်သည့်အခါ တခြားသူတွေအတွက်ပါ မြောင်မြောင် စိုးရိမ်စရာမလိုမှာဖြစ်ပါသည်။
ဒီလိုနဲ့ ကျန်းကျီမြောင်၏လက်ကို ယွဲ့လင်း တိတ်ဆိတ် ဆုပ်ကိုင်ထားခဲ့သည်။
ကျန်းကျီမြောင်ကလည်း သူ့ကို ရီဝေစွာငေးကြည့်နေခဲ့သည်။
အရှင်မင်းကြီးက…
ယွဲ့လင်း မျက်လုံးတွေထဲမှာ သူ မမြင်နိုင်သည့် စိတ်ခံစားချက်များစွာ ရှိနေပုံရသည်။ သို့သော် မမြင်နိုင်သည့်အရာတွေကို ကျန်းကျီမြောင် အားထုတ်ပြီး ရှာဖွေမကြည့်တော့ပါ။
ယွဲ့လင်းကို ကျန်းကျီမြောင် တိတ်တဆိတ်သာ အဖော်ပြုပေးခဲ့သည်။
အချိန်အတော်ကြာမှ ကျန်းကျီမြောင်၏လက်တွေကို ယွဲ့လင်း လွှတ်ပေးလိုက်ပြီး သိမ်မွေ့စွာ မိန့်လိုက်သည်။
“အဆင်ပြေသွားပါပြီ”
ကျန်းကျီမြောင်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။
ဘာကြောင့်မှန်းမသိဘဲ သူမ အနည်းငယ် စိုးရိမ်ပူပန်မိဆဲဖြစ်သည်။ သို့သော် ယွဲ့လင်း တည်ငြိမ်နေတာကို မြင်ကာမှ သူမလည်း ဖြည်းဖြည်းချင်း စိတ်လျှော့ချနိုင်ခဲ့ပါသည်။
ထို့နောက် ကြာစေ့ပဲနောက်စွပ်ပြုတ်ကို ထုတ်လိုက်ပြီး ယွဲ့လင်းနဲ့အတူ သုံးဆောင်လိုက်သည်။
စိတ်ထဲမှာလည်း ဒီနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်များကို တွေးတောနေခဲ့ပါသည်။
[ဝတ္ထုထဲမှာလည်း အဲ့ဒီချန့်လုံပါတယ်၊ ဒါပေမယ့် အခု သူပေါ်လာတဲ့အချိန်က အရမ်းစောလွန်းနေသလိုပဲ၊ ဒီကိစ္စက နောက်ထပ် ၆ လလောက်နေမှ ဖြစ်သင့်တဲ့ကိစ္စ၊ အဲ့ဒီအခါကျရင် ကျန်းကျစ်ဖျင်နဲ့ ပတ်သတ်တဲ့ အရေးကိစ္စတွေလည်း မရှိတော့ဘူး၊ နန်းတော်ထဲက တော်ဝင်အစောင့်တပ်သားတွေကိုလည်း အရှင်မင်းကြီး လူစားထိုးအပြောင်း အလဲ လုပ်ခဲ့တယ်]
[အဲ့ဒီချန့်လုံက ယွဲ့လင်းကို တစ်ချိန်လုံး ခွေးရူးလို လိုက်ကိုက်နေခဲ့တာ၊ သူ့ကြောင့် ဒေါသထွက်လွန်းလို့ ညီလာခံ အစည်းအဝေးတစ်ခုမှာ ယွဲ့လင်း ခေါင်းကိုက်ဝေဒနာ အပြင်းအထန် ခံစားခဲ့ရတယ်၊ အဲ့ဒီအချိန် ချန့်လုံက ညီလာခံ ခန်းမထဲမှာပဲ နံရံနဲ့ခေါင်းနဲ့ ပြေးတိုက်ပြီး သတ်သေပြသွားတယ်၊ ယွဲ့လင်း အမျက်ဒေါသပေါက်ကွဲပြီး ချန့်လုံရဲ့ အလောင်းကို မြို့တော်တံတိုင်းပေါ်မှာ တွဲလျားဆွဲထားဖို့ အမိန့်ပေးလိုက်တယ်၊ ဆင်ခြင်တုံတရား မဲ့လွန်းတဲ့ အဲ့ဒီလုပ်ရပ်ကြောင့် ယွဲ့လင်းက မင်းဆိုးမင်းညစ်တစ် ပါးဖြစ်ကြောင်း လူတွေ ပိုယုံကြည်သွားကြတယ်]
ကျန်းကျီမြောင် သက်ပြင်းချလိုက်သည်။
[ဒါပေမယ့် ယွဲ့လင်းကိုပဲ အပြစ်တင်လို့ မရဘူးလေ၊ တချို့တွေက ယွဲ့လင်းကို ရည်ရွယ်ချက်ရှိရှိ ဒေါသထွက်အောင် လုပ်နေကြတာ၊ ယွဲ့လင်း ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါ ဘာမှ ဆင်ခြင်စဉ်းစားနိုင်စွမ်းမရှိတော့ဘူး။ အဲ့တာကြောင့် သူဘယ်လိုဆုံးဖြတ်ချက်ကိုမဆို ချလိုက်နိုင်တယ်]
ယွဲ့လင်း နှုတ်ခမ်းများ စည်းတင်းသွားသည်။ သူမျက်လုံးတွေထဲမှာလည်း အေးစက်မှုတွေ ထင်ဟပ်လာခဲ့ပါသည်။
တစ်ကြိမ်နှစ်ကြိမ်မကတော့သဖြင့် တိုက်ဆိုင်မှုမဖြစ်နိုင်တော့ပါ။ သူ သေချာနေပါပြီ။
သူ့ခေါင်းကိုက်ခဲမှုဝေဒနာအကြောင်းကို ယွဲ့ဟွာ ကျိန်းသေပေါက် သိထားရမည်။ ခေါင်းကိုက်ဝေဒနာကို လိုသလို နှိုးဆွနိုင်မည့် နည်းလမ်းတစ်ခုခုလည်း ယွဲ့ဟွာထံမှာရှိနေပါလိမ့်မည်။
သူ့ခေါင်းကိုက်ဝေဒနာက ငယ်စဉ်ကတည်းက စွဲတည်နေခဲ့တာဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ယောက် ရည်ရွယ် ချက်ရှိရှိ ဖန်တီးထားခြင်းဖြစ်သည်။
ထိုအချိန်တုန်းက ယွဲ့ဟွာ ကလေးတစ်ယောက်အရွယ်သာ ရှိသေးသဖြင့် ဒီလို အကြံအစည်မျိုး ကြံစည်နိုင်မှာ မဟုတ်သေးပါ။
ထို့ကြောင့် သူ့ကို ခေါင်းကိုက်ဝေဒနာ စွဲသွားအောင် ပြုလုပ်ခဲ့သူက နှောင်းဧကရာဇ်မင်းကြီး သို့မဟုတ် မယ်တော်ကြီးသာ ဖြစ်နိုင်ပါလိမ့်မည်။
နှောင်းဧကရာဇ်မင်းကြီး ဖြစ်နိုင်သည်ဟု ယွဲ့လင်း ပိုယုံ ကြည်သည်။ သူစမ်းသပ်ပြီးပါပြီ။ မယ်တော်ကြီးက သူ့ခေါင်းကိုက်ခဲမှု ဝေဒနာအကြောင်း သိပုံမပေါ်ပါ။ ထို့ပြင် ထိုဝေဒနာကိုလည်း အားသာချက်အဖြစ် မယ်တော်ကြီး တစ်ခါမှ အသုံးမချခဲ့ဖူးပါ။
သို့သော် ယွဲ့ဟွာကတော့ အသုံးချနိုင်စွမ်းရှိသည်။ သူ့ခေါင်းကိုက်ဝေဒနာကို နှိုးဆွနိုင်မည့် နည်းလမ်းအား ယွဲ့ဟွာကို ကျေးဇူးရှင် ‘ဖခမည်းတော်’က သင်ကြားပေးသွားတာဖြစ်လိမ့်မည်။
နှောင်းဧကရာဇ်မင်းကြီး၏ သွေးအေးရက်စက်မှုတွေအကြောင်း ပြန်တွေးမိသော်လည်း ယွဲ့လင်း ထူးထူးခြားခြား စိတ်ထိခိုက်မှုမရှိပါ။
သူ့မှာ မြောင်မြောင်ရှိနေပြီးသားဖြစ်သည်။ ထို့ကြောင့် တခြားနေရာတွေမှာ ကံဆိုးနေရင်တောင် မှုစရာမလိုတော့ပါ။ လူတစ်ယောက်တည်းကို အဘက်ဘက်က ပြည့်စုံနေအောင် ကောင်းကင်ဘုံက ဖန်ဆင်းပေးမည် မဟုတ်ပေ။
သူ့မှာ အရာရာကို ပြန်လည် ရွေးချယ်ခွင့်ရှိခဲ့မည်ဆိုလျှင်တောင် ထိုနာကျင်မှုတွေကိုထပ်ပြီး ရင်ဆိုင်ဖို့သာ ရွေးချယ် မိပါလိမ့်မည်။ မြောင်မြောင်နှင့် ထပ်ဆုံရဖို့ဆို ဘာမဆို ရင်ဆိုင်နိုင်သည်။
ယွဲ့လင်း သေသေချာချာ သုံးသပ်လိုက်သည်။
မနက်ဖြန် ညီလာခံအစည်းအဝေးမှာ သူ့ခေါင်းကိုက်ခဲမှုဝေဒနာထွက်ပေါ်လာမှာ သေချာသလောက် ရှိပါသည်။ ထိုလူတွေက သူ့ကို မင်းဆိုးမင်းညစ်အဖြစ် ခေါင်းစဉ်တပ်ချင်နေကြတာဖြစ်သည်။ ဒါမှ သူ့ကို ပလ္လင်ပေါ်က ဆွဲချသည့်အခါ သူတို့ဘက်က ဖြောင့်မတ်မှန်ကန်သည်ဟု ကြွေး ကြော်နိုင်မှာ ဖြစ်သည်။
[အဲ့ဒီ ချန့်လုံကို ယွဲ့ဟွာ ညွှန်ကြားထားတာ၊ ယွဲ့ဟွာရဲ့ ခိုင်းဘက်ဖြစ်နေရတဲ့အကြောင်းအရင်းက မွေးရပ်မြေမှာ ချန့်လုံရဲ့ သားက လောင်းကစားအကြွေးတင်နေလို့တဲ့၊ ပေးထားတဲ့ တာဝန်ကိုကျေပွန်ရင် သူ့သားရဲ့ အကြွေးပြဿနာကို ဖြေရှင်းပေးမယ့်အပြင် သူတို့မိသားစု ပြည့်ပြည့်စုံစုံ နေနိုင်စေဖို့အတွက် ဆုကြေးငွေတွေအများကြီး ချီးမြှင့်မယ်လို့ ယွဲ့ဟွာ ကတိပေးထားတယ်]
ကျန်းကျီမြောင် မျက်မှောင်ကြုတ်သွားသည်။
[ဒီကိစ္စနဲ့ပတ်သတ်ပြီး ချန့်လုံရဲ့ မွေးရပ်မြေကို သွားစုံစမ်းလိုက်ရင် သဲလွန်စတစ်ခုခုတော့ ရနိုင်မှာပဲ]
ကျန်းကျီမြောင် မျက်မှောင်ကြုတ်နေတာကို မြင်ရသော အခါ ယွဲ့လင်း အမြန်ပြောလိုက်ပါသည်။
“မြောင်မြောင် ဘာမှ သိပ်စိတ်မပူပါနဲ့၊ ချန့်လုံအခု ထွက်သွားတော့ ကျန်းသတင်းတချို့ ရခဲ့တယ်၊ တိုင်းပြည်အတွက် အသက်ပေးမယ်လို့ ပါးစပ်မပိတ်နိုင်အောင်ပြောနေပေမယ့် တကယ်တမ်း သူ့မိသားစု အကြပ်ကိုင်ခံထားရတာ ဖြစ်နိုင်တယ်၊ ဒီကိစ္စလောက်ကိုတော့ ကျန်းဖာသာ ကိုင်တွယ်နိုင်ပါတယ်”
ကျန်းကျီမြောင် အနည်းငယ် စိတ်အေးသွားသည်။
“အရှင်မင်းကြီးက ကြိုတောင် ပြင်ဆင်ထားပြီးပြီပေါ့”
ယွဲ့လင်း ပြုံးလိုက်သည်။
“ဒီလိုအခွင့်အရေးမျိုး ရလာအောင် မြောင်မြောင်ဖန်တီးပေးခဲ့တာလေ၊ ကျန်းကောင်းကောင်း အသုံးချမှဖြစ်မှာပေါ့”
လက်ရှိအခြေအနေက မြောင်မြောင့်အတွေးထဲမှ ဇာတ် လမ်းနှင့် အတော်လေး ကွာခြားနေပါပြီ။
ဝတ္ထုစာအုပ်ထဲက ဇာတ်လမ်းနဲ့ယှဉ်လိုက်လျှင် ယွဲ့ဟွာ၏ အရှိန်အဝါက အတော်လေး မှေးမှိန်သွားပြီ ဖြစ်သည်။ သူ့လက်အောက်ငယ်သားတွေလည်း တကွဲတပြား ဖြစ်နေကြပါပြီ။
မြို့စားရှဲ့ကို မဟာမိတ်အဖြစ် ရရှိလိုက်ပြီးနောက် နန်းတော်ပြင်ပမှာလည်း ယွဲ့လင်း အရှိန်အဝါကြီးလာခဲ့သည်။
ထို့အပြင် ယခင်နှစ်တွေတုန်းကလည်း ယွဲ့လင်း အလကားနေထိုင်ခဲ့တာမဟုတ်ပါ။ နန်းတော်ပြင်ပမှာ ယွဲ့လင်း၏ လွှမ်းမိုးမှုက ယွဲ့ဟွာထင်ထားတာထက် ပိုအားကောင်းသည်။
သို့သော်… သူဘယ်လောက်ပဲ ကြိုးစားပန်းစား ပြင်ဆင်ထားပါစေ ခေါင်းကိုက်ခဲမှုဝေဒနာ ဖြစ်ပေါ်လာတာနဲ့ အားလုံး သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။
ကျန်းကျီမြောင်လည်း ဒါကို တွေးမိသဖြင့် တွန့်ဆုတ်သွားခဲ့သည်။
[မနက်ဖြန်မနက် ညီလာခံအစည်းအဝေးမှာ အရှင်မင်းကြီး ခေါင်းကိုက်ဝေဒနာ ခံစားလာရရင် ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ထားပါစေ ဘာမှအသုံးဝင်မှာ မဟုတ်ဘူး]
[ပြီးတော့ အရှင်မင်းကြီးရဲ့ ခေါင်းကိုက်ဝေဒနာကို တားဆီးနိုင်မယ့် နည်းလမ်းက…]
ကျန်းကျီမြောင် စိတ်ဓာတ်ကျသွားသည်။
[ညီလာခံခန်းမထဲကိုသွားပြီး အရှင်မင်းကြီးနဲ့ လက်ချင်းတွဲထားလို့တော့ မဖြစ်ဘူးမလား ? ဒါပေမယ့် အရှင်မင်းကြီးကို ဒီလူတွေ နာမည်ဖျက်ဖို့ အသည်းအသန် ကြိုးစားကြမှာထက်စာရင်တော့ ဘာမှမပြောပလောက်ဘူး]
“မြောင်မြောင်”
ယွဲ့လင်း ရုတ်တရက် မိန့်လိုက်သည်။
“မနက်ဖြန်မနက် ညီလာခံမှာ ကျန်းကို ခေါင်းကိုက်ဝေဒနာ ခံစားရအောင် ဒီလူတွေ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပန်းကြလိမ့်မယ်၊ အဲ့ဒီ ခေါင်းကိုက်ဝေဒနာကို ခံစားရတာနဲ့ ကျန်းဘာမှ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့ဘူး၊ အားသာချက်တွေက အားနည်းချက်တွေ ဖြစ်သွားလိမ့်မယ်၊ အဲ့တာကြောင့် မနက်ဖြန် ညီလာခံကို ကျန်းနဲ့အတူ မြောင်မြောင်တက်ရောက်ပေးပါ”
ကျန်းကျီမြောင်လည်း ဒီလိုတွေးထားပြီးသားဖြစ်သည်။ သို့သော် ဟန်ဆောင်ပန်ဆောင် အနည်းငယ်ချောင်းဟပ်ပြလိုက်ပြီး လျှောက်တင်လိုက်ပါသည်။
“ညီလာခံအစည်းအဝေးကို မိဖုရားတစ်ပါး တက်ရောက်တာမျိုး… အရင်က မရှိခဲ့ဖူးဘူး ထင်တယ်နော်”
ယွဲ့လင်း တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
“ယုံမင်းဆက်မှာတော့ တစ်ခါမှ မရှိခဲ့ဖူးဘူး၊ သို့ပေမယ့် အရင်မင်းဆက်တွေတုန်းကတော့ ရှိခဲ့ဖူးတယ်၊ အဲ့ဒီ မိဖုရားကြီးနဲ့ ဧကရာဇ်မင်းကြီးက တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးကြတယ်၊ အဲ့တာကြောင့် ညီလာခံအစည်းအဝေးလုပ်တိုင်း အတူတူ တက်ရောက်ပြီး ဘေးချင်းကပ်ရပ်တောင် ထိုင်လေ့ရှိကြတယ်”
[ဝါး… လီကျစ်နဲ့ ဝူကျဲထျန်တို့လို့လား ? အဲ့ဒီ မိဖုရားကြီးကော နောက်ပိုင်း အမျိုးသမီးဧကရာဇ်ဖြစ်သွားတာလား]
ကျန်းကျီမြောင် စိတ်ထဲမှ တွေးတောလိုက်သည်။
ယွဲ့လင်း မျက်လုံးများ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ယခင်မင်းဆက်၏မိဖုရားကြီးကတော့ အမျိုးသမီးဧကရာဇ်ဖြစ်မလာခဲ့ပါ။ သို့သော်…
မြောင်မြောင်၏အတွေးသံအရဆို သူမ လာခဲ့သည့် ကမ္ဘာမှာ အမျိုးသမီးဧကရာဇ်တစ်ပါး ရှိခဲ့ဖူးသည့်သဘောဖြစ် သည်။
ကမ္ဘာသစ်တစ်ခုအတွက် တံခါးတစ်ချပ်ပွင့်သွားသလို ယွဲ့လင်း ခံစားလိုက်ရပါသည်။
ယခင်တုန်းကတော့ သူ မသေခင် ကျန်းကျီမြောင်ကို ဘေးအန္တရာယ်ကင်းကင်း လွတ်လွတ်လပ်လပ်နေနိုင်အောင် စီမံပေးခဲ့ဖို့ ယွဲ့လင်း ကြံရွယ်ထားခဲ့တာဖြစ်သည်။
သို့သော်လည်း ယခုတော့ သူအကြံတစ်ခုရသွားခဲ့ပါပြီ။
သူနတ်ရွာစံပြီးနောက်ပိုင်း ကျန်းကျီမြောင် လုံခြုံဖို့ ကာကွယ်ပေးခဲ့မယ့်အစား…
ကျန်းကျီမြောင်ကို အကြွင်းမဲ့အာဏာရသွားအောင် လုပ်ပေးလိုက်တာ ပိုမကောင်းနိုင်ဘူးလား ?
ဧကန္တ…
မနက်ဖြန် ညီလာခံအစည်းအဝေးသို့ မြောင်မြောင်အား တက်ရောက်ခွင့်ပေးလိုက်ခြင်းက ပထမဆုံးခြေလှမ်း ဖြစ်လာနိုင်သည်။
ထိုရည်ရွယ်ချက်ကို အားလုံးအသားကျကာ လက်သင့်ခံနိုင်စေဖို့ ယွဲ့လင်း ဖြည်းဖြည်းချင်းကြိုးစားရပါမည်။