New Three Kingdoms
Vol. 10 Ch. 93
အရာရှိတွေအားလုံး လက်ဖဝါးတွေပွတ်၊ လက်သီးတွေဆုပ်ရင်း ဆန့်ကျင်ကန့်ကွက်ဖို့ အသင့်ပြင်လိုက်ကြသည်။ သို့သော် ကျန်းကျီမြောင်၏ အသံကို ရုတ်တရက်ကြား လိုက်ရပြန်သည်။
[ဒီမုန်လာဥတွေ ပါးစပ်ဟပြီး ဝေဖန်ကန့်ကွက်ကြဦးမယ်ထင်တယ်၊ အထူးသဖြင့် ချန့်လုံပေါ့၊ မနေ့ညက သေတမ်း စာတောင် ရေးပြီးသွားပြီ၊ အခု သူ… အင်း ဟုတ်တယ်၊ အဲ့ဒီ ဘယ်ဘက်က တိုင်နဲ့ ခေါင်းနဲ့ဆောင့်ပြီး သေကြောင်း ကြံဖို့ စီစဉ်ထားတာ၊ သူ့ဘေးက အတိုင်ပင်ခံအမတ်ကြီး ဝင်ကာပြီးတားတာတောင် မအောင်မြင်ခဲ့ဘူး၊ အတိုင်ပင်ခံအမတ်ကြီးပါ ထိခိုက်ဒဏ်ရာရပြီး ခါးနာသွားလို့ သုံးလလောက် အိပ်ရာထဲကနေ မထနိုင် ဖြစ်သွားလိမ့်မယ်၊ ကျွတ် ကျွတ် ကျွတ်~]
ဆံပင်ဖြူဖြူနဲ့ အတိုင်ပင်ခံအမတ်ကြီး ကြက်သေသေသွားပြီး တိုင်ကြီးအနားမှ ခပ်ခွာခွာနေလိုက်မိသည်။ သူ့အသက် ငယ်တော့တာ မဟုတ်ပါ။ တစ်ခါလောက် ချော်လဲသွားတာနဲ့ အသက်ပါဆုံးရှုံးသွားနိုင်သည်။
အတိုင်ပင်ခံအမတ်ကြီး သေသေချာချာစဉ်းစားရင်း ရုတ် တရက် တုန်လှုပ်ချောက်ချားသွားခဲ့သည်။
နေပါဦး…
မိဖုရားကြီးက နှုတ်တောင် မဟရသေးဘူး ဒီစကားသံတွေ ဘယ်ကထွက်လာတာလဲ!
ပြီးတော့…
ချန့်လုံ တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး သေမယ့်ကိစ္စကို ဘာလို့ ကြိုပြောနိုင်ရတာလဲ!
အတိုင်ပင်ခံအမတ်ကြီး မှင်သက်သွားကာ မုတ်ဆိတ်မွေးတွေတောင် တုန်ယင်သွားခဲ့ပြီး အချိန်အတော်ကြာအောင် ဘာမှမပြောနိုင်ခဲ့ပေ။
ကျန်းကျီမြောင် အတွေးသံကို ကြားလိုက်ရသူတိုင်း ချန့်လုံအား လှည့်ကြည့်လိုက်ကြသည်။
ချန့်လုံက ရိုးသားဖြောင့်မတ်မှုကြောင့် တိုင်းသူပြည်သားများအကြား ကျော်ကြားခဲ့သူဖြစ်သည်။ သူ့ကို ယုံမင်း ဆက်၏ မဏ္ဍိုင်ဟုပင် တင်စားခေါ်ဝေါ်ကြပါသည်။
အခုတော့ မဏ္ဍိုင်ကြီးက တိုင်နဲ့ခေါင်းနဲ့ ဆောင့်သေဖို့ ကြံစည်နေတယ်တဲ့လား…
ဒီလိုဆိုရင်တော့ ပြဿနာတစ်ခုခု ရှိလာပါပြီ။
နန်းတွင်းအရာရှိဟောင်းတစ်ဦးအနေဖြင့် အရှင်မင်းကြီးကို အကြံဉာဏ်ပေးပြီး ကန့်ကွက်စရာရှိတာကို ကန့်ကွက်သင့်တာက ပထမဦးစားပေးတာဝန်ဖြစ်သည်။ နန်းတွင်းအရာရှိများအားလုံး၏တာဝန်က တိုင်းပြည်ကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ ဖြစ်ပါသည်။
သို့သော်လည်း ညီလာခံအထိ တက်ရောက်လာပြီး တိုင်နဲ့ခေါင်းနဲ့ ဆောင့်သေဖို့ ကြံရွယ်တာကတော့…
အရှင်မင်းကြီးကို လူအထင်လွဲအောင်လုပ်ပြီး ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြိုးစားနေတာနဲ့ အတူတူပဲဖြစ်သည်။
ဒါတွေအားလုံးကို မိဖုရားကြီးက ဘယ်လိုကြိုသိနေတာလဲ ?
အားလုံး ထိတ်လန့်သွားကြပြီး မသေချာမရေရာ ဖြစ်သွားခဲ့ကြသည်။
ကျန်းကျီမြောင် အချိန်အတော်ကြာအောင် ထိုင်စောင့်နေခဲ့သော်လည်း ဘယ်သူမှ ပါးစပ်ဟပြီး မကန့်ကွက်ရဲခဲ့ကြပါ။
ကျန်းကျီမြောင် အံ့အားသင့်သွားခဲ့သည်။
[ဘယ်လိုလဲ ဟ၊ လုပ်ကြစမ်းပါ၊ ကောက်ကျစ်တဲ့ ဒီမိဖုရားကြီးကို ရဲရဲဝံ့ဝံ့ဝေဖန်လိုက်ကြစမ်းပါ! ယွဲ့ဟွာက သူ့လူတွေကိုဝင်မပါသေးဖို့ အချက်ပြထားတဲ့ပုံစံပဲ၊ ဒါပေမယ့် တခြားသူတွေကကော ဘာလို့ မလှုပ်ရှားကြသေးတာလဲ]
နန်းတွင်အရာရှိများ : “…”
နန်းတွင်းအရာရှိများအားလုံး ထူးထူးဆန်းဆန်းခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
မိဖုရားကြီးက သူမကို မေးခွန်းထုတ် ကန့်ကွက်ဝေဖန်မည့်လူတွေကို မျှော်လင့်တကြီး စောင့်မျှော်နေသည့်ပုံစံပင်။
သို့သော်လည်း…
ဒီနေ့ဖြစ်ပျက်ခဲ့သည့်အရာတွေက ဆန်းကြယ်လွန်းသည်။ သူတို့အားလုံး လက်ခံနိုင်ဖို့ အချိန်ယူရလိမ့်မည်။ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ပါးစပ်မဟနိုင် ဖြစ်ခဲ့ကြရလေသည်။
[မဟုတ်သေးပါဘူး…၊ ဧကန္တ ဒီမိဖုရား အရမ်းလှလွန်းလို့ ညီလာခံတက်ရောက်လာတဲ့ ကိစ္စကို အပြစ်မဆိုဘဲ ခွင့်ပြုပေးလိုက်ကြတာများလား]
ကျန်းကျီမြောင်အာရုံထဲ မေးခွန်းသင်္ကေတများ ပေါ်လာခဲ့ပါသည်။
နန်းတွင်းအရာရှိများ : “…”
သူတို့ ဘာပြောရမှန်း မသိကြတော့ပေ။
ယွဲ့ဟွာလည်း မျက်မှောင်ကြုတ်နေခဲ့သည်။ ဒီနေ့ကျမှ ညီလာခံက ထူးထူးဆန်းဆန်း တိတ်ဆိတ်လွန်းလှသည်။
ချန့်လုံကို ယွဲ့ဟွာ ခံစားချက်မဲ့စွာ လှမ်းကြည့်လိုက်သည်။
ဒီနယ်ရုပ်ကို စတေးဖို့ အစကတည်းက ကြံရွယ်ထားခဲ့တာဖြစ်သည်။ တခြားသူတွေကိုတော့ ထုတ်သုံးဖို့မလိုသေးပါ။
ရာချီသော နန်းတွင်းအရာရှိများစွာကို ယွဲ့လင်း အကဲခတ်လိုက်ပြီး စိတ်ထဲမှ ကောက်ချက်ချနိုင်ခဲ့ပါသည်။
ဒီနည်းလမ်းက သက်ရောက်မှုရှိသားပဲ…
နန်းတွင်းအရာရှိတချို့က မြောင်မြောင်၏အတွေးသံတွေကို ကြားနိုင်နေပြီဖြစ်သည်။ ထိုနန်းတွင်းအရာရှိတစ်စုက အနည်းဆုံးတော့ အခုချိန်မှာ မြောင်မြောင်ကိုရန်လိုခြင်း မရှိသေးသည့် သဘောဖြစ်ပါသည်။
သို့သော်လည်း မြောင်မြောင်၏အတွေးသံတွေကို မကြားနိုင်သည့် အရာရှိများကတော့ ရံရွေတော်လင်းလိုပဲ မြောင်မြောင်ကို မုန်းတီးရန်လိုနေကြတာ ဖြစ်လိမ့်မည်။
ထိုလူတွေက ယွဲ့ဟွာဘက်တော်သားတွေ ဖြစ်ဖို့များသည်။
ယွဲ့ဟွာ၏မသိမသာ လှုပ်ရှားမှုတွေကို ကြည့်ရင်း ယွဲ့လင်း ခပ်သဲ့သဲ့ပြုံးလိုက်ပါသည်။
ညီလာခံထဲမှာ ယွဲ့ဟွာ လွှမ်းမိုးနေခဲ့တာကြာပြီဖြစ်သည်။ ညီလာခံတစ်ခုလုံးနီးပါး သူ့ဘက်တော်သားတွေ ဖြစ်နေပါပြီ။
အပေါ်ယံလူတချို့ကလွဲပြီး အများစုကို ယွဲ့ဟွာ သေသေ ချာချာ ဖုံးကွယ်ထားနိုင်ခဲ့သည်။
သို့သော်လည်း ယနေ့တွင်မူ…
ယွဲ့ဟွာ ကွယ်ဝှက်ထားသည့်လူတွေက ဘူးပေါ်သလိုပေါ် လာခဲ့ပါပြီ။ ထိုတစ်ဦးတစ်ယောက်ချင်းနဲ့ သေသေချာချာ စာရင်းရှင်းပြီးနောက် ယွဲ့ဟွာဘက်တော်သားအားလုံးကို နန်းတော်ထဲမှ ဖယ်ရှားနိုင်ပါလိမ့်မည်။
သူ့လူတွေကို ဖယ်ရှားဖို့ ဒီလိုအဆန်းတကြယ်နည်းလမ်းမျိုး ယွဲ့လင်းအသုံးချလိမ့်မည်ဟု ယွဲ့ဟွာလုံးဝ ထင်မှတ်ထားမှာ မဟုတ်ပါ။
“ယုတ္တိတန်လိုက်တာ! ယုတ္တိတန်တယ်ဟေ့!”
အချက်ပြမှုကို ရရှိလိုက်သည့် ချန့်လုံ ရုတ်တရက် အော် ကြီးဟစ်ကျယ် ဟိန်းဟောက်လိုက်ပြီး လူအုပ်ထဲမှထွက်လာခဲ့ပါသည်။
ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ကို ချန့်လုံ ဝမ်းနည်းညှိုးငယ်စွာ ကြည့်လိုက်သည်။
“အရှင်မင်းကြီး! ဒီလိုမြင့်မြတ်တဲ့ ညီလာခံခန်းမထဲ မိန်းမ သားတစ်ယောက်ကို ဘာကြောင့် ဝင်ရောက်ခွင့်ပြုခဲ့တာလဲ! နန်းတွင်းရေးကို မိန်းမသားတွေ ဝင်စွက်ဖက်နေတာက တိုင်းပြည်တစ်ခုရဲ့ ကျဆုံးခြင်းအစပဲ! အရှင်မင်းကြီးရဲ့ လုပ်ရပ်ကြောင့် ကြီးမြတ်တဲ့ ယုံမင်းဆက် ဘာဖြစ်သွားနိုင်မလဲ မတွေးမိဘူးလား! နှောင်းဧကရာဇ်မင်းကြီးသာ ဒီအ ကြောင်းကို ကြားသိရင် အရှင်မင်းကြီးလို တွေးခေါ်နိုင်စွမ်းမရှိတဲ့ လူကို ထီးနန်းအပ်နှင်းခဲ့မိတာ နောင်တရနေမှာပဲ…”
ပြောပြောဆိုဆိုနဲ့ ချန့်လုံ စတင်ငိုကြွေးလေသည်။
“နှောင်းဧကရာဇ်မင်းကြီးရယ်… အခုလို အခြေအနေတွေကိုသာ မြင်ရင်…”
ငိုကြွေးမြည်တမ်းရင်း ကျန်းကျီမြောင်ကိုပါ လက်ညှိုးငေါက်ငေါက်ထိုးကာ ချန့်လုံ ဟိန်းဟောက်လိုက်သည်။
“ဒီလိုကောက်ကျစ်စဉ်းလဲတဲ့ မိဖုရားမျိုး တစ်ခါမှ မမြင်ဖူးမကြားဖူးခဲ့ဘူး”
ကျန်းကျီမြောင်ကို ကြိမ်းမောင်းပြီးနောက် ဝန်ကြီးချုပ်ကျန်းကိုလည်း ကြိမ်းမောင်းလေသည်။
“ဒီလို သမီးတော်မျိုးကို ဝန်ကြီးချုပ်ကျန်း ပျိုးထောင်ပေးခဲ့တာ! အဲ့တာကြောင့် ဝန်ကြီးချုပ်ကျန်းလည်း အပြစ်မကင်းဘူး!”
ချန့်လုံ တစ်ယောက်ပြီးတစ်ယောက်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပီပြင်စွာသရုပ်ဆောင်ခဲ့ပါသည်။
သို့သော်လည်း… အချိန်ကြာလာတော့ တစ်ခုခုမူမမှန်တာကို ချန့်လုံ သတိထားမိသွားသည်။
ပုံမှန်အခြေအနေမှာဆို သူကြိမ်းမောင်းတာကို ခံရသူတွေက ဒေါသထွက်နေသည့်၊ စိတ်ပျက်အားလျော့နေသည့် မျက်နှာထားမျိုးတွေ ဖြစ်နေကြမှာဖြစ်သည်။
ထိုမျက်နှာမျိုးတွေ မြင်ရလေလေ ချန့်လုံ စိတ်သက်သာရာရလေလေဖြစ်သည်။
သို့သော် ဒီတစ်ခါတော့ လူအတော်များများကို သူ ကြိမ်း မောင်းပြီးတာတောင် ဘယ်သူမှ တုန့်ပြန်မှုမရှိကြပါ။ အားလုံး တစ်ခုခုကြောင့် ထိုင်းမှိုင်းရီဝေနေကြသလိုပင်။
ရီဝေနေတယ်ပေါ့ ဟုတ်လား…
ဒါသူ့ကို စော်ကားလိုက်တာပဲ!
ချန့်လုံဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်များပင် တုန်ယင်လာပြီး ရာဂဏန်းလောက်ရှိသည့် နန်းတွင်းအရာရှိအားလုံးကို သိမ်းကြုံးကာ ဆူပူကြိမ်းမောင်းလိုက်သည်။
“ဒီလို ယုတ္တိတန်တဲ့လုပ်ရပ်မျိုးကို အရှင်မင်းကြီး လုပ် ဆောင်နေတာတောင် နန်းတွင်းရေးရာ၊ စစ်ရေးစစ်ရာ ဝန်ကြီးမှူးမတ်တွေအကုန် ဘယ်သူမှ ပါးစပ်မဟရဲကြဘူးလား! အားလုံး တာဝန်မကျေပွန်ကြဘူး! နှောင်းဧကရာဇ်မင်းကြီးရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့လူတွေ! တိုင်းသူပြည်သားတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့လူတွေ! ကိုယ့်အာဏာကိုယ် အလွဲသုံးစားလုပ်တဲ့လူတွေ…”
“အရှင်မင်းကြီးကလည်း မင်းဆိုးမင်းညစ်ပဲ၊ နန်းတွင်းအရာရှိတွေကလည်း အယုတ်တမာတွေချည့်ပဲ! ဒီနန်းတော်ထဲမှာ ဘယ်သူမှ လူသားမဆန်ကြဘူး!”
ချန့်လုံ အရူးတစ်ယောက်လို အော်ဟစ်နေခဲ့ပါသည်။ အား လုံးကို လုံလုံလောက်လောက် ကြိမ်းမောင်းခဲ့ပြီဟု ချန့်လုံ ယုံကြည်ခဲ့သည်။
သို့သော်…
ခေါင်းညိတ်ထောက်ခံနေသည့် ယွဲ့ဟွာ ဘက်တော်သားတချို့ကလွဲလို့ ကျန်အရာရှိတွေအကုန်လုံး ရီဝေနေကြဆဲ ဖြစ်သည်။
ဒေါသအလွန်ထွက်လွန်းသဖြင့် ချန့်လုံ မျက်နှာပင် နီရဲသွားခဲ့သည်။
မဖြစ်နိုင်တာ…
လုံးဝ မဖြစ်သင့်တာ!
လူတွေကို ကြိမ်းမောင်းသည့် သူ့စွမ်းရည် ဒီလောက်ထိ ကျဆင်းသွားတာ မဖြစ်နိုင်ပါ။
ချန့်လုံတစ်ယောက်တည်း ပဋိပက္ခဖြစ်နေခဲ့သည်။
[ဒီမိဖုရားကို ဘယ်သူမှ မဝေဖန်ရဲကြဘူးလား ? ပျင်းစရာကောင်းလိုက်တာ! ထားလိုက်ပါတော့၊ ချန်အချိန်ရောက်တဲ့အထိ စောင့်ပြီးမှ ပြောတော့မယ်၊ အချိန်ကလိုသေးတော့ အပျင်းပြေတစ်ခုခု ကြည့်နေမှနဲ့တူတယ်]
တစ်ခုခုကြည့်နေမယ်ဟုတ်လား ?
ဘာကို ကြည့်မှာလဲ ?
နန်းတွင်းအရာရှိများ သတိကပ်သွားကြသည်။
[ဒီနေ့က ညီလာခံအစည်းအဝေးကို ငါပထမဆုံး တက်ရောက်ရတဲ့နေ့ပဲ၊ ဒီရှုခင်းနဲ့ လိုက်ဖက်မယ့် ဇာတ်လမ်းတွဲတစ်ခုခုကို ရွေးချယ်သင့်တယ်၊ ခဏနေရင် လူတွေစကားများငြင်းခုံကြဦးမယ်၊ အဲ့ဒီအခြေအနေနဲ့ ကိုက်ညီမယ့် ဇာတ်လမ်းတွဲဆိုတော့… ဟုတ်ပြီ! ငါ သိသွားပြီ]
ဒီနေ့ အခမဲ့ကြည့်ရှုနိုင်မည့် အပိုင်းနှစ်ပိုင်းကို ကျန်းကျီမြောင် ရွေးချယ်လိုက်ပါတော့သည်။
လာစမ်း ဟဲ့!
သုံးပြည်ထောင်ရာဇဝင်!
သုံးပြည်ထောင်ရာဇဝင်ကလည်း ဂန္ထဝင်ဝတ္ထုကြီးလေးပုဒ်ထဲမှ တစ်ပုဒ်ဖြစ်သည်။
ယခင်တစ်ခေါက်က ခန်းဆောင်နီအိပ်မက် အလွန်နာမည် ကြီးသွားခဲ့သည်။
သို့သော် ကျန်းကျီမြောင် လောင်းရဲပါသည်။
ဒီနန်းတွင်းအရာရှိတွေသာ သုံးပြည်ထောင်ရာဇဝင်ကို မြင်နိုင်မည်ဆိုလျှင် ခန်းဆောင်နီအိပ်မက်ထက် ပိုလို့တောင် စွဲလမ်းသွားလောက်သည်။
သုံးပြည်ထောင် ရာဇဝင်…
ဇာတ်ကောင်တွေကို အပြောင်မြောက်ဆုံး ပုံဖော်ထားတာ…
အာဏာလုတာတွေ၊ စစ်ပွဲတွေ၊ နန်းတွင်း ပဋိပက္ခတွေ၊ စစ်သူကြီးတွေအကြားက စီးချင်းထိုးမှုတွေ…
ဒီနန်းတွင်းအရာရှိတွေအတွက် ထူးခြားနေနိုင်သော်လည်း အလွန်ကြီးကျယ်ခန်းနားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနိုင်သည်။
နှမျောစရာပဲ…
အခုတော့ ငါတစ်ယောက်တည်း ကြည့်ရတော့မှာပေါ့။
ကျန်းကျီမြောင် သုံးပြည်ထောင်ရာဇဝင်ကို အမြန် ဖွင့်လိုက်သည်။
စနစ်မှပြသပေးသည့် သုံးပြည်ထောင်ရာဇဝင်က ၂၀၁၀ ဗားရှင်းဖြစ်ပါသည်။
သုံးပြည်ထောင်ရာဇဝင် ဇာတ်လမ်းစတာနဲ့တစ်ပြိုင်နက် ခမ်းနားထည်ဝါသည့် အဖွင့်သီချင်းသံကိုကြားလိုက်ရသည်။
စိတ်လှုပ်ရှားစရာ သံစဉ်များ၊ ကြီးကျယ်ခမ်းနားသော စစ်ပွဲမြင်ကွင်းများကြောင့် အားလုံးစိတ်ဝင်စားသွားခဲ့ကြပါသည်။
ထိုအချိန်တွင် ချန့်လုံက ယွဲ့လင်းရှေ့မှောက်ကို ရောက်လာပြီး ဆူပူကြိမ်းမောင်းနေတာဖြစ်သည်။
သို့သော်လည်း ဒီလိုမှော်ဆန်သည့် ပုံရိပ်တွေကို ပထမဆုံးအကြိမ်မြင်ဖူးသည့် နန်းတွင်းအရာရှိများသာမက ယွဲ့လင်းကိုယ်တိုင်ပင် မှင်သက်သွားပြီး ချန့်လုံကိုအရေးမစိုက်အားကြတော့ပါ။
ယွဲ့လင်း ခါးမတ်သွားခဲ့သည်။
သုံးပြည်ထောင်ရာဇဝင်ဟုတ်လား…
ဒီဇာတ်လမ်းတွဲက စစ်ပွဲနှင့် ပတ်သတ်သည့် ဇာတ်လမ်းတွဲဖြစ်ပုံရသည်။
ဖုန့်ယီနန်းဆောင်မှာ ကျန်းကျီမြောင်ရဲ့ ဇာတ်လမ်းတွဲတွေ အများကြီးကို သူမြင်ခဲ့ဖူးသည်။ သို့သော်လည်း ဒီသုံးပြည်ထောင် ရာဇဝင်ကြောင့် ယွဲ့လင်း မကြုံစဖူးအလွန်စိတ်ဝင်စားသွားခဲ့ရပါသည်။
မကြာမီ အပိုင်း (၁) စတင်ခဲ့သည်။
စီးတော်မြင်းများစွာ၊ စစ်သည်တော်များစွာ စစ်ခင်းနေကြသည့် မြင်ကွင်းကိုပြသပြီး လေးနက်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“အရှေ့ဟန်မင်းဆက်မှာ ရှစ်လကြာမြင့်ခဲ့တဲ့ ခေါင်းပေါင်းဝါပုန်ကန်မှုကို နောက်ဆုံးတော့ နှိမ်နင်းနိုင်ခဲ့ပြီ၊ သို့ပေမယ့် ကြီးမြတ်တော့ ဟန်မင်းဆက်ကတော့ ပဋိပက္ခပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး ယခင်တုန်းကလို ငြိမ်းချမ်းမှုကို ရရှိဖို့ မဖြစ်နိုင်တော့ဘူး… ဒီလိုနဲ့ နှစ်ရာချီအောင် ကြန့်ကြာခဲ့တဲ့ သုံးပြည်ထောင်ခေတ် စတင်လေတော့တယ်…”
တိုတောင်းသော်လည်း လေးနက်သည့် ဇာတ်ကြောင်းပြန်မှုကြောင့် အားလုံးသုံးပြည်ထောင်ခေတ်သို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ချန့်လုံကမူ ကျန်းကျီမြောင်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆူပူကြိမ်းမောင်းနေဆဲ ဖြစ်သည်။
ချန့်လုံ ဘာတွေပြောနေတာလဲ…
ထားလိုက်ပါ ဘာမှမကြားရဘူး!
သုံးပြည်ထောင်ရာဇဝင်ကို ကြည့်ရဖို့က ပိုအရေးကြီးတယ်!