Escort
Vol. 10 Ch. 97
ဝူကျီး၏ထူးထူးဆန်းဆန်းအကြည့်ကြောင့် ယွဲ့ဟွာ အနည်းငယ် နားမလည်နိုင်ဖြစ်သွားခဲ့သည်။
ဝူမိသားစုကို သူကြံစည်နေတာမှန်သော်လည်း မအောင် မြင်သေးပါ။ ထို့ကြောင့် သူတို့မိသားစုလည်း ဘာမှမထိ ခိုက်သေးပါ။
သူ့ကို ဝူကျီးဒီလို စိုက်ကြည့်နေတာက အလွန်အဓိပ္ပာယ်မဲ့လွန်းသည်။
ယွဲ့ဟွာလည်း စူးစူးဝါးဝါး ပြန်စိုက်ကြည့်လိုက်သည်။
သူ့လို ဂုဏ်သရေရှိ မင်းသားအန်းဟယ်က လူကြမ်း သူကြမ်းတစ်ယောက်ကို ကြောက်ရမယ် ထင်နေလား!
ဝူကျီးအေးစက်စွာ ပြုံးလိုက်ပြီး ချန့်လုံကို ညီလာခံ ခန်းမအလယ်သို့ တွန်းပို့လိုက်သည်။
“ငါ့ကို တစ်ခါပဲ တားလို့ရမယ် နှစ်ခါမတားနိုင်ဘူးကွ!”
ချန့်လုံအော်ဟစ်လိုက်ပြီး တိုင်ကြီးဆီ ထပ်ပြေးဖို့ကြိုးစား သည်။
သို့သော် ဝူကျီးက နည်းနည်းလေးတောင် အားထုတ်စရာမလိုဘဲ ချန့်လုံကို ပြန်ဆွဲခေါ်လိုက်ပါသည်။
အကြိမ်ကြိမ်ကြိုးစားသော်လည်း မအောင်မြင်သောအခါ ချန့်လုံ စိတ်မရှည်တော့ဘဲ အော်ဟစ် သောင်းကျန်းလိုက် တော့သည်
“စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ ဧကရာဇ်မင်းကြီးနဲ့ ကောက် ကျစ်စဉ်းလဲတဲ့ မိဖုရားတို့က အာဏာရထားတော့ ဒီငယ် သားရဲ့ အကြံဉာဏ်တွေက ဘာသက်ရောက်မှုမှမရှိတော့ဘူးပေါ့! နှောင်းဧကရာဇ်မင်းကြီးအပေါ် ဒီငယ်သား တာဝန်မကျေခဲ့ဘူး! တာ့ယုံတိုင်းပြည်အပေါ်မှာလည်း တာဝန်မကျေခဲ့ဘူး! ဒီမှာ မသေနိုင်ဘူးဆိုရင်တောင် ညီလာခံပြီးဆုံးတာနဲ့ မြို့တော် တံတိုင်းကြီးကို ခေါင်းနဲ့ဆောင့်ပြီး သွားသေမယ်!”
ချန့်လုံ စကားများကို နားထောင်ရင်း ယွဲ့လင်းရယ်မောလိုက်ပါသည်။
ချန့်လုံ မျက်လုံးပြူးသွားသည်။
“အရှင်မင်းကြီးက ဒီငယ်သားရဲ့စကားကို မယုံကြည်လို့လား”
“အရာရှိချန့်က အရမ်းသေချင်နေတဲ့ပုံပဲ၊ ဆုံးဖြတ်ချက် ပြတ်သားနေတာကိုလည်း အားလုံးမြင်နိုင်ပါတယ်၊ ကျန်း မယုံကြည်ဘဲ နေပါ့မလား”
ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။
“ယုံကြည်တယ်ဆိုရင်လည်း တိုင်းပြည်အပေါ် အနစ်နာခံပေးချင်တဲ့ ဒီငယ်သားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတော်မူပါ!”
ချန့်လုံ လည်ပင်းဆန့်ကာ ပြောလိုက်ပါသည်။
“မလောပါနဲ့၊ သူတို့တွေ ရောက်လာတော့မှာပါ”
ယွဲ့လင်း ပြုံးလိုက်သည်။
“အရာရှိချန့် သေချင်တယ်ဆိုရင် ခဏလောက် စောင့်ပေးပါ”
သူတို့တွေ ဟုတ်လား…
ဘယ်သူတွေကို ပြောတာလဲ ?
ချန့်လုံ မျက်နှာ အနည်းငယ်ပျက်သွားပြီး ရင်ထဲ လေးလံလာကာ နိမိတ်မကောင်းသလို ခံစားလာရသည်။ သို့သော် အားတင်းကာ လျှောက်တင်လိုက်ပါသည်။
“အရှင်မင်းကြီးသာ အစွမ်းအစရှိတဲ့ ဝန်ကြီးမှူးမတ်တွေကို နန်းတော်ထဲမှာ နေရာမပေးဘဲ စဉ်းလဲတဲ့ မိဖုရားကိုလည်း နန်းမချဘူးဆိုရင် ဘယ်သူပဲရောက်လာပါစေ တိုင်းပြည်အတွက် အသက်ကိုစတေးမယ့် ဒီငယ်သားရဲ့ ဆုံးဖြတ် ချက်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး!”
တိုင်းပြည်အတွက် အသက်ကို စတေးမယ် ဟုတ်လား ?
နန်းတွင်းအရာရှိများအားလုံး ချန့်လုံကို အေးစက်စွာ ဝိုင်းကြည့်လိုက်ကြသည်။
တိုင်းပြည်အတွက် အသက်ကိုစတေးတာတော့ ဟုတ်ပါတယ်…
ဒါပေမယ့် တာ့ယုံတိုင်းပြည်အတွက်မှ မဟုတ်တာ!
အားလုံး သိပ်မစောင့်လိုက်ရာပဲ စစ်သူကြီးစွန်းက အစောင့်တပ်သားနှစ်ယောက်၏အကူအညီဖြင့် ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်တို့ကို ခေါ်ဆောင်လာခဲ့သည်။
ထိုနှစ်ယောက်ကိုမြင်တာနဲ့တစ်ပြိုင်နက် ချန့်လုံ မျက်နှာအကြီးအကျယ်ပျက်ယွင်းသွားခဲ့ပါသည်။
သူ့သား ချန့်ပေါင်နဲ့ ကိုယ်လုပ်တော် လျို့ရူယွဲ့တို့ မဟုတ်လား!
သူတို့နှစ်ယောက်ကို အရှင်မင်းကြီးတကယ်ရှာတွေ့ခဲ့သည်။
ယွဲ့ဟွာလည်း မျက်နှာပျက်သွားခဲ့ပါသည်။
ချန့်လုံ မြို့တော်သို့ရောက်ရှိလာပြီးနောက် ချန့်ပေါင်ကို ဖွက်ထားမည့်နေရာအား သူကိုယ်တိုင် ဆုံးဖြတ်ချင်ခဲ့သည်။ သို့သော် လျို့ရူယွဲ့နှင့် ချန့်ပေါင်တို့ အတူတူပျောက်သွားကြသည်ဟူသော သတင်းကို ယွဲ့ဟွာ ကြားခဲ့ရပါသည်။ သို့သော် ချန့်ပေါင်ကို လျို့ရူယွဲ့ ခေါ်ဆောင်သွားတာဖြစ်မည်ဟုသာ ထင်ပြီး ယွဲ့ဟွာ စိတ်ထဲသိပ်မထားခဲ့ပါ။
အမှန်တကယ်တော့ ထိုနှစ်ယောက် ယွဲ့လင်းလက်ထဲ ကျရောက်သွားခဲ့တာဖြစ်သည်။
သူ့အစ်ကိုတော် ဘာလို့ ဒီလောက်ထိ အစွမ်းအစ ရှိလာရတာလဲ!
သူ့ဘေးကို ဒူးထောက်လျက်သား ရောက်ရှိလာသည့် ချန့်ပေါင်နှင့် လျို့ရူယွဲ့တို့ကို ကြည့်ရင်း ချန့်လုံ ဟိန်းဟောက်လိုက်ပါသည်။
“ဒါဘာသဘောလဲ အရှင်မင်းကြီး! ကျုပ်သားက ဒီကိစ္စနဲ့ ဘာမှ မသက်ဆိုင်ဘူး! အပြစ်မရှိတဲ့ ကျုပ်မိသားစုဝင်တွေအပေါ် အရှင်မင်းကြီး ဒေါသပုံချတော့မလို့လား!”
“ဒေါသပုံချတယ်ဟုတ်လား”
ယွဲ့လင်း ရယ်မောလိုက်ပါသည်။
“ဘယ်ဟုတ်ပါ့မလဲ ? အရာရှိချန့်က တိုင်းပြည်အပေါ် ဒီလောက်သစ္စာရှိတာ၊ အားလုံးကို ကျန်းကူညီပေးချင်လို့ပါ၊ ချန့်ပေါင်က လောင်းကစားစွဲလမ်းနေပြီး တစ်နှစ်အတွင်း ငွေစသောင်းနဲ့ချီပြီး အကြွေးတင်ခဲ့တယ်လို့ ကျန်းကြားမိတယ်၊ အရာရှိချန့်ကလည်း လာဘ်စားတတ်သူ မဟုတ်ဘဲ သမာသမတ်ကျပြီး နန်းတွင်းရေးရာ ကိစ္စတွေကပါ အနား ယူသွားပြီဆိုတော့ အဲ့ဒီအကြွေးတွေကို ဆပ်ပေးနိုင်မယ်မထင်ဘူးနော်”
ချန့်လုံ မျက်နှာ အလွန်ချောက်ချားသွားပါသည်။
အရှင်မင်းကြီး အကုန်စုံစမ်းထားတာပဲ!
ချန့််လုံ အားတင်းကာ ပြုံးလိုက်ပြီး မေးမြန်းလိုက်ပါသည်။
“အရှင်မင်းကြီး သတင်းမှားရထားတာများလား၊ ဒီငယ် သားရဲ့ သားက အမြဲတမ် ရိုးသားဖြူစင်ခဲ့တဲ့လူပါ။ ဘာလို့ လောင်းကစားကြွေးတွေ အများကြီး တင်နေရမှာလဲ”
“ဪ”
ယွဲ့လင်း မိန့်လိုက်သည်။
“အကြွေးမတင်ဘူးပေါ့၊ အဲ့ဒီလောင်းကစားဝိုင်းကို လူတွေလွှတ်ပြီး ကျန်းစုံစမ်းခိုင်းထားတယ်၊ အဲ့ဒီလောင်းကစားဝိုင်းပိုင်ရှင် ကုန်သည်ချူးက ‘သိုးကြီး’တွေလို့ သူသမုတ်တဲ့ သူဌေးတွေကို ပစ်မှတ်ထားလေ့ရှိတယ်၊ သူ့လက် အောက်ငယ်သားတွေကို အသုံးချပြီး အဲ့ဒီသိုးကြီးတွေကို တဆင့်ချင်း မျှားခေါ်ဖို့ ကြံစည်တတ်တယ်၊ နောက်ဆုံးကျရင် သူ့ဆီမှာ ဒီတစ်သက် ပြန်မဆပ်နိုင်လောက်မယ့် အကြွေးတွေ တင်အောင်လုပ်လိမ့်မယ်၊ အသုံးမဝင်တဲ့ သိုးကြီးတွေဆိုရင်တော့ ရနိုင်သမျှ အကုန်ညှစ်ထုတ်လိမ့်မယ်၊ မိသားစုတစ်စုလုံး ပြိုကွဲတဲ့အထိ ယုတ္တိတန်တဲ့ တောင်းဆို ချက်တွေ လုပ်လိမ့်မယ်၊ ဒါပေမယ့် သူတို့အတွက် အသုံး ဝင်တဲ့ သိုးကြီးတွေဆိုရင်တော့…”
ယွဲ့လင်း ခေတ္တရပ်တန့်သွားသည်။
ချန့်လုံရီဝေသွားပြီး ချန့်ပေါင်ကိုလှည့်ကြည့်လိုက်သည်။
ချန့်ပေါင်လည်း နားမလည်နိုင်ဖြစ်သွားပါသည်။
“မဖြစ်နိုင်ဘူး… မဖြစ်နိုင်ပါဘူး၊ အဲ့ဒီ လောင်းကစားဝိုင်းက ဘာပြဿနာမှ မရှိဘူး၊ ကျုပ်အဲ့ဒီလောင်းကစားဝိုင်းကို သွားရတယ်ဆိုတာလည်း….”
ချန့်ပေါင်နှုတ်မှ လျို့ရူယွဲ့အမည်ကို ထုတ်ပြောမိလုနီးပါးဖြစ်သွားခဲ့သည်။
“လောင်းကစားဝိုင်းကို ဘာလို့သွားရတာလဲ ဆက်ပြောလေ”
ယွဲ့လင်းပြုံးကာ မေးလိုက်သည်။
"ဧကန္တ လျို့ရူယွဲ့ရဲ့ မိတ်ဆက်ပေးမှုကြောင့်လား”
ယွဲ့လင်းမျက်လုံးများ အေးစက်နေသည်။
မြောင်မြောင်၏ အတင်းအဖျင်းတွေကို မကြားရခင်ကတည်းက ဒီကိစ္စကို သေသေချာချာ စုံစမ်းခိုင်းပြီးထားပြီ ဖြစ်သည်။
ချန့်လုံက လောတိုင်းပြည် သူလျှိုတစ်ယောက်ဖြစ်နေတာနဲ့ ချန့်ပေါင် ရင်သွေးကို လျို့ရူယွဲ့ လွယ်ထားရသည် ဟူသော အချက်နှစ်ချက်ကသာ ယွဲ့လင်းအတွက် အသစ်အဆန်းဖြစ်ခဲ့သည်။
လျို့ရူယွဲ့၏အမည်ကို ကြားလိုက်ရသောအခါ ချန့်ပေါင် တုန်ယင်သွားခဲ့သည်။
အရှင်မင်းကြီးက ဒါလည်း သိတာပဲလား ?
ချန့်လုံ ကြောင်စီစီဖြစ်သွားပြီး မျက်မှောင်ကြုတ်လျက် လျို့ရူယွဲ့ကို ကြည့်ကာ အတွေးနယ်လွန်သွားခဲ့ပါသည်။
“အရှင်မင်းကြီး၊ ဒီသက်သေတွေကို ခြေလျှင်တပ်သားတစ်ဦးက လာဆက်သထားတာပါ”
စစ်သူကြီးစွန်းက ငွေစာရင်းစာအုပ်များ အပြည့်ဖြည့်ထားသည့် သေတ္တာကြီးနှစ်လုံးကို ယူဆောင်လာခိုင်းခဲ့သည်။
“အဲဒီ ချူးဟယ်လင်း လုပ်ထားတဲ့ ပြစ်မှုတွေက မရေမတွက်နိုင်အောင် များပြားလွန်းတယ်၊ ဒီသက်သေတွေကြောင့် အခု မြို့တော်ဆီ သူကို ဖမ်းခေါ်လာနေပါပြီ! ဒီလူက လောင်းကစားဝိုင်းကို နှစ်ပေါင်းများစွာ အသုံးချပြီး စည်းစိမ်တွေ ကြွယ်ဝနေခဲ့တာ၊ အခု အဲ့ဒီစည်းစိမ်တချို့ ပျောက်ဆုံးနေတယ်လို့လည်း သတင်းရမိတယ်၊ ဒါ့ကြောင့် ချူးဟယ်လင်းရဲ့ နောက်ကွယ်မှာ နောက်ထပ်ကြိုးကိုင်သူတစ်ယောက် ရှိနေနိုင်ပါတယ် အရှင်မင်းကြီး”
“ကောင်းပြီ၊ ချူးဟယ်လင်း ရောက်လာတဲ့အခါ တရားရေးဝန်ကြီးဌာနကို ပို့ပြီး သေသေချာချာ စစ်ဆေးမေးမြန်းလိုက်ပါ”
တရားရေးဝန်ကြီးကို ကြည့်က ယွဲ့လင်း မေးလိုက်သည်။
“ဘာပြဿနာများ ရှိလို့လဲ”
တရားဝေးဝန်ကြီးက ခက်ထန်စွာလျှောက်တင်လိုက်ပါသည်။
“ဒီငယ်သား သေသေချာချာ စုံစမ်းစစ်ဆေးပြီး နောက် ကွယ်က ကြိုးကိုင်သူကို ကျိန်းသေပေါက် ရှာဖွေပေးပါ့မယ်”
ကျန်းကျီမြောင်၏အတွေးသံကြောင့် ကြိုးကိုင်သူကို တရားရေးဝန်ကြီးလည်း သိပြီးသား ဖြစ်သည်။
မင်းသားအန်းဟယ်! ယွဲ့ဟွာပဲ မဟုတ်လား!
ထင် မထားခဲ့ဘူး…
လွန်ခဲ့သည့် လပိုင်းလောက်ကမှ နန်းတွင်းနန်းပြင်မှာ ဂုဏ်သတင်းမွှေးပျံ့နေခဲ့သည့် မင်းသားအန်းဟယ် နောက်ကွယ်မှာ ဒီလိုကောက်ကျစ် ယုတ်မာသည့် လုပ်ရပ်ပေါင်းများစွာကို လုပ်ဆောင်ထားလိမ့်မည်ဟု မည်သူမှ ထင်မိမည်မဟုတ်ချေ။
ပြဿနာကို အစဖော်နိုင်ပြီဖြစ်သဖြင့် အဆုံးထိ ဆက်တူးဖော်သွားရပါမည်။
ယွဲ့ဟွာ မျက်နှာ အလွန်အကျည်းတန်လာခဲ့သည်။
ချူးဟယ်လင်းက သူ့လူဆိုတာ သေချာပါသည်။ သူ့ကို ကြွယ်ဝချမ်းသာလာအောင် ချူးဟယ်လင်း အများကြီး ကူညီပေးခဲ့သည်။ အခုမူ ယွဲ့လင်းလက်ထဲ ကျရောက်သွားခဲ့ပါပြီ။
ယွဲ့လင်း ဘာလို့ ဒီလောက်မြန်မြန် လှုပ်ရှားနိုင်ရတာလဲ!
ယုံမင်းဆက် နှောင်းဧကရာဇ်မင်းကြီးတိုင်း၏ လက် အောက်တွင် လျှို့ဝှက်သတင်းအချက်အလက်ရုံးတော်ဟု ခေါ်သည့် ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခု ရှိခဲ့ကြသည်။
သို့သော် သူ့ခမည်းတော် နှောင်းဧကရာဇ်မင်းကြီး၏ လျှို့ ဝှက်သတင်းအချက်အလက်ရုံးတော်ကိုတော့ ယွဲ့လင်းလက်ထဲ မအပ်နှင်းခဲ့ပါ။ ယွဲ့ဟွာ လက်ထဲရောက်ရှိလာခဲ့တာဖြစ်သည်။
ဒါကြောင့် သူအကြံအစည်တွေ အမြဲတမ်းလိုလို အောင် မြင်ခဲ့တာလည်းပါသည်။
ယွဲ့လင်းလည်း ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုကို လျှို့ဝှက်ဖွဲ့စည်းထားပုံရသည်။
သို့သော်…
အခြေမခိုင်သည့် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သူ့ရဲ့ လျှို့ဝှက်သတင်းအချက်အလက်ရုံးတော်ကို နှိုင်းယှဉ်နိုင်မှာတဲ့လား…
မြို့စားရှဲ့ကို ယွဲ့ဟွာ လှမ်းကြည့်လိုက်ပါသည်။ ဒီလူကြီး ကူညီထားတာလား…
ထို့နောက် ဝူကျီးကိုလည်း လှည့်ကြည့်လိုက်သည်။ ဒါမှမဟုတ် ဝူမိသားစုရဲ့ လက်ချက်လား…
ဝန်ကြီးချုပ်ကျန်းကိုပါ ယွဲ့ဟွာ လှည့်ကြည့်လိုက်သည်။ ဒါမှမဟုတ် ဒီမြေခွေးအိုကြီးကြောင့်လား…
ဒါမှမဟုတ် အားလုံး ပူးပေါင်းထားကြတာလား…
ချန့်လုံ၏အကြံအစည်များကို ယွဲ့လင်း ဒီလောက်မြန်မြန် ဖော်ထုတ်နိုင်ခဲ့ပြီး အချိန်မှီ တန်ပြန်တိုက်ခိုက်နိုင်ခဲ့သဖြင့် ယွဲ့လင်း လက်အောက်က အာဏာပါဝါကို အထင်သေးလို့ မရတော့ပါ။
ယွဲ့ဟွာ ရန်သူကို အထင်သေးခဲ့မိပါပြီ။
ချန့်လုံ အချိန်အတော်ကြာအောင် ရီဝေခဲ့ပြီး နောက်ဆုံးတော့ ပြဿနာတွေကို ဆက်နွယ်နိုင်ခဲ့သည်။
ဘာအကြွေးလဲ… ဘာကို ကူညီပေးတာလဲ…
ဒါတွေအားလုံး အစကတည်းက မင်းသားအန်းဟယ်ရဲ့ အကြံအစည်တွေပဲ!
ယွဲ့ဟွာကို စူးစူးဝါးဝါး လှည့်ကြည့်ချင်သော်လည်း ချန့်လုံ စိတ်ထိန်းထားရပါသည်။
သူအမှန်တရားကို နားလည်သွားရင်တောင် ဘာမှလုပ်နိုင်မှာမဟုတ်ပါ။ ညီလာခံမှာ မင်းသားအန်းဟယ်ကို ဒီတိုင်း စွပ်စွဲလိုက်လို့ ရမှာတဲ့လား ?
ထို့အပြင် သူ့မှာ သက်သေလည်း ခိုင်ခိုင်လုံလုံမရှိပါ။ ရှိခဲ့ရင်တောင် ထုတ်ပြမိမည် မဟုတ်ပေ။
မင်းသားအန်းဟယ် ပုန်ကန်ဖို့ စီစဉ်နေခြင်းနှင့် တာ့ယုံ၏ လက်ရှိသွေးကွဲမှုများက လောတိုင်းပြည်အတွက် အကောင်းဆုံး အခြေအနေတွေဖြစ်သည်။
ယွဲ့လင်းသာ ထီးနန်းကို ခိုင်ခိုင်မာမာ ထိန်းသိမ်းနိုင်သွားပြီး တာ့ယုံ၏ဝန်ကြီးမှူးမတ်များအားလုံး စည်းလုံးသွားလျှင် လောတိုင်းပြည် အရေးသာနိုင်မှာ မဟုတ်တော့ပါ။
စာရင်းစာအုပ်တွေအပြည့်နဲ့ သေတ္တာကိုကြည့်ရင်း ချန့်ပေါင် ရီဝေသွားခဲ့သည်။ ထို့နောက် လျို့ရူယွဲ့ကို ရုတ်တ ရက် လှည့်ကြည့်လိုက်ပါသည်။
“ရူယွဲ့ မင်း…! လက်စသတ်တော့ မင်း လက်ချက်ပဲ! ငါ့ကို အဲ့ဒီလောင်းကစားဝိုင်းထဲရောက်အောင် မင်းရည်ရွယ်ချက်ရှိရှိ မျှားခေါ်ခဲ့တာ! ချူးဟယ်လင်းနဲ့ ငါ့ကို မိတ်ဆက်ပေးခဲ့တာလည်း မင်းပဲ!”
လျို့ရူယွဲ့ မျက်နှာ ဖြူရော်သွားပြီး ဝမ်းနည်းညှိုးငယ်စွာ ပြောလိုက်သည်။
“သခင်လေး၊ ဒီကိုယ်လုပ်တော်က… ချူးဟယ်လင်း ဒီလို ယုတ်မာကောက်ကျစ်တဲ့ ဝံပုလွေဖြစ်နေမှန်း ဒီကိုယ်လုပ် တော်လည်း မသိခဲ့ပါဘူး၊ ဒီကိုယ်လုပ်တော်က သခင်လေးကို စိတ်ပျော်ရွှင်စေချင်တာကြောင့်သာ အကြံပေးခဲ့တာပါ၊ ဒီလောက်ထိ အမှားအယွင်း ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ အားလုံး ဒီကိုယ်လုပ်တော်ရဲ့ အပြစ်တွေပါပဲ၊ ဒါ့ကြောင့် ဒီနေ့ပဲ…”
ပြောပြောဆိုဆိုနဲ့ နဖူးကို လက်ဖြင့် ရုတ်တရက် ကိုင်လိုက်ပြီး လျို့ရူယွဲ့ မူးလဲတော့မည့် ပုံစံဖြစ်သွားသည်။
“ကိုယ်လုပ်တော်လျို့က ကျန်းမာရေးသိပ်မကောင်းတဲ့ပုံပဲ”
ကျန်းကျီမြောင် ရုတ်တရက် ဝင်ပြောလိုက်သည်။
“အရှင်မင်းကြီး၊ တော်ဝင်သမားတော်တွေကို ဆင့်ခေါ်ပြီး စစ်ဆေးခိုင်းလိုက်ပါလား”