Re-investingating the Old Case
Vol. 10 Ch. 99
ဒေါသကြောင့် ချန့်လုံမျက်နှာတစ်ခုလုံး နီရဲသွားသည်။ တစ်ကိုယ်လုံးလည်း တုန်ယင်နေပြီး ခေါင်းတွေတောင် မူးလာပါပြီ။
ညီလာခံခန်းမထဲ တိုင်နဲ့ခေါင်းနဲ့ဆောင့်ကာ ဂုဏ်သိက္ခာရှိရှိ အဆုံးစီရင်ဖို့ သူကြံရွယ်ထားခဲ့သည်။ တစ်သက်လုံး သမာ သမတ်ကျစွာ နေထိုင်ခဲ့ပြီး အရှင်မင်းမြတ်ကို ဖြောင်းဖြဖို့ မအောင်မြင်ခဲ့သဖြင့် တိုင်းပြည်အတွက် အသက်ကို စတေးသွားသည်ဟူသည့် ဇာတ်လမ်းက အလွန်လေးစားစရာကောင်းမည်ဖြစ်ကာ သားစဉ်မြေးဆက်တစ်လျှောက်လုံး မျက်နှာပန်းလှလိမ့်မည်။
သို့သော်ငြား ယခုမူ…
သားဖြစ်သူနှင့် ကိုယ်လုပ်တော်တို့ ဖောက်ပြန်နေသည်အား ညီလာခံထဲမှာ သိရှိခဲ့ရပြီး ဒေါသထွက်ကာသွေးအန်သေ ဆုံးသွားသည့် လူတစ်ယောက်ကို မည်သူမှလေးစားကြမည်မဟုတ်ပေ။ လှောင်ပြောင်သရော်ပြီး ရှုတ်ချကြတာမျိုးသာရှိလိမ့်မည်။
ရက်စက်လိုက်တာ!
တော်တော်ရက်စက်ကြတာပဲ!
ယွဲ့ဟွာ အလွန်ရက်စက်သည်။ သူ့ကို မြို့တော်မှာ အရှက်မဲ့စွာလာသေခိုင်းဖို့ အကြီးအကျယ် ကြံစည်ခဲ့သည်။
ယွဲ့လင်းကမူ ပိုလို့တောင် ရက်စက်ပါသေးသည်။ သူ့အ ကြောင်းတွေကို စုံစမ်းထားတာကြာပြီဖြစ်ပြီး ဆင်ထားသည့် ထောင်ချောက်ထဲ သူ လိုလိုလားလားရောက်လာမည့်အချိန်ကို ကြိုစောင့်နေခဲ့တာသာဖြစ်သည်။
ညီအစ်ကိုနှစ်ယောက်စလုံးက သာမန်လူတွေ မဟုတ်ကြပါ။
သေချာပြန်စဉ်းစားကြည့်လျှင် ယွဲ့လင်းက ယွဲ့ဟွာထက်ပင် ပိုကြောက်စရာကောင်းပါသည်။ ယွဲ့ဟွာ၏ ဉာဏ်ရည်နဲ့ အစွမ်းအစတို့ကို မြင်သာအောင် ထုတ်ပြထားသဖြင့် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းရှိသည်ဟု လူတိုင်း ထင်ကြလိမ့်မည်။
သို့သော် ယွဲ့လင်းကမူ…
နန်းမတက်ခင်ကတည်းက ယွဲ့လင်း ဂုဏ်သတင်းအလွန်ဆိုးရွားခဲ့သည်။ နန်းတက်ပြီးတာနဲ့ ယုံမင်းဆက်အတွက် မင်းဆိုးမင်းညစ် တစ်ပါးဖြစ်လာလိမ့်မည်ဟု အားလုံး ခန့်မှန်းထားကြတာဖြစ်သည်။
သို့သော် ယွဲ့လင်း နန်းတက်ပြီး လပိုင်းသာကြာလိုက်သည်။ အခြေအနေတွေကို တစ်ခုချင်းပြောင်းပြန်လှန်နိုင်ခဲ့သည်။ ယခုတော့ လူအများ၏ကဲ့ရဲ့ရှုတ်ချခြင်းကို ခံနေရသူမှာ မင်းသားအန်းဟယ်သာဖြစ်နေသည်။
ရှေ့လျှောက်လည်း ဒီညီအစ်ကိုနှစ်ယောက် တိုက်ပွဲဆင်နွှဲကြမှာ သေချာသည်။ နှစ်ယောက်စလုံး တိုက်ပွဲဆင်နွှဲရင်း သေဆုံးသွားလျှင် သူ့အတွက် ပိုကောင်းမည်။
ချန့်လုံ တုန်ယင်စွာ ပြောလိုက်ပါသည်။
“အားလုံး ယုတ္တိတန်တဲ့စကားတွေ မပြောပါနဲ့! ပေါင်အာက အရမ်း ရိုးအေးတဲ့ကလေး၊ အဲ့ဒီဗိုက်က ပေါင်အာနဲ့ ဘာမှမသက်ဆိုင်ဘူး၊ ဒီအပျက်မ အခြားတစ်နေရာရာကနေ ရလာတဲ့ ဗိုက်ပဲ ဖြစ်မှာ!”
ချန့်လုံ အံကြိတ်ထားမိသည်။ သူသည် လောတိုင်းပြည်၏ သားတော်ဖြစ်သည်။ သို့သော်လည်း ငယ်စဉ်ကတည်းက တာ့ယုံတိုင်းပြည်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ လောတိုင်းပြည်၏ကောင်းကျိုးအတွက် သူ့ဘဝတစ်လျှောက်လုံး မွေးရပ်မြေကို တစ်ခါမှမပြန်ခဲ့ရပါ။
ဒီကမ္ဘာကြီးထဲမှာ သူဂရုစိုက်သည့် တစ်ဦးတည်းသောသူဆိုလို့ ချန့်ပေါင်သာရှိသည်။ ချန့်ပေါင်က သူ့ရဲ့တစ်ဦးတည်းသော သားဖြစ်ကာ ချန့်လုံ၏ဘဝ အဓိပ္ပာယ်တစ်ခုခုရှိခဲ့သည်ဟူသော သက်သေလည်းဖြစ်သည်။
ချန့်ပေါင်သာ မရှိလျှင် သူအိမ်ဟုခေါ်စရာနေရာလည်းရှိမှာ မဟုတ်ဘဲ ဘဝကြီးတစ်ခုလုံး အလွန်ခြောက်ကပ်သွားပါလိမ့်မည်။
ချန့်လုံခေါင်းထဲ အတွေးတစ်ခုသာရှိသည်။ ချန့်ပေါင်ကို ဘယ်နည်းနဲ့မဆို ကာကွယ်ပေးရမည်။
“ဟုတ်လား…”
ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်သည်။
“အဲ့လိုဆိုရင် ဒီမိန်းမက လောင်းကစားဝိုင်းနဲ့ ပတ်သတ်နေလိမ့်မယ်လို့ ကျန်းသံသယဖြစ်မိတယ်၊ အဲ့ဒီကလေးက ချူးဟယ်လင်းရဲ့ ကလေးတောင် ဖြစ်နိုင်တယ်၊ တရားရေးဝန်ကြီး၊ အဲ့ဒီမိန်းမကို အခုချက်ချင်းအကျဉ်းချပြီး သေသေချာချာ စစ်ဆေးမေးမြန်းလိုက်ပါ”
တရားရေးဝန်ကြီးလည်း အမြန် အမိန့်နာခံလိုက်ပါသည်။
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး! စိတ်ချပါ၊ ရှင်လျက်နဲ့ သေနေသလို ခံစားရစေမယ့် နည်းလမ်းပေါင်းစုံ ဒီငယ်သားမှာရှိတယ်၊ သုံးရက်လောက် အကျဉ်းချ နှိပ်စက်ပြီးသွားရင် သူ မပြောသင့်တဲ့အရာတွေအကုန်လုံး ပြောပြီးသား ဖြစ်သွားပါလိမ့်မယ်”
လျို့ရူယွဲ့ ခန္ဓာကိုယ် တုန်ခါသွားသည်။ သို့သော် အံကြိတ်လျက် ဘာမှထုတ်မပြောခဲ့ပါ။
သူမ အကျဉ်းချခံရရင်တောင် ဒီတစ်ခေါက် လွတ်လမ်းမရှိတော့တာကို နားလည်ပြီးသားဖြစ်သည်။ သူမ စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။
ဘယ်လိုနည်းနဲ့ပဲ နှိပ်စက်ခံရပါစေ ယွဲ့ဟွာကို သစ္စာမဖောက်နိုင်ပေ။
ယွဲ့ဟွာကို လျို့ရူယွဲ့နောက်ဆုံးတစ်ကြိမ် ဝမ်းနည်းညှိုးငယ်စွာ ငေးကြည့်လိုက်သည်။ ယွဲ့ဟွာကမူ ခံစားချက်မဲ့စွာ မျက်နှာလွှဲလိုက်ပါသည်။
လျို့ရူယွဲ့ စိတ်ပျက်အားလျော့စွာ မျက်လုံးတွေ မှိတ်ထားလိုက်မိတော့သည်။ အစောင့်တပ်သားများ ရောက်လာပြီး လျို့ရူယွဲ့ကို လာရောက်ခေါ်ဆောင်လိုက်ကြသည်။ လျို့ရူယွဲ့လည်း မခုခံတော့ဘဲ အသာတကြည်လိုက်သွားခဲ့ပါသည်။
သို့သော် ချန့်ပေါင် အလွန်တုန်လှုပ်သွားပြီး ရုတ်တရက်ပြေးထွက်သွားကာ လျို့ရူယွဲ့ကို လှမ်းဆွဲထားလိုက်သည်။
“ချန့်ပေါင်!!”
ချန့်လုံ ဒေါသထွက်လွန်းသဖြင့် ရူးချင်နေပါပြီ။
ချန့်ပေါင် ဒုန်းခနဲမြည်အောင် ဒူးထောက်ချလိုက်သည်။
“အရှင်မင်းကြီး! ဒီရင်သွေးက ချူုးဟယ်လင်းနဲ့ ဘာမှမသက်ဆိုင်ပါဘူး! ဒီငယ်သားရဲ့ ရင်သွေးပါ! ဒီငယ်သားနဲ့ ရူယွဲ့တို့ မေတ္တာမျှနေကြတာကြာပါပြီ။ ရမ္မက်ဆန္ဒတွေ ပြင်း ထန်ခဲ့တဲ့ အခိုက်အတန့်တစ်ခုကြောင့် ဒီငယ်သားတို့ အမှားကျူးလွန်ခဲ့မိပါတယ်! သို့ပေမယ့် ရူယွဲ့ကအားနည်းပျော့ညံ့ တဲ့ မိန်းမသားတစ်ဦးဖြစ်လို့ လောင်းကစားဝိုင်းကိစ္စမှာ ပါဝင်ပတ်သတ်ခြင်း မရှိနိုင်ပါဘူး၊ ကျေးဇူးပြုပြီး အရှင် မင်းကြီး သေသေချာချာ ပြန်စုံစမ်းပေးတော်မူပါ!”
ချန့်ပေါင်က လျို့ရူယွဲ့ကို ဆွဲခေါ်လိုက်ပြီး သူနဲ့အတူ ဒူးထောက်ခိုင်းလိုက်ပါသည်။ တစ်ချိန်လုံး ခိုင်ခိုင်မာမာရှိနေခဲ့သည့် ချန့်လုံခြေထောက်တွေလည်း ရုတ်ခြည်းဆိုသလို ပျော့ခွေသွားကာ ကြမ်းပြင်ပေါ် စိတ်ဓာတ်ကျလျက် ဖြည်း ညှင်းစွာလဲကျသွားလေတော့သည်။
“ဪ အမှန်ပဲလား”
ယွဲ့လင်း အံ့အားသင့်သွားပုံ ပေါ်သည်။
“လောင်းကစားဝိုင်းကိစ္စမှာ ချန့်ပေါင်က နစ်နာသူ မဟုတ်လား ? လျို့ရူယွဲ့အတွက် နစ်နာသူက ကာကွယ်ပြောဆိုပေးနေတယ်ဆိုတော့ အကျဉ်းချမယ့် အမိန့်တော်ကို ယာယီရပ်ဆိုင်းထားစေ”
ချန့်လုံကို ယွဲ့လင်း ကြည့်လိုက်သည်။
“အရာရှိချန့်၊ ဒီနှစ်ယောက်ကိုကြည့်ရတာ အမှန်တကယ် မေတ္တာသက်ဝင်နေတဲ့ ပုံစံပဲ၊ အရာရှိချန့်ရဲ့ ကိုယ်လုပ်တော်ကို စွန့်လွှတ်လိုက်ပြီး ချန့်ပေါင်လက်ထဲကိုပဲ အပ်နှင်းလိုက်ပါလား ? ဘယ်လို သဘောရလဲ”
ချန့်လုံကို ချန့်ပေါင် မျှော်လင့်တကြီး လှည့်ကြည့်လိုက်သည်။ ချန့်လုံကတော့ အချိန်အတော်ကြာအောင် တိတ် ဆိတ်နေဆဲဖြစ်သည်။
“နှုတ်ကထုတ်မပြောပေမယ့် အရာရှိချန့် သဘောတူမှာသေချာပါတယ်”
ယွဲ့လင်း မိန့်လိုက်သည်။
“ဒါဆိုလည်း ကျန်းကပဲ သဘောထားကြည်ဖြူပေးရတာပေါ့၊ ဒီငယ်သားတို့ကို ကျန်း အိမ်ရာတစ်ခုပေးသနားမယ်၊ ဒီမိသားစုဝင် သုံးယောက် မွေးရပ်မြေကို ပြန်စရာမလိုဘူး၊ ဒီမြို့တော်မှာပဲ ဆက်နေလို့ရတယ်၊ ဘဝမှာ မိသားစုဆိုတာ အရင်းနှီးဆုံးလူတွေပဲ မဟုတ်လား ? မိသားစုတွေ သာသာယာယာ အေးအေးချမ်းချမ်းနေနိုင်ဖို့က အရာအားလုံးထက် အရေးကြီးတယ်”
မိသားစုဝင်သုံးယောက်…
သာသာယာယာ အေးအေးချမ်းချမ်း နေနိုင်မယ်တဲ့…
ကျန်းကျီမြောင် ရယ်မိသွားသည်။
[အရှင်မင်းကြီးက တော်တော်အနောက်သန်တာပဲ၊ အဲ့ဒီစကားလုံးတွေက သွေးမထွက်စေတဲ့ ဓားသွားတွေလိုပဲ၊ ချန့်လုံ သွေးအန်ပြီး သေသွားနိုင်တယ်]
ကျန်းကျီမြောင် ထိုသို့တွေးလိုက်ပြီး သိပ်မကြာလိုက်ဘဲ ချန့်လုံရုတ်တရက်ကြီး ထအော်ကာ ပါးစပ်ထဲမှ သွေးတွေ ပန်းထွက်လာပြီး ညီလာခံထဲ သတိလစ်သွားလေတော့ သည်။
ကျန်းကျီမြောင်: [???]
နန်းတွင်းအရာရှိများ: ‘ကြောက်စရာကောင်းလိုက်တာ! မိဖုရားကြီးမှာ ပြောစကားတွေကို အမှန်ဖြစ်လာစေတဲ့ အစွမ်းလည်း ရှိနေတာလား!’
“ငယ်သားရဲ့ဖခင်က ဝမ်းသာလုံးဆို့သွားတာနေမှာပါ”
ယွဲ့လင်း ပေါ်တင်ကြီး မျက်နှာပြောင်တိုက်လိုက်သည်။
“ငယ်သားရဲ့ဖခင်နဲ့ လျို့ရူယွဲ့တို့ကို ပြန်ခေါ်သွားလိုက်ပါ ချန့်ပေါင်”
ချန့်ပေါင် အနည်းငယ် ရီဝေသွားသော်လည်း အခုချိန်မှာ အမိန့်နာခံဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ပါ။
‘မိသားစုဝင်သုံးယောက်’ ညီလာခံထဲမှ ထွက်ခွာသွားခဲ့ကြသည်။ ချန့်လုံ၏နောက်ကျောကို ယွဲ့လင်း အေးစက်စွာ ငေးကြည့်လိုက်ပါသည်။
ဒီကိစ္စက မပြီးသေးပါ။ ထို ချန့်လုံဆိုသူက လောတိုင်း ပြည်၏ သူလျှိုတစ်ယောက်ဖြစ်သည်။ တာ့ယုံတိုင်းပြည်ကို ထိခိုက်စေမည့် လုပ်ရပ်တွေအများကြီးလုပ်ခဲ့သည့်အပြင် တာ့ယုံရာဇဝင်သမိုင်းကြောင်းထဲမှာပါ ကျော်ကြားချင်ခဲ့သူ ဖြစ်သည်။
ကမ္ဘာကြီးထဲမှာ ဒီ့ထက်တရားလွန်တဲ့အရာ ရှိနိုင်ပါဦးမလား…
လွန်ခဲ့သည့် နှစ် ၃၀ တုန်းက အရေးကိစ္စကို ပြန်လည် စုံစမ်းစစ်ဆေးချိန်တန်ပါပြီ။
သိပ်ပြီး ကျော်ကြားချင်နေတယ်ပေါ့!
သမိုင်းတစ်လျှောက် အဆိုးရွားလုံး လူယုတ်မာတွေကို ရေးထွင်းထားသည့် ကျောက်တိုင်ပေါ်မှာ ချန့်လုံ၏အမည်ကို ယွဲ့လင်း သေချာပေါက်ရေးထွင်းပေးရမည်။
ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။
“ခုတလော အမှုတွဲတွေကို ပြန်ဆန်းစစ်ရင်း ယခင်တုန်းက အမှုဟောင်းတွေမှာ သံသယဖြစ်စရာကောင်းတဲ့အချက်တွေ ကျန်းတွေ့မိတယ်၊ ဒါ့ကြောင့် အဲ့ဒီအမှုတွေကို ပြန်စုံစမ်း စစ်ဆေးဖို့ ကျန်းဆုံးဖြတ်လိုက်ပြီ”
လွန်ခဲ့သည့် နှစ် ၃၀ တုန်းက အရေးကိစ္စတစ်ခုတည်းသာမဟုတ်ဘဲ တခြားအမှုတချို့ကိုပါ ယွဲ့လင်း ပြန်စုံစမ်းမှာ ဖြစ်သည်။
“အရှင်မင်းကြီး… အဲ့ဒီအမှုဟောင်းတွေကို ဖြေရှင်းပြီးခဲ့တာ ကြာပြီမဟုတ်လား ? အစကနေ ပြန်စုံစမ်းဖို့ လိုအပ်ရဲ့လား”
ယွဲ့ဟွာ အထွန့်တက်လိုက်သည်။
“မင်းသားအန်းဟယ် မှားနေပြီ! အမှုဟောင်းဖြစ်နေတာနဲ့ပဲ တရားမျှတမှု မရှိတဲ့ကိစ္စကို ဒီအတိုင်း ထားလိုက်ရမှာလား ဒီငယ်သားကတော့ အမှုဟောင်းတွေကို ပြန်စုံစမ်းစစ်ဆေးဖို့ ထောက်ခံပါတယ်!”
ဝန်ကြီးချုပ်ကျန်းက ချက်ချင်း ထောက်ခံလိုက်သည်။
ထို့နောက် အခြားဝန်ကြီးမှူးမတ်များလည်း ထောက်ခံခဲ့ကြသည်။
ယွဲ့လင်း ဘယ်အမှုကို အဓိက စုံစမ်းချင်တာလဲဆိုတာ သူတို့အားလုံး ကောင်းကောင်းသိနေခဲ့သည်ပင်။
လောတိုင်းပြည် သူလျှိုတစ်ယောက်က တာ့ယုံသမိုင်း ကြောင်းထဲ နာမည်ကောင်း ဝင်ယူချင်နေသည်။ ကြောက်စရာကောင်းတာက ထိုအကြံအစည် အောင်မြင်လုနီးပါး ဖြစ်သွားခဲ့တာပင်။
စုံစမ်းမှဖြစ်မယ်!
အဲ့ဒီအမှုဟောင်းတွေကို သေချာ စုံစမ်းစစ်ဆေးမှဖြစ်မယ်!
“ဒါပေမယ့်… အမှုဟောင်းတွေကို ပြန်စုံစမ်းစစ်ဆေးဖို့ဆိုရင် လူအင်အားကော ရင်းမြစ်တွေကော အမြောက်အမြား အသုံးပြုရမှာ၊ အရှင်မင်းကြီး နန်းတက်တာ မကြာသေးဘူးလေ၊ အခုချိန်မှာ အာရုံစိုက်ဖို့လိုတဲ့ တခြားအရေးကိစ္စတွေ ရှိသေးတယ်…”
ချန်ကျင်းမင်က ဝင်ကန့်ကွက်လိုက်သည်။
“အမှန်ပဲ၊ အမှုဟောင်းတွေထက် အရေးပါတဲ့ တခြားကဏ္ဍတွေကို ပိုအာရုံစိုက်သင့်တာ!”
ယွဲ့ဟွာဘက်တော်သားတွေ တစ်ယောက်ပြီးတစ်ယောက် ကန့်ကွက်ခဲ့ကြသည်။
ဒီလို နန်းတွင်းရေးရာ ပြဿနာတွေကို ကျန်းကျီမြောင် နားထောင်ချင်စိတ်မရှိပါ။ ထို့ကြောင့် သူမ သမ်းဝေလိုက်ပြီး သုံးပြည်ထောင်ရာဇဝင် ဒုတိယပိုင်းကိုဖွင့်ကြည့်လိုက် ပါသည်။
ယွဲ့လင်း၏လက်ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားဖို့လည်း ကျန်းကျီမြောင် မမေ့ခဲ့ပါ။
ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည့် သူတို့လက်တွေကို ယွဲ့လင်း ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာခဲ့သည်။
တချို့ နန်းတွင်းမှူးမတ်တွေ အလွန်ထူးဆန်းလာတာကို ယွဲ့ဟွာ သတိထားမိသည်။ ထိုမှူးမတ်တွေ သူတို့နဲ့ခဏလောက် ငြင်းခုံကြပြီး ရုတ်ခြည်းဆိုသလို ထူးထူးဆန်းဆန်း ရီဝေသွားတတ်သည်။ ရီဝေသွားပြီးနောက် အသိ စိတ်ပြန်ကပ်ကာ သူတို့နဲ့ ထပ်ပြီး ငြင်းခုံကြပြန်သည်။ ထိုသို့ငြင်းခုံပြီးနောက် ထပ်ပြီး ရီဝေသွားပြန်ကာ အဆုံးမရှိသည့် ကွင်းဆက်တစ်ခုလိုဖြစ်နေလေသည်။
ဒီနေ့ ညီလာခံအစည်းအဝေးက တော်တော်ထူးဆန်းနေပါလား !!!