Strange… Strange
Vol. 10 Ch. 100
ချန်ကျင်းမင်နှင့် ယွဲ့ဟွာ ဘက်တော်သားများ၏ကန့်ကွက်မှုက အာနိသင်မရှိခဲ့ပါ။
လူအများစု၏ ထောက်ခံမှုဖြင့် အမှုဟောင်းများကို ပြန်လည်စုံစမ်းစစ်ဆေးမည့် ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ခဲ့ပါသည်။
အစည်းအဝေးကို မဖြုတ်သိမ်းခင် ကျန်းကျီမြောင် သုံးပြည်ထောင်ရာဇဝင် ဒုတိယပိုင်းကြည့်ပြီးသည့်အချိန်အထိ နားလည်မှုဖြင့် အားလုံးစောင့်နေခဲ့ကြသည်။
သုံးပြည်ထောင်ရာဇဝင် ဒုတိယပိုင်းကလည်း အလွန်မြန် ဆန်လှသည်။
မိန်းမလှလေး သောင်ချန်းကို စတင်မိတ်ဆက်သည့် အပိုင်းလည်းဖြစ်သည်။
ချောင်ချောင်လွတ်မြောက်သွားပြီးနောက် ချန်းကုန်းနှင့် တွေ့ဆုံခဲ့သည်။ ချန်းကုန်းကလည်း မိသားစုကို စွန့်ခွာပြီး အမြော်အမြင်၊ ရည်မှန်းချက်ကြီးမားသည့် ချောင်ချောင်နောက်ကို လိုက်လာခဲ့ပါသည်။ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပြီး ရင်းနှီးခင်မင်မှုရှိကြသည့် ချောင်ချောင်နှင့် ချန်းကုန်းတို့ကို အားလုံးလေးစားမိကြပါသည်။
ဒီနေ့ သုံးပြည်ထောင် နှစ်ပိုင်းကိုကြည့်ပြီးလျှင် အားလုံး အသည်းတယားယားနဲ့ ကျန်ခဲ့မည် မဟုတ်လောက်ဟု ထင်ထားခဲ့ကြသည်။
သို့သော်…
နှစ်ပိုင်းပြီးဆုံးသွားပြီဖြစ်သော်လည်း ကြီးကျယ်ခမ်းနားသည့် သုံးပြည်ထောင်ခေတ်က ယခုမှစတင်ရုံသာ ရှိသေးသည်။ သူတို့အတွေ့အကြုံအရ ခန့်မှန်းကြည့်ရလျှင် နောက်အပိုင်းတွေမှာ ချောင်ချောင်နဲ့ ချန်းကုန်းတို့ တစ်ယောက်ကို တစ်ယောက်အထောက်အကူပြုခဲ့ကြပြီး ကြီးမြတ်သည့် ဟန်မင်းဆက်ကို ပြန်လည်တည်ထောင်ကာ ကျော်ကြားသည့် ဝန်ကြီး မှူးမတ်များဖြစ်သွားကြလိမ့်မည်ဟု ထင်ရသည်။
ဟုတ်တယ်…
အဲ့လိုပဲဖြစ်နိုင်တယ်…
[ဟူး… ချောင်ချောင်မှာ ဘာမှမရှိခဲ့တုန်းကတောင် ချန်းကုန်း အရာရာစွန့်လွှတ်ပြီး သူ့နောက်လိုက်ခဲ့တာ၊ အဲ့တာကြောင့် သူက ချောင်ချောင်ရဲ့ ‘လရောင်ဖြူလေး’ဖြစ်နေတာကိုး၊ နောက်ပိုင်း ခံယူချက်တွေ ကွဲပြားသွားပြီး ချောင်ချောင်ရဲ့ ခံတပ်ကို ချန်းကုန်း သိမ်းပိုက်လုနီးပါးဖြစ်ခဲ့တယ်၊ တကယ်တမ်း ချန်းကုန်းကို ကွပ်မျက်ရမယ့် အချိန်ကိုရောက်တော့ ချောင်ချောင် တွန့်ဆုတ်နေမိတုန်းပဲ၊ ဘယ် လိုပြောရမလဲ ? သူတို့နှစ်ယောက်က Ship ချင်ရင်တောင် Ship လို့ရတဲ့ အခြေအနေမျိုး]
နန်းတွင်းအရာရှိများ: “???”
မိဖုရားကြီး၏အတွေးသံထဲမှ စကားလုံးအတော်များများကို သူတို့ နားမလည်ပါ။
သို့သော် အကြောင်းအရာအကြမ်းဖျင်းကိုတော့ နားလည်ပါသည်။
ဘယ်လိုအခြေအနေကြီးလဲ!
ဒီလောက် ခင်မင်ရင်းနှီးတဲ့လူတွေက ရန်သူတွေဖြစ်သွားမှာလား!
ချောင်ချောင်က ချန်းကုန်းကို ကွပ်တောင် ကွပ်မျက်မှာလား!
ဘာလို့ ကွပ်မျက်ရတာလဲ ?
တုန်ကျိုးကို သတ်လိုက်တာ ပိုမကောင်းဘူးလား!
နန်းတွင်းအရာရှိတို့ ရင်ထဲညည်းတွားရင်း ကျန်းကျီမြောင်ကို ဝမ်းနည်းညှိုးငယ်စွာ မော်ကြည့်လိုက်ကြသည်။
မိဖုရားကြီးက သူတို့ကို တန်းလန်းကြီးထားခဲ့သည်။
မနက်ဖြန် ညီလာခံသို့ မိဖုရားကြီး တက်ရောက်လာမည် မဟုတ်တော့ပေ။
သူတို့ ဘာလုပ်ရတော့မလဲ…
ကျန်တဲ့ဇာတ်လမ်းတွေက ဒီတိုင်းပဲ ပဟေဠိဆန်ဆန် ပျောက်ကွယ်သွားတော့မှာလား…
အားလုံးရဲ့ ဝမ်းနည်းညှိုးငယ်နေသော အကြည့်များကို ကျန်းကျီမြောင်လည်း သတိထားမိသည်။
သူမ တွေးလိုက်မိသည်။
[ဒီတစ်ခေါက် ငါ ညီလာခံတက်ရောက်လာတာကို မကျေ နပ်တဲ့လူတွေ တော်တော်များပါလား ? ဒါပေမယ့် ယဉ် ကျေးမှုရှိတဲ့လူတွေမို့လို့ နှုတ်ကထုတ်ပြောပြီး ငါ့ကို မတိုက်ခိုက်ကြတာဖြစ်မယ်၊ ရပါတယ်လေ၊ မနက်ဖြန် ဒီလို အချိန်ကျရင် ငါ့ဖာသာ ငါ အေးအေးဆေးဆေး အိပ်နေမှာ၊ သူတို့လည်း စိတ်ညစ်စရာမရှိတော့ဘူးပေါ့]
ထိုအတွေးဖြင့် ကျန်းကျီမြောင်နဲ့ ယွဲ့လင်းတို့ လက်ချင်းတွဲကာ ညီလာခံထဲမှ ပြန်လည်ကြွမြန်းသွားလေတော့သည်။
နန်းတွင်းအရာရှိများ: “…”
မဟုတ်ဘူး!!!
အဲ့လိုသဘောမျိုး မဟုတ်ဘူးလို့ !!!
ပုံမှန်ဆို မနက်ခင်း ညီလာခံအစည်းအဝေးပြီးဆုံးတိုင်း အားလုံးခြေလှမ်းတွေ သွက်လက်သွားတတ်သည်။
သို့သော်လည်း ယခုတစ်ခေါက်တွင်မူ…
နန်းတွင်းအရာရှိ အတော်များများက မျက်နှာတွေ အလွန်ထိုင်းမှိုင်းနေကြပြီး ခြေလှမ်းတွေလည်း နှေးကွေးနေ သည်။ ခြေလှမ်းသုံးလှမ်းလောက် လှမ်းပြီးတိုင်း တစ်ခုခုကိုလွမ်းဆွေးနေသလိုမျိုး နောက်ပြန်လှည့်ကြည့်မိကြသေးသည်။
ယွဲ့ချန်းလည်း အများနည်းတူ အလွန်စိတ်ဓာတ်ကျနေပုံရသည်။
ယွဲ့ဟွာ မျက်လုံးများအရောင်တောက်သွားပြီး ယွဲ့ချန်းကို ချဉ်းကပ်လိုက်သည်။
“စတုတ္ထအစ်ကိုတော်… ဒီနေ့ အားလုံး နည်းနည်းထူးဆန်းနေတယ်လို့ မထင်ဘူးလား”
ယွဲ့ချန်း သူ့ကိုလှည့်ကြည့်လိုက်သည်။
“မထင်ပါဘူး”
ယွဲ့ဟွာ ကြက်သေသေသွားသည်။ စိတ်ထင်တာကြောင့်ပဲလား မပြောတတ်သော်လည်း သူ့ကို ကြည့်နေသည့် ယွဲ့ချန်းအကြည့်က ယခင်ကထက်ပင် ပိုပြီးသတိကြီးလာသလို ခံစားရသည်။
“စတုတ္ထအစ်ကိုတော်၊ အရှင်မင်းကြီးရဲ့ အကြံအစည်တွေက ကြောက်စရာပိုကောင်းလာတယ် မထင်ဘူးလား”
ယွဲ့ဟွာ တိုးညှင်းစွာ ပြောလိုက်သည်။
“သူတစ်ခွန်းလောက် မိန့်လိုက်တာနဲ့ ညီလာခံတစ်ခုလုံးနီးပါး ထောက်ခံကြတယ်၊ ဒီ ညီလာခံက အရှင်မင်းကြီးအတွက် တစ်ဖက်သတ်ဆန်လာသလို ခံစားရတယ်၊ ငါတို့လို လူတွေ ဘာမှဝင်ပြောခွင့်တောင် မရှိတော့ဘူးနော်”
ယွဲ့ချန်း အေးစက်စွာ ပြောလိုက်သည်။
“အရှင်မင်းကြီး ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေက ပြောင်မြောက်လွန်းလို့ မကန့်ကွက်ခဲ့ကြတာကော မဖြစ်နိုင်ဘူးလား”
ယွဲ့ဟွာကို ‘ဟင်း’ခနဲ မြည်အောင် ယွဲ့ချန်း လှောင်ရယ်ပြချင်မိသည်။
ဒီနေ့ မိဖုရားကြီး၏အတွေးသံတွေကိုသာ မကြားခဲ့ရပါက လောကကြီးထဲ ယွဲ့ဟွာလို သားရဲတိရိစ္ဆာန်မျိုးရှိနေလိမ့် မည်ဟု ယွဲ့ချန်း သိခဲ့ရမည်မဟုတ်ပေ။ လူသားအရေခြုံထားသော်လည်း လူသားမဆန်သည့် လူမျိုးပင်။
ယွဲ့ဟွာထီးနန်းလိုချင်နေတာကို ယွဲ့ချန်း အစောကြီးက တည်းက ရိပ်မိပါသည်။
သို့သော် ထိုထီးနန်းပိုင်ဆိုင်ဖို့အတွက် သူကြံစည်နေသည့် နည်းလမ်းတွေက ကောက်ကျစ်လွန်းသည်။ တာ့ယုံတိုင်း ပြည်၏အမှုထမ်းများကို မဟုတ်မမှန်စွပ်စွဲဖို့အတွက် ရန်သူတိုင်းပြည်ဖြစ်သည့် လောတိုင်းပြည်နှင့်ပင် ပူးပေါင်းခဲ့သေးသည်။
ဒါ ဘယ်လို မျိုးမစစ်မျိုးလဲ…
ဒီလို မျိုးမစစ်မျိုးကို ယွဲ့ချန်း စကားတစ်ခွန်းတောင် လှည့်မပြောချင်ပါ။
ယွဲ့လင်းဘက်သို့ ယွဲ့ချန်း ရောက်သွားလိမ့်မည်ဟု ယွဲ့ဟွာထင်မထားခဲ့ပေ။
ယွဲ့ဟွာ ခေတ္တကြက်သေသေသွားပြီး တိုးညှင်းစွာပြောလိုက်သည်။
“စတုတ္ထအစ်ကိုတော်၊ ဒီနေ့ည ညီတော့်စံအိမ်မှာ ညစာစားပွဲတစ်ခု ကျင်းပမှာ၊ ညီအစ်ကိုတွေ သေရည်အတူတူ သောက်ကြရအောင်လေ”
“နေပါစေ”
ယွဲ့ချန်း ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
ယွဲ့ဟွာကို ဘာမှထပ်ပြောခွင့်မပေးဘဲ ကပ်ရောဂါတစ်ခုကို ရှောင်ကြဉ်သလိုမျိုး ယွဲ့ချန်း လှည့်ပတ်ထွက်လာခဲ့သည်။
ယွဲ့ဟွာ၏မျက်လုံးများ အလွန်အေးစက်သွားခဲ့သည်။
သူ့ဖိတ်ကြားမှုကို ယွဲ့ချန်း မတွန့်မဆုတ်ငြင်းဆန်ခဲ့သည့်အပြင် ဆင်ခြေတောင် ပေးမသွားချေ။
သူတို့နှစ်ယောက်အကြား စည်းတစ်ခုခြားဖို့ ပြတ်ပြတ်သားသာား ဆုံးဖြတ်လိုက်ပြီလား…
အဘက်ဘက်မှပြည့်စုံသည့် ဇာတ်လိုက်မင်းသားတစ်ယောက်အနေဖြင့် ယွဲ့ဟွာ ဒီလိုတစ်ခါမှ အဆက်ဆံ မခံရဖူးပါ။ ထို့ကြောင့် သူ့မျက်နှာပေါ် ခံစားချက်က သိသာလွန်းပါသည်။
“အရှင်မင်းသား… စံအိမ်ကို အရင်ပြန်ကြရအောင်”
ချန်ကျင်းမင် တိုးညှင်းစွာ အကြံပေးလိုက်သည်။
ယွဲ့ဟွာ ခံစားချက်မဲ့စွာ ခေါင်းညိတ်လိုက်ပါသည်။
ဒီနေ့ ညီလာခံအစည်းအဝေးမှာ သူအပြတ်အသပ် ရှုံးနိမ့်ခဲ့ရသည်။
နယ်ရုပ် ချန့်လုံက တာဝန်ကို အောင်မြင်အောင် မထမ်းဆောင်နိုင်ခဲ့သည့်အပြင် ယွဲ့လင်းကလည်း လျို့ရူယွဲ့နဲ့ ချူးဟယ်လင်းတို့ကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။
ထိုနှစ်ယောက်က အရေးကြီးသည့် ဇာတ်ကောင်တွေ မဟုတ်ကြသော်လည်း ယွဲ့ဟွာရင်ထဲ အလွန်ခံပြင်း မွန်းကျပ်မိဆဲဖြစ်သည်။
မင်းသားအန်းဟယ် စံအိမ်တွင်…
ယွဲ့ဟွာ စိတ်တည်ငြိမ်သွားတာနဲ့တစ်ပြိုင်နက် အခြေအနေတွေကို ချန်ကျင်းမင် အသေးစိတ် သုံးသပ်ပြလိုက်သည်။ ထိုနန်းတွင်အရာရှိ မှူးမတ်များကို လောလောဆယ်ဂရုစိုက်စရာမလိုသေးကြောင်း ဖြောင်းဖြခဲ့သည်။
ယခုအရေးအကြီးဆုံးက သဲလွန်စမကျန်အောင် လက်စ သတ်သင့်သည့်အရာတွေကို အရင်ဆုံး လက်စသတ်ပစ်ဖို့ ဖြစ်သည်။
ချူးဟယ်လင်းကို နန်းတော်သို့ အစောင့်အကြပ်များဖြင့် ခေါ်ဆောင်လာနေဆဲဖြစ်သည်။
ချူးဟယ်လင်းက ယွဲ့ဟွာထံ စည်းစိမ်တွေ အများကြီး လွှဲပြောင်းပေးထားသူဖြစ်သည်။ ဒါကို ယွဲ့လင်းသာ စုံစမ်းသိရှိသွားပါက အကျိုးဆက်တွေ ဆိုးရွားပါလိမ့်မည်။
“အဲ့ဒီကောင် နန်းတော်ထဲ ရောက်သွားလို့မဖြစ်ဘူး၊ လမ်းပေါ်မှာ ရုတ်တရက်သေသွားလိုက်တာမှ ပိုကောင်းမယ်” ချန်ကျင်းမင် သွေးအေးစွာ ပြောလိုက်သည်။
ယွဲ့ဟွာ ခေါင်းညိတ်ထောက်ခံလိုက်ပါသည်။
“ဒီကိစ္စက ရိုးရှင်းပါတယ်၊ သူ့ကိုစောင့်ကြပ်နေတဲ့တပ်သား တွေ သိပ်မများလောက်ဘူး၊ ချူးဟယ်လင်းကို ရှင်းထုတ်ဖို့ လွယ်မှာပါ”
“အရှင်မင်းသား ယုံကြည်ချက်ရှိတာ ကောင်းပါတယ်၊ ဒါပေမယ့် သတိထားပြီး ဆောင်ရွက်တာ အကောင်းဆုံးပဲ”
ချန်ကျင်းမင် သတိပေးလိုက်သည်။
ယွဲ့ဟွာလည်း ခေါင်းညိတ်လိုက်ပါသည်။
“ဒီနှစ်တွေထဲ ဝန်ကြီးချန်ရဲ့ ကျေးဇူးကြောင့် ကျုပ်အောင် မြင်နိုင်ခဲ့တာ၊ ထီးနန်းကို ပိုင်ဆိုင်ရတဲ့အခါ နန်းတော်ထဲမှာ ကျုပ်ပြီးရင် ဝန်ကြီးချန် အာဏာအရှိဆုံးဖြစ်စေရမယ်”
ချန်ကျင်းမင် ပြုံးလိုက်ပါသည်။
“စိတ်ချပါ အရှင့်သား၊ အရှင့်သား ထီးနန်းပိုင်ဆိုင်ရတဲ့အထိ အထောက်အကူပြုနိုင်ဖို့ ဒီငယ်သား အစွမ်းကုန်ကြိုးစားမှာပါ”
ယွဲ့ဟွာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါသည်။
“ဒါဆို ချူးဟယ်လင်းရဲ့အရေးကိစ္စကို အရှင်မင်းသားကပဲ ကိုင်တွယ်မှာပေါ့၊ ဒီနေ့ ညီလာခံအစည်းအဝေးမှာ အခြေ အနေက တကယ်ပဲ ပုံမှန်မဟုတ်ဘူး၊ ဒီငယ်သား တစ်စုံ တစ်ယောက်နဲ့ သွားတွေ့ပြီး သတင်းအချက်အလက်တွေ စုဆောင်းလိုက်ပါ့မယ်”
ချန်ကျင်းမင် ပြောလိုက်သည်။
ယွဲ့ဟွာလည်း အမြန်တိုက်တွန်းလိုက်ပါသည်။
“ဒါဆိုလည်း မြန်မြန်သွားတော့”
ဒီနေ့ ညီလာခံမှာမြင်တွေ့ခဲ့ရသည့် ထူးထူးဆန်းဆန်း ပြောင်းလဲမှုတွေအတွက် အကြောင်းအရင်းကို မသိရလျှင် ယွဲ့ဟွာ ဒီနေ့ည အိပ်ပျော်နိုင်မည် မဟုတ်ပါ။
ချန်ကျင်းမင် အမိန့်နာခံလိုက်သည်။
မင်းသားအန်းဟယ်စံအိမ်မှ ထွက်လာပြီးနောက် မိတ်ဆွေတစ်ယောက်နှင့် တွေ့ဆုံဖို့ ချန်ကျင်းမင် ချိန်းဆိုခဲ့ပါသည်။
ထုံးတမ်းရေးရာဝန်ကြီး လွီယုက ချန်ကျင်းမင်နှင့် တစ်နယ်တည်းသားချင်းဖြစ်ခဲ့ဖူးသလို ငယ်သူငယ်ချင်း မိတ်ဆွေတွေလည်း ဖြစ်ခဲ့ဖူးပါသည်။
အပေါ်ယံမှာ ရင်းနှီးကျွမ်းဝင်မှုထုတ်မပြတတ်သော်လည်း နောက်ကွယ်မှာတော့ အလွန်ရင်းနှီးသည့် မိတ်ဆွေတွေ ဖြစ်နေကြဆဲဖြစ်သည်။
ဒီနေ့ ညီလာခံထဲမှာ ချန်ကျင်းမင် အကဲခတ်ကြည့်ရသလောက် လွီယုလည်း အခြားနန်းတွင်းအရာရှိတွေလိုပဲ ရံဖန်ရံခါ ငိုင်ငိုင်သွားတတ်သည်။
ထို့ကြောင့် ချန်ကျင်းမင် သေရည်တစ်ပုလင်း ပို့ဆောင်ခဲ့ပြီး လွီယုကိုဖိတ်ကြားခဲ့ပါသည်။
လွီယုလည်း အချိန်အတိအကျ ရောက်လာခဲ့သည်။
ပထမတော့ ချန်ကျင်းမင် ဘာမှမပြောသေးပါ။ သေရည်သုံးခွက်လောက် သောက်ပြီး နှစ်ယောက်စလုံးအနည်း ငယ် မူးဝေလာသည့်အခါကျမှ ချန်ကျင်းမင် ရုတ်တရက် မေးလိုက်သည်။
“အစ်ကိုလွီ… ဒီနေ့ ညီလာခံမှာ တစ်ခုခုထူးဆန်းနေတယ်လို့ ဒီညီတော်ခံစားမိတယ်…. အစ်ကိုလွီကော ဘယ်လို သဘောရလဲ”
လွီယု ခေတ္တကြက်သေသေသွားခဲ့လေသည်။
“မင်း မကြားခဲ့ဘူးလား”
ချန်ကျင်းမင် မှင်သက်သွားခဲ့သည်။
“ဘာကို ကြားရမှာတုန်း”
ထိုအခါ လွီယု အမူးပါပြေသွားပြီး တစ်ခုခုကိုနားလည်သွားခဲ့ပါသည်။
မိဖုရားကြီး၏အတွေးသံကို လူတိုင်း ကြားနိုင်တာမဟုတ်ဘဲ အကန့်အသတ်ရှိပုံရသည်။
ဒါဆို မိဖုရားကြီးရဲ့အတွေးသံကို ကြားနိုင်ဖို့ အခြေအနေရပ်တွေကဘာလဲ…
မင်းသားအန်းဟယ်နှင့် ချန့်လုံ တို့လို လူတွေမကြားနိုင်တာတော့ သေချာပါသည်။
ဒါပေမယ့် သူ့မိတ်ဆွေ ချန်ကျင်းမင်ကကော…
သူကကော ဘာလို့ မကြားနိုင်ရတာလဲ!