မင်းဝှက်ဖဲ ကုန်သွားပြီ
Vol. 22 Ch. 316
အောင်းရှန်အမူအရာလည်း ပြောင်းလဲသွားသည်။
မီးခိုးရောင် ဓားစွမ်းအင်မှာ သူ့အတွက် ခြိမ်းခြောက်သလို ဖြစ်နေသည်။
“ဘယ်လိုလုပ်ပြီး… မဖြစ်နိုင်တာ”
“နတ်ဘုရားပြောင်းလဲခြင်းအဆင့်… ခြေတည်ဝိညာဉ် အဆင့်ဆီကနေ ဘာလို့ ဒီခြိမ်းခြောက်မှုမျိုး ခံစားရတာလဲ”
အောင်းရှန် ရေရွတ်ကာ သူ့မျက်စိသူ မယုံနိုင်အောင် ဖြစ်နေသည်။
အောင်းရှန်ပင် တုန်လှုပ်နေလျှင် အခြားနတ်ဆိုးများလည်း ပိုကြောက်ရွံ့လိမ့်မည်။
ထိုအချိန်တွင် မလှုပ်မယှက်ဖြင့် ငြိမ်နေမိကြ၏။
အချို့မှာ ထိတ်လန့်လွန်း၍ အနောက်သို့ ပြန်ကူးသွားလေသည်။
တစ်ဖက်တွင် ကျောက်စိမ်းပင်လယ်မြို့မှ ကျင့်ကြံသူများမှာတော့ အံ့ဩစွာသာ ငေးကြည့်နေသည်။
မူယုံးယွဲ့တို့လည်း တိုက်ခိုက်မှုကြီး၏အင်အားကို ခံစားမိသည်။
တကယ် အားပြင်းတာပဲ။
တိုက်ခိုက်မှုမှာ သူတို့ဘက်လာနေခြင်း မဟုတ်သော်လည်း စွံ့အနေမိ၏။
ထိုသို့ အံ့ဩနေကြစဉ် မီးခိုးရောင်ဓားစွမ်းအင်သည် အတော်ဝေးဝေးအထိ ရောက်ရှိသွားလေပြီ။
“ရှန်မိုက ဘယ်အဆင့်လဲ”
မူယုံးယွဲ့ ရှန်မို့နောက်ကျောကိုကြည့်ကာ ရေရွတ်မိသော်လည်း အဖြေကို သိနေ၏။
သို့သော် မယုံရဲပေ။
အောင်းရှန်နှင့်ယှဉ်လျှင် ယွမ်ခုန်းမှာ ရှန်မို့အင်အားကို ပိုသတိထားမိသည်။
ထို့နောက် လှမ်းအော်လိုက်၏။
“ရှောင်တော့… သူက နတ်ဘုရားပြောင်းလဲအဆင့်ပဲ… သူ့တိုက်ခိုက်မှုကို တားလို့မရဘူး”
သို့သော် သူ့သတိပေးချက်မှာ နောက်ကျသွားလေပြီ။
သူ့စကားဆုံးချိန်တွင် ဓားစွမ်းအင်ကြီး ကျရောက်လာတော့၏။
အောင်းရှန် ရင်ထဲစို့နစ်သွားသည်။
ထွက်ပြေးရန် အခွင့်အရေး မရှိတော့၍ အတတ်နိုင်ဆုံး ခုခံရတော့မည်။
“သွေးစွမ်းအင်… နဂါးအကာအကွယ်”
အောင်းရှန် ပါးစပ်နှင့် နှာခေါင်းထဲမှ သွေးခြင်ဆီများ စိမ့်ထွက်ကာ သူ့တစ်ကိုယ်လုံးကို ကာကွယ်ပေးလိုက်သည်။
မကြာမီ သူ့ခန္ဓာကိုယ်အရွယ်အစားလည်း ကြီးလာပြီး ဓားစွမ်းအင်ကို ရင်ဆိုင်နိုင်လာ၏။
“နတ်ဘုရားပြောင်းလဲအဆင့်… ဒါ မင်းရဲ့ အင်အားအစစ်ပေါ့လေ”
“လာစမ်းပါ… ဘယ်သူ ပိုအင်အားကြီးလဲ ကြည့်ကြသေးတာပေါ့”
အောင်းရှန်၏အသံမှာ ကောင်းကင်ယံအထိ ပျံ့သွား၏။
ထို့နောက် ဓားစွမ်းအင်များ သူ့သွေးစွမ်းအင်နှင့် ထိခိုက်သွားသည်။ သို့သော် မီးခိုးရောင်စွမ်းအင်ကို မကျော်လွန်နိုင်ဘဲ သူ့စွမ်းအင်အနီရောင်သာ ပျောက်ကွယ်သွားလေ၏။
“မ… မဟုတ်ဘူး… ငါက နဂါးနန်းတော်ရဲ့ မင်းသား (၂) လေ… ငါ့ကို သတ်လို့မရပါဘူး… မင်း မရဘူး”
အောင်းရှန်၏ စိတ်လှုပ်ရှားထိတ်လန့်နေသော အသံမှာ နေရာအရပ်ရပ်သို့ ပျံ့သွားသည်။
မီးခိုးရောင်ဓားစွမ်းအင်များမှာတော့ သူ့ကို သတ်ဖြတ် ကျော်လွှားသွားကာ ပင်လယ်ပြင်ကို ဆက်၍ ထိမှန်လေ၏။
ဘုံး!
ဓားစွမ်းအင် ကျရောက်သည်နှင့် ပင်လယ်ပြင်ကြီး ကွဲကာ အနက်ရောင် ပင်လယ်ရေအောက်ကြမ်းပြင်အထိ ပေါ်လာသည်။
နတ်ဆိုးများလည်း ရေထဲပြုတ်ကျကုန်ကြသည်။
သို့သော် ရေနေနတ်ဆိုးများမှာ ကုန်းနတ်ဆိုးများထက်တော့ တော်သေး၏။ ကြောက်လန့်တကြားဖြစ်သွားသော်လည်း ရေကူးတတ်သေးသည်။
ယွမ်ခုန်းလည်း မျက်လုံးပြူးကာ အလွန်လန့်သွား၏။
သို့သော် တွေဝေမနေဘဲ သစ်ပင်ကြီးတစ်ပင်ကို လက်နက်အဖြစ်သုံး၍ ကာကွယ်ပြီးနောက် ထွက်ပြေးလေသည်။
သူ နဂါးနန်းတော်အထိ ပြေးလျှင် အရှေ့ပင်လယ်ဘုရင်မှ ကာကွယ်ပေးလိမ့်မည်။
သို့သော် သူ ကူးခတ်ပြီး တစ်ခဏတွင် သူ့လူဝံသွေးစွမ်းအင်အား မီးခိုးရောင်ဓားစွမ်းအင်မှ လွှမ်းခြုံသွား၏။
ထိုအခါ လူဝံကြီး၏သွေးစွမ်းအင် ပေါက်ကွဲထွက်ကာ လေထဲသို့ လွင့်ပျယ်သွားတော့သည်။
ဓားစွမ်းအင်မှာတော့ အားအနည်းငယ်ပင် လျော့မသွားဘဲ ယွမ်ခုန်း၏ ကျောတစ်လျှောက် ဆက်ရောက်လာသည်။
သူ ကျောချမ်း၍ တုန်ရီနေ၏။
ဒါသာမာန် လူသားကျင့်ကြံသူ မဟုတ်ဘူး။
ဒီလူ့မှာ… နတ်ဆိုးသွေး ပါနေတာလား။
“အဖေရေ… ကယ်ပါဦး”
ယွမ်ခုန်း လန့်ဖျပ်၍ ရတနာတစ်ခု ပစ်လိုက်သည်။
ထိုအခါ ရွှေရောင်ချပ်ဝတ် လွှမ်းခြုံ၍ နီရဲရဲမျက်လုံးများသာ ရှိသော ပုဂ္ဂိုလ်အဖြစ် ပြောင်းသွားလေ၏။
ရှန်မို ထိုပုံစံကိုကြည့်ရုံဖြင့် ချက်ချင်း သိလိုက်သည်။
နတ်ဆိုးဧကရာဇ် ကုမင်။
သို့သော် မင်းသားများအတွက် ပေးထားသော နောက်ဆုံး အသက်ကယ်နည်းဖြစ်၏။
ကုမင် ရောက်ရောက်ချင်း ဓားစွမ်းအင်ကို ညာလက်ဖြင့် အမြန်ကာလိုက်သည်။
ဘုံး!
မီးခိုးရောင်စွမ်းအင်နှင့် ရွှေရောင်ချပ်ဝတ်တို့ တိုက််ခိုက်မိပြီး ကုမင်၏ ရွှေရောင်ချပ်ဝတ် အပိုင်းပိုင်း အစစ ကွဲအက်သွားသည်။
တစ်ချိန်တည်းတွင် မီးခိုးရောင်ဓားစွမ်းအင်လည်း အားကုန်ကာ ငြိမ်ကျသွားတော့၏။
ယွမ်ခုန်း စိတ်အေးသွားပြီး ဆက်ပြေးရန် ပြင်လေသည်။
“မင်းကို ပြေးခွင့်ပေးတယ်လို့ မပြောဘူးနော်”
အေးစက်သောအသံတစ်ခု အနောက်မှ လိုက်လာ၏။
ငရဲမင်းမှ လှမ်းခေါ်နေသကဲ့သို့ပင်။
ထို့နောက် ရှန်မိုမှာ မိုးကြိုးမုန်တိုင်းကဲ့သို့ လျင်မြန်စွာ လိုက်လာ၏။
အဂ္ဂိရက် (၉) သွယ်ဂိုဏ်း၏ အင်အားအကြီးဆုံး သိုင်းကွက် ဖြစ်သည်။
ကောင်းကင်ဝိညာဉ်ခြေလှမ်း။
ယွမ်ခုန်း မယုံကြည်နိုင်ပေ။
အရမ်းမြန်လွန်းနေ၏။
ဘယ်လိုအရှိန်ပါလိမ့်။
ရှန်မို့မှာ ဘယ်တုန်းက ဒီလိုသိုင်းစဉ် ရသွားတာလဲ။
သူ့ရန်သူအကြောင်း အကုန်သိသည်ဟု ထင်ထားခဲ့သည်။
“မင်းဝှက်ဖဲတွေ ကုန်ပြီနော်… တော်လိုက်တော့”
ရှန်မို သူ့ကိုငုံ့ကြည့်ရင်း ပြော၏။
သူ့တစ်ကိုယ်လုံး အရှိန်အဝါများ တောက်ပလျက် ညာဘက်လက်တွင် လှံတစ်ချောင်း ပေါ်လာသည်။
သွေးတစ်ခါမှ မထိရသေးသော လှံထိပ်တွင် ဆာလောင်မှုများပြည့်နေ၏။ သေချာနားထောင်လျှင် အော်ဟစ်သံများကိုပင် ကြားနိုင်သည်။
ယွမ်ခုန်း ထိုလှံကိုတွေ့ကာ ပိုလန့်သွားသည်။
“မင်း ငါ့အဖေရဲ့ ကျင့်စဉ်ကို ဘယ်လိုသိ…”
သူ့စကားမဆုံးမီပင် ရှန်မို့ညာလက် လှုပ်ရှားသွားပြီး ဝိညာဉ်ဖျက်ဆီးကျင့်စဉ်နှင့် ပေါင်းစည်းလိုက်သည်။
ဝှစ်!
လှံတံမှာ ယွမ်ခုန်း၏နှလုံးသားတွင် ထိုးစိုက်သွားကာ အသက်ပါ ယူဆောင်သွားလေသည်။
ယွမ်ခုန်းမှာ အရုပ်တစ်ခုကဲ့သို့ ပင်လယ်ထဲ နစ်မြုပ်သွား၏။
ထိုပတ်ဝန်းကျင်တွင် အနီရောင်သွေးများ ပေါ်လာပြီး ဘေးပတ်လည်အထိ ပျံ့နှံ့သွားတော့သည်။