ဘယ်ဘက်ကမှ ဝင်မပါဖို့ သဘောတူထားတယ်မလား
Vol. 22 Ch. 317
တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူသားများရော ကျန်ရှိနေသည့် နတ်ဆိုးများပါ အံ့ဩလွန်း၍ စကားတစ်လုံးမျှပင် မဟနိုင်ဘဲ စွံ့အနေ၏။
"သေ... သေသွားပြီလား..."
မိုင်ဟေးဟီ မယုံကြည်နိုင်စွာ ပြောမိ၏။
"နတ်ဆိုးဧကရာဇ် နှစ်ပါး... နတ်ဆိုးတွေ သိန်းနဲ့ချီပြီးတော့... အကုန်လုံး ပျောက်ကွယ်သွားတာလား"
ဟီထျန်းချောင် မျက်လုံးပြူးနေ၏။
"မို့ အစွမ်းက ငါထင်ထားတာထက် အများကြီး သာနေတာပဲ"
မူယုံးယွဲ့ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ သူ စိတ်သက်သာရာရမှုနှင့်အတူ စိုးရိမ်စိတ်အချို့လည်း ရောယှက်နေသည်။
"ငါလည်း အမြန်ဆုံး လေ့ကျင့်မှဖြစ်မယ်... မို့ကို အမှီလိုက်နိုင်မှဖြစ်မှာ… မဟုတ်ရင် ငါ သူ့နားမှာ နေလို့ရမှာ မဟုတ်တော့ဘူး”
သူ့ အကြည့်တို့မှာ ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် တောက်ပလာသည်။
…
ကောင်းကင်ယံထက်တွင်—
ရှန်မို လက်ကိုပေါ့ပါးစွာ ဆန့်ထုတ်လိုက်ရာ သက်မဲ့နေသော ခန္ဓာကိုယ်နှစ်ခုသည် သူ့လက်ထဲ ကျရောက်လာ၏။ ၎င်းတို့မှာ အောင်းရှန်နှင့် ယွမ်ခုန်းတို့၏ အလောင်းများပင်။
နတ်ဆိုးဧကရာဇ်နှစ်ဦး၏ ခန္ဓာကိုယ်မှာ အလွန်တန်ဖိုးကြီးမားသော ရတနာဖြစ်သည်။ အချို့ လျှို့ဝှက်နည်းများဖြင့် ရုပ်သေးရုပ်များသဖွယ် ပြန်ဖန်တီးနိုင်သည်။ မူလအစွမ်းထက် အနည်းငယ် လျော့နည်းသွားနိုင်သော်လည်း ဧကရာဇ်အဆင့်၏ အစွမ်းမျိုးကိုတော့ ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်၏။
ထို့အပြင် ရုပ်သေးရုပ် မလုပ်လျှင်ပင် သူတို့၏ အရိုးများကို ထုတ်ယူပြီး စိတ်ဝိညာဉ်လက်နက်များအဖြစ် မွမ်းမံနိုင်သေး၏။ နတ်ဆိုးဧကရာဇ်တို့၏ ခန္ဓာကိုယ်မှာ သွေးအဆီအနှစ်များဖြင့် နှစ်ပေါင်းများစွာ လေ့ကျင့်တည်ဆောက်ထားခြင်းကြောင့် သာမန်သတ္ထုများထက်ပင် ပိုမိုခိုင်မာတောင့်တင်းလှသည်။
ရှန်မို ထိုအလောင်းနှစ်ခုကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်ရန်ပြင်လိုက်စဉ် ပင်လယ်ပြင်၏ မျက်နှာပြင်မှ ရုတ်ချည်း ဆူပွက်လာသည်။ ပင်လယ်ရေအောက်မှ ရှေးဟောင်းအရှင်သခင်တစ်ပါး အမျက်ချောင်းချောင်း ထွက်လာသကဲ့သို့ပင်။
“အောင်းရှန် အလောင်းကို ပြန်ချထားလိုက်စမ်း" "နဂါးမျိုးနွယ်တိုင်းရဲ့ ခန္ဓာကိုယ်က ပင်လယ်ဆီကိုပဲ ပြန်လာရမယ်"
အေးစက်လှသော အသံမှာ ပင်လယ်ရေထုကို ဖောက်ထွက်ကာ မိုးကြိုးပမာ မြည်ဟိန်းလာသည်။ ရှန်မို ရင်ထဲတွင် မကောင်းသည့်ခံစားချက် ရလိုက်၏။ ထို့နောက် ချက်ချင်းပင် ထာဝရစိမ်းလန်းသော သစ်ပင်နှစ်ပင် ပေါ်ထွက်လာပြီး သူ့ကို အကာအကွယ်ပေးလေသည်။
သို့သော် ထိုအသံ မဆုံးသေးမီ သစ်ပင်နှစ်ပင်လုံး အမှုန့်ဖြစ်အောင် ရိုက်ခွဲခြင်း ခံလိုက်ရ၏။ ရှန်မို၏ မျက်နှာမှာ အေးစက်ခက်ထန်သွားသည်။ စကားတစ်ခွန်းတည်းနှင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို ပြသနိုင်သူမှာ တစ်ဦးတည်းသာ ရှိသည်။
သူကား အရှေ့ပင်လယ်၏ အရှင်သခင် အရှေ့ပင်လယ်ဘုရင်ပင် ဖြစ်သည်။
…
ကောင်းကင်ယံတွင် တိမ်မည်းများ ဖုံးလွှမ်းလာပြီး လျှပ်စီးများ လက်လာ၏။ အောင်းရှန် ပေါ်လာစဉ်ကထက် ပိုမိုလေးလံပြီး ဖိအားပေးနိုင်သော အရှိန်အဝါမျိုး ဖြစ်သည်။
"အဲဒီအသံ... အရှေ့ပင်လယ်ဘုရင်လား"
မူယုံးယွဲ့၏ မျက်နှာ ဖြူလျော်သွားသည်။
ဟီထျန်းချောင်မှ
"ဖြစ်နိုင်တယ်... အခြေအနေ မဟန်တော့ဘူး… ခေါင်းဆောင်ငယ် အောင်းရှန်ကို သတ်လိုက်တော့ အရှေ့ပင်လယ်ဘုရင် ဒေါသထွက်သွားပြီထင်တယ်”
"ရှန်မို အောင်းရှန် အလောင်းကို ပြန်ပေးလိုက်ရင်တော့ သူ ပြန်ဆုတ်သွားနိုင်တယ်"
သို့သော် မူယုံးယွဲ့ ခေါင်းယမ်း၍
"မိုက ဘယ်တော့မှ အလျှော့ပေးမယ့်သူ မဟုတ်ဘူး… အရှေ့ပင်လယ်ဘုရင်ကလည်း အလောင်းရရုံနဲ့ ကျေနပ်မှာ မဟုတ်ဘူး"
ရှန်မို ကျယ်ပြောလှသော ပင်လယ်ပြင်ကို ငေးစိုက်ကြည့်ရင်း အေးစက်စွာဖြင့်
"မင်းတို့ နဂါးနန်းတော်ရဲ့ စည်းမျဉ်းတွေကို ငါ ဂရုမစိုက်ဘူး… ဒါ ငါ့ရဲ့ တိုက်ပွဲအောင်နိုင်မှုကရတဲ့ ရလဒ်ပဲ”
ထိုအခါ ပင်လယ်ပြင်ကြီးမှာ လုံးဝ တိတ်ဆိတ်သွားသည်။ လေပြင်းများ တိုက်ခတ်နေသော်လည်း ရေမျက်နှာပြင်မှာ လှုပ်ခတ်ခြင်း မရှိတော့ဘဲ သေဆုံးနေသည့်အလား ငြိမ်ကျသွား၏။ (၅) စက္ကန့်မျှအကြာတွင် ပင်လယ်ပြင်ကြီး မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။
"မင်းမိုက်ရိုင်းလှချည်လား ကောင်လေး… မင်း ဘယ်သူနဲ့ စကားပြောနေတာလဲဆိုတာရော သိရဲ့လား”
မီတာရာနှင့်ချီ မြင့်သော လှိုင်းလုံးကြီးများ ကမ်းခြေဆီသို့ ဒလဟော ပြေးဝင်လာသည်။ ထို့နောက် မီတာ ၁၀၀ ကျော် မြင့်သော ဧရာမ လှိုင်းလုံးကြီးတစ်ခုက ရှန်မိုကို ဝါးမြိုရန် အပေါ်မှ အုပ်မိုးနေ၏။
ရှန်မိုမှာတော့ မလှုပ်မယှက် ရပ်နေဆဲပင်။ တစ်ယောက်ယောက် ဝင်ပါလာမည်ကိုတော့ သူ သိနေသည်။
ချက်ချင်းပင် ကျောက်စိမ်းပင်လယ်မြို့အတွင်းမှ သက်ပြင်းချသံတစ်ခု ပေါ်ထွက်လာသည်။ ကြယ်တံခွန်တစ်ခုကဲ့သို့ ဓားချီတစ်ခု မြင့်တက်လာပြီး ဧရာမ လှိုင်းလုံးကြီးကို ရိုက်ခတ်လိုက်၏။
ခဏချင်းတွင် ထိုလှိုင်းလုံးကြီးမှာ မျက်စိရှေ့၌ ခဲသွားပြီး ရေခဲတောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အဖြူရောင် ဝတ်ရုံဖြင့် အဖိုးအိုတစ်ဦး ကောင်းကင်သို့ ပျံတက်လာပြီး အေးဆေးတည်ငြိမ်စွာ ပြော၏။ "အရှေ့ပင်လယ်ဘုရင်... နှစ်ဖက်လုံးက ဝင်မစွက်ဖက်ကြေးလို့ သဘောတူထားပြီးသား မဟုတ်လား… ဘာလို့ အခု ကတိဖျက်တာလဲ"
"သူက အောင်းရှန်ကို သတ်လိုက်တာလေ… အောင်းရှန် ရှုံးနိမ့်တာကို ငါ ဘာမှမပြောပါဘူး… ဒါပေမဲ့ အလောင်းကိုပါ ယူသွားမယ့်ကိစ္စကိုတော့ ငါ လက်မခံနိုင်ဘူး”
အရှေ့ပင်လယ်ဘုရင်မှ ဟိန်းဟောက်လိုက်သည်။
အဖိုးအိုက ရှန်မိုဘက် လှည့်ကာ
“ရှန်မို… မိတ်ဆွေလေး အောင်းရှန်ရဲ့ အလောင်းကို ပြန်ပေးလိုက်ရင်ရော ဘယ်လိုလဲ… နှစ်ဖက်လုံး တစ်လှမ်းစီ ဆုတ်လိုက်ကြတာပေါ့"
သူ ချော့မော့ပြောဆို၏။
မြို့ထဲရှိ လူများမှာ အံ့အားသင့်ကုန်သည်။ ဤမျှ အစွမ်းကြီးမားသော ပုဂ္ဂိုလ်ကြီးက ရှန်မိုကို "မိတ်ဆွေလေး" ဟု ခေါ်ဝေါ်ကာ လေးစားသမှု ပြနေခြင်းကြောင့်ပင်။
သို့သော် ရှန်မို ခိုင်မာစွာ ခေါင်းယမ်းလိုက်သည်။ “မဖြစ်နိုင်ဘူး”
“ကောင်စုတ်လေး… ဒီနေ့ မင်းရော ဒီမြို့ကိုပါ လောကကြီးကနေ ဖျောက်ဖျက်ပစ်မယ်” အရှေ့ပင်လယ်ဘုရင်မှာ ဒေါသတကြီးဖြင့် မီတာ ၅၀၀ ကျော်မြင့်သော ဧရာမ လှိုင်းလုံးကြီးကို ထပ်မံ ဖန်တီးလိုက်ပြန်သည်။
အဖြူရောင်ဝတ် အဖိုးအိုမှ ရှန်မို၏ ရှေ့တွင် ကာကွယ်ရပ်တည်လိုက်၏။ သူ့လက်ထဲတွင် သာမန်ဓားတစ်လက် ပေါ်လာသော်လည်း ထိုဓားမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် ရှန်မို၏ မျက်လုံးများပင် ကျိန်းစပ်သွားရသည်။
"ဒါ ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်လား"
ရှန်မို အံ့သြသွားသည်။
"ငါ သတိပေးပြီးပြီနော်"
အဖိုးအိုက အေးဆေးစွာ ပြောလိုက်သည်။
"မင်း ဆက်ပြီး ဇွတ်လုပ်နေဦးမယ်ဆိုရင် ငါလည်း လက်တုံ့ပြန်ရလိမ့်မယ်… မင်းရဲ့ နဂါးမျိုးနွယ်စုတွေကို ထပ်သတ်ပြလိုက်ရမလား… တောင်ပင်လယ်ဘုရင်နဲ့ မြောက်ပင်လယ်ဘုရင်တို့တော့ ဒါကို မြင်ရင် သဘောကျနေတော့မှာပဲ”
အရှေ့ပင်လယ်ဘုရင်၏ အရှိန်အဝါများ တန့်သွားသည်။ "မင်း... ကျင်းနိုင်ငံတော်ရဲ့ နိုင်ငံတော်ရတနာ ထုန်းထျန်းဓားကိုတောင် ယူလာတာလား”
"ထုန်းထျန်းဓား မပါဘဲနဲ့ အရှေ့ပင်လယ်ဘုရင်ကို ဘယ်လို တားဆီးနိုင်ပါ့မလဲ"
အဖိုးအို ခပ်အေးအေး ပြန်ပြော၏။
အရှေ့ပင်လယ်ဘုရင်မှာ ဒေါသကို ထိန်းချုပ်ရင်း
"မင်း သူ့ကို ခဏတော့ ကာကွယ်နိုင်လိမ့်မယ်… ဒါပေမဲ့ တစ်သက်လုံး ကာကွယ်နိုင်ပါ့မလား… ကျီဖျင် ... မင်းရဲ့ သက်တမ်းက ကုန်ဆုံးတော့မှာဆိုတာ ငါ မသိဘူး မမှတ်နဲ့နော်”
ကျီဖျင်!
ထိုနာမည်ကို ကြားလိုက်ရချိန်တွင် မူယုံးယွဲ့နှင့် ဟီထျန်းချောင်တို့ အံ့အားသင့်ကာ မှင်တက်သွားကြ၏။
သူသည် ကျင်းနိုင်ငံတော်၏ အစောင့်အရှောက် ထိပ်သီးဓားသခင်ကြီး ကျီဖျင်ပင်။