ခေါင်းဆောင်ငယ်၊ ကျောက်စိမ်းဂိုဏ်း၊ လူသားမျိုးနွယ်တို့အတွက် အောင်မြင်မှုကြီး
Vol. 22 Ch. 318
ကျီဖျင်၏အမူအရာမှာ အေးဆေးတည်ငြိမ်မြဲပင်။
"ငါသိသလောက်တော့ မင်း အရှေ့ပင်လယ်နဂါးနန်းတော်ကို အုပ်ချုပ်ဖို့ အချိန် ၁၀ နှစ်ပဲ ကျန်တော့တယ် မဟုတ်လား။ နောက်ထပ် တက်လာမယ့်သူက တောင်ပင်လယ်ဘုရင်... မင်းတို့တွေ ဘယ်တုန်းကမှ အဆင်မပြေခဲ့ကြဘူးလေ"
ကျီဖျင် ပြုံးကာ ဆက်ပြောသည်။
"ပြီးတော့ မင်း တစ်ခုမှားနေပြီ… ငါက ရှန်မို့ကို ကာကွယ်ပေးနေတာ မဟုတ်ဘူး… ငါတို့ကြားက ကတိကို တည်အောင် လုပ်နေတာ… နောက် ၁၀ နှစ်အထိ ဒီပင်လယ်ပြင်ကို စောင့်ကြည့်ဖို့ ငါ ဒီမှာပဲ ရှိနေဦးမှာပါ"
ပင်လယ်ရေအောက်မှ ဒေါသတကြီး ဟိန်းဟောက်သံမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ပေ ၅၀၀၀ မြင့်သော လှိုင်းလုံးကြီးမှာလည်း တဖြည်းဖြည်း သေးငယ်သွားကာ နောက်ဆုံးတွင် ဘာမျှမရှိတော့သည့်အလား ပျောက်ကွယ်သွားတော့သည်။
"ကျီဖျင်... မင်း သေမယ့်နေ့ကို ငါ စောင့်နေမယ်" အရှေ့ပင်လယ်ဘုရင်၏ နောက်ဆုံးစကားလုံးများတွင် နာကျည်းမှုတို့ အပြည့်ပါနေသည်။ ထို့နောက်တွင်တော့ အရာအားလုံး တိတ်ဆိတ်သွားတော့၏။
ကျောက်စိမ်းပင်လယ်မြို့မှ ကျင့်ကြံသူများမှာ အဖြူရောင်ဝတ် အဖိုးအိုကို ကြည်ညိုလေးစားစွာ ကြည့်နေကြသည်။ ရှန်မိုလည်း လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အရိုအသေပေးလိုက်၏။
ကျီဖျင် ရှန်မိုအနားသို့ လျှောက်လာပြီး ချီးကျူးဂုဏ်ပြုသည့် အကြည့်များဖြင့် ကြည့်ကာ
"ငါ လူတစ်ယောက်ကို အကဲဖြတ်တာ မှားသွားမယ်လို့ မထင်ထားခဲ့ဘူး… မိတ်ဆွေလေး... ငါ မင်းကို တရားဝင် ဖိတ်ခေါ်ချင်ပါတယ်… ကျင်းနိုင်ငံတော်ကြီးရဲ့ နန်းတွင်းမှာ တာဝန်ထမ်းဆောင်ချင်လား"
"မင်းသာ သဘောတူမယ်ဆိုရင် ရုံးတော်နဲ့ ဖြစ်ခဲ့သမျှ အတိတ်က ကိစ္စတွေ အားလုံးကို ပယ်ဖျက်ပေးမယ်… ပြီးတော့ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတွေအတွက် နောက်တစ်ဆင့်တက်ဖို့ လိုအပ်တဲ့ ဝိညာဉ်သန့်စင်ဆေးလုံးတွေကို ဂိုဏ်းအတော်များများမှာ မဖော်စပ်နိုင်ပေမဲ့ နန်းတွင်းမှာတော့ အလုံအလောက်ရှိတယ်… မင်း လက်ခံမယ်ဆိုရင် ငါကိုယ်တိုင် မင်းအတွက် အကောင်းဆုံး ဆေးလုံးတွေကို ရအောင် စီစဉ်ပေးမယ်"
ကျီဖျင်၏ စကားအဆုံးတွင် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး အံ့အားသင့်သွားကြသည်။ ဓားသခင်ကြီး ကိုယ်တိုင်က ရှန်မိုကို စည်းရုံးနေခြင်းဖြစ်ပြီး အတိတ်က အမှားများကို ခွင့်လွှတ်မည့်အပြင် အဖိုးတန်လွန်းသော ဆေးလုံးများကိုပါ ကမ်းလှမ်းနေခြင်း ဖြစ်၏။ မည်သူမဆို ဤကမ်းလှမ်းချက်ကို ငြင်းပယ်ရန် ခက်ခဲလှပေမည်။
ရှန်မို၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွား၏။ ကမ်းလှမ်းချက်မှာ အလွန်ကောင်းမွန်နေသည်။ သို့ရာတွင် ကျင်းဧကရာဇ်၏ လုပ်ရပ်များကို ပြန်သတိရမိသောအခါ သူ၏ ရင်ထဲတွင် အေးစက်သွားသည်။ အရှေ့ပင်လယ်ဘုရင် ပြောခဲ့သလိုပင် ကျီဖျင်၏ သက်တမ်းမှာ သိပ်မကျန်တော့ပေ။ ကျီဖျင် ရှိနေသရွေ့တော့ ဧကရာဇ်က သူ့ကို ရိုသေပြနေဦးမည် ဖြစ်သော်လည်း ကျီဖျင် မရှိတော့သည့်နောက်တွင် ဧကရာဇ်၏ အစီအစဉ်များကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့ဖူးသော သူ့ကို မည်သို့ ဆက်ဆံမည်နည်း။
ထို့အပြင် နန်းတွင်းသို့ ဝင်ရောက်ခြင်းမှာ မမြင်ရသော သံခြေကျင်းများဖြင့် ကိုယ့်ကိုယ်ကိုယ် ခတ်လိုက်သကဲ့သို့ပင် ဖြစ်သည်။
ထို့ကြောင့် ရှန်မို ကျီဖျင်ကို သေချာကြည့်ကာ ခေါင်းယမ်းပြလိုက်သည်။
"တောင်းပန်ပါတယ် စီနီယာ… ကျွန်တော့်မှာ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး"
ပတ်ဝန်းကျင်မှ လူများမှာ မှင်တက်သွားကြ၏။ ဤမျှ ကောင်းမွန်သော ကမ်းလှမ်းချက်ကို သူ ငြင်းလိုက်သည်လား။ သို့သော် အချို့ကလည်း ရှန်မို၏ အတွေးကို နားလည်သဖြင့် တွေဝေသွားကြသည်။
ကျီဖျင်မှာတော့ အရမ်း စိတ်မပျက်ဘဲ သက်ပြင်းသာ ချလိုက်သည်။ "နှမြောစရာပဲ... တကယ် နှမြောစရာပဲ… ဒါပေမဲ့ ငါ့ရဲ့ ကမ်းလှမ်းချက်က အမြဲတမ်း ရှိနေမှာပါ… မင်း ဘယ်အချိန်ဖြစ်ဖြစ် လာခဲ့လို့ ရပါတယ်… နောက်ပြီးတော့ နောက်လာမယ့် ၁၀ နှစ်အတွင်းမှာ ငါ ဒီမြို့မှာပဲ ရှိနေမှာမို့ အရှေ့ပင်လယ်ဘုရင်က လာတိုက်ခိုက်ရင် ငါ ဝင်ကူညီပေးမယ်… အဲဒါကလွဲရင်တော့ ငါ ဝင်မစွက်ဖက်ဘူး”
ရှန်မိုမှ
"ဓားသခင်ကြီးကို ကျေးဇူးတင်ပါတယ်"
ကျိဖျင် ခေါင်းတစ်ချက်ငြိမ့်ကာ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ရေထဲသို့ ရေစက်ကလေး တစ်စက် နစ်မြုပ်သွားသကဲ့သို့ပင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
မူယုံးယွဲ့မှ ရှန်မိုဆီသို့ ပျံတက်လာပြီး ဝမ်းသာအားရ ဖက်လိုက်သည်။
"မို... ငါတို့ နိုင်ပြီ ငါတို့ တကယ် နိုင်သွားပြီ”
ဟီထျန်းချောင်နှင့် မိုင်ဟေးဟီတို့လည်း ပျော်ရွှင်စွာ ပြေးလာကြ၏။
မြို့ထဲမှလည်း အောင်ပွဲခံသံများ ဟိန်းထွက်လာသည်။ "ငါတို့ နိုင်ပြီ! ခေါင်းဆောင်ငယ် သက်တော်ရာကျော် ရှည်ပါစေ! လူသားမျိုးနွယ် အောင်ပါစေ!" လူအများအပြားမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များကျကာ ရှန်မိုရှိရာသို့ ဦးညွှတ်နေကြသည်။
ရှန်မို ပြုံး၍
"ငါတို့ နိုင်တာ မှန်ပေမဲ့ တစ်ဝက်ပဲ ရှိသေးတယ်"
မူယုံးယွဲ့ အံ့ဩနေစဉ် ရှန်မို ဆက်ပြောသည်။
"တခြား ဂိုဏ်းတွေဖြစ်တဲ့ သန့်စင်ခြင်းဂိုဏ်းနဲ့ တန်ဟီဂိုဏ်းတွေလည်း နတ်ဆိုးတွေဆီက တိုက်ခိုက်တာကို ခံနေရလောက်တယ်… အခုဆို သူတို့ အထိနာနေလောက်ပြီ"
ထိုစဉ် ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ပျံသန်းလာသည်။ ဤသည်မှာ အကြီးအကဲ (၁၀) ဝမ်မူချွမ်ပင် ဖြစ်သည်။ သူ အစကတော့ ပြည်သူများကို ကယ်ဆယ်ရန် အပြင်းအထန် လာခဲ့ခြင်းဖြစ်သော်လည်း မြို့ထဲတွင် အောင်ပွဲခံနေကြသည်ကို မြင်သောအခါ ကြောင်အသွား၏။
ထို့နောက် ပင်လယ်ပြင်တွင် သေဆုံးနေသော နတ်ဆိုးအလောင်းများကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးသွားတော့သည်။
"ရှန်မို! ခေါင်းဆောင်ငယ်!"
သူ ရှန်မို့ဆီသို့ အပြေးအလွှား ရောက်လာ၏။
"ဒါတွေ အကုန်လုံး… ခေါင်းဆောင်ငယ် တစ်ယောက်တည်း သတ်လိုက်တာလား"
သူ အံ့သြတုန်လှုပ်စွာ မေး၏။
ဟီထျန်းချောင်မှ ဝင်ကာ ဝမ်းသာအားရဖြင့်
"အကြီးအကဲ… ခေါင်းဆောင်ငယ်က အခု နတ်ဘုရားပြောင်းလဲအဆင့်ကို ရောက်သွားပါပြီ!"
ဝမ်မူချွန်း တစ်ကိုယ်လုံး တောင့်သွား၏။
ရှန်မို သူ၏ အရှိန်အဝါကို ထုတ်ပြလိုက်သောအခါမှ အကြီးအကဲမှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ဝဲလာသည်။
"ကောင်းတယ်! တကယ် ကောင်းတယ်! ကျင်းနိုင်ငံတော် တစ်နိုင်ငံလုံးမှာတောင် ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ကို ရောက်တဲ့သူက ရှားတယ်!"
ကျောက်စိမ်းဂိုဏ်းခန်းမဆောင်အတွင်း။
ခေါင်းဆောင် လီကျန်ထောင်း၊ ရှန်မို၊ အကြီးအကဲ (၂) ယန်ချီယဲ့ နှင့် ဝမ်မူချွမ်တို့ အခန်းထဲ၌ ရှိနေကြသည်။ ကျန်ရှိသော အကြီးအကဲများမှာ သံကျောက်ဂူတွင် ပိတ်မိနေကြသည်။
"အခြေအနေက အဲဒီလိုပဲ... သံကျောက်ဂူက သွေးမိစ္ဆာအကာအကွယ်ထဲမှာ ပိတ်မိနေကြတာလေ… အဲဒီ အကာအကွယ်က သတ်ဖြတ်လိုစိတ်နဲ့ မိစ္ဆာအငွေ့အသက်တွေကို စုပ်ယူပြီး ပိုသန်မာလာတာ… အခုတော့ အဲ့မှာ ဘယ်သူမှ ဝင်ကယ်လို့ မရတော့တဲ့အထိ ကြောက်စရာကောင်းနေပြီ… သူတို့ရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ သူတို့ဘာသာ ပြန်ထွက်လာနိုင်ဖို့ပဲ ဆုတောင်းရတော့မယ်"
လီကျန်ထောင်း သက်ပြင်းချရင်း ပြောသည်။
ရှန်မို နတ်ဆိုးဧကရာဇ်နှစ်ပါးကို သတ်ပြီး စစ်တပ်ကြီးကို နှိမ်နင်းနိုင်ခဲ့ခြင်းမှာတော့ သူတို့အတွက် အကောင်းဆုံး သတင်းပင် ဖြစ်သည်။
ယန်ချီယဲ့မှာမူ တိတ်ဆိတ်နေ၏။
ရှန်မိုကို ကြည့်သော သူ၏ အကြည့်များမှာတော့ လုံးဝ ပြောင်းလဲသွားသည်။ ရှန်မို၏ အစွမ်းမှာ သူတို့ထက်ပင် သာလွန်နေပြီဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကမှ သူသည် ရှန်မိုကို အကွက်ဆင်ခဲ့ဖူး၏။
ယခု ရှန်မို သူ့ထက် အဆပေါင်းများစွာ သန်မာလာသောအခါ ယန်ချီယဲ့၏ ရင်ထဲတွင် ကြောက်စိတ်များသာ ကြီးစိုးနေတော့သည်။