← Chapters

ကိုယ်ကျိုးရှာသူများစုနေသောဂိုဏ်း

Vol. 22 Ch. 319

ကိုယ်ကျိုးရှာသူများစုနေသောဂိုဏ်း

Vol. 22 Ch. 319

ယန်ချီယဲ့ ထိုသို့တွေးရင်း ရှန်မို့ကို ခဏခဏ ခိုးကြည့်မိသည်။

သူတို့လေးဦးလုံး တိတ်တခိုး ရှောင်လွှဲနေမိသည့် အကြောင်းအရာတစ်ခုရှိကြောင်း သူကောင်းကောင်းသိ၏။

ဤသည်မှာ မကြာသေးမီက ကျင့်ကြံသူတစ်ဦး နတ်ဘုရားပြောင်းလဲအဆင့်သို့ တက်လှမ်းစဉ် ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာတုန်ဟည်းစရာ ထူးဆန်းဖြစ်စဉ်ပင်။ ထိုအဆင့်ရှိ ကျင့်ကြံသူတိုင်း တစ်ယောက်ယောက် ကောင်းကင်အဆင့် မူလဝိညာဉ်ကို ဖန်တီးနိုင်ခဲ့ကြောင်း ခန့်မှန်းမိကြ၏။ သို့သော် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ မည်သူမျှ မသိရှိခဲ့ကြချေ။

ယခုအခါတော့ ကိစ္စများ ရှင်းလင်းသွားလေပြီ။ ထိုကောင်းကင်အဆင့် မူလဝိညာဉ်ပိုင်ရှင်မှာ ရှန်မိုပင် ဖြစ်ရမည်။ မဟုတ်လျှင် နတ်ဘုရားပြောင်းလဲအဆင့်သို့ တက်လှမ်းပြီးပြီးချင်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။

ထိုစဉ် ရှန်မို တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"နတ်ဆိုးမျိုးနွယ်ရဲ့ အင်အားက အရှေ့ပိုင်းတပ်မတစ်ခုတည်းနဲ့ မဟုတ်လောက်ဘူး… ကျွန်တော်တို့ ဒီဘက်မှာ တိုက်ခိုက်နေတုန်း သန့်စင်ခြင်းဂိုဏ်းနဲ့ တန်ဟီဂိုဏ်းတွေကိုလည်း တိုက်ခိုက်ဖို့ တပ်တွေ လွှတ်ထားလောက်တယ်"

ဝမ်မူချွမ် ခေါင်းညိမ့်ပြ၍

"ဟုတ်တယ်… ငါတို့လူတွေ အသက်နဲ့ရင်းပြီး ယူလာတဲ့သတင်းအရ သန့်စင်ခြင်းဂိုဏ်းနဲ့ တန်ဟီဂိုဏ်းတွေ တော်တော် ပရမ်းပတာဖြစ်နေပြီ… မြို့တော်တော်များများလည်း နတ်ဆိုးတွေ ဖျက်ဆီးတာကို ခံလိုက်ရတယ်… နတ်ဆိုးတပ်တွေ သူတို့ဂိုဏ်းတံခါးဝအထိ ရောက်နေလောက်ပြီ"

ရှန်မိုမှ

"ဒါ ရှားပါးတဲ့ အခွင့်အရေးပဲ… အခုက ကျွန်တော်တို့ စလှုပ်ရှားရမယ့်အချိန်ပဲ… နတ်ဆိုးမျိုးနွယ်တွေ ယုကျောက်နယ်မှာ စတင်လိုက်တဲ့ စစ်ပွဲက ဒီဒေသတစ်ခုလုံးရဲ့ အာဏာစက်ကို အသစ်ပြန်ဖန်တီးဖို့ အခွင့်အရေးဖြစ်လာလိမ့်မယ်"

ယန်ချီယဲ့ ရင်ခုန်သွားပြီး

“မင်း ဆိုလိုတာက..."

ရှန်မို အေးဆေးစွာပင်

"သန့်စင်ခြင်းဂိုဏ်းနဲ့ တန်ဟီဂိုဏ်းတော့ အထိနာလိမ့်မယ်… စစ်ရှောင်နေတဲ့ ရုံးတော်လည်း ပြည်သူတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးရလိမ့်မယ်… ဒီအချိန်မှာ ကျွန်တော်တို့ ကျောက်စိမ်းဂိုဏ်းက ယုကျောက်နယ် လှည့်ပြီး နတ်ဆိုးတွေအားလုံးကို နှိမ်နင်းမယ်… ပြီးတော့ တခြားဂိုဏ်းတွေကနေ ကွဲလာတဲ့ ကျင့်ကြံသူတွေကို သိမ်းသွင်းမယ်… အဲဒီအခါ ကျွန်တော်တို့က လူထု သဘောကျတဲ့ ဂိုဏ်းဖြစ်လာလိမ့်မယ်… အချိန်တန်ရင် ယုကျောက်ဆိုတာ ဧကရာဇ်နန်းတော်အောက်မှာ မဟုတ်ဘဲ ကျောက်စိမ်းဂိုဏ်း လက်အောက်မှာ ဖြစ်သွားလိမ့်မယ်"

ထိုစကားကို ကြားသောအခါ လီကျန်ထောင်းနှင့် ဝမ်မူချွမ်တို့ အကြီးအကျယ် တုန်လှုပ်သွားကြ၏။ အမှန်ပင်! ဤသည်မှာ အာဏာတည်ဆောက်ပုံကို ပြောင်းလဲရန် အကောင်းဆုံးအခွင့်အရေးဖြစ်သဖြင့် သူတို့ လက်လွတ်မခံသင့်ပေ။

လီကျန်ထောင်းမှ

"ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ”

ထိုသို့မေးပြီးမှ သူသည် ခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း ခေါင်းဆောင်ငယ် ရှန်မို့ကို အကြံတောင်းနေမိခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရယ်မောမိသည်။ သို့သော်လည်း နတ်ဆိုးဘုရင် (၂) ဦးနှင့် နတ်ဆိုးများသိန်းချီကို သုတ်သင်နိုင်ခဲ့သည့် ရှန်မို့၏ စွမ်းဆောင်ရည်မှာ အံ့မခန်းဖြစ်၍ အလေးမထားဘဲ မနေနိုင်တော့ပေ။

ရှန်မိုမှ

"သန့်စင်ခြင်းဂိုဏ်းနဲ့ တန်ဟီဂိုဏ်းတို့ ဂိတ်တံခါးတွေဆီကို သွားပြီး ကျန်တဲ့ ကျင့်ကြံသူတွေကို ကယ်ကြတာပေါ့”

လီကျန်ထောင်း သူ့ကိုကြည့်၍ စိုးရိမ်စွာဖြင့်

"မင်း နတ်ဆိုးဘုရင် (၂) ယောက်ကို သတ်လိုက်တာမှ မကြာသေးဘူး… ခန္ဓာကိုယ်က တောင့်ခံနိုင်ပါ့မလား"

ဝမ်မူချွမ်ကလည်း

"ဟုတ်တယ်… မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအား သုံးဖို့ရော ဘယ်လိုလဲ… ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် မလုပ်ပါနဲ့”

ရှန်မိုသည် သူတို့ထက် သာလွန်သော ခွန်အားရှိသော်လည်း နားချိန်လိုအပ်လိမ့်မည်ဟု ယူဆကြ၏။

ရှန်မို ပြုံး၍ ခေါင်းခါပြကာ

"ကိစ္စမရှိပါဘူး… နတ်ဆိုးတွေကို သတ်တာက စိတ်ဝိညာဉ်စွမ်းအား သိပ်မကုန်လိုက်ဘူး… အဲဒါက ကျင့်စဉ်တစ်ခုပဲ သုံးလိုက်ရုံပါပဲ"

သူသည် နတ်ဘုရားပြောင်းလဲအဆင့်သို့ အခုမှ တက်လှမ်းခဲ့ခြင်းဖြစ်ပြီး အောင်းရှန်နှင့် ယွမ်ခုန်းတို့မှာ နတ်ဆိုးဘုရင်အသစ်များ ဖြစ်ကြသဖြင့် သာမာန်ကြည့်လျှင် ကွာခြားချက်မရှိသယောင် ထင်ရသည်။ သို့သော် ရှန်မို၏ အဆင့်တက်မှုတိုင်းမှာ ပြီးပြည့်စုံသည့်အပြင် နတ်ဆင်မင်း ငရဲနှိမ်နင်းခြင်း ခွန်အားကို တတ်မြောက်ထား၍ သူ့သွေးစွမ်းအင်မှာ နတ်ဆိုးဘုရင်အဆင့်သို့ပင် နီးကပ်နေပြီဖြစ်၏။

သူ၏ စိတ်ဝိညာဉ်စွမ်းအား၊ သွေးစွမ်းအင်နှင့် ၅ ဆခန့် ပိုမိုပြင်းထန်စေသော မူလဝိညာဉ်တို့ ပေါင်းစပ်လိုက်လျှင် နတ်ဘုရားပြောင်းလဲအဆင့် အလယ်အလတ်ရှိသူများကိုပင် အလွယ်တကူ ချေမှုန်းနိုင်သည်။ ကုမင်ကဲ့သို့ ထိပ်တန်းနတ်ဆိုးဧကရာဇ်နှင့် မတွေ့မချင်း သူ အန္တရာယ်ကင်း၏။

"ဟုတ်ပါပြီ! မင်းပြောမှပဲ စိတ်အေးရတော့တယ်… ငါတို့နဲ့ အနီးဆုံးဖြစ်တဲ့ တန်ဟီဂိုဏ်းကို အရင်သွားတာပေါ့… သူတို့က ငါတို့နဲ့ ဆက်ဆံရေးသိပ်မဆိုးတော့ ညှိနှိုင်းလို့ အကောင်းဆုံးပဲ" လီကျန်ထောင်းမှ ပြောသည်။

"အခုပဲ သွားကြတာပေါ့ ခေါင်းဆောင်က ဂိုဏ်းကို စောင့်ရှောက်ပေးပါ… ကျွန်တော်ရယ်၊ အကြီးအကဲ (၂) နဲ့ အကြီးအကဲ (၁၀) တို့ တန်ဟီဂိုဏ်းကို သွားလိုက်မယ်" ရှန်မိုမှ ဆုံးဖြတ်လိုက်သည်။ ရှန်မို ယန်ချီယဲ့ကို မကြိုက်သော်လည်း သူသည် နတ်ဘုရားပြောင်းလဲအဆင့်ရှိသူဖြစ်သဖြင့် အသုံးဝင်နိုင်သည်။ အကယ်၍ ယန်ချီယဲ့သာ နောက်ကွယ်မှ ဒုက္ခပေးရန် ကြံစည်ဦးမည်ဆိုပါက ရှန်မိုကိုယ်တိုင် သူ့ကို ငရဲ ပို့ပေးရန် ဝန်လေးမည်မဟုတ်ပေ။

…

ခြောက်ရက်အကြာတွင် တန်ဟီဂိုဏ်း ဂိတ်တံခါးဝ၌—

အစဉ်အမြဲ ဆေးရနံ့များ သင်းပျံ့နေတတ်သည့် ဤရှေးဟောင်းဂိုဏ်းကြီးမှာ ယခုအခါ သွေးနှင့် မီးတောက်များကြားတွင် နစ်မြုပ်နေပြီဖြစ်သည်။ ကျင့်ကြံသူများ၏ အလောင်းများ နေရာအနှံ့ ပျံ့ကျဲနေသော်လည်း ကျန်ရစ်သူ တပည့်များမှာ အလောင်းသိမ်းရန်ပင် အချိန်မရှိဘဲ ဂိုဏ်းကို ကာကွယ်နေကြရသည်။

ဂိုဏ်းတံခါးဝအပြင်ဘက်တွင် သွေးစွန်းနေသော နတ်ဆိုးတပ်အလံများ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ သွေးစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ဧရာမလက်နက်ကြီးများသည် ဂိုဏ်း၏ အကာအကွယ်ပေါ်သို့ အဆက်မပြတ် ကျရောက်နေ၏။ နတ်ဆိုးတပ်များ အလှည့်ကျဖြင့် ငါးရက်တိုင်တိုင် မရပ်မနား တိုက်ခိုက်နေကြခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် တန်ဟီဂိုဏ်းမှာ အရင်းအမြစ် ကြွယ်ဝ၍ လွန်ခဲ့သောနှစ်များက ကောင်းကင်အဆင့်နိမ့်အကာအကွယ်ကို ဝယ်ယူတပ်ဆင်ထားခဲ့သည်။ ထို့အပြင် အကာအကွယ်အား ထိန်းသိမ်းရန် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများစွာလည်း ရှိနေသေးသည်။ မဟုတ်လျှင် ဤတိုက်ခိုက်မှုကို တောင့်ခံနိုင်မည်မဟုတ်ချေ။

ဂိုဏ်း၏ တောင်ထိပ်ပေါ်တွင် ဟိုင်ချန်းခွန်မှာ ချွေးပြန်လျက် ခုခံမှုကို ကွပ်ကဲနေ၏။ တန်ဟီဂိုဏ်းတွင် နတ်ဘုရားပြောင်းလဲအဆင့် အကြီးအကဲ ၁၀ ဦးရှိသော်လည်း နတ်ဆိုးတပ်များ လာနေကြောင်း ကြားသည်နှင့် ၅ ဦးမှာ ချက်ချင်း ထွက်ပြေးသွားကြသည်။ ကျန်ရှိနေသူများမှာလည်း ကြောက်ရွံ့နေကြပြီး အချိန်မရွေး ထွက်ပြေးရန် ချောင်းနေကြသူများသာဖြစ်၏။

ဟိုင်ချန်းခွန် အလွန်မျှော်လင့်ချက်ထားပြီး သမီးဖြစ်သူနှင့် လက်ထပ်ပေးရန် ကြံရွယ်ခဲ့သည့် ရှောင်ဖန်ပင်လျှင် အရိပ်အယောင်မျှမပြဘဲ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ရင်ကျိုးရလေသည်။ ကိုယ်ကျိုးရှာသမားများ ဝန်းရံနေသည့် ဂိုဏ်းမျိုးမှာ မည်သို့ တိုးတက်နိုင်တော့မည်နည်း။

ထိုစဉ် အပြင်ဘက်မှ ဗုံးကြဲတိုက်ခိုက်မှုများ ရုတ်တရက် ရပ်တန့်သွားသည်။ ဟိုင်ချန်းခွန် လှမ်းကြည့်လိုက်သောအခါ ကောင်းကင်တွင် နတ်ဆိုးဘုရင် (၂) ဦး ခြံရံလျက် ရှိနေသော ဧရာမဆင်နတ်ဆိုးကြီးတစ်ကောင်ကို တွေ့လိုက်ရသဖြင့် အလွန်ထိတ်လန့်သွားသည်။ ထိုဆင်နတ်ဆိုး ပေါ်လာသည်နှင့် နတ်ဆိုးတပ်များ စိတ်ဓာတ်တက်ကြွ၍ ဟိန်းဟောက်သံများ ကောင်းကင်ယံသို့ ပျံ့လွင့်သွား၏။

သူသည် မိစ္ဆာဧကရာဇ် ကုမင်၏ အချစ်ဆုံးသားတော် ရှေးဟောင်းဆင်မင်းသွေးပါရှိသည့် နတ်ဆိုးနယ်မြေ၏ အကြီးဆုံးမင်းသား ရှန့်ကျွယ်ပင်။

"တန်ဟီဂိုဏ်းက လူသားတွေ… ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်… အခုချက်ချင်း လက်နက်ချပြီး ထွက်လာခဲ့ကြ… ဒါဆိုရင် မင်းတို့ကို ငါ့ရဲ့ လူသားကျွန်တွေအဖြစ် အသက်ရှင်ခွင့်ပေးမယ်"

ရှန့်ကျွယ်၏ အသံမှာ သတ္ထုချင်း ထိခတ်သံကဲ့သို့ ကျင့်ကြံသူတိုင်း၏ နားထဲသို့ စူးဝင်သွားသည်။ တပည့်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း တံတွေးမြိုချမိကြ၏။ တန်ဟီဂိုဏ်းတွင် ဝိညာဉ်ကျောက်တုံးများ ရှိသော်လည်း အကာအကွယ်ကို ထာဝရ မထိန်းထားနိုင်သကဲ့သို့ အကြီးအကဲများမှာလည်း တိုက်လိုစိတ် မရှိကြချေ။

ထိုအတိုင်းဆက်သွားပါက အကာအကွယ် ပျက်စီးပြီး အစုလိုက်အပြုံလိုက် အသတ်ခံရမည့်အစား "လူသားကျွန်" အဖြစ် အရှက်တကွဲ အသက်ရှင်ရခြင်းက ပိုကောင်းမည်မဟုတ်ပါလားဟု အချို့က တွေးလာကြ၏။

All Chapters