ခရီးဝေးလာပြီးပြောတဲ့ ဟာသက ရယ်ရသားပဲ
Vol. 22 Ch. 321
ရှောင်ဖန် အံ့ဩသွား၏။
"ကျောက်စိမ်းဂိုဏ်းကလူတွေ ရူးသွားတာလား… ကိုယ့်ကိုယ်ကိုယ်တောင် မနည်းကာကွယ်နေရတဲ့ အခြေအနေမှာ တန်ဟီဂိုဏ်းကို လာကူညီတယ်ဆိုတာ ဖြစ်နိုင်လို့လား"
လာနေသူများသည် မည်သူမှန်း အသေအချာ မမြင်ရသေးသော်လည်း သူတို့ဆီက ထွက်ပေါ်နေသော အရှိန်အဝါများအရ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူများဖြစ်ကြောင်း သူ ခံစားမိနေသည်။
ရှေးဝိညာဉ်က မျက်မှောင်ကြုတ်၍
"ရှေ့ဆုံးက တစ်ယောက်... တစ်နေရာရာမှာ မြင်ဖူးသလိုပဲနော်"
ရှောင်ဖန်လည်း စွမ်းအင်ကို မျက်လုံးထဲသို့ ပို့လွှတ်ကာ သေချာကြည့်လိုက်မိသည်။ လူသုံးဦးမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် တန်ဟီဂိုဏ်း၏ ဂိတ်ဝသို့ နီးကပ်လာချေပြီ။
ယခုမှပင် ရှောင်ဖန် ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့၏။ ဘေးနှစ်ဖက်မှ လူကြီးနှစ်ဦးကို သူ မသိသော်လည်း အလယ်မှ လူကို မြင်လိုက်ရချိန်တွင်တော့ သူ့ တစ်ဘဝလုံး မေ့ဖျောက်၍မရနိုင်သော… သူ့ စိတ်ထဲတွင် အရိပ်မည်းကြီးတစ်ခုလို စွဲထင်နေသော ထိုမျက်နှာ... ထိုသူမှာ ရှန်မိုပင်။
"သူ... သူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရှောင်ဖန် အလိုအလျောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ ရှန်မို ပေးသော စိတ်ပိုင်းဆိုင်ရာ ဖိအားမှာ သူ့အတွက် အလွန်ကြီးမားလှ၏။
"သူ အရင်ကထက် အများကြီး ပိုသန်မာလာပြီ… မသိစိတ်က ထုတ်လွှတ်နေတဲ့ အရှိန်အဝါကတောင် အန္တရာယ်ရှိတယ်လို့ ခံစားမိစေတယ်"
ရှေးဝိညာဉ်မှ တိုးတိုးလေး ပြောလိုက်သည်။
ရှောင်ဖန်လည်း မျက်နှာ ပျက်သွား၏။
“ရှေးဝိညာဉ်... သူ နတ်ဘုရားပြောင်းလဲအဆင့်ကို ရောက်သွားပြီလား”
ရှေးဝိညာဉ် ခေါင်းခါလိုက်သည်။
"မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး… သူက အသက်ဘယ်လောက်ရှိသေးလို့လဲ… ငါတို့ အဂ္ဂိရက် (၉) သွယ်ဂိုဏ်းက ပါရမီအရှိဆုံး ခေါင်းဆောင်ငယ်တောင် အသက် ၄၀ ကျမှ အဲဒီအဆင့်ကို ရောက်တာ… ရှန်မို့မှာ အဲ့လောက် ဘာအရည်အချင်းရှိလို့လဲ”
ရှောင်ဖန် ငိုချင်သလို ရယ်ချင်သလို ဖြစ်နေသည်။
“ရှေးဝိညာဉ်... ဆရာပြောတော့ သူ့ကံတရားက ကျွန်တော့်ထက် နိမ့်တယ်ဆို… ဒါပေမဲ့ သူပဲ အခွင့်အရေးကောင်းတွေ အမြဲရနေပြီး အခုဆို သူ ဘယ်အချိန်လာသတ်မလဲလို့ ကြောက်ပြီး ခံစားနေရပြီ..."
…
ကောင်းကင်ယံထက်ရှိ ရှန်မို၏ အကြည့်မှာ တောအုပ်နက်ကြီးထဲသို့ ခဏမျှ ကျရောက်သွားသည်။ ထိုနေရာတွင် အရောင်ဖျော့နေသော ကျင့်ကြံသူတစ်ဦးကို မြင်လိုက်ရာ ကံကြမ္မာစနစ်အရ ရှောင်ဖန် ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
"စိတ်ဝင်စားစရာပဲ... သူက အန္တရာယ်ကို ကြိုသိပြီး ဂိုဏ်းကနေ အရင်ပြေးနှင့်တာပဲ"
ရှန်မို ခပ်ဖွဖွ ပြုံးလိုက်မိသည်။
ကံကြမ္မာရဲ့ သားတော်ပီပီ အန္တရာယ်ကိုတော့ ရှောင်နိုင်သားပဲ။
"ငါ အခု နတ်ဘုရားပြောင်းလဲအဆင့်ကို ရောက်ပြီဆိုတော့ ရှောင်ဖန်နဲ့ ယဲ့ယန်တို့လို ကံကြမ္မာရဲ့ သားတော်တွေကို သတ်ပြီး သူတို့ရဲ့ ကံတရားကို လုယူဖို့ အခွင့်အရေးရှိမလား စမ်းကြည့်ရမယ်"
ရှန်မို တွေးတောမိ၏။
ရှန်မိုတို့အဖွဲ့ ဂိုဏ်းဂိတ်ဝသို့ ရောက်လာချိန်တွင် ယန်ချီယဲ့မှာ ဧရာမ ဆင်နတ်ဆိုး ရှန့်ကျွယ်ကို မြင်ပြီး ကြောက်ရွံ့တုန်လှုပ်နေသည်။ ဝမ်မူချွမ်မှာလည်း တန်ဟီဂိုဏ်း၏ အကာအကွယ် ပျက်စီးသွားသည်ကို မြင်ကာ မှင်သက်နေမိ၏။
ထိုစဉ် ရှန့်ကျွယ် ရှန်မို့ကို သတိထားမိသွားပြီး လှမ်းကြည့်လိုက်သည်။ ရှန်မို၏ ဂုဏ်သတင်းမှာ နတ်ဆိုးလောကတစ်ခုလုံးတွင် နာမည်ကြီးနေပြီးသား ဖြစ်သည်။
"ရှန်မို... မင်းက တန်ဟီဂိုဏ်းကို ပြေးလာတာလား… အကူအညီ လာတောင်းတာဆိုရင်တော့ စိတ်ပျက်ရလိမ့်မယ်… အကူအညီရဖို့နေနေသာသာ မင်းပါ ဒီမှာ အသက်ပျောက်သွားမှာ"
ရှန့်ကျွယ် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ထိုစကားကြောင့် တန်ဟီဂိုဏ်းသားများ အံ့အားသင့်ကုန်၏။
"ရှန်မိုလား… ကျောက်စိမ်းဂိုဏ်းက ခေါင်းဆောင်ငယ်လား… သူ ဘာလို့ ဒီကို ရောက်နေတာလဲ"
ဟိုင်ချန်းခွန်လည်း အမြန်ပင် ကောင်းကင်သို့ ပျံတက်ကြည့်ရှုလေတော့သည်။
ရှန်မိုမှာတော့ သဘောကျစွာ ရယ်မော၍
"ရှန့်ကျွယ်... မင်းတို့ နတ်ဆိုးနယ်မြေရဲ့ အရှေ့ဘက်စစ်ကြောင်း ဘာဖြစ်သွားလဲဆိုတာ မင်း မသိသေးဘူးထင်တယ်"
ရှန်မိုသည် အရှေ့ပင်လယ်တွင် နတ်ဆိုးမင်းသား ယွမ်ခုန်းနှင့် အောင်းရှန်တို့ကို တစ်ချက်တည်းနှင့် အပြတ်ရှင်းခဲ့ရာ မည်သူမျှ သတင်းပို့ချိန်ပင် မရလိုက်ချေ။ ထို့ကြောင့် ရှန့်ကျွယ် ဘာမှမသိသေးခြင်း ဖြစ်သည်။
ရှန့်ကျွယ် မျက်မှောင်ကြုတ်လျက်
"နဂါးအိုကြီး နိုးလာပြီး ယွမ်ခုန်းတို့ကို သတ်လိုက်တာလား… မဖြစ်နိုင်တာ… သူ နိုးမလာလောက်ပါဘူး"
ရှန်မို အေးဆေးစွာပင်
"ဒါဆို ပြောပြမယ်... နတ်ဆိုးနယ်မြေရဲ့ မင်းသား (၄) ယွမ်ခုန်း၊ နဂါးနန်းတော်ရဲ့ မင်းသား (၂) အောင်းရှန်နဲ့ နတ်ဆိုးတပ် သိန်းနဲ့ချီကို ငါတို့ ကျောက်စိမ်းဂိုဏ်းက အပြတ်ရှင်းလိုက်ပြီ”
တစ်လောကလုံး တိတ်ဆိတ်သွား၏။
ခဏအကြာတွင်တော့ ရှန့်ကျွယ်နှင့် နတ်ဆိုးတပ်ကြီးမှာ တဟားဟားနှင့် လှောင်ပြောင်ရယ်မောကြတော့သည်။
"ရှန်မို... မင်း ကီလိုမီတာ ထောင်ချီ ခရီးနှင်လာပြီး ပြောတဲ့ ဒီဟာသက ရယ်ရသားပဲ”
ရှန့်ကျွယ် အားရပါးရ ရယ်မောရင်း ဆက်ပြော၏။
"ငါ မင်းရဲ့ ပါရမီကို နှမြောလို့ အခွင့်အရေးပေးလိုက်မယ်… မင်းသာ ငါ့ရဲ့ ကိုယ်ပိုင်ကျွန်အဖြစ် အမှုထမ်းမယ်ဆိုရင် ငါ မင်းကို အသက်ချမ်းသာခွင့်ပေးမယ်… ဘယ်လိုလဲ?"