ဂျူနီယာရှောင် မတွေ့တာ ကြာပြီနော်
Vol. 22 Ch. 323
ရှန်မို၏ စကားအဆုံးတွင် ရှန့်ကျွယ်သာမက ယန်ချီယဲ့၊ ဝမ်မူချွမ်နှင့် ဟိုင်ချန်းခွန်တို့ပါ အံ့အားသင့်ကာ မှင်သက်သွားကြသည်။
"ဘာ... ရှန်မို့မှာ ဒုတိယမြောက် အနန္တမီးတောက် ရှိနေတာလား"
ဤသည်မှာ မဖြစ်နိုင်ပေ။ အနန္တမီးတောက်ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ မြင့်မြတ်လှသော ရတနာများဖြစ်ပြီး အလွန်မာန်မာနကြီးကြသည်။ မီးတောက်များမှာလည်း တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတတ်သဖြင့် ပါရမီရှင်တစ်ယောက်လျှင် မီးတောက်တစ်မျိုးတည်းသာ ထိန်းချုပ်နိုင်စမြဲ ဖြစ်သည်။ အကယ်၍ မီးတောက် (၂) မျိုးကို အတင်းအဓမ္မ သိမ်းသွင်းရန် ကြိုးစားပါက ခန္ဓာကိုယ်သည် မီးတောက် (၂) ခု၏ အားပြိုင်မှုကြား၌ နောက်ဆုံးတွင် ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားစေမည် ဖြစ်သည်။
ရှန့်ကျွယ် ရှန်မို့မျက်လုံးထဲမှ တစ်ခုခုကို မြင်လို၍ စိုက်ကြည့်နေသော်လည်း ရှန်မို၏ မျက်ဝန်းများမှာ ကြည်လင်သော ရေပြင်ကဲ့သို့ အေးဆေးတည်ငြိမ်နေကာ ဘာကိုမျှ ခန့်မှန်း၍ မရနိုင်ချေ။
"ငါကိုယ်တိုင် ဒီမှာရှိနေသားပဲ… မင်းရဲ့ ဒုတိယမီးတောက် ထုတ်ပြတာကို စောင့်ကြည့်မယ်”
ရှန့်ကျွယ်က အံကြိတ်ရင်း ဟိန်းဟောက်လိုက်သည်။ "ဘယ်သူမှ မီးတောက် (၂) ခုကို မထိန်းချုပ်နိုင်ဘူးလို့ ယုံတယ်… ငါ့ခမည်းတော်တောင် တစ်မျိုးပဲ ထိန်းချုပ်နိုင်တာလေ"
ရှန်မို ပြုံးလိုက်ပြီး
"ပြောပြပေးလို့ ကျေးဇူးပဲနော်… ငါတို့ လူသားမျိုးနွယ်မှာ ကျေးဇူးရှိရင် တုံ့ပြန်တတ်တဲ့ အလေ့အထရှိတယ်… ဒါကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းကို သေတွင်းထဲ အေးအေးဆေးဆေး ပို့ပေးလိုက်မယ်"
ရှန်မိုက ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးပေါ်တွင် ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ကြာနီမီးတောက်ထက် သေးငယ်သော်လည်း အနှစ်သာရမှာ ပိုမိုမြင့်မြတ်ပြီး အစွမ်းထက်လှသည်။ မြေပြင်ပေါ်သို့ ဆင်းသက်လာသော နေမင်းကြီးအလား တောက်ပနေသဖြင့် မြင်သူတိုင်းကို ဒူးထောက်ကိုးကွယ်ချင်စိတ် ပေါက်သွားစေသည်။
၎င်းမှာ နေမင်းအဆီအနှစ်မီးတောက်ပင် ဖြစ်သည်။
ရှန်မို၏ စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင် ပေတစ်ထောင်အတွင်း လေပြင်းများ တိုက်ခတ်ကာ အပူရှိန်လည်း ရုတ်တရက် မြင့်တက်လာသည်။ ကောင်းကင်ယံတွင် အရောင်ပြောင်းသွားပြီး ပူပြင်းလှသော နေရောင်ခြည်မှာ သက်ရှိအားလုံးကို ပြာဖြစ်အောင် လောင်ကျွမ်းတော့မည့်အတိုင်း ကျရောက်လာ၏။
ရုတ်တရက် ကောင်းကင်တွင် ဧရာမ အလင်းလုံးကြီးတစ်ခု ပေါ်လာသည်။ ထိုအလင်းလုံးသည် ကောင်းကင်မှ ကြွေကျလာသော ဥက္ကာခဲကြီးတစ်ခုအလားပင်။ ရှန်မို့လက်ထဲမှ နေမင်းအဆီအနှစ်မီးတောက်သည် ကောင်းကင်သို့ ပျံတက်သွားပြီး ထိုဥက္ကာခဲကြီးနှင့် ပေါင်းစပ်သွားရာ ဥက္ကာခဲကြီးမှာ ပိုမိုကြီးမားလာပြီး အမျက်ထွက်နေသော ကောင်းကင်ဘုံမှ ပြစ်ဒဏ်ခတ်လိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
“နေမင်း (၉) နတ်ဇာမဏီကျင့်စဉ် စတုတ္ထမြောက်ကွက်- မီးတောက်ဥက္ကာခဲ”
ရှန့်ကျွယ် ထိတ်လန့်သွားပြီး သူ၏ သွေးစွမ်းအင်ကို အကုန်ထုတ်သုံးလိုက်သည်။ ထိုအခါ သွေးစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ပေတစ်ရာမြင့်သည့် ဆင်ဖြူတော်ကြီးနှင့် ရှေးဟောင်းငရဲပြည်၏ အရိပ်အယောင်များ ထွက်ပေါ်လာတော့၏။ သို့သော် ရှန်မို၏ မီးလျှံဥက္ကာခဲကြီးရှေ့တွင်တော့ အားလုံးမှာ ဖွတ်ဖွတ်ညက်ညက် ကြေမွသွားတော့သည်။
ဝုန်း!
ရှန့်ကျွယ်၏ ခန္ဓာကိုယ်မှာ မြေကြီးထဲသို့ ပြင်းထန်စွာ ရိုက်ချခြင်း ခံလိုက်ရပြီး ကျင်းနက်ကြီးတစ်ခုပင် ဖြစ်ပေါ်သွားသည်။ ထိုကျင်းအောက်ခြေတွင် မီးလောင်ကျွမ်းပြီး အသက်ငင်နေသော ရှန့်ကျွယ်၏ ခန္ဓာကိုယ် ရှိနေလေ၏။ နတ်ဆိုးဧကရာဇ်အဆင့် တစ်ဦး၏ ခန္ဓာကိုယ်မှာ အလွန်မာကျောလှသဖြင့် ဤမျှပြင်းထန်သော ဒဏ်ရာကို ရသော်လည်း ချက်ချင်းမသေဘဲ အသက်ငင်နေခြင်း ဖြစ်သည်။
ရှန်မိုမှ ကောင်းကင်ခြေလှမ်းကို သုံးကာ ရှန့်ကျွယ်၏ ရှေ့တွင် ရုတ်ချည်း ပေါ်လာသည်။
"မင်း... မင်း ငါ့ကို သတ်ရဲသတ်ကြည့်... ငါ့ခမည်းတော်က မင်းကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး..."
ရှန်မို အေးဆေးစွာပင်
"ငါ မင်းကို မသတ်လည်း မင်းအဖေက ငါ့ကို လွှတ်ထားမှာ မဟုတ်ဘူးလေ… ရှန့်ကျွယ်... မင်းရဲ့ ဦးနှောက်က ကုမင်ကို ဘယ်လိုမှ မမီဘူး… အဲဒါကြောင့်လည်း သူက ဧကရာဇ်တွေရဲ့ ဧကရာဇ် ဖြစ်လာပြီး မင်းကတော့ မင်းသားအဆင့်မှာပဲ ရပ်နေတာပေါ့”
ရှန်မို လက်ညှိုးညွှန်လိုက်ရာ ယင်ယန်ဓားကြီး ထွက်ပေါ်လာပြီး ရှန့်ကျွယ်၏ နှလုံးသားကို ထိုးစိုက်ကာ ဖောက်ထုတ်လိုက်၏။ ရှန်မိုတစ်ယောက် သူ၏ နတ်ဆင်ငရဲနှိမ်နင်းကျင့်စဉ်ကို အဆင့် မြှင့်တင်ရန်အတွက် ရှေးဟောင်းဆင်မျိုးနွယ် သွေးပါသည့် ရှန့်ကျွယ်၏ နှလုံးသားကို လိုအပ်နေခြင်း ဖြစ်သည်။
ရှန်မိုသည် ရှန့်ကျွယ်နှင့် ကျန်နတ်ဆိုးဘုရင်များ၏ အလောင်းများကို သိမ်းဆည်းလိုက်ပြီးနောက် ကောင်းကင်သို့ ပျံတက်ကာ ခေါင်းဆောင် ဟိုင်ချန်းခွန်အား ကျန်ရှိနေသော နတ်ဆိုးစစ်တပ်ကို ရှင်းလင်းပစ်ရန် အမိန့်ပေးလိုက်တော့၏။
…
တောအုပ်နက်ကြီးထဲတွင် ရှောင်ဖန်တစ်ယောက် သူမြင်တွေ့ခဲ့ရသမျှကို အံ့အားသင့်ကာ မှင်သက်နေရသည်။ ရှန်မိုက ဒုတိယမီးတောက်ကို ထိန်းချုပ်ထားနိုင်သည်သာမက နတ်ဆိုးမျိုးနွယ် အိမ်ရှေ့စံမင်းသား ရှန့်ကျွယ်ကိုပါ တစ်ချက်တည်းနှင့် အပြတ်ရှင်းလိုက်နိုင်သည့် အစွမ်းမှာ သူ့အတွက်တော့ လုံးဝ ယှဉ်ပြိုင်ရန် မဖြစ်နိုင်သော အရာပင်။
"သူ နတ်ဘုရားပြောင်းလဲအဆင့် ရောက်ရုံနဲ့ ဒီလောက်အစွမ်းထက်နေပြီလား… နောက်ပိုင်း အဆင့်ထပ်တက်လာရင် ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး”
ရှောင်ဖန်၏ စိတ်ထဲတွင် ရှန်မိုဆိုသည့် အရိပ်မည်းကြီးက အလုံးစုံ လွှမ်းမိုးသွားတော့သည်။
ထိုစဉ် ရှေးဝိညာဉ်မှ ထိတ်လန့်တကြား ထအော်လိုက်သည်။
"သူ ငါတို့ဆီ ပျံလာနေပြီ…အမြန်ပြေး!"
ရှောင်ဖန်သည် တုန်လှုပ်စွာဖြင့် အစွမ်းကုန် ထွက်ပြေးသော်လည်း ရှန်မို၏ အရှိန်ကို မယှဉ်နိုင်ချေ။ သူ သတိပြုမိလိုက်ချိန်တွင်တော့ ရှေ့ ပေတစ်ရာအကွာ၌ အစိမ်းရောင်ဝတ်စုံနှင့် ကျောပေးရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။
ရှန်မို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး ခပ်ဖွဖွ ပြုံးပြလိုက်သည်။
"ဂျူနီယာရှောင်... မတွေ့တာ ကြာပြီနော်"