ရှောင်ဖန် ငါ့အင်အားကို ယူလိုက်
Vol. 22 Ch. 324
ရှောင်ဖန်မှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေခြင်းကို မရပ်တန့်နိုင်တော့ပေ။
သူ့တွင် ယခင်ဘဝက နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတစ်ဦး၏ မှတ်ဉာဏ်များ ရှိနေသော်လည်း၊ ဖန်ထျန်းခန်းမ၏ ခန်းမသခင်အဖြစ် လေမုန်တိုင်းကိုပင် အမိန့်ပေးခဲ့ဖူးသည့် နေ့ရက်များကို ပြန်လည်အမှတ်ရနေသော်လည်း ရှန်မိုနှင့် ပြန်တွေ့ချိန်တွင်မူ အလိုအလျောက် ကြောက်ရွံ့မှုကို ခံစားနေရ၏။
ရှန်မိုမှာ သူ့နောက်သို့ တကောက်ကောက် လိုက်နေသည့် ကျိန်စာတစ်ခုကဲ့သို့ပင်။ သူ ဘယ်နေရာသို့ သွားသွား ရှန်မို အမြဲတမ်း ပေါ်လာတတ်ပြီး သူ့ထက် သာလွန်သည့် အောင်မြင်မှုများကို ရရှိနေမြဲဖြစ်သည်။ ယခုလည်း သူတို့ ထပ်မံဆုံတွေ့ကြပြန်ပြီ။ ဤတစ်ကြိမ်တွင်မူ ရှန်မို ပိုင်ဆိုင်ထားသည့် ခွန်အားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူနှင့် ရှန်မိုတို့ကြား ကွာဟချက်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်တော့ပေ။ ရှေးဝိညာဉ်၏အကူအညီပါလျှင်ပင် ဤတစ်ကြိမ်တွင်တော့ သူ လွတ်မြောက်နိုင်ပါ့မလားဟု စိုးရိမ်နေမိသည်။
ရှောင်ဖန်အားတင်း၍ ပြုံးလိုက်ရင်း
"ရှန်... စီနီယာအစ်ကို ရှန်… မတွေ့တာ ကြာပြီနော်"
ရှန်မိုလည်း ပြုံးလျက်
"ငါ ရှန်ကျန့်ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းကို သတ်ပြီးကတည်းက မင်းပျောက်သွားတာနော်… အဲဒီတုန်းက ချင်းရွှမ်ဂိုဏ်းကို စွန့်ခွာတဲ့သူတွေပဲ ထွက်ပြေးခဲ့ကြတာလေ… မင်းက ဘာလို့ ထွက်သွားရတာလဲ"
ရှောင်ဖန် မချိပြုံးဖြင့်
"စီနီယာအစ်ကို ရှန်... ကျွန်တော်က တာဝန်တစ်ခုနဲ့ အပြင်ထွက်နေခဲ့လို့ပါ… ဒါပေမဲ့ အင်အားကြီးနတ်ဆိုးတွေ လိုက်တိုက်ခိုက်တာ ခံရလို့ အသက်လုပြီး ပြေးခဲ့ရပါတယ်… စီနီယာ နားလည်ပေးနိုင်တယ်မလား”
သူ အမြန် လိမ်ညာပြောဆိုလိုက်သည်။
ရှန်မိုမှာ အားရပါးရ ရယ်မောရင်း
"နားလည်တာပေါ့… နားလည်တယ်… ဒါနဲ့ အခု မင်း ဘာလုပ်နေတာလဲ… ခေါင်းဆောင်ဟိုင်က သူ့သမီးကိုတောင် မင်းနဲ့ လက်ထပ်ပေးဖို့ ကတိပေးထားတယ်လို့ ကြားတယ်နော်… အနာဂတ်မှာ မင်းတို့က ဇနီးမောင်နှံ ဖြစ်လာကြမှာပဲ… နတ်ဆိုးတွေ တန်ဟီဂိုဏ်းကို တိုက်ခိုက်နေချိန် မင်း ဘာလို့ ဂိုဏ်းကနေ ထွက်ပြေးသွားတာလဲ"
ဤစကားကြောင့် ရှောင်ဖန်၏ အပြုံးမှာ ငိုမဲ့မဲ့ ဖြစ်သွားသည်။ ထိုဆင်ခြေကို သူ တစ်ခါ သုံးပြီးပြီဖြစ်သဖြင့် ထပ်သုံး၍ မရတော့ပေ။ ခဏအတွင်း ကောင်းမွန်သည့် ဆင်ခြေလည်း စဉ်းစားမရသဖြင့် သူ နှုတ်ဆိတ်သွားတော့၏။
…
ထိုစဉ် ဟိုင်ချန်းခွန်၊ ဝမ်မူချွမ်နှင့် ယန်ချီယဲ့တို့ ရှန်မို့ဆီသို့ ပျံသန်းရောက်ရှိလာကြသည်။ ဟိုင်ချန်းခွန်မှာ ဝမ်းသာအားရဖြင့် ရှန်မို့ကို ဦးညွှတ်နှုတ်ဆက်ကာ
"မိတ်ဆွေ ရှန်... တကယ် ကျေးဇူးတင်ပါတယ်… မင်း အချိန်မီရောက်လာပြီး ရှန့်ကျွယ်ကို မသတ်ပေးခဲ့ရင် ငါတို့ တန်ဟီဂိုဏ်းတော့ မြေလှန်ခံရမှာ သေချာတယ်… တန်ဟီဂိုဏ်းရဲ့ ကျင့်ကြံသူအားလုံးကိုယ်စား မင်းကို ကျေးဇူးတင်ပါတယ်”
သူ ပြောပြောဆိုဆိုနှင့် ဒူးထောက်၍ အကြီးအကျယ် ကျေးဇူးတင်စကား ပြောလေသည်။
ရှန်မိုမှာ ဟိုင်ချန်းခွန် ဤမျှအထိ ပြုမူလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အံ့သြသွားပြီး သူ့ကို အမြန်ထူပေးလိုက်၏။
“ခေါင်းဆောင်ဟိုင်... ဒီလောက်အထိ မလုပ်ပါနဲ့ဗျာ"
ဟိုင်ချန်းခွန် ကျေးဇူးတင်စွာဖြင့် ပြန်ထလာသည်။ ရှန်မို့ အစွမ်းမှာ ခေါင်းဆောင် (၃) ဦးလုံးထက် သာလွန်နေပြီ ဖြစ်သော်လည်း ယခင်အတိုင်း ရိုးသားယဉ်ကျေးနေဆဲဖြစ်သည်ကို မြင်ရသဖြင့် သူ ပို၍ပင် စိတ်လှုပ်ရှားသွားသည်။
“ခေါင်းဆောင်ဟိုင်... ဒီမှာ ခင်ဗျားတို့ ဂိုဏ်းက ကျင့်ကြံသူတစ်ယောက် ရှိနေတယ်"
ရှန်မို ရှောင်ဖန့်ကို လက်ညှိုးထိုးပြလိုက်သည်။
ထိုအခါမှ ဟိုင်ချန်းခွန်မှာ ဘေးတွင်ရှိနေသော ရှောင်ဖန်ကို သတိထားမိသွား၏။
သူ၏ နတ်ဘုရားပြောင်းလဲအဆင့် မျက်လုံးများဖြင့် ရှောင်ဖန်၏ ရုပ်ဖျက်မှုကို ချက်ချင်းပင် သတိထားမိသွားသည်။
"ရှောင်ဖန်… ငါ့သမီးကို မင်းနဲ့ လက်ထပ်ပေးမယ်လို့ ကတိပေးထားတာကို... ဂိုဏ်းက အကူအညီ လိုအပ်နေချိန်မှာ မင်းက ဘယ်ပျောက်နေတာလဲ”
ဟိုင်ချန်းခွန်း ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
ရှောင်ဖန် ဘာမှ ပြန်မပြောနိုင်တော့ပေ။ သူ၏ လုပ်ရပ်မှာ ဂိုဏ်းကို သစ္စာဖောက်ခြင်းဖြစ်ပြီး ယုကျောက်ရှိ ဂိုဏ်းသုံးဂိုဏ်းလုံးတွင် ထိုကဲ့သို့သော လုပ်ရပ်အတွက် ပြစ်ဒဏ်တစ်ခုသာ ရှိသည်။ ဤသည်မှာ သေဒဏ်ပင် ဖြစ်သည်။
“ရှေးဝိညာဉ်..."
ရှောင်ဖန်က ခပ်တိုးတိုး ခေါ်လိုက်သည်။
ရှေးဝိညာဉ်လည်း သက်ပြင်းချ၍
"ငါ့မှာ နောက်ဆုံး ဝှက်ဖဲတစ်ခု ကျန်သေးတယ်… ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင် အားလုံးကို သုံးပြီး ကိုးဘဝသံသရာ ကျင့်စဉ် သုံးမယ်… မင်းရဲ့ ဝိညာဉ်စလေးတစ်ခုကို ထိန်းသိမ်းပြီး ပြန်လည်မွေးဖွားနိုင်အောင် ကူညီပေးမယ်… ဒါပေမဲ့ ဒီကျင့်စဉ်က မပြည့်စုံသေးတော့ မင်း ဘယ်နေရာမှာ၊ ဘာအဖြစ်နဲ့ ပြန်မွေးဖွားမလဲဆိုတာတော့ ငါလည်း မသိဘူး"
ရှောင်ဖန်မှာ မျှော်လင့်ချက် ရောင်ခြည် သန်းသွားပြီး မျက်လုံးအရောင်လက်၍
"ဒါဆို ကျွန်တော့်ကို ကယ်နိုင်တာလား?"
"ဒီကျင့်စဉ်ကို သုံးပြီးရင် ငါ့ရဲ့ ဝိညာဉ်ထုက လုံးဝ ပျက်စီးသွားလိမ့်မယ်… အဂ္ဂိရက်(၉) သွယ်ဂိုဏ်းကို ပြန်လည် ထူထောင်ဖို့လည်း မင်းအပေါ်မှာပဲ မူတည်တော့တယ်… ငါ့ရဲ့ ဒီနေ့ စတေးမှုက အချည်းနှီး မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်ကွာ”
"စိတ်ချပါ ရှေးဝိညာဉ်… ကျွန်တော် ရှောင်ဖန်က ကတိတည်တဲ့သူပါ… ခင်ဗျားရဲ့ ကတိကို ဘယ်တော့မှ မမေ့ပါဘူး… အဂ္ဂိရက် (၉) သွယ်ဂိုဏ်းကို မဖြစ်မနေ ပြန်လည် ထူထောင်ပါ့မယ်ဗျာ”
…
ထိုစဉ် ရှန်မိုမှာ ရှောင်ဖန့်ကံကြမ္မာစနစ်အား ကြည့်လိုက်ရာ အောက်ပါအတိုင်း မြင်လိုက်ရသည်-
[လတ်တလော အခွင့်အရေး: ယနေ့တွင် ရှန်မိုနှင့် အခြားသူများ၏ ဝိုင်းဖမ်းခြင်း ခံရကာ ဟိုင်ချန်းခွန်အမျက်ဒေါသကို ခံရတော့မည်။ ရှေးဝိညာဉ်မှ သူ၏ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို သုံး၍ ကိုးဘဝသံသရာ ကျင့်စဉ်ကို သုံးကာ ရှောင်ဖန်၏ ဝိညာဉ်ကို ကယ်ထုတ်မည်။
တစ်နှစ်အကြာတွင် ရှောင်ဖန်သည် နတ်ဆိုးပင်လယ်တွင် နတ်ဆိုးတစ်ကောင်အဖြစ် ပြန်လည် မွေးဖွားလာမည်။
ရှန်မို ပြုံးလိုက်၏။
“နတ်ဆိုးအဖြစ် ပြန်မွေးဖွားမှာလား…”
ရှောင်ဖန် ထွက်ပြေးသွားလျှင်ပင် ကိစ္စမရှိပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ဖန် မသွားနိုင်တော့သည့် အခွင့်အရေးများစွာ ကျန်ရစ်ခဲ့မည် ဖြစ်၍ ထိုအခွင့်အရေးများကို ရှန်မိုမှပင် အလွယ်တကူ သိမ်းယူရန် ဆုံးဖြတ်လိုက်သည်။
ဟိုင်ချန်းခွန်မှ ရှောင်ဖန်ကို ဖမ်းရန် လက်လှမ်းလိုက်စဉ်
ဝုန်း!
ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်စွမ်းအင်များ ရှောင်ဖန်၏ ကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ ရှောင်ဖန်၏ နောက်တွင် ဒေါသထွက်နေသော အဘိုးအိုတစ်ဦး၏ ဝိညာဉ်ပုံရိပ်ကြီးလည်း ပေါ်လာ၏။
"ငါက အဂ္ဂိရက် (၉) သွယ် ဆေးပညာဂိုဏ်းရဲ့ အဆင့်မြင့် အကြီးအကဲပဲ… ရှောင်ဖန်က ငါ့ရဲ့ ဆက်ခံသူ… မင်းတို့ သူ့ကို သတ်လို့မရဘူး”
ရှေးဝိညာဉ်မှ ဟိန်းဟောက်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင် အားလုံးကို ပေါက်ကွဲစေကာ ကျင့်စဉ်ကို စသုံးလိုက်သည်။
ထိုအခါ ရှောင်ဖန်၏ နဖူးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် အရှေ့ဘက်ပင်လယ်ဆီသို့ ပျံသန်းထွက်ခွာသွားတော့သည်။ ထိုပုံရိပ်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားလေတော့၏။