အစွမ်းကုန် ခုခံကြတော့
Vol. 22 Ch. 326
မိုလင်းရှောင်း၏ မျက်ဝန်းများ ခပ်မှေးမှေးဖြစ်သွားပြီး မျက်မှောင်ကြုတ်လျက်
"မြန်မြန်... အမြန်ရှောင်ကြ!"
သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အဆင့်မြင့်ကျင့်ကြံသူများမှာ သတိပြုမိသဖြင့် ချက်ချင်းပင် ရှောင်တိမ်းနိုင်ခဲ့ကြသော်လည်း အောက်ခြေကျင့်ကြံသူများမှာမူ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။
သူတို့သည် ဧရာမပိုးကောင်ကြီး ရုတ်တရက် မြေပြင်သို့ ထိုးဆင်းလာသည်ကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေမိကြတော့သည်။
ဝုန်း!
မြေစာများနှင့် သစ်သားစများ လွင့်စင်သွားပြီး ကျောက်တုံးများမှာလည်း အမှုန့်ဖြစ်သွားသည်။ ကျင့်ကြံသူများ၏ ခြေလက်အင်္ဂါများနှင့် အလောင်းများမှာ နေရာအနှံ့ လွင့်စဉ်ထွက်ကုန်ပြီး ကြည့်ရသည်မှာ အလွန်ပင် စိတ်ပျက်ဖွယ်အတိ ဖြစ်နေ၏။ ထို့ထက်ပို၍ ဆိုးဝါးသည်မှာ သန့်စင်ခြင်းဂိုဏ်း၏ အားကိုးအားထားပြုရပါသည်ဆိုသော တတိယမြောက် မြေအဆင့် အကာအကွယ်ကြီးမှာ ထိုပိုးကောင်ကြီး၏ တိုက်ခိုက်မှုကို မတောင့်ခံနိုင်ဘဲ လုံးဝ အပိုင်းပိုင်းအစစ ကွဲကြေပျက်စီးသွားခြင်းပင် ဖြစ်လေသည်။
မိုလင်းရှောင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒါ ဘယ်လိုပိုးကောင်မျိုးလဲ… သူ့ရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ”
နောက်တစ်ခဏတွင် ထိုဧရာမသတ္တဝါကြီးမှာ နဂါးတစ်ကောင်ကဲ့သို့ တွန့်လိမ်လှုပ်ရှားလာသည်။
သူ၏ ဧရာမပါးစပ်ကြီးကို ဟလိုက်သောအခါ အတွင်း၌ စီတန်းနေသော ချွန်ထက်သည့် သွားများအား မြင်တွေ့ရသည်။
ထိုစဉ် ပြင်းထန်သော ဆွဲငင်အားတစ်ခုဖြစ်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးနှင့် ကျင့်ကြံသူများသည် ထိုပါးစပ်ကြီးထဲသို့ စုပ်ယူခြင်း ခံလိုက်ရပြီး ငိုယိုအော်ဟစ်သံများမှာလည်း ဆူညံသွားတော့သည်။
"သောက်ပိုးကောင်”
နတ်ဘုရားပြောင်းလဲအဆင့် အကြီးအကဲတစ်ဦးမှ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဧရာမ ရေခဲစူးကြီးတစ်ခုကို ပိုးကောင်၏ ပါးစပ်ထဲသို့ ပစ်လွှတ်လိုက်သည်။ သို့သော် ထိုရေခဲစူးမှာ ပင်လယ်ထဲသို့ ရွှံ့နွားတစ်ကောင် ဆင်းသွားသကဲ့သို့ပင် ဘာမှမထူးခြားဘဲ ပျောက်ကွယ်သွားလေ၏။ ပိုးကောင်ကြီးမှာ စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ဖြင့် တစ်ချက်တွန်မြည်လိုက်သောအခါ သူ့ မာကျောသော အရေခွံများကြားမှ ပျံနိုင်သော ပိုးကောင်များစွာ ထွက်ပေါ်လာသည်။
ထိုအကောင်များမှာ ဧရာမလောက်ကောင်ကြီးနှင့် ပုံစံဆင်တူသော်လည်း ပါးလွှာသော အတောင်ပံတစ်စုံ ပါရှိကြ၏။ ထိုပျံနိုင်သော ပိုးကောင်များသည် နတ်ဘုရားပြောင်းလဲအဆင့် အကြီးအကဲထံသို့ ဝိုင်းအုံသွားပြီး အသက်ရှူနှုန်း မြန်ဆန်စေသော စုပ်ယူအားများဖြင့် ထိုကျင့်ကြံသူ၏ သွေးနှင့် စွမ်းအားများကို စုပ်ယူပစ်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂုဏ်သိက္ခာကြီးမားလှသော နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတစ်ဦးမှာ အရိုးခြောက်ကဲ့သို့ ခြောက်ကပ်သွားပြီး မြေပြင်သို့ ဘုတ်ခနဲ လဲကျသွားလေတော့၏။
ဤမြင်ကွင်းကြောင့် သန့်စင်ခြင်းဂိုဏ်းနှင့် ရုံးတော်ဘက်မှ ကျင့်ကြံသူများမှာ အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ကျင်းမင်းသားပင် မျက်နှာပျက်သွားပြီး
"နတ်ဆိုးနယ်မြေမှာ ဒီလိုသတ္တဝါမျိုး ဘယ်တုန်းက ရှိနေတာလဲ”
သူ ရေရွတ်မိ၏။
ထိုစဉ် ဝူရန်ယင်၏ ဦးနှောက်ထဲတွင် သတင်းအချက်အလက်အချို့ လျှပ်စီးကဲ့သို့ လက်ခနဲ ပေါ်လာပြီး ထိတ်လန့်တကြား အော်ပြောလိုက်သည်။ "ဒါက ကောင်းကင်ပိုးနွယ်မယ်တော်ပဲ… ဒဏ္ဍာရီလာ ကြောက်စရာ သတ္တဝါကြီးပဲ”
ဝူရန်ယင်က ဆက်လက်ရှင်းပြသည်မှာ ထိုသတ္တဝါသည် ပထမဆုံး နတ်ဆိုးဧကရာဇ် ချင်းထိန် ချန်ထားခဲ့သော လက်နက်ဖြစ်၏။ ထိုဧကရာဇ်တွင် ထိုကဲ့သို့သော အသီးသုံးလုံးရှိခဲ့ပြီး အားလုံးကို အိပ်မွေ့ချထားခဲ့သည်။ ယခင်က ကျင်းနိုင်ငံတော် တည်ထောင်စ နတ်ဆိုးများကို တိုက်ထုတ်စဉ်က နတ်ဆိုးမျိုးနွယ်များမှာ အသီးနှစ်လုံးကို သုံးခဲ့ဖူးပြီး ကျင်းနိုင်ငံတော်၏ ကျင့်ကြံသူများကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးသည်။ သူတို့ နတ်ဆိုးဧကရာဇ် ကုမင်မှာ ထိုတတိယမြောက် အသီးကို နောက်ဆုံးဝှက်ဖဲအဖြစ် သိမ်းထားလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါမှ ပြတ်ပြတ်သားသား အသုံးချလိုက်ခြင်း ဖြစ်သည်။
ကျင်းမင်းသားသည် မျက်နှာဖြူလျော်သွား၏။ သူသည် လူထုယုံကြည်မှုရရန် လာခဲ့ခြင်းဖြစ်သော်လည်း ယခုမူ သူကိုယ်တိုင် အသက်ပင် ဆုံးရှုံးရမည့် အခြေအနေသို့ ရောက်နေပြီဖြစ်လေသည်။
"ကျင်းမင်းသား... အမြန်တိုက်ခိုက်တော့… ခင်ဗျားလိုချင်တာ အကုန်ပေးမယ်!"
မိုလင်းရှောင် လှမ်းအော်ဟစ်လိုက်သည်။
ကျင်းမင်းသားလည်း စိတ်ကို တည်ငြိမ်အောင်ထားပြီး "မိုးတိမ်သင်္ဘော ၁၀ စင်းလုံးကို အစွမ်းကုန် အားဖြည့်ပြီး အဲဒီ ကောင်းကင်ပိုးနွယ်မယ်တော်ကို ပစ်ကြစမ်း… သင်္ဘော ၁၀ စင်းရဲ့ စွမ်းအားကိုတော့ သူ မတောင့်ခံနိုင်လောက်ပါဘူး”
သူ အမိန့်ပေးလိုက်၏။
နေမင်းငယ် ၁၀ စင်းကဲ့သို့ တောက်ပသော စွမ်းအင်အလင်းတန်းများ မိုးတိမ်သင်္ဘောများ၏ ထိပ်ဖျားတွင် စုစည်းလာသည်။ ရွှေနဂါးသင်္ဘော၏ အလင်းတန်းမှာမူ လူ့လောက၏ နေမင်းအလား အတောက်ပဆုံး ဖြစ်နေသည်။
သို့သော် ကောင်းကင်ပိုးနွယ်မယ်တော်မှာ ထိုအန္တရာယ်ကို ကြိုတင်သိရှိသွားပုံရသည်။ သူ ဝါးမြိုနေခြင်းကို ရပ်တန့်လိုက်ပြီး ပါးစပ်ထဲတွင် တစ်စုံတစ်ခုကို စုစည်းလိုက်၏။ နောက်တစ်ခဏတွင် အနက်ရောင်သန်းသည့် အစိမ်းရောင် အဆိပ်ရည်များကို တဟုန်ထိုး ထွေးထုတ်လိုက်တော့သည်။
ဝေါ့!
ထိုအဆိပ်ရည်များမှာ မိုးသက်မုန်တိုင်းအလား မိုင်ပေါင်းရာချီသော ပတ်ဝန်းကျင်အထ် လွှမ်းမိုးသွားလေ၏။ အဆိပ်ရည် ထိမှန်သမျှ အရာအားလုံး ကျောက်တုံးများ၊ အဆောက်အဦများနှင့် သစ်ပင်ကြီးများမှာ တရှဲရှဲ မြည်ဟည်းကာ အရည်ပျော်ကျကုန်သည်။ လူသားကျင့်ကြံသူများမှာလည်း အဆိပ်ရည် ထိမှန်သည့်နေရာကို ဖြတ်တောက်ပစ်ချင်စိတ် ပေါက်လောက်အောင် နာကျင်စွာ အော်ဟစ်ရင်း အစုလိုက်အပြုံလိုက် သေဆုံးကုန်ကြ၏။
ထို့နောက် သူတို့၏ သွေးစွမ်းအင်များကိုပါ ပိုးကောင်ပျံများ ဆက်လက်စုပ်ယူနေကြသည်။
သို့သော် နတ်ဆိုးတပ်သားများလည်း မလွတ်ပေ။ အောက်ခြေနတ်ဆိုးစစ်သည်များမှာ အဆိပ်ရည်နှင့်ထိ၍ ချက်ချင်းပင် အရည်ပျော်သေဆုံးကုန်ပြီး နတ်ဆိုးဘုရင်အဆင့်သာ ထိုအဆိပ်ဒဏ်ကို အပြည့်အဝ ခုခံနိုင်ကြသည်။
အဆိပ်ရည်အများစုမှာ မိုးတိမ်သင်္ဘော ၁၀ စင်းပေါ်သို့ ကျရောက်သွား၏။ ထိုအခါ သင်္ဘောများ၏ အကာအကွယ်များလည်း ပထမလှိုင်းကို တောင့်ခံနိုင်သော်လည်း ဒုတိယလှိုင်းတွင်မူ အလင်းစများအဖြစ် ကွဲကြေသွားတော့သည်။ သင်္ဘောပေါ်ရှိ ကျင့်ကြံသူများမှာ အဆိပ်ရည်ဒဏ်ကို တိုက်ရိုက်ခံစားရပြီး နာကျင်စွာ သေဆုံးကုန်ကြပြန်၏။ မိုးတိမ်သင်္ဘောများ၏ ကိုယ်ထည်များမှာလည်း တိုက်စားခံရကာ တစ်စင်းပြီးတစ်စင်း မြေပြင်သို့ ထိုးစိုက်ပြုတ်ကျကုန်သည်။
နောက်ဆုံးတွင်မူ ပျက်စီးယိုယွင်းနေသော ရွှေနဂါး မိုးတိမ်သင်္ဘော တစ်စင်းသာ ကောင်းကင်ယံတွင် မတင်မကျ ကျန်ရစ်နေလေ၏။