တစ်ချက်တည်းဖြင့် တိုက်ခိုက်ခြင်း
Vol. 22 Ch. 327
ကျင်းမင်းသားမျက်နှာ အတော်လေး ပျက်ယွင်းသွားသည်။ သူ ယခု ဤခရီးကို လာခဲ့မိခြင်းအတွက် အကြီးအကျယ် နောင်တရနေမိ၏။ ရွှေနဂါး မိုးတိမ်သင်္ဘောကို မောင်းနှင်ပြီး ကမ္ဘာ့အဆုံးသတ်အထိ အမြန်ဆုံး ထွက်ပြေးချင်စိတ်သာ ရှိတော့လေသည်။ မြင့်မြတ်လှသော မင်းသားတစ်ပါးဖြစ်ပါလျက် နတ်ဆိုးမျိုးနွယ်များ လက်ထဲတွင် အသက်အဆုံးရှုံး မခံနိုင်ချေ။
"ငါ ဘာလုပ်ရမလဲ... လွတ်လမ်းမရှိတော့ဘူးလား… ဝူရန်ယင်… မင်းက ဒီကောင်ကြီးကို ကောင်းကင်ပိုးနွယ်မယ်တော်လို့ သိနေတာပဲ… သူ့ကို ဘယ်လိုနှိမ်နင်းရမလဲဆိုတာကိုရော မသိဘူးလား"
ကျင်းမင်းသား တုန်လှုပ်ချောက်ချားစွာ မေးလိုက်သည်။ စည်းစိမ်ကြားတွင် ချမ်းချမ်းသာသာ ပေါ့ပေါ့ပါးပါး ကြီးပြင်းလာသူပီပီ အသက်ဘေးနှင့် ကြုံရသောအခါ သူတစ်ယောက်တည်း အကြီးအကျယ် ပျာယာခတ်နေတော့၏။
ဝူရန်ယင် ခေါင်းယမ်းပြ၍
"နည်းလမ်းမရှိပါဘူး မင်းသား… ဒီသတ္တဝါက နိုးထလာပြီဆိုရင် ပတ်ဝန်းကျင်မှာ ရှိသမျှအရာအားလုံးကို ဝါးမြိုပြီး အကုန် သေဆုံးသွားတဲ့အထိ သောင်းကျန်းနေမှာပါ… နတ်ဆိုးတွေ ကိုယ်တိုင်တောင် သူ့ကို မထိန်းချုပ်နိုင်ပါဘူး"
သူ ခပ်လေးလေး ပြန်ဖြေလိုက်သည်။
…
မြေပြင်ပေါ်တွင် မိုလင်းရှောင်သည်လည်း အလားတူပင် မျှော်လင့်ချက် ကင်းမဲ့နေသည်။ သူ၏ သန့်စင်ခြင်းဂိုဏ်းတွင် အနှစ်နှစ်အလလ စုဆောင်းခဲ့သမျှ အရာအားလုံးသည် ဤလောက်ကောင်ကြီး၏ ရှေ့တွင် တို့ဟူးတုံးကဲ့သို့ အပိုင်းပိုင်းအစစ ပြိုကွဲတော့မည်ကို မြင်ရသည်မှာ ရင်နာစရာပင်။
"ငါတို့ သန့်စင်ခြင်းဂိုဏ်းတောင် ဒီလောက် အထိနာနေရင် တန်ဟီဂိုဏ်းနဲ့ ကျောက်စိမ်းဂိုဏ်းတို့ဆိုတာ ပြောနေစရာတောင် လိုမှာမဟုတ်ဘူး… ယုကျောက်ရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းက အချင်းချင်း အားပြိုင်နေခဲ့ကြပေမဲ့ အခုတော့ အကုန်လုံး ပျက်စီးရတော့မယ်... တကယ့် ဟာသပဲကွာ"
မိုလင်းရှောင်းတစ်ယောက် ကောင်းကင်ကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဆိုမိသည်။
သူ့ကိုယ်သူ ရှေ့ရေးကိုမတွေးဘဲ အမြင်မကျယ်မိသည့်အတွက်လည်း နောင်တရနေမိ၏။ နတ်ဆိုးဧကရာဇ် ကုမင်၏ အကွက်ကို မမြင်ခဲ့မိဘဲ ကျောက်စိမ်းဂိုဏ်းနှင့် အငြိုးအတေး ထားကာ ရန်လိုခဲ့မိသောကြောင့် ကိုယ့်ကိုယ်ကိုယ် နာကျည်းနေမိလေသည်။ အကယ်၍ နောက်တစ်ကြိမ် အခွင့်အရေးသာ ရခဲ့မည်ဆိုလျှင် အတိတ်က ရန်ငြိုးများကို စွန့်လွှတ်ကာ ဂိုဏ်းသုံးဂိုဏ်း စုစည်း၍ နတ်ဆိုးများကို အတူတူ တိုက်ထုတ်မည်ဟု တွေးတောနေမိ၏။
…
ထိုစဉ် ကောင်းကင်ယံ၌ အလင်းတန်းနှစ်ခု လျှပ်စီးကဲ့သို့ ပေါ်လာပြီး သန့်စင်ခြင်းဂိုဏ်း၏ ဂိတ်တံခါးဝသို့ ဦးတည်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူ၏ ဖိအားတစ်ခုမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသဖြင့် တိုက်ပွဲမှာ ခဏတာ ရပ်တန့်သွားလေ၏။
လူသားနှင့် နတ်ဆိုး နှစ်ဖက်စလုံးသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြရာ အပြာရောင်ဝတ်စုံနှင့် စူးရှသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရ၏။ ထိုသူကား အခြားသူမဟုတ်ဘဲ ကျောက်စိမ်းဂိုဏ်းမှ ခေါင်းဆောင်ငယ် ရှန်မိုပင် ဖြစ်သည်။
"သူ... သူက ဘာလို့ ဒီမှာရှိနေတာလဲ"
မိုလင်းရှောင် အတော်လေး စွံ့အသွားလေ၏။ ရှန်မို အသက်ရှင်နေဦးမည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ကျင်းမင်းသားနှင့် ဝူရန်ယင်တို့လည်း ထိုနည်းတူပင် အံ့သြနေကြသည်။
နတ်ဆိုးဘုရင် သုံးဦးမှာမူ ရှန်မို့ကို မြင်သောအခါ လှောင်ရယ်လိုက်ကြလေ၏။
“ရှန်မို… မင်းက ကျောက်စိမ်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်လား… မင်း ဒီအချိန်မှာ မင်းသား (၄) ရဲ့ တပ်ကို ခုခံနေရမှာ မဟုတ်ဘူးလား… အခုတော့ သေဘေးကနေ အတင်း ထွက်ပြေးလာပြီး ဒီမှာ လာအသေခံတာပေါ့လေ"
ထိုအချိန်တွင် ကောင်းကင်ပိုးနွယ်မယ်တော်သည် ပို၍ အရသာရှိသော အစာကို တွေ့သွားဟန်ဖြင့် ရှန်မို့ထံသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။ လမ်းတွင်ရှိသော နတ်ဆိုးတပ်သားများကိုပင် ဂရုမစိုက်ဘဲ နင်းခြေကာ သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ နတ်ဆိုးတပ်သားလေးများပင် ကြောက်လန့်တကြား ထွက်ပြေးကြရလေသည်။
ရှန်မိုမှာမူ တည်ငြိမ်စွာပင် သူ၏ ဝိညာဉ်နယ်ပယ်ကို အလွန်ကျယ်ပြန့်စွာ ဖြန့်ကျက်လိုက်သည်။ သို့သော် လောက်ကောင်ကြီးသည် အလွန်မြန်ဆန်လှသဖြင့် သူ၏ ဧရာမပါးစပ်ကြီးဖြင့် ရှန်မို့ကို တစ်လုတ်တည်း ဝါးမြိုလိုက်တော့၏။
"ရှန်မို... ရှန်မို သေသွားပြီလား"
ယန်ချီယဲ့ ထိတ်လန့်ကာ တုန်တုန်ရီရီ ရေရွတ်လိုက်သည်။ နတ်ဆိုးဘုရင်များမှာမူ အောင်ပွဲခံသည့်အလား တဟားဟား ရယ်မော ပျော်ရွှင်နေကြတော့၏။ မိုလင်းရှောင်းနှင့် ကျင်းမင်းသားတို့၏ မျှော်လင့်ချက်များလည်း တမဟုတ်ချင်း ပျောက်ဆုံးသွားရလေသည်။
သို့သော်…
ရှန်မို့ကို ဝါးမြိုပြီးနောက် လောက်ကောင်ကြီးမှာ နာကျင်စွာဖြင့် တွန့်လိမ်လာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အလင်းတန်းများ လည်း ပေါက်ကွဲထွက်လာပြီးနောက်—
ဝုန်း!
တောက်ပသော မီးတောက်ကြီးတစ်ခုသည် လောက်ကောင်ကြီး၏ ကျောကုန်းကို ဖောက်ထွက်ကာ ထွက်ပေါ်လာသည်။ အစိမ်းပုပ်ရောင် အဆိပ်ရည်များနှင့် အသားစများ ကောင်းကင်မှ မိုးရွာသကဲ့သို့ ကျဆင်းလာ၏။ ထိုအထဲမှ ရှန်မိုသည် နီရဲတောက်ပသော သံချပ်ကာ တစ်ဝက်တစ်ပျက်ကို ဝတ်ဆင်လျက် ထွက်ပေါ်လာသည်။ သူ၏ ဦးခေါင်း၊ ရင်ဘတ်နှင့် ညာဘက်လက်မောင်းတို့တွင် အနီရောင် မီးလျှံကဲ့သို့ ချပ်ဝတ်များဖြင့် ဖုံးလွှမ်းထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း နီရဲသော အလင်းတန်းများက ကာကွယ်ထားသည်။
"အပြင်ကနေ တိုက်ရင်တောင် နည်းနည်း ကြိုးစားရဦးမှာ… ဒါပေမဲ့ မင်းက ငါ့ကို ဝါးမြိုလိုက်တာက မင်းရဲ့ အကြီးမားဆုံး မဟာအမှားပဲ"
ရှန်မို၏ မျက်လုံးများတွင် အေးစက်သောအရောင် လက်သွားပြီး လောက်ကောင်ကြီး၏ ကိုယ်ပေါ်မှ သူဖောက်ထားသော ဒဏ်ရာကြီးထဲသို့ နောက်တစ်ကြိမ် တဟုန်ထိုး ပြန်လည် တိုးဝင်သွားပြန်သည်။
ဝုန်း! ဝုန်း! ဝုန်း!
မကြာမီ လောက်ကောင်ကြီး၏ ခန္ဓာကိုယ်အတွင်းမှ မီးတောက်များ အစီအရီ ပေါက်ကွဲထွက်လာပြီး ထိုဧရာမ သတ္တဝါကြီးမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားလေတော့သည်။