ဘာလို့ မင်းက ယုကျောက်မှာ မသေခဲ့တာလဲ
Vol. 22 Ch. 330
ကျောက်စိမ်းဂိုဏ်း၊ အကြီးအကဲခန်းမ။
ဂိုဏ်းချုပ် လီကျန်ထောင်းမှာ စားပွဲကြီး၏ အလယ်ထိပ်တွင် ထိုင်နေပြီး အကြီးအကဲချုပ်၊ အကြီးအကဲ (၃) နှင့် အကြီးအကဲ (၈) တို့သည်လည်း သူတို့၏ နေရာအသီးသီးတွင် ထိုင်နေကြသည်။ လီကျန်ထောင်းမှလွဲ၍ ကျန်အကြီးအကဲသုံးဦးမှာ ဒဏ်ရာကိုယ်စီဖြင့် ဖြစ်သော်လည်း သူတို့၏ စကားဝိုင်းမှာမူ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
"...ခေါင်းဆောင် ကျွန်တော် ဘယ်လိုပဲ စဉ်းစားစဉ်းစား အခုထိ မယုံနိုင်သေးဘူး… ခေါင်းဆောင်ငယ်က အခုမှ နတ်ဘုရားပြောင်းလဲအဆင့် တက်တာကို ဒီလောက်အထိ လွှမ်းမိုးနိုင်တဲ့ ခွန်အားတွေ ရှိနေတာပဲ… ခေါင်းဆောင် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြတဲ့အချိန် ကျွန်တော် အိမ်မက်မက်နေသလိုပဲ ခံစားနေရတယ်"
အကြီးအကဲ (၃) သက်ပြင်းချလျက် ပြောလိုက်သည်။
"မင်း တစ်ယောက်တည်း မဟုတ်ပါဘူး… ငါကိုယ်တိုင်လည်း အိမ်မက်မက်နေသလိုပါပဲ"
လီကျန်ထောင်းမှ ရယ်မောလိုက်ပြီး
"ယုကျောက်ပြည်နယ်တစ်ခုလုံးကို စုစည်းနိုင်တော့မယ့် အိမ်မက်လေ"
အကြီးအကဲချုပ်မှလည်း
"အခုအချိန်မှာတော့ ကျွန်တော်တို့ဂိုဏ်းက ယုကျောက်မှာ အင်အားအကြီးဆုံးဖြစ်နေပြီဆိုတာ ငြင်းစရာမလိုတော့ဘူး"
သူ ရယ်မောကာ ပြော၏။
အကြီးအကဲ (၈) မှလည်း ခေါင်းတဆတ်ဆတ် ငြိမ့်လျက်
"အကြီးအကဲ (၁၀) ဆီက သတင်းရသေးတယ်… တန်ဟီဂိုဏ်းမှာ ဟိုင်ချန်းခွန်နဲ့ နတ်ဘုရားပြောင်းလဲအဆင့် အကြီးအကဲ နှစ်ယောက်ပဲ ကျန်တော့တယ်တဲ့… အကြီးအကဲ (၂) ဆီက သတင်းအရလည်း သန့်စင်ခြင်းဂိုဏ်းမှာ မိုလင်းရှောင်နဲ့ နတ်ဘုရားပြောင်းလဲအဆင့် အကြီးအကဲ (၃) ယောက်ပဲ ကျန်တော့တယ် ပြောတယ်”
လီကျန်ထောင်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ "အဲဒီအချိန်မှာ ငါတို့ ကျောက်စိမ်းဂိုဏ်းကတော့ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူ ငါးယောက်တောင် ရှိနေသေးတာပဲ… အခုမှ အဆင့်တက်ပေမဲ့ ပြိုင်ဘက်ကင်းတဲ့ အင်အားကြီးတဲ့ ခေါင်းဆောင်ငယ် ရှိနေရုံတင်မကဘူး… ငါတို့ အစောင့်အရှောက်ရဲ့ ဝှက်ဖဲလည်း ရှိသေးတယ်”
အကြီးအကဲအားလုံးမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ ယုကျောက်၏ အဓိကဂိုဏ်းကြီး (၃) ဂိုဏ်းသည် နှစ်ပေါင်းများစွာကြာအောင် အချင်းချင်း အားပြိုင်ခဲ့ကြ၏။ တစ်ခါတစ်ရံ တိုက်ခိုက်လိုက်၊ တစ်ခါတစ်ရံ ပူးပေါင်းလိုက်နှင့် သံသရာလည်နေခဲ့သော်လည်း ယခုကဲ့သို့ အင်အားကွာခြားမှုမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။ ယခုအခါ နှစ်ပေါင်းတစ်ထောင်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယုကျောက်ဒေသကြီး တစ်သားတည်း ဖြစ်လာတော့မည်။ ထိုအရာအားလုံးသည် ရှန်မို့ကြောင့် ဖြစ်လာရသည်ဟု တညီတည်း တွေးနေမိကြ၏။
ထိုစဉ် ခန်းမအတွင်း၌ ခြေသံများ ပဲ့တင်ထပ်သွားပြီး ရှန်မိုတစ်ယောက် ယုံကြည်မှုအပြည့်ရှိသော ခြေလှမ်းများဖြင့် အခန်းထဲသို့ လျှောက်လှမ်းဝင်ရောက်လာသည်။
သူ ပြုံးလျက်
"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်"
သူ အကြီးအကဲများကို ကယ်တင်ပြီး ဂိုဏ်းသို့ ပြန်ရောက်လာပြီးနောက် သူ ရရှိခဲ့သော အကျိုးအမြတ်များကို ခဏတာ စစ်ဆေးနေခဲ့သဖြင့် အနည်းငယ် နောက်ကျသွားခြင်းဖြစ်လေသည်။ လီကျန်ထောင်းမှ
"ဘာမှ မဖြစ်ပါဘူးကွာ… မင်းကို စောင့်နေရတာက သဘာဝကျပါတယ်"
သူ အားရပါးရ ရယ်မောကာ ပြောလိုက်သည်။
"ဟုတ်တာပေါ့… မင်းက အလုပ်တွေအကုန် လုပ်ပေးခဲ့တာလေ… ငါတို့က ဘာမှတောင် လုပ်ရတာ မဟုတ်ပါဘူး”
အကြီးအကဲချုပ်မှ ရှန်မို့ကို အထင်ကြီးလေးစားစွာ ကြည့်ရင်း ပြော၏။
ရှန်မို ခေါင်းငြိမ့်ပြ၍
"ဒါဆိုရင် နောက်ထပ်လုပ်ရမယ့် အစီအစဉ်တွေကို ဆက်ဆွေးနွေးကြတာပေါ့… ကျွန်တော့်ကို အရမ်းစိတ်ထဲ မထားကြပါနဲ့… အားလုံး လွတ်လွတ်လပ်လပ် ဆွေးနွေးကြပါ"
ထိုသို့ပြော၍ နေရာတွင် ဝင်ထိုင်လိုက်သည်။
သူ အစက အစည်းအဝေးတက်ရန် အစီအစဉ် မရှိသော်လည်း ခေါင်းဆောင်မှ သူ့ကို လာစေချင်၍ ယခုလို လာထိုင်နေခြင်း ဖြစ်၏။
ရှန်မို့ဖြစ်တည်မှုမှာ လုံးဝ ပြောင်းလဲသွားလေပြီ။ ရှန်မိုသာ ခေါင်းဆောင်နေရာလိုချင်သည်ဆိုလျှင် လီကျန်ထောင်း မဆိုင်းမတွဖြင့် နေရာဖယ်ပေးမိလိမ့်မည်။
အကြီးအကဲများသည် ခပ်လောလောဖြင့် အရှိန်မြှင့်တင်ကာ အရေးကြီးကိစ္စများကို ဆွေးနွေးနေကြ၏။
စကားလုံးများ၊ အကြည့်များ၊ လက်ဟန်အမူအရာများမှာ မြန်ဆန်လွန်းလေသည်။
ထိုအချိန်တွင် ရှန်မိုမှာမူ သူရရှိထားသော ရတနာများကို စိတ်အာရုံဖြင့် ပြန်လည်စစ်ဆေးနေမိသည်။ သူ၏ သိုလှောင်လက်စွပ်အတွင်း၌ ရတနာများ တောင်လိုပုံနေလေပြီ။
နတ်ဆိုးဘုရင်များ၏ အလောင်းများမှာ စုစုပေါင်း အလောင်း ၁၀ လောင်းခန့် ရှိနေပြီဖြစ်သည်။ ထိုအရာများမှာ လက်နက်ကိရိယာများ သွန်းလုပ်ရန် သို့မဟုတ် ရုပ်သေးရုပ်များ ပြုလုပ်ရန် အဆင့်မြင့်ဆုံး ကုန်ကြမ်းများ ဖြစ်သည်။
ထို့နောက် နတ်ဆင်မင်း ငရဲနှိမ်နင်းခြင်း ကျင့်စဉ် စတုတ္ထမြောက် အလွှာကို ကျင့်ကြံနိုင်မည့် အပိုင်းအစကိုလည်း ရှာတွေ့ခဲ့သည်။
ရှေးဟောင်း ဆင်မင်းသွေးကိုတော့ နတ်ဆိုးမင်းသား ရှန့်ကျွယ်၏ ခန္ဓာကိုယ်ထဲမှ ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကို အသုံးပြု၍ သူတော်စင်ဘုရင်ခန္ဓာကိုယ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်မည်ဖြစ်သည်။
အခြားရှားပါး ရတနာများမှာတော့ သွေးနတ်ဘုရားပန်းပေါင်း (၃,၀၀၀) ကျော်၊ သွေးနတ်ဘုရားဝိုင် (၃) စည်နှင့် အဏ္ဏဝါရွှေ ပေါင် (၂,၀၀၀) ခန့်တို့ ဖြစ်သည်။
အထူး အခွင့်အရေးများမှာလည်း သေဆုံးသွားသူများ၏ မှတ်ဉာဏ်များမှတစ်ဆင့် နေရာအနှံ့တွင် ဝှက်ထားသော ရတနာသိုက် (၆) ခုအကြောင်း သူ သိရှိထားလေ၏။
ရှန်မိုသည် "ခြွေတာစုဆောင်းခြင်းသည် မင်္ဂလာတစ်ပါး" ဟု ခံယူထားသူပီပီ ထိုရတနာအားလုံးကို တစ်ခုချင်းစီ လိုက်လံသိမ်းဆည်းရန် ဆုံးဖြတ်ထားသည်။ လက်ရှိ သူ၏ ခွန်အားအရ ကုမင် သို့ ဓားသခင်ကဲ့သို့သော ရှေးဟောင်းပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင် ထွက်မလာသရွေ့ မည်သူမျှ တားနိုင်တော့မည် မဟုတ်ပေ။
"အရင်ဆုံး ရှေးဟောင်း ဆင်မင်းသွေးကို သန့်စင်ပြီး ဆင်အကောင်တစ်ရာ အင်အားကို နိုးထစေရမယ်"
သူ ဆုံးဖြတ်ချက်ချလိုက်ပြီး ခေါင်းဆောင်နှင့် အကြီးအကဲတို့ကို နှုတ်ဆက်ကာ လျှို့ဝှက်ကျင့်ကြံရန်အတွက် ဂိုဏ်းအပြင်ဘက်ရှိ ဂူအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ယုကျောက်ဒေသကြီးတွင် သွေးချောင်းစီးပြီး အလောင်းများ ပြန့်ကျဲနေသော်လည်း ကျင်းနိုင်ငံတော်၏ မြို့တော်မှာမူ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားနေဆဲဖြစ်သည်။ မိုင်ပေါင်း သန်းချီဝေးသော နတ်ဆိုးကျူးကျော်မှုမှာ မြို့တော်ရှိ မှူးမတ်များ၏ ကာမဂုဏ်ခံစားမှုကို မဟန့်တားနိုင်ချေ။
မြို့တော်၏ အလယ်ဗဟိုရှိ ခမ်းနားလှသော နန်းတော်ကြီး၏ အမြင့်ဆုံးနေရာတွင် လူနှစ်ဦး ရပ်နေကြသည်။ သူတို့နှစ်ဦးမှာ ပုံပန်းသဏ္ဍာန်ချင်း တူညီသော်လည်း ရှေ့မှရပ်နေသူမှာ လက်သည်း (၅) ချောင်း ရွှေနဂါးဝတ်စုံကို ဝတ်ဆင်ထားပြီး ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများ တောက်ပနေသည်။ နောက်မှ ရပ်နေသူမှာမူ ကျင်းမင်းသားဖြစ်ပြီး ခေါင်းကိုငုံ့ကာ မျက်နှာမပြရဲဘဲ ကြောက်ရွံ့နေ၏။
သူ၏ နောင်တော် ကျန်းဧကရာဇ် ဘာတွေးနေသည်ကိုလည်း သူ မသိပေ။
ဧကရာဇ် ပို၍ တည်ငြိမ်လေ၊ သူ၏ ဒေါသမှာ ပို၍ ကြီးမားလေဖြစ်ကြောင်း သူ သိနေသည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ကျန်းဧကရာဇ်မှ အေးစက်လှသော အသံဖြင့် စကားစလိုက်သည်။
"မင်းက ဘာဖြစ်လို့ ယုကျောက်ဒေသမှာ မသေခဲ့တာလဲ”
"မင်းသာ နိုင်ငံအတွက် အသက်ပေးခဲ့ရင် မင်းရဲ့ ဝိညာဉ်ကို ဘိုးဘေးစင်္ကြံမှာ ထားပေးပြီး ငါတို့ မျိုးရိုးစဉ်ဆက် ကြည်ညိုလေးစားအောင် လုပ်ပေးမှာပေါ့… အဲ့ဒါနဲ့များ... မင်းက ဘာလို့ အသက်ရှင်လျက် ပြန်လာခဲ့တာလဲ?"