← Chapters

အခန်း (၇၂)

Vol. 8 Ch. 72

အခန်း (၇၂)

Vol. 8 Ch. 72

လုရှောင်ချင်းသည် ကန်တင်းထဲ ဝင်လာပြီး ပတ်ပတ်လည် ကြည့်လိုက်ရာ နောက်ဆုံး၌ ဟူကျုံးမင်ကို တွေ့လိုက်ရကာ သူမ အမြန် လျှောက်သွားခဲ့သည်။ ယန်ကျွင်းက ဒါကို မြင်တော့ ဟူကျုံးမင်ကို တံတောင်ဆစ်နဲ့ တွန်းပြီး ပြောလိုက်သည်။"လုရှောင်ချင်း လာပြီ။”

ဒီတစ်ကြိမ်တော့ ဟူကျုံးမင် ရှောင်လို့ မရတော့ချေ။ လုရှောင်ချင်း သူ့ဘေးနား ထိုင်လိုက်သည်နှင့် သူက သူမ၏ မေးခွန်းထုတ်မှုကို ပိတ်ဆို့လိုက်သည်။ "ဒီရက်ပိုင်း ငါ့အမေ နေမကောင်းဖြစ်နေတယ်။ ငါလည်း စက်ရုံမှာ မရှိခဲ့ဘူး။ ဒီနေ့မှ ရောက်တာ။”

လုရှောင်ချင်း သံသယဖြင့် သူ့ကို ကြည့်လိုက်သည်။ "တကယ်လား။”

အနီးနားမှာ ထိုင်နေသည့် ယန်ကျွင်းနှင့် ဖုန့်ယန်က ခေါင်းညိတ်ပြီး သဘောတူလိုက်ကြသည်။ "ကျွန်တော်တို့ ညီအစ်ကိုကျုံးမင်အတွက် အာမခံနိုင်တယ်။ သူ တကယ်ပဲ ဒီရက်ပိုင်း မရှိခဲ့တာပါ။ ဒီနေ့ နေ့လယ်မှ ပြန်လာတာ။”

လုရှောင်ချင်း၏ ရင်ထဲ၌ နောက်ဆုံးတော့ အခြေကျသွားသည်။ "အခု အဒေါ် ဘယ်လိုနေလဲ "

ဟူကျုံးမင်က ပြောလိုက်သည်။ "ကောင်းလာပါပြီ၊ ဒါပေမဲ့ စိတ်ဖိစီးမှု မခံနိုင်သေးဘူး"

သူသည် လုရှောင်ချင်းရဲ့ လက်ကို ကိုင်လိုက်သည်။ "ငါ့အမေ နေကောင်းလာတာနဲ့ သူတို့နဲ့ တွေ့ဖို့ မင်းကို ခေါ်သွားမယ်။”

လုရှောင်ချင်း နောက်ဆုံးတော့ ပြုံးလိုက်သည်။ "ရှင် ကျွန်မကို လိမ်လို့ မရတော့ဘူးနော်။"

ဟူကျုံးမင်ကြောင့် စိတ်ချလက်ချ ဖြစ်သွားသော လုရှောင်ချင်းသည် သူမ ပန်းထိုးဆိုင်မှာ တွေ့ကြုံခဲ့ရသည့် ပြဿနာများကို သူ့ကို စတင် တိုင်ကြားတော့သည်။ ဟူကျုံးမင်က စားပွဲအနည်းငယ် ကွာဝေးသည့် နေရာမှာ ကျောပေး ထိုင်နေသည့် ကျန်းနျန်ကို ကြည့်လိုက်၏။ သူမ၏ သွယ်လျသော ပုံပန်းသဏ္ဌာန်က ဝါဂွမ်းအင်္ကျီနဲ့တောင် ထင်ရှားနေလေသည်။

သူမကို ကြည့်ရင်း ဟူကျုံးမင်၏ မျက်လုံးတွေ ပူနွေးလာသည်။ ကျန်းနျန်နှင့် နှိုင်းယှဉ်လျှင် လုရှောင်ချင်းက အများကြီး နိမ့်ကျနေ၏။

သို့သော် ကျန်းနျန် ဘေးမှာ အဲဒီလူကြီး ရှိနေပြီး သူ့ကို လိုက်ပါက ပြဿနာဖြစ်လာမှာကို သူ ကြောက်နေခဲ့သည်။

ကျန်းနျန်နှင့် ကျန်းရှောင် ထမင်းစားပြီး ထွက်သွားတာကို မြင်တော့ ဟူကျုံးမင် သူ့အကြည့်ကို လုရှောင်ချင်းဆီ ပြန်လှည့်ကာ ပြောလိုက်သည်။ "မနက်ဖြန် ယန်ကျွင်းရဲ့ မွေးနေ့။ မနက်ဖြန်ည နိုင်ငံပိုင် စားသောက်ဆိုင်မှာ ညစာစားကြမယ်။ ကျန်းရှောင်နဲ့ ကျန်းနျန်ကိုပါ ခေါ်ခဲ့ပြီး ငါတို့ ညီအစ်ကိုတွေနဲ့ မိတ်ဆက်ပေးလိုက်။ မင်း သူတို့ကို ခေါ်လာနိုင်ပြီး ငါတို့ ညီအစ်ကိုတွေနဲ့ အဆင်ပြေအောင် ကူညီပေးနိုင်ရင် ငါတို့ ဆက်ဆံရေးလဲ ပိုမြန်မြန် တိုးတက်လာမှာ။”

ယန်ကျွင်းက အစပိုင်းမှာ သူ မွေးနေ့ ဘယ်တော့မှ မကျင်းပဖူးတာမို့ နားမလည်ဖြစ်ခဲ့သော်လည်း နောက်မှ ဟူကျုံးမင်၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး လုရှောင်ချင်းအား ပြောလိုက်သည်။ "အစ်မလု၊ မနက်ဖြန် သူတို့ကို ခေါ်ခဲ့ပါဦး၊ ငါတို့ တွေ့ရအောင်။”

လုရှောင်ချင်းက ဟူကျုံးမင်၏ ဆက်ဆံရေးကို ရှေ့ဆက်မည့် ကတိကြောင့် စိတ်ရှုပ်ထွေးနေသည့်အတွက် သိပ်မစဉ်းစားဘဲ သဘောတူလိုက်၏။

အဲဒီညနေ အဆောင်ကို ပြန်ရောက်တော့ လုရှောင်ချင်းက ရုတ်တရက် ကျန်းရှောင်နှင့် ကျန်းနျန်ကို အရမ်း ဂရုတစိုက် ဖြစ်လာသည်။

သူတို့ မကြာသေးခင်က ရန်ဖြစ်ခဲ့ကြပြီး အပေါ်ယံ ငြိမ်းချမ်းရေးသာ ရှိနေသေးတာမို့ ကျန်းရှောင် စိတ်မသက်မသာ ခံစားလိုက်ရသည်။ လုရှောင်ချင်း၏ ရုတ်တရက် ဂရုတစိုက်ဖြစ်မှုက ကျန်းရှောင်နှင့် ကျန်းနျန်တို့ နှစ်ယောက်စလုံးကို သံသယ ဖြစ်စေခဲ့သည်။

ညဘက်မှာတော့ ကျန်းနျန်၏ အိပ်စက်ပုံက တစ်ဖန် အစွန်းရောက်နေပြန်သည်။

ကျန်းရှောင်းလည်း လှည့်လိုက်ရာ သူတို့ တစ်ယောက်ကိုတစ်ယောက် ဖက်ထားမိကြသည်။ အသက်ကြီးတဲ့ ကျိုက်ဖေးဖေး ညဘက် ထလာရာ သူတို့ နှစ်ယောက်က စောင်တစ်ထည်တည်း မျှခြုံထားပြီး နောက်စောင်တစ်ထည်က ကုတင်အောက်ခြေကို ရောက်နေသည်အား တွေ့လိုက်ရသည်။

ကျိုက်ဖေးဖေး - ....

အရင်က ကျန်းရှောင် အိပ်တာ ကောင်းသော်လည်း ကျန်းနျန် ရောက်လာကတည်းက သူတို့ နှစ်ယောက် အတူတူ ဖြစ်သွားပုံရသည်။

တကယ်ပဲ၊ အပေါင်းအသင်းကို ကြည့်ပြီး သင်ယူရတာပါပဲ။

ကျိုက်ဖေးဖေး သူတို့နှစ်ယောက်ကို စောင်ဆွဲခြုံပေးရန် ကြိုးစားသော်လည်း မရသည့်အတွက် သူမ သူတို့ရဲ့ ကုတင်အောက်ခြေကို တက်ပြီး စောင်ကို မကာ သူတို့ကို ခြုံပေးလိုက်သည်။ စောင်မှ လေပြေက ကျန်းနျန်၏ မျက်နှာကို တိုက်ခတ်ရာ သူမ မျက်လုံး မှိတ်လိုက်ပြီး သူမအပေါ်မှာ အရိပ်မည်းတစ်ခု မြင်လိုက်ရသည်နှင့် အော်ဟစ်ပြီး စောင်ဖြင့် သူမ၏ ခေါင်းကို ဖုံးထားလိုက်တော့သည်။

ကျိုက်ဖေးဖေး - ...

နိုးလာသော လုရှောင်ချင်း - ...

အိပ်ပျော်နေသော ကျန်းရှောင်ကမူ အသံတိုးတိုးနှင့် "ဘာဖြစ်တာလဲ။" ဟု မေးလိုက်သည်။

ကျန်းနျန်၏ တုန်ယင်နေသော အသံက စောင်အောက်ကနေ ထွက်လာ၏။ "ငါ့ ခေါင်းပေါ်မှာ အရိပ်တစ်ခု ရှိတယ်။”

ကျိုက်ဖေးဖေး - ...

သူမ စိတ်တိုတိုနဲ့ "အဲဒါ ငါ!" ဟု ပြောလိုက်သည်။

ကျန်းရှောင် မော့ကြည့်လိုက်ရာ ကျိုက်ဖေးဖေးကို တွေ့လိုက်ရ၏။ "အာ၊ အစ်မကျိုက်၊ ဒီမှာ ဘာလုပ်နေတာလဲ။

ကျိုက်ဖေးဖေး စိတ်ရှုပ်ထွေးစွာနဲ့ ပြောလိုက်သည်။ "နင်တို့ နှစ်ယောက် စောင် ကန်ချထားတာလေ။ ငါ ခြုံပေးတာကို ကျန်းနျန်က အော်ဟစ်ပြီး ငါ့ကို လန့်သွားအောင် လုပ်တယ်"

ကျန်းနျန် စောင်အောက်ကနေ ချောင်းကြည့်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်၏။ "တောင်းပန်ပါတယ် အစ်မကျိုက်၊ ကျွန်မ အိပ်ချင်မူးတူးနဲ့ သေချာ မမြင်လိုက်ဘူး။”

ကျိုက်ဖေးဖေး ဒေါသ ဆက်ထွက်နေရမလား မသိတော့တာကြောင့် သူမ ညည်းသံပြုကာ ကုတင်ဆီ ပြန်သွားလိုက်တော့သည်။

ကျန်းနျန် အော်ဟစ်ပြီးနောက် သူတို့လေးယောက် အတော်နှင့် အိပ်မပျော်ခဲ့ကြပေ။ နောက်တစ်နေ့ မနက်မှာ ကျန်းနျန်သည် အလုပ်ကို အပြီးသတ်နိုင်ရန် စောစောထခဲ့သည်။ ထို့နောက် ကျန်းရှောင်အား သူမအတွက် အစားအသောက် ယူလာပေးရန် တောင်းဆိုခဲ့၏။ သူမသည် ဤနေရာတွင် တစ်လကျော် နေထိုင်ခဲ့ရပြီး မကောင်းဟု ပြောမရသော်လည်း၊ မိသားစုတိုက်ခန်းက ပိုကောင်းသည်မှာ ရှင်းနေ၏။

သူမအတွက် အိမ်ဝင်းလေးတစ်ဝင်း၊ အခန်းတစ်ခန်းနှင့် ကိုယ်တိုင် ချက်ပြုတ်နိုင်ခြင်းက အများကြီး ပိုကောင်းသည်။ ကန်တင်းမှ အစားအသောက်များသည် သူမအတွက် အရသာမရှိတော့ဘဲ မိသားစုတိုက်ခန်းကို ပြန်ပြီး စနစ်တကျ ချက်ပြုတ်စားသောက်ချင်နေပြီ။

ညနေပိုင်း အလုပ်ပြီးသွားသောအခါ ကျန်းရှောင်က အလူမီနီယမ် ထမင်းဘူးနှင့်အတူ ရောက်လာပြီး မေးလိုက်သည်။ "အစ်မကျန်း၊ ကန်တင်းကို အတူတူ သွားကြမလား၊ ဒါမှမဟုတ် ကျွန်မ ယူလာပေးရမလား"

ကျန်းနျန် မဖြေမီ လုရှောင်ချင်းက ဝင်ပြောလိုက်သည်။ "ဘာ အစားအသောက်လဲ။ နိုင်ငံပိုင် စားသောက်ဆိုင်ကို သွားကြစို့။ အဲဒီက အစားအသောက်တွေက ကန်တင်းထက် အများကြီး ပိုကောင်းတယ်၊ အသားလဲ ရနိုင်တယ်။”

ကျန်းရှောင် စဉ်းစားမိသည်။ 'လုရှောင်ချင်း ဘယ်က ပိုက်ဆံရပြီး နိုင်ငံပိုင် စားသောက်ဆိုင်မှာ လိုက်ကျွေးတာလဲ၊ ဘာလို့ ရုတ်တရက် ဒီလောက် ရက်ရောလာတာလဲ။'

မနေ့ညကတည်းက လုရှောင်ချင်း အလွန်အကျွံ ဂရုတစိုက် ပြသလာကတည်းက ကျန်းနျန် တစ်ခုခု မမှန်ဘူးဟု ခံစားနေရသည်။ အခု လုရှောင်ချင်းက ညစာစားရန် နိုင်ငံပိုင် စားသောက်ဆိုင်သို့ သွားရန် အကြံပြုလာသောအခါ ကျန်းနျန်၏ သံသယမှာ ချက်ချင်းဆိုသလို အမြင့်ဆုံးသို့ ရောက်သွားသည်။ လုရှောင်ချင်း မကြာခဏ ပေါင်းသင်းလေ့ရှိသည့် အဖော်များဖြစ်သော ဟူကျုံးမင်၊ ယန်ကျွင်း၊ ဖုန့်ရန်တို့ကို စဉ်းစားလိုက်သောအခါ ပြဿနာတစ်ခု ရှိနေပြီဟု သူမ ခံစားမိ၏။

လုရှောင်ချင်းက ကျန်းနျန်၏ လက်မောင်းကို ဆွဲလိုက်သည်။ "ပန်းထိုးတာ ရပ်ပြီး သွားကြစို့။”

ကျန်းနျန်သည် လုရှောင်ချင်း၏ ဆုပ်ကိုင်မှုမှ ရုန်းထွက်လိုက်ပြီး သူမ၏ လေသံက ရုတ်တရက် ဝေးကွာ၍ အေးစက်သွားသည်။

"နင် သွားချင်ရင် သွားလေ။ ငါ့မှာ အချိန်မီ အပ်ရမဲ့ အလုပ် ရှိသေးတယ်။ ပန်းထိုးတာ အချိန်မီ မပြီးရင် ငါ တာဝန်မယူနိုင်ဘူး။”

ကျန်းနျန်၏ ငြင်းဆန်မှုကို မြင်သောအခါ ကျန်းရှောင်က ဝင်ထောက်ခံခဲ့သည်။ "ဟုတ်တယ်၊ အချိန်က အရမ်း အရေးကြီးတယ်။ ငါ အစ်မကျန်းအတွက် ညစာ သွားယူပေးမယ်"

ထိုသို့ဆိုကာ ကျန်းရှောင်က ထွက်သွားခဲ့သည်။

လုရှောင်ချင်း ကျန်းနျန်ကို ထပ်ဆွဲရန် ကြိုးစားခဲ့သော်လည်း ကျန်းနျန်က သူမအား ရှောင်ပြီး မကျေမနပ်ဖြင့် ကြည့်လိုက်သည်။ "ငါ မသွားဘူးလို့ ပြောပြီးပြီ။ ငါ့ကို အတင်းအကျပ် လာမလုပ်နဲ့။”

လုရှောင်ချင်းသာ ဆက်ပြီး ဖိအားပေးနေပါက ကျန်းနျန် တကယ်ပင် စိတ်မရှည်တော့မည်ကို ပြသနေ၏။

ကျန်းနျန်က နှစ်ကြိမ်ဆက်တိုက် ငြင်းပယ်လိုက်သောကြောင့် လုရှောင်ချင်း ရှက်ရွံ့ပြီး ဒေါသထွက်သွားသည်။ ဟူကျုံးမင်က သူမကို ကူညီမည်ဟု ကတိပေးထားသည်။ သူမ ကျန်းနျန်နှင့် ကျန်းရှောင်ကို ခေါ်လာနိုင်ပါက သူ့မိဘများနှင့် ပိုမြန်မြန် မိတ်ဆက်ပေးနိုင်မည်ပင်။ လုရှောင်ချင်းသည် အိမ်ထောင်မြန်မြန်ပြုပြီး မြို့ခံအဖြစ် နေထိုင်ခွင့်ရရန် ဤအခွင့်အရေးကို အားကိုးနေခဲ့ခြင်း ဖြစ်သည်။

အခုတော့ ကျန်းနျန်က သူမ မြို့ခံနေထိုင်ခွင့် ရရှိရန် အကြီးမားဆုံး အတားအဆီး ဖြစ်နေပါပြီ။

ကျိုက်ဖေးဖေး ချည်မျှင်များကို စုစည်းရန် မတ်တပ်ရပ်ပြီး လုရှောင်ချင်းအား အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ကျန်းနျန်က မသွားဘူးလို့ ပြောနေတာကို နင် ဘာလို့ ဆက်ပြီး အတင်းအကျပ် လုပ်နေတာလဲ။ နင် တစ်ခုခု မရိုးသားတာကို ဖုံးကွယ်ထားပြန်ပြီလား။”

လုရှောင်ချင်းသည် ကျိုက်ဖေးဖေးက ဤသို့ တည့်တည့် ပြောလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူမ ဘာမှ ဝန်ခံခြင်း မရှိပါ။ အဲဒီအစား သူမက ကျန်းနျန်အား မကျေမနပ် အကြည့်ဖြင့် ကြည့်ပြီး "နင် ကောင်းတာကို မသိဘူး" ဟု ပြောကာ ထွက်သွားတော့သည်။

ကျန်းနျန် - ..

ဒီမိန်းမက ရူးနေပြီ။

တကယ်ကိုပဲ။

လုရှောင်ချင်း ထွက်သွားပြီးနောက် ကျိုက်ဖေးဖေးက ပြောခဲ့သည်။ "သူမနဲ့ မလိုက်သွားတာ နင် တော်တယ်"

.

ကျန်းနျန် ကျိုက်ဖေးဖေးကို ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။ "အဲဒါကို အစ်မကျိုက်ဆီက ချီးကျူးစကားအဖြစ် လက်ခံလိုက်ပါ့မယ်။”

ကျိုက်ဖေးဖေးကမူ ခဏရပ်သွားပြီးနောက် ပထမဆုံးအကြိမ် ကျယ်လောင်စွာ ရယ်မောပြီး သူမကို သတိပေးလာ၏။ "အပြင်မှာ သတိထားအုံး။ လုရှောင်ချင်း ပတ်ဝန်းကျင်မှာ ကောင်းတဲ့လူ သိပ်မရှိဘူး။ ဝေးဝေးနေ။”

ကျန်းနျန် ခေါင်းညိတ်လိုက်၏။ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မကျိုက်။”

ထိုသို့ပြောပြီးနောက် ကျိုက်ဖေးဖေးက ထွက်သွားခဲ့သည်။ ကျန်းနျန် ဆိုင်မှာ ဆက်လက် ပန်းထိုးနေခဲ့စဥ် ဖုန်းမြည်လာသဖြင့် သူမ အလျင်အမြန် ဖြေလိုက်၏။ "ဟယ်လို၊ ဘယ်သူလဲ။”

“ကျွန်တော်ပါ”

ဖုန်းတစ်ဖက်မှာ လုယွီ၏ အသံ ဖြစ်နေသည်။

ကျန်းနျန်၏ အသံကမူ အနည်းငယ် နူးညံ့သွား၏။ "အလုပ်ပြီးပြီလား။”

"ဟုတ်တယ်။ မင်းရော။ အလုပ်ဆင်းပြီလား။”

"ကျွန်မ ပန်းထိုးဆိုင်မှာ ရှိနေတုန်း။”

လုယွီ၏ အသံကမူ တိုးလွန်းပြီး ဆွဲဆောင်မှုရှိနေ၏။ "ညစာ မစားရသေးဘူးလား။"

"ကျန်းရှောင်က ကျွန်မအတွက် ညစာ သွားယူနေတယ်။”

သူတို့ကြား ခဏတာ တိတ်ဆိတ်သွားချေ၏။ ကျန်းနျန် ဖုန်းချရန် ပြင်နေစဉ် လုယွီ ထပ်ပြောလာသည်။ "မနက်ဖြန် နေ့တစ်ဝက်လောက် ခွင့်ယူလို့ ရမလား။”

“ကျန်းနျန် အံ့အားသင့်သွားသည်။ “ဘာလို့လဲ”

“မနက်ဖြန်ကျရင် မင်းကို တွေ့ဖို့ မြို့ကို လာခဲ့မယ်”

“တစ်ခုခု ဖြစ်လို့လား”

ကျန်းနျန် မျက်မှောင်ကြုတ်လိုက်မိသည်။ လုယွီ သူမကို အနားယူရန် တောင်းဆိုနေသည့်အတွက် အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်ရမည်။ ဝူယင်းနဲ့ လီဖန်တရဲ့ ကလေးနဲ့ ပတ်သက်တာလား။ ဒါမှမဟုတ် မိသားစုခြံဝန်းမှာ တစ်ခုခု ဖြစ်ခဲ့တာလား။

သူမ ခဏ တွေးတောနေသော်လည်း လုယွီ၏ စိတ်သက်သာရာရစေသော အသံက ဖုန်းထဲကနေ ထွက်လာသည်။ "စိတ်မပူပါနဲ့၊ အရာအားလုံး အဆင်ပြေတယ်။”

ခဏရပ်ပြီးနောက် သူ ထပ်ပြောလာ၏။ "မနက်ဖြန် နေ့လယ် မြို့မှာ ရုပ်ရှင်အသစ် ပြမှာတဲ့။ ကိုယ် အဲဒီမှာ အလုပ်ကိစ္စလေးတွေ ရှိလို့ မင်းကို ရုပ်ရှင် လိုက်ပြမလားလို့ စဉ်းစားနေတာ။”

ကျန်းနျန် - ???

သူမ ရင်ခုန်သွားပြီး အံ့အားသင့်စွာ မေးလိုက်သည်။ "ရုပ်ရှင် ကြည့်မယ်။”

သူမ အံ့အားသင့်သည်မှာ လုယွီ သူမကို ရုပ်ရှင်ကြည့်ရန် ချိန်းဆိုမည်ဟု မမျှော်လင့်ထားခဲ့သောကြောင့်ပင်။

ကျန်းနျန်၏ တုံ့ပြန်မှုကို ကြိုတင် ခန့်မှန်းထားသယောင် သူ၏ နက်ရှိုင်းသော အသံမှာ ပျော်ရွှင်မှု အရိပ်အမြွက် ပါလာ၏၊၊ "ဟုတ်တယ်။”

လုယွီနှင့် ဖုန်းချပြီးနောက် ကျန်းနျန်သည် အရာအားလုံးကို ပြန်လည် စဉ်းစားနေဆဲပင်။

ကျန်းရှောင်က ညစာနှင့်အတူ ပြန်ရောက်လာပြီး သူတို့ စားသောက်ပြီးနောက် အဆောင်ကို ပြန်ကာ ရေချိုး၊ အိပ်ကြသည်။

ကျန်းနျန် တစ်ညလုံး လူးလှိမ့်နေပြီး အိပ်မပျော်နိုင်ခဲ့ပေ။ ကျန်းရှောင် မေးလိုက်သည်။ "နင် ဘာလို့ ဒီလောက် လှည့်နေရတာလဲ"

ကျန်းနျန် - ...

သူမ ဘာကြောင့် အိပ်မပျော်လဲဆိုတာ မသိခဲ့ချေ။ နောက်ဆုံးမှာ သူမ အိပ်ပျော်လုနီးနီး အချိန်ရောက်မှ အဆောင်တံခါး ဖွင့်သံကို ကြားလိုက်ရ၏။ လုရှောင်ချင်းက မျက်နှာအေးစက်စက်နှင့် ဝင်လာပြီး ကျန်းနျန်နှင့် ကျန်းရှောင်ကို လှမ်းကြည့်လိုက်ကာ နှာမှုတ်လိုက်သည်။ သူမ ဖိနပ်ကို ကန်ချွတ်လိုက်ပြီး သူတို့ နိုးသွားအောင် တမင် အသံပြုခဲ့သည်။

ကျန်းရှောင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ဘာသံမှ မကြားခဲ့ပေ။ ကျန်းနျန်ကမူ မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင် ဆောင်နေခဲ့ကာ သူမကို စိတ်မရှုပ်ချင်တော့ပေ။

ကျိုက်ဖေးဖေးက လှည့်ကြည့်ပြီး သူမကို စကားပြောလိုက်သူ ဖြစ်သည်။ "ညကြီးမိုးချုပ် ပြန်လာရင် နည်းနည်း တိတ်တိတ်ဆိတ်ဆိတ် နေလို့ မရဘူးလား။ နေ့တိုင်း နင် အလုပ်အရှုပ်ဆုံးပဲ။”

သူမ မှားနေမှန်း သိနေသော လုရှောင်ချင်းက ကျိုက်ဖေးဖေးနှင့် အငြင်းမပွားတော့ပေ။ သူမ စိတ်ပျက်လက်ပျက်ဖြင့် ကုတင်ပေါ် လှဲချလိုက်ရင်း ညက ကြုံတွေ့ခဲ့ရသည့် ဆိုးရွားသော အဖြစ်အပျက်များကို စဉ်းစားနေမိသည်။

ကျန်းနျန်နှင့် ကျန်းရှောင်တို့ ညက အပြင်မထွက်တာကြောင့် သူမ တစ်ယောက်တည်း နိုင်ငံပိုင် စားသောက်ဆိုင်ကို သွားခဲ့ရသည်။ သို့သော် ဟူကျုံးမင်နှင့် ကျန်တဲ့လူတွေ ဘယ်မှာလဲ။ သူမ နောက်ကျသွားသည်ဟု ထင်ခဲ့သော်လည်း စားပွဲထိုးကို အတိအကျ မေးမြန်းခဲ့ပြီး အကြိမ်များစွာ အတည်ပြုခဲ့သော်ငြား စားပွဲထိုး၏ လှောင်ပြောင်မှုကိုပင် ခံခဲ့ရသည်။

ဟူကျုံးမင်က သူမကို လိမ်ခဲ့တာ။

သူတို့ နိုင်ငံပိုင် စားသောက်ဆိုင်ကို လုံးဝ မသွားခဲ့ကြပေ။ ကံကောင်းစွာဖြင့် ညက ကျန်းနျန်နှင့် ကျန်းရှောင်တို့သည် သူမနှင့် အတူ မလိုက်ခဲ့၊ မဟုတ်ပါက သူမ အရှက်ရမှာ သေချာသည်။

ကျန့်ရှောင်းသည် ကျန်းနျန်အား နိုးရင်း ပြုံးလျက် မေးလိုက်သည်။ "မနေ့ညက ဘယ်အချိန် အိပ်ပျော်သွားတာလဲ"

ကျန်းနျန်းက ခေါင်းရမ်းပြလိုက်သည်။ “ငါ မသိဘူး။”

အတိုချုပ်အားဖြင့် သူမ မနေ့ညက နောက်ကျမှ အိပ်ပျော်သွားသောကြောင့် နောက်တစ်နေ့ နိုးလာချိန်၌ သူမ၏ စိတ်က လုံးဝ ကြည်လင်မနေခဲ့ပေ။ သူမ အနည်းငယ် ထပ်အိပ်ချင်သေးသော်လည်း မနည်း ရုန်းကန် ထလိုက်ပြီး အဝတ်အစား ဝတ်ကာ ကျန်းရှောင်နှင့်အတူ ရေချိုးခန်းမှာ သွားတိုက်၊ မျက်နှာသစ်ပြီးနောက် အလူမီနီယမ် ထမင်းဘူးကို ယူကာ ကန်တင်းကို အစားအသောက် သွားယူကြသည်။

သူတို့ ကန်တင်းကို ရောက်ခါနီးမှာ ကျန်းရှောင်က ပြောလိုက်သည်။ "အစ်မလုက ဒီနေ့ စောစော ထတာပဲ။ မနက်က နင့်ကို နှိုးတော့ သူ ထွက်သွားပြီ

ဒီအချိန်ကြာလာမှ လုရှောင်ချင်း စောစော ထတာ ပထမဆုံးအကြိမ်ပင်။

ကျန်းနျန် ပြောလိုက်သည်။ "တစ်ခုခုတော့ ဖြစ်နေမှာ သေချာတယ်"

ကျန်းနျန်က သူမ ပေါ့ပေါ့ပါးပါး ပြောလိုက်ရုံသက်သက်ဖြစ်သော်လည်း တကယ် မှန်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းနျန်နှင့် ကျန်းရှောင် ကန်တင်းထဲ ဝင်လိုက်သည်နှင့် လုရှောင်ချင်း ဟူကျုံးမင်နှင့် ရန်ဖြစ်နေသံကို ကြားလိုက်ရသည်။ လူအနည်းငယ်က တံခါးအနီးက ခုံတန်းလျားတွေပေါ် ထိုင်နေကြပြီး လုရှောင်ချင်း ပြောနေတာကို နားထောင်နေကြသည်။

"ရှင်က လူလိမ်ပဲ၊ မနေ့က ယန်ကျွင်း မွေးနေ့မို့ နိုင်ငံပိုင် စားသောက်ဆိုင် သွားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ကျွန်မ အဲဒီမှာ နာရီဝက်လောက် စောင့်နေခဲ့တာ၊ ဘယ်သူမှ မလာဘူးလို့ စားပွဲထိုးက ပြောတယ်။ သူတောင် ကျွန်မကို လှောင်ပြောင်သေးတယ်။ ဒါ ဘာအဓိပ္ပာယ်လဲ”

ဟူကျုံးမင်သည် လုရှောင်ချင်း၏ အမြဲတစေ ဆူပူနေမှုကို မနှစ်သက်တော့ဘဲ သူမ၏ အပြုအမူကြောင့် ရှက်ရွံ့လာသည်။ သူ သူမကို ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်လာပြီး ကျေးလက်သူတွေက အဲဒီလိုပဲ— မြို့သူများကဲ့သို့ တည်ငြိမ်မှု မရှိဘူးဟု တွေးမိသည်။ လုရှောင်ချင်းအပေါ် မနှစ်သက်မှုများ များလာသော်လည်း သူ စိတ်ပျက်မှုကို ဖိနှိပ်ပြီး ပြောလိုက်သည်။

"မနေ့က ငါတို့ ယန်ကျွင်း မွေးနေ့ကို အဆောင်မှာပဲ လုပ်ခဲ့ကြတယ်။ ဒီလ လစာ မရသေးဘူးလေ၊ လက်ထဲမှာ ပိုက်ဆံ သိပ်မရှိဘူး။ နိုင်ငံပိုင် စားသောက်ဆိုင်မှာ စားဖို့ မတတ်နိုင်ဘူး။”

"ရှင် တကယ်ပဲ ပိုက်ဆံ မရှိတာလား" လုရှောင်ချင်းက မယုံကြည်ဟန်ဖြင့် မေးလိုက်သည်။ ဟူကျုံးမင်သည် ချည်မျှင်စက်ရုံ၏ အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး တစ်လကို ယွမ်သုံးဆယ် ရရှိကာ ထောက်ပံ့ကြေးပါ ပေါင်းလိုက်လျှင် တစ်လကို သုံးဆယ့်နှစ်ယွမ်လောက် ရသည်။ ထို့အပြင် သူ့မိဘတွေက သူ့အလုပ်အတွက် ငွေပေးထားသဖြင့် သူတို့ မိသားစုက ပိုက်ဆံ ဘယ်လိုလုပ် လိုမှာလဲ။

ဟူကျုံးမင် မျက်မှောင်ကြုတ်သွားသည်။ "ငါ့အမေ နေမကောင်းဖြစ်နေပြီး ဆေးကုသမှု လိုအပ်နေတယ်။ ငါ ဘယ်လိုလုပ် အမေ့ဆီက ပိုက်ဆံ တောင်းနိုင်မှာလဲ။ ဘယ်မျက်နှာနဲ့ တောင်းရဲမှာလဲ။”

လုရှောင်ချင်း နှုတ်ခမ်းစေ့ပြီး ထပ်မဖိအားပေးတော့သော်ငြား သူမ ရင်ထဲမှာတော့ မသက်မသာ ခံစားနေရ၏။ "ဒါဆို ဘာလို့ ကျွန်မကို စောစောကတည်းက မပြောတာလဲ။ ရှင် ကျွန်မကို နိုင်ငံပိုင် စားသောက်ဆိုင်မှာ လူပြက်လုပ်ခိုင်းတာပဲ”

"မေ့သွားတာ မဟုတ်လား။ ပြီးတော့ ငါတို့ အဆောင်က ယောက်ျားတွေချည်းပဲ။ နင် လာဖို့ မသင့်တော်ဘူး။ ဒါကြောင့် ငါ နင့်ကို မပြောခဲ့တာ။ နောက်တစ်ခါ ဒီလိုမျိုး ဖြစ်ရင်တော့ ငါ သေချာပေါက် အကြောင်းကြားပါ့မယ်။ စိတ်မဆိုးပါနဲ့။" ဟူကျုံးမင်က ပေါ့ပေါ့ပါးပါး ရှင်းပြပြီး နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်ရာ လုရှောင်ချင်းလည်း လက်ခံလိုက်သည်။

……..

ကိုးကားချက်

မြို့ခံ - တရုတ်အစိုးရက ထုတ်ပြန်တဲ့ တရားဝင် စာရွက်စာတမ်းဖြစ်ပြီး ကိုင်ဆောင်သူဟာ သတ်မှတ်ထားတဲ့ ဒေသတစ်ခုရဲ့ တရားဝင် နေထိုင်သူဖြစ်ကြောင်း အတည်ပြုပါသည်။

All Chapters