အခန်း (၇၃)
Vol. 8 Ch. 73
ကျန်းနျန်နှင့် ကျန့်ရှောင်းတို့သည် မနီးမဝေးမှာ ထိုင်နေကြပြီး သူတို့ဘက်ကို ကျောပေးထားသော်လည်း ကျန်းနျန် သူတို့ စကားပြောဆိုသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ညက လုရှောင်ချင်းသည် သူမနှင့် ကျန်းရှောင်ကို နိုင်ငံပိုင် စားသောက်ဆိုင်ကို အတင်းဆွဲခေါ်ရန် တိုက်တွန်းခဲ့သည်အား ပြန်စဉ်းစားမိရာ သူမ အကြောင်းရင်းကို နားလည်သွားသည်။
သူမ ဒီအကြံဟာ ဟူကျုံးမင် ဆီကနေ ဖြစ်လာတာ ဖြစ်နိုင်သည်ဟု သဲ့သဲ့ ခံစားလိုက်ရလေတော့၏။
ကျန်းနျန် ထိုလူအနည်းငယ်ကို ကိုယ်ကျင့်တရား ပျက်ပြားသူတွေအဖြစ် ပိုပိုပြီး မြင်လာကာ နောင်မှာ သူတို့နှင့် ဝေးဝေး ရှောင်နေရန် ဆုံးဖြတ်ချက်ချလိုက်၏။
သို့သော်လည်း နောက်ထပ် ရက်ပေါင်း နှစ်ဆယ်အတွင်း သူမ ထွက်ခွာနိုင်တော့မည်။ ထိုအခါ ကျန်းနျန် ကျန်းရှောင်ကို ပြန်တွေးမိသည်။ သူမ တပ်ကို ပြန်ရောက်လျှင် ဤလူယုတ်မာများနှင့် ဝေးရာကို ရောက်သွားမှာဖြစ်သော်ငြား ကျန်းရှောင်ကတော့ ဒီမှာ ရေရှည် နေရဦးမည်။ တစ်နေ့နေ့မှာ ဟူကျုံးမင်နှင့် အဖွဲ့၏ လက်ထဲ ကျသွားပါက ဘာဖြစ်မလဲ။ တစ်ခုခု ဖြစ်ခဲ့သော် သူမ ဘာလုပ်ပေးနိုင်မည်နည်း။
သူမ ဆန်ပြုတ် သောက်လိုက်ပြီး သူမရှေ့မှာ အစားအသောက်ကို ပျော်ရွှင်စွာ စားနေသော ကျန်းရှောင်အား ကြည့်လိုက်ကာ စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။ "နင် ဒီနှစ် ဘယ်လောက်လဲ။”
ကျန်းရှောင် ပြုံးလိုက်သည်။ "နှစ်သစ်ကူးပြီးရင် နှစ်ဆယ် ပြည့်ပါပြီ။”
ပြောရင်း ကျန်းရှောင် သက်ပြင်းချလိုက်ပြီး သူမ၏ တူနှင့် ဂေါ်ဖီရွက်တစ်ရွက်ကို ထိုးလိုက်ကာ ကျန်းနျန်အား ကြည့်လိုက်သည်။ သူမ ခဏ တုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။ "အစ်မကျန်း၊ ရှင် သေချာပေါက် ခန့်မှန်းပြီးသား ဖြစ်မှာပါ။ ကျွန်မ နိုင်ငံပိုင် ပန်းထိုးဆိုင်မှာ အလုပ်ရတာက အစ်မကောကြောင့်ပါ။ အစ်မကောက ကျွန်မဦးလေးရဲ့ သမီး။ အမေက အစ်မကောကို ဒီအလုပ်ရအောင် တောင်းပန်ခိုင်းခဲ့တာ”
ကျန်းရှောင် ခေါင်းငုံ့ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။ "ကျွန်မ ပန်းထိုးတတ်တာ မဟုတ်ဘူး။ နိုင်ငံပိုင် ပန်းထိုးဆိုင်ကို ပထမဆုံး ရောက်လာတုန်းက အစ်မလုက ကျွန်မကို မကြိုက်ဘူး။ ကျွန်မ အရည်အချင်းနဲ့ အလုပ်ရတာ မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်။ ဒါကြောင့် ပန်းထိုးဆိုင်မှာ ဘယ်အလုပ်မဆို ကျွန်မ လုပ်ခဲ့တာ။ ကျွန်မ ပန်းထိုးတာ မကျွမ်းကျင်ပေမဲ့ အစ်မကော ပေးထားတဲ့ လစာ ဆယ်ယွမ်အတွက် အကောင်းဆုံး လုပ်ဆောင်သင့်တယ်လေ။”
တကယ်ပဲ ကျန်းနျန် ဒီတစ်လကျော်အတွင်း သတိထားမိခဲ့သည်။
နေ့တိုင်း ကျန်းရှောင်က ပန်းထိုးဆိုင်ကို နေရာအနှံ့ သန့်ရှင်းရေး လုပ်ထားပြီး အဆောင်ကိုပါ သန့်ရှင်းအောင် ထားခဲ့သည်။ ဖောက်သည်များ ပန်းထိုးပုံစံများအား လာကြည့်သည့်အခါ အစ်မကော မရှိလျှင် ကျန့်ရှောင်းက သူတို့နှင့် အဖော်လုပ်ပေးပြီး စကားပြောခြင်း၊ လက်ဖက်ရည် တိုက်ခြင်း၊ ပုံစံများပြသခြင်း စသည်တို့ကို လုပ်ခဲ့သည်။
ကျန်းနျန်က ကျန်းရှောင်သာ ခေတ်သစ်ကို ရောက်ခဲ့လျှင် ရောင်းအားချန်ပီယံ ဖြစ်လာလိမ့်မည်ဟု ခံစားလိုက်ရသည်။
ယနေ့ ကျန်းရှောင်က ဒီစကားများ ပြောရခြင်းမှာ အကြောင်းရင်း ရှိနိုင်သည်ဟု ကျန်းနျန် တွေးမိတာကြောင့် မေးလိုက်သည်။ "နင့်မိသားစုက နင့်ကို တစ်ခုခု ပြောခဲ့တာလား"
ကျန့်ရှောင်း ခေါင်းညိတ်လိုက်သည်။ "အမေက အစ်မကောဆီကို လွန်ခဲ့တဲ့ နှစ်ရက်က စာတစ်စောင် ပို့ပြီး ကျွန်မအတွက် ကောင်းမွန်တဲ့ အိမ်ထောင်တစ်ခု ရှာပေးဖို့ တောင်းဆိုခဲ့တယ်။”
သူမ ကျန်းနျန်ကို ခက်ခက်ခဲခဲ ကြည့်ပြီး ပြောလိုက်သည်။ "အစ်မကောကတော့ သတိထားပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်မ စိတ်မသက်မသာ ဖြစ်မိတယ်။ ကျွန်မတို့ မိသားစု တစ်ခုလုံးက အစ်မကောကို ကပ်ပါးကောင်လို တွယ်ကပ်နေသလိုပဲ။ အစ်မ ထွက်သွားပြီးရင် ကျွန်မ ဒီအလုပ်က ထွက်ပြီး ကျေးလက်ကို ပြန်မယ်။ လယ်ယာမှာ အလုပ်လုပ်ပြီး အမှတ် စုဆောင်းမယ်လို့ စဉ်းစားနေတယ်။ အမေ အစ်မကောကို ထပ်ပြီး အနှောင့်အယှက် မပေးစေချင်တော့ဘူး။”
ကျန်းနျန်က ကျန်းရှောင်က ယခုလို ထွက်ပေါက်လမ်းကို စီစဉ်ထားလိမ့်မည်ကို မထင်ထားခဲ့ပေ။
သို့သော် ဤလမ်းကို မလွန်ဆန်နိုင်ဘူးဆိုပါက မသွားသင့်ချေ။
သူမ နှုတ်ခမ်းစေ့ပြီး စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။ "နင် လက်ထပ်ဖို့ စဉ်းစားဖူးလား။ ဒါမှမဟုတ် မြို့ခံ တစ်ယောက်ယောက်ကို လက်ထပ်ဖို့ရော။”
ကျန့်ရှောင်းက ငယ်ရွယ်ပြီး အိမ်ထောင်မပြုရသေးသူပင်။ အိမ်ထောင်ရေး ကိစ္စဆိုတော့ သူမ အနည်းငယ် ရှက်သွားသည်။ "ကျွန်မက ကျေးလက်သူလေးပဲလေ။ လူရှာရင်တောင် ကျေးလက်ကို ပြန်ရှာမှာပါ။ အခြားတစ်ယောက်က ကျွန်မကိုရော၊ ကျွန်မ အမေကိုရော စိတ်ရင်းနှင့် ဂရုစိုက်ရင် ဆင်းရဲရင်တောင်မှ ကျွန်မ သဘောတူပါတယ်။ ဘဝဆိုတာ နှစ်ယောက်အတူတူ ဖြတ်သန်းရတာ၊ လက်နဲ့ ခြေထောက်ရှိရင် စားရေးသောက်ရေးကို စိတ်ပူစရာ မလိုဘူး။ မြို့ခံ တစ်ယောက်ကို လက်ထပ်ဖို့ မစဉ်းစားဖူးဘူး။ မြို့ခံတွေက ကျွန်မကို အထင်သေးကြတယ်။”
စကားဆုံးတော့ သူမ အဝေးက လုရှောင်ချင်းကို ကြည့်လိုက်သည်။ "အစ်မလုက အကောင်းဆုံး ဥပမာပဲလေ။”
ကျန်းနျန်သည် ကျန်းရှောင်က ထိုသို့ ငယ်ရွယ်သည့်အရွယ်မှာ ဤမျှ ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမ ပြုံးပြီး ပြောလိုက်သည်။ "နင် လက်ထပ်ဖို့ ရည်ရွယ်ချက် ရှိရင် ငါ နင့်ကို ရှာကြည့်ပေးမယ်"
ကျန်းရှောင် ခဏတာ ကြောင်အသွားသည်။ "ဟမ်”
ကျန်းနျန် ပြုံးလိုက်သည်။ "တပ်ထဲမှာ လက်မထပ်ရသေးတဲ့ စစ်သားတွေ အများကြီး ရှိတယ်။ အချိန်တန်ရင် နင့်အတွက် သင့်တော်တဲ့ တစ်ယောက်ယောက်ကို ငါ ရှာကြည့်ပေးမယ်။”
ကျန့်ရှောင်း ရှက်ကာ မျက်နှာ နီရဲသွားသော်လည်း သူမ၏ မျက်လုံးများမှ တောက်ပသော အရိပ်အယောင်ကို မြင်လိုက်ရသည်။ မြို့သားများနှင့် နှိုင်းယှဉ်ပါက သူမ စစ်သားများကို ပိုကြိုက်သည်မှာ အမှန်ပင်။ သို့သော်လည်း သူမ ဘဝမှာ စစ်သားတစ်ယောက်နှင့် လက်ထပ်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။ သူတို့ ကျေးရွာမှာ တပ်မဟာများထဲက မည်သည့်တစ်စုမှ စစ်သား မရှိခဲ့ချေ။
ကျန်းနျန် ဤကိစ္စကို အလေးထားလိုက်သည်။
သူမ ကျန်းရှောင်နှင့် ထိုအကြောင်း ပြောသောအခါ ပထမဆုံး စိတ်ထဲပေါ်လာတာက ကျူးကျွင်းဖြစ်သည်။
ကျူးကျွင်းသည် ရုပ်ရည် ချောမောပြီး ကိုယ်ကျင့်တရား ကောင်းမွန်ကာ ကြိုးစား အလုပ်လုပ်ပြီး ကားမောင်းတတ်သည်။ ကျန်းရှောင်ကလည်း သန်မာသောသူ ဖြစ်သည်။ သူတို့ တွေ့ဆုံသွားပါက တကယ်တမ်း အဆင်ပြေနိုင်ခြေရှိလေ၏။ နှစ်သစ်ကူး၏ သုံးဆယ်ရက်နေ့မှာ ကျူးကျွင်းက သူမ အိမ်ကို လာပြီး ဇနီးသည် လက်ထပ်ရန် ပိုက်ဆံ စုဆောင်းချင်တည်ဟု ပြောတုန်းက ကျူးကျွင်းမှာ ချစ်သူ ရှိမရှိ သူမ မသိသည့်အတွက် ကျန်းရှောင်ကို အသေးစိတ် မပြောရဲခဲ့ပေ။
ကျန်းနျန်နှင့် ကျန်းရှောင် ထွက်သွားပြီးနောက် လုရှောင်ချင်းလည်း မကြာခင် ထွက်သွားသည်။ ယန်ကျွင်းက ဟူကျုံးမင်၏ လက်မောင်းကို ပုတ်ပြီး ပြောလိုက်သည်။ "ညီကို ကျုံးမင်၊ မင်း လုရှောင်ချင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်ပါလား။ သူ မင်းကို ထပ်မနှောင့်ယှက်ပါစေနဲ့တော့။”
ဟူကျုံးမင် ပြောလိုက်သည်။ "ငါ မပြောချင်ဘူးလို့ ထင်လား။ ဒါပေမဲ့ လုရှောင်ချင်းရဲ့ အပြုအမူကို ကြည့်ဦး။ ငါသာ ပြောလိုက်ရင် ချည်မျှင်စက်ရုံမှာ သူ ဘယ်လို ပြဿနာတွေ ဖန်တီးမလဲ ဘယ်သူ သိမှာလဲ။ အဲဒီအခါကျရင် ငါ ချည်မျှင်စက်ရုံမှာ ဘယ်မျက်နှာနဲ့ နေရဲမှာလဲ။”
ဒါတင်မကဘဲ သူ စက်ရုံက လူများ၏ "ချန်ရှီမေ့*" ဟု တံဆိပ်ကပ်ခံရမှာ ဖြစ်သည်။
*ချန်ရှီမေ့ - တရုတ်ရိုးရာပုံပြင်များမှ ဇာတ်ကောင်တစ်ဦးဖြစ်ပြီး သူ၏ ဇနီးကို စွန့်ပစ်ခြင်းကြောင့် လူသိများသည်။ ထို့ကြောင့် သူသည် ရက်စက်ပြီး သစ္စာမရှိသောသူကို ရည်ညွှန်းသည့် ဥပမာအဖြစ် မကြာခဏ အသုံးပြုလေ့ရှိသည်။
ဆန်ပြုတ် သောက်ပြီးနောက် ဖုန့်ရန်က ဟူကျုံးမင်ကို ကြည့်လိုက်သည်။ "ညီကို ကျုံးမင်၊ မနေ့ညက ငါတို့ အဲဒီ မိန်းကလေးနှစ်ယောက်ကို မဖမ်းမိခဲ့ဘူး။ ဘယ်တော့ နောက်တစ်ကြိမ် ဖမ်းဖို့ အခွင့်အရေး ရနိုင်မလဲ”
မူလက မနေ့ညက အစီအစဉ်သည် လုရှောင်ချင်းကို ကျန်းနျန်နှင့် ကျန်းရှောင်အား လိမ်ညာပြီး အပြင် ထွက်လာစေရန်ဖြစ်သည်။ သူတို့ လူရှင်းသော လမ်းကြားကို ဖြတ်သွားတဲ့အခါ အိတ်ထဲ ထည့်ပြီး ခေါ်သွားကာ အလုပ်ပြီးသွားရင် ဘာမှ မဖြစ်ခဲ့သယောင် ပြန်ပို့ထားရန်ပင်။
ဟူကျုံးမင် - "နောက်မှ ပြောကြတာပေါ့။”
ရဲများ လာရှာလျှင်တောင် သူတို့မှာ မည်သာ့်နေရာတွင်ရှိနေကြောင်းသက်သေရှိ၏။
အခုတော့ သူ့စိတ်ထဲမှာ လုရှောင်ချင်းနှင့် ပြည့်နေပြီး ထိုအမျိုးသမီးကို ဝေးရာကို ပို့ပစ်ချင်နေသည်။
ပန်းထိုးဆိုင်ကို ပြန်ရောက်သည့်အခါ ကျန်းနျန်က ကောမိန် စာရွက်များစွာကို စိုးရိမ်တကြီး ကိုင်ပြီး ပြေးဝင်လာတာကို တွေ့လိုက်ရသည်။ တစ်ခုခု ဆွေးနွေးချင်ဟန် တူသည်။ ကောမိန်က ကျန်းရှောင်နှင့် ကျန်းနျန်ကိုလည်း တွေ့လိုက်ရပြီး ပြုံးလိုက်သည်။ "မနက်စာ စားပြီးပြီလား။”
"စားပြီးပါပြီ။”
ကျန်းနျန် ခဏ တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "အစ်မကော၊ ကျွန်မ ဒီနေ့ နေ့လယ်ကျ ကိစ္စတစ်ခု ရှိလို့ နေ့ခွင့်တစ်ဝက် ယူလို့ ရမလား။"
ကောမိန် ကျန်းနျန်ကို အံ့ဩစွာ ကြည့်လိုက်သည်။ သူမ မြို့ထဲမှာ ဘယ်သူ့ကိုမှ မသိဘူးဆိုတာ သိထားသဖြင့် ပြဿနာတစ်ခုခု ကြုံနေရတယ်ဟု တွေးလိုက်မိသည်။ သူမ ပြောလိုက်သည်။ "ဘာဖြစ်တာလဲ။ တစ်ခုခု ဖြစ်လို့လား။ ပြောပါ၊ ငါ နင့်ကို တစ်ခုခု တွေးပေးနိုင်မလား ကြည့်ရအောင်။”
ကျန်းနျန် ခေါင်းခါလိုက်သည်။ "လုယွီ ဒီနေ့ နေ့လယ် လာမှာ။”
ကောမိန်၏ မျက်နှာသည် ချက်ချင်းဆိုသလို အပြုံးများဖြင့် လင်းလက်သွားသည်။ "ဘာမှမဖြစ်ဘူး။”
ကျန့်ရှောင်းလည်း ပြုံးလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလု လာမှာလား"
ကျန်းနျန် - "အင်း၊ သူ မြို့ထဲမှာ အလုပ်ကိစ္စ တစ်ခု ရှိလို့ လာမယ်တဲ့"
သူမ အခန်းထဲကို လျှောက်သွားပြီး ပြတင်းပေါက်နားမှာ ပန်းထိုးပုံစံကို ကိုင်ပြီး ထိုင်နေတဲ့ လုရှောင်ချင်းကို လှမ်းကြည့်လိုက်သည်။ တစ်လကျော်အတွင်း ပန်းထိုးပုံစံငယ်လေး နှစ်ခုတောင် မပြီးသေးပေ။ ကောမိန်က လုရှောင်ချင်းကို ထိုကိစ္စနှင့် ပတ်သက်ပြီး အကြိမ်များစွာ ပြောခဲ့ဖူးသည်။ သူမ ပန်းထိုးဆိုင်ကို ပထမဆုံး လာသောနေ့မှာ လုရှောင်ချင်းအား မတည်ငြိမ်သောသူဟု ပြောခဲ့သည်မှာ မဆန်းတော့ပေ။
သူမသည် တကယ် တည်ငြိမ်သူမဟုတ်ချေ။
သူမသည် တစ်နေကုန် ဟူကျုံးမင်ကို ဘယ်လို လက်ထပ်ရမလဲဆိုတာပဲ စဉ်းစားနေသည်။ သူမမှာ ပန်းထိုးပညာ ရှိသည်။ ကြိုးစားပါက လက်ထပ်တာထက် အများကြီး ပိုကောင်းသော ဘဝ ရနိုင်မှာပင်။
ကျန်းနျန် လုရှောင်ချင်း၏ အတွေးများကို နားမလည်နိုင်သကဲ့သို့ သူမကို ဝေဖန်ရန် အခွင့်အရေးလည်း မရှိပေ။
နေ့လယ်စာ စားချိန်ရောက်လာရာ မျက်နှာမှာ ဒဏ်ရာများနှင့် ဆံပင်များ ရှုပ်ပွနေသော အမျိုးသမီးတစ်ဦး ပန်းထိုးဆိုင်ထဲ ဝင်လာသည်။ သူမ၏ အဝတ်အစားများပေါ်၌ ခြေရာနှစ်ခုပင် ပါနေပြီး သူမ ယခုမှ အရိုက်ခံ၊ အဆူခံခဲ့ရပုံ ပေါ်သည်။
ထိုအမျိုးသမီး ဝင်လာသည်နှင့် ကျန်းနျန် အခန်းထဲကနေ ချောင်းကြည့်လိုက်သည်။ သူမသည် ကျိုက်ဖေးဖေး ထရပ်ပြီး အခန်းနှစ်ခုလုံးကို ဒေါသသံ အပြည့်နှင့် ပြေးထွက်သွားတာကို တွေ့လိုက်ရသည်။ "အဲဒီ လူယုတ်မာက နင့်ကို ထပ်ရိုက်ပြန်ပြီလား။”
အမျိုးသမီးက ငိုခဲ့သည်။ "သူ ငါ့ကို နှင်ထုတ်လိုက်ပြီ။ အလုပ်မလုပ်ဘဲ စားတဲ့သူလို့ ပြောပြီး အိမ်မပြန်လာခိုင်းတော့ဘူးတဲ့။”
ကျိုက်ဖေးဖေး ဒေါသတကြီးဖြင့် ပြောလိုက်သည်။"သွား၊ အမေ အဲဒီကိစ္စကို သူနဲ့ သွားရှင်းမယ်"
ထိုသို့ပြောပြီးနောက် သူမ ထိုအမျိုးသမီးကို ဆွဲခေါ်သွားခဲ့သည်။
လုရှောင်ချင်း လျှာသပ်ပြီး ပြောလိုက်သည်။"ဒီလို ယောကျ်ားမျိုးနဲ့ ဘာလို့ ဆက်နေသေးတာလဲ"
ကျန်းနျန် သူမ စိတ်ထဲ၌ သဘောတူလိုက်၏။
လုရှောင်ချင်း ပြောတာ တကယ်ကို မှန်ပါသည်။
နေ့လယ်မှာ လုရှောင်ချင်းက ပျင်းရိစွာဖြင့် ဆန့်တန်းလိုက်ပြီး ပန်းထိုးဘောင်ကို ချလိုက်သည်။ သူမ ကျန်းနျန်၏ ပန်းထိုးဘောင်ကို ကြည့်လိုက်ပြီး လျှောက်သွားကာ မေးလိုက်သည်။ "ကျန်းနျန်၊ နင် ဒီပန်းထိုးတာနဲ့ ဘယ်လောက် ဝင်ငွေ ရလဲ။”
ကောမိန်က သူမကို မပြောခဲ့သော်လည်း ဒါက အများကြီး ဖြစ်ရမည်ဟု သူမ တွေးမိသည်။
သို့သော် ကောမိန် ပြောခဲ့လျှင်တောင် သူမ လုရှောင်ချင်းကို ပြောရန် မလိုအပ်ပေ။"ကျွန်မ မသိဘူး။"
ထို့နောက် သူမ ထရပ်ပြီး ကျန်းရှောင်နှင့်အတူ ကန်တင်းကို လျှောက်သွားခဲ့သည်။
လုရှောင်ချင်း - ...
"နင် ဘာကို ဂုဏ်ယူနေတာလဲ။" သူမ ကျန်းနျန်၏ ပန်းထိုးဘောင်ကို ကန်ချလိုက်ပြီး ပြင်းပြင်းထန်ထန် ကန်လိုက်သည်။ ပန်းထိုးဘောင်က အန္တရာယ်ရှိစွာ ယိမ်းယိုင်သွားပြီး မြေပေါ် ကျလုနီးပါး ဖြစ်သွားလေ၏။ ပန်းထိုးဘောင်ပေါ် ချိတ်ထားသော ချည်မျှင် အနည်းငယ် မြေပေါ် ကျသွားတာကြောင့် လုရှောင်ချင်း ထိတ်လန့်သွားသည်။ သူမ လျင်မြန်စွာ ငုံ့ပြီး ချည်မျှင်တွေကို ကောက်ကာ ပန်းထိုးဘောင်ပေါ် ပြန်တင်လိုက်သည်။ သူမ၏ မျက်လုံးများက ပန်းထိုးပုံစံပေါ် အကြိမ်များစွာ ရောက်သွားခဲ့သည်။
ကျန်းနျန်က ဤသို့ ငယ်ရွယ်သောအရွယ်မှာ ဤမျှ ကောင်းမွန်သည့် ပန်းထိုးပညာ ရှိပြီး မုဆိုးမ ဖြစ်နေတာတောင်မှ သူ့ကို ကောင်းကောင်း ဆက်ဆံသည့် အလွန်ကောင်းမွန်သော ယောကျ်ားတစ်ယောက် ရှိနေတာကို တွေးလိုက်မိသည်။ တစ်လကျော် ပေါင်းသင်းပြီးနောက် ကျန်းနျန်က အစားအသောက်၊ အဝတ်အထည်၊ နေ့စဉ် လိုအပ်ချက်များမှာ အများကြီး ပိုသာနေသည်ကို သူမ တွေ့ရှိခဲ့သည်။
အထူးသဖြင့် ထိုလူက သူမအတွက် မုန့်များနှင့် သစ်သီးဝလံများ ဝယ်ပေးပြီး ဟူကျုံးမင်နှင့် နှိုင်းယှဉ်ကြည့်ပါက သူမ ရင်ထဲမှာ ပိုပြီး စိတ်မချမ်းသာ ဖြစ်ရသည်။
လုရှောင်ချင်း အေးစက်စွာ နှာမှုတ်ပြီး ထရပ်လိုက်ကာ ကျန်းနျန်၏ ပန်းထိုးဘောင်ကို ထပ်ကန်ရန် ခြေထောက်ကို မြှောက်လိုက်သည်။
ထိုအချိန်၌ အခန်းအပြင်ဘက်မှာ ခြေသံတွေ ကြားလိုက်ရသည်။ သူမ ခြေထောက်ကို မရုတ်မီမှာပဲ ကန့်လန့်ကာက ပင့်တင်ခံလိုက်ရသည်။
လုရှောင်ချင်း ထိတ်လန့်သွားပြီး ခြေထောက်ကို ပြန်ရုတ်လိုက်သည်။ သူမ ခေါင်းမော့လိုက်တော့ အခန်းထဲမှာ စစ်တပ်စိမ်း ကုတ်အင်္ကျီရှည် ဝတ်ထားတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူ့ရဲ့ ဆံပင်တိုက သပ်ရပ်သန့်ရှင်းပြီး သူ့ရဲ့ ခန့်ညားတဲ့ မျက်နှာက အေးစက်နေသည်။ သူမ သူ့ကို ချက်ချင်း မှတ်မိလိုက်သည်။ သူက ကျန်းနျန်၏ ကွယ်လွန်သူ ခင်ပွန်း၏ ရဲဘော် ဖြစ်သည်။
လုယွီ၏ အေးစက်နေသော မျက်လုံးများက လုရှောင်ချင်း ကန်ချလိုက်သဖြင့် ယိုင်နေသည့် ပန်းထိုးဘောင်ကို စစ်ဆေးလိုက်သည်။ သူသည် မျက်နှာအေးစက်စွာနှင့် လျှောက်ဝင်လာပြီး ဘောင်ကို ဖြောင့်လိုက်ကာ ချည်မျှင်များကို ခွဲပြီး ဘောင်ပေါ်မှာ သပ်သပ်ရပ်ရပ် စီစဉ်လိုက်သည်။
"ကျန်းနျန် ပန်းထိုးထားတာ တစ်ခုခု ဖြစ်ရင် ခင်ဗျားက အဓိက သံသယရှိသူ ဖြစ်လိမ့်မယ်။”
ထိုအမျိုးသားက မတ်မတ်ရပ်လိုက်ချိန်တွင် အရပ်ရှည်ပြီး ခန့်ညားကာ သူ၏ အေးစက်သည့် အကြည့်က ဖိနှိပ်မှု အားကို သယ်ဆောင်လာသဖြင့် လုရှောင်ချင်း ကြောက်ရွံ့စွာဖြင့် နောက်ကို နှစ်လှမ်းလောက် ဆုတ်သွားခဲ့သည်။
သူမ တည်ငြိမ်ဟန်ဆောင်ပြီး ပြောလိုက်သည်။ "ကျွန်မ သူ့အပေါ် ဘာရန်ငြိုးမှ မရှိဘူး၊ ဘာလို့ သူ့ရဲ့ ပန်းထိုးတာကို ဖျက်ဆီးရမှာလဲ။ သူမ ပန်းထိုးတာ ပျက်စီးရင်တောင် ဘာလို့ ကျွန်မကို သံသယဝင်ရမှာလဲ။ ဒီပန်းထိုးဆိုင်မှာ ကျွန်မတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး၊ အစ်မကျိုက်နဲ့ ကျန်းရှောင်လဲ ရှိသေးတယ်။”
လုယွီ၏ အကြည့်က သူမ၏ နှလုံးသားကို အေးစက်စွာ ထိုးဖောက်လိုက်သကဲ့သို့ပင်။ "မျက်မြင်သက်သေအနေနဲ့ ခင်ဗျား ကျန်းနျန်ရဲ့ ပန်းထိုးတာကို တမင်တကာ ဖျက်ဆီးနေတာကို ကျွန်တော် မြင်ခဲ့တယ်။”
လုရှောင်ချင်း စကား မပြောနိုင်တော့ပေ။
ဤလူသာ ဟူကျုံးမင်နှင့် နေရာချင်း လဲနိုင်လျှင် ဘယ်လောက် ကောင်းလိုက်မလဲဟု သူမ အရင်က စိတ်ကူးယဉ်ဖူးသည်။ အခုတော့ သူမ သူနှင့် ဝေးဝေးနေချင်ရုံသာ ရှိတော့သည်။
လုယွီသည် သူမကို လျစ်လျူရှုပြီး ချည်မျှင်စက်ရုံ၏ ကန်တင်းဘက်သို့ လှည့်သွားခဲ့သည်။
ကျန်းနျန်က အခုအချိန်မှာ ပန်းထိုးဆိုင်မှာ မရှိရင် နေ့လယ်စာ စားရန် ကန်တင်းကို သွားလောက်ပြီပင်။
လုယွီ ထွက်သွားပြီးနောက် လုရှောင်ချင်း ဒေါသတကြီး သူမ၏ ဆံပင်ကို ကုတ်လိုက်သည်။ သူမ ခြေထောက်ကို မြှောက်ပြီး ကျန်းနျန်၏ ပန်းထိုးဘောင်ကို ထပ်ကန်ဖို့ ကြိုးစားတုန်းမှာ တစ်ဝက်မှာ ရပ်လိုက်သည်။ ထိုလူ ပြောခဲ့သည်ကို ပြန်စဉ်းစားမိရာ သူမ ဒေါသထွက်သလို ကြောက်လည်း ကြောက်နေသည်။ ပန်းထိုးကိစ္စကြောင့် ရဲက ဖမ်းသွားရင် ဟူမိသားစုက သူမကို ချွေးမအဖြစ် သေချာပေါက် လက်ခံမှာ မဟုတ်ပေ။
နေ့လယ်စာ စားချိန်မှာ ကန်တင်းက လူများစွာနှင့် ပြည့်နေသည်။ ကျန်းနျန်နှင့် ကျန်းရှောင်တို့က တန်းစီနေရာမှာ ရပ်နေကြပြီး အစားအသောက် ခပ်ပေးသည့် အဒေါ်ကြီးက ပန်းကန်တွေကို ခပ်ပေးရင်း ခါနေတာကို ကြည့်နေကြသည်။ သူမ ခါပြီးသွားသောအခါ အရင်က အပြည့် ခပ်ထားသည့် အစားအသောက်များက နည်းနည်းလေးသာ ကျန်တော့၏။
ကျန်းနျန် စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။
တကယ်ကိုပဲ ခေတ်ဟောင်းပဲ ဖြစ်ဖြစ်၊ ခေတ်သစ်ပဲ ဖြစ်ဖြစ် ကန်တင်းက အဒေါ်ကြီးများက ထိုသို့ လက်တုန်တဲ့ ပြဿနာ ရှိနေပုံရသည်။
သူတို့ အစားအသောက် ရပြီးနောက် ကျန်းနျန်နှင့် ကျန်းရှောင် ပတ်ပတ်လည် ကြည့်လိုက်ရာ ထောင့်တစ်နေရာမှာ စားပွဲရှည် တစ်လုံးကို တွေ့လိုက်ရသည်။ သူတို့ ဘေးချင်းကပ် ထိုင်ချလိုက်ပြီး စားရင်း စကားပြောကြသည်။ စကားစက ကျိုက်ဖေးဖေး အကြောင်းကို ရောက်သွားပြီး ကျန်းရှောင်ကမူ ပြောစရာ များနေသည်။
ကျိုက်ဖေးဖေး၏ သမီး ချူဟွားသည် ချည်မျှင်စက်ရုံက အလုပ်သမား ချန်ဖန်းနှင့် လက်ထပ်ခဲ့သည်။ ကျိုက်ဖေးဖေး၏ သမီးသည် ကျေးလက်မှာ ဖခင်နှင့်အတူ နေခဲ့သည်။ သူတို့ မိသားစုက အဓိကအားဖြင့် ကျိုက်ဖေးဖေး ဝင်ငွေပေါ် မှီခိုနေကြ၏။ ချူဟွားနှင့် သူ့ဖခင် တရုတ်နှစ်သစ်ကူးကာလမှာ ကျိုက်ဖေးဖေးကို နိုင်ငံပိုင် ပန်းထိုးဆိုင်သို့ လာရောက်လည်ပတ်တဲ့အခါ သုံးယောက်သား ချည်မျှင်စက်ရုံ ကန်တင်းမှာ အစားအသောက် စားဖို့ သွားတုန်း ချန်ဖန်းက ချူဟွားကို သဘောကျသွားခဲ့သည်။
နောက်ပိုင်းမှာ သူတို့ နှစ်ယောက် လက်ထပ်ခဲ့ကြသည်။ ပထမနှစ်၌ အဆင်ပြေခဲ့သော်လည်း ဒုတိယနှစ်မှာ ချူဟွား သမီးလေး မွေးဖွားခဲ့သည်။ သူမ၏ ယောက္ခမက သမီးမို့ မကျေနပ်ဘဲ ချူဟွားကို အပြစ်ရှာတော့သည်။ သူမက ချူဟွားကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်သည်အထိ ဖြစ်လာရာ ကျိုက်ဖေးဖေးသည် ဒီနှစ်နှစ်အတွင်း ထိုကိစ္စကြောင့် ချန်အိမ်ကို အကြိမ်များစွာ သွားခဲ့ရသည်။
ပြောင်းဖူးပန်ကိတ်ကို တစ်ကိုက် ကိုက်လိုက်ပြီးနောက် ကျန်းရှောင်က ပြောလာသည်။ "ဒါက အစ်မလု ကျွန်မကို ပြောပြတာပါ။ ချူဟွားက ချန်ဖန်းကို လက်ထပ်ပြီးတာ သုံးနှစ် ရှိပြီ၊ နှစ်နှစ်လောက် အရိုက်ခံနေရတာ"
ဤသည်မှာ သားကို သမီးထက် ပိုလိုချင်သော ခေတ်နောက်ကျနေသည့် လူကြီးများကြောင့်ပင်။
အခု ချူဟွားက အိမ်ကနေ ကန်ထုတ်ခံရပြီ။ ကျိုက်ဖေးဖေး ပြန်ပို့လျှင်တောင် သူမ၏ အနာဂတ်မှာ အမြဲတစေ အနိုင်ကျင့်ခံရခြင်းနှင့် အမှောင်ဖုံးနေသောဘဝပဲ ဖြစ်နေဦးမှာပင်။
"အစ်မကျိုက်က ဒီနှစ်နှစ်အတွင်း သမီးရဲ့ အခြေအနေကြောင့် စိတ်ပူနေရတယ်။ ဒီနှစ် သူမ ဆံပင်တွေ ပိုဖြူလာတယ်”