← Chapters

အခန်း (၇၇)

Vol. 8 Ch. 77

အခန်း (၇၇)

Vol. 8 Ch. 77

စစ်ဘက်အရာရှိသည်လည်း ကျန်းနျန်၏ အသံတွင် တစ်ခုခု လွဲချော်နေသည်ကို ရိပ်မိလိုက်သည်။ ထို့ကြောင့် “လက်ထောက်တပ်ရင်းမှူးလု က ဒီရက်ပိုင်း တပ်ထဲမှာ မရှိပါဘူး” ဟု ဖြေကြားလိုက်၏။

ဖုန်းတစ်ဖက်က လူသည် လက်ထောက်တပ်ရင်းမှူးလု၏ မရီး ဖြစ်သည်ကို သူသိသည်။ လွန်ခဲ့သည့် တစ်လအတွင်း လက်ထောင်တပ်ရင်းမှူးလုက သူမကို မကြာခဏ ဖုန်းခေါ်လေ့ရှိသည်ဖြစ်ရာ သူက ထပ်မေးလိုက်သည် – “ဟိုဘက်မှာ ဘာတွေ ဖြစ်နေလဲမသိဘူး”

လုယွီတပ်ထဲမှာ မရှိဘူးဟု ကြားလိုက်ရသည့်အခါ ကျန်းနျန်သည် ရေခဲပြင်ထဲ ပြုတ်ကျသွားသယောင် ခံစားလိုက်ရသည်။ သူမဘေးရှိ ကျန်းရှောင်က တီးတိုးပြောလာခဲ့သည်။ “သူတို့ ထွက်သွားပုံရတယ်”

ကျန်းနျန်သည် ရှုပ်ထွေးစွာဖြင့် တံတွေးကို မျိုချလိုက်ပြီး ကျန်းရှောင်မှ သတိထား၍ ထပ်မံ စစ်ဆေးကာ သူတို့ တကယ် ထွက်ခွာသွားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်သည့်အခါမှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် သူမသည် စစ်ဘက်အရာရှိအား ပြောလိုက်သည်။“အဲဒါ… အဲဒါဆို ဘာမှမဟုတ်ပါဘူး။ ကျေးဇူးတင်ပါတယ်၊ စိတ်အနှောင့်အယှက်ပေးမိတဲ့အတွက်လဲ တောင်းပန်ပါတယ်”

ဖုန်းချပြီးနောက် ကျန်းနျန်နှင့် ကျန်းရှောင်တို့သည် ဘေးအန္တရာယ်တစ်ခုမှ လွတ်မြောက်လာသူများနှယ် ခံစားရ၏။ သူတို့သည် ထိုင်ခုံတစ်ခုပေါ် ထိုင်၍ မှန်ပြတင်းပေါက်မှတစ်ဆင့် ညဘက် ကောင်းကင်ကို စိုက်ကြည့်နေကြသည်။

ကျန်းရှောင် - “အစ်မကျန်း၊ ရဲကို ဖုန်းဆက်ရမလား”

ကျန်းနျန်သည် ရဲကို ခေါ်ရန် စဉ်းစားခဲ့သော်လည်း ရဲများ ရောက်လာလျှင်ပင် ဖုန့်ရန်နှင့် ယန်ကျွင်းတို့က လမ်းပေါ် လမ်းလျှောက်နေရုံသာ ဖြစ်သည်ဟု ငြင်းဆိုဖွယ်ရှိသည်။ သူတို့သည် ရဲ၏ ဆူပူကြိမ်းမောင်းခြင်းကိုသာ ခံရပေလိမ့်မည်။

“မနက်ဖြန်ကျမှ ရဲစခန်းသွားကြမယ်”

ရဲခေါ်ခြင်းသည် အကျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းဆုံးတော့ ဖုန့်ရန်နှင့် ယန်ကျွင်းတို့ကို အနည်းငယ် ခြောက်လှန့်နိုင်မည်ဟု သူမ ယူဆသည်။

ကျန်းနျန်သည် လုယွီဘယ်နေရာများ သွားနေပါလိမ့်ဟု အတွေးများ နယ်ချဲ့မိနေ၏။

စစ်ဘက်အရာရှိက သူ ဒီရက်ပိုင်း တပ်ထဲမှာ မရှိဟု ပြောလာသည်။ အခြား မစ်ရှင်တစ်ခုခု သွားနေတာများလား။

“အစ်မကျန်း၊ သွားရအောင်။ နောက်ကျရင် ကန်တင်းမှာ စားစရာကျန်တော့မှာ မဟုတ်ဘူး”

“အင်း”

ကျန်းနျန်သည် သူမ၏ အတွေးများကို စုစည်းလိုက်ပြီး ကျန်းရှောင်နှင့်အတူ ပန်းထိုးဆိုင်မှ ထွက်ခွာလာခဲ့သည်။ သူတို့သည် လန့်ဖြန့်နေသော ငှက်များနှယ် အသံတိုင်းတွင် ထိတ်လန့်တကြား လှည့်ကြည့်နေမိကြသည်။ မည်သည့်ထောင့်မှမဆို ဖုန့်ရန်နှင့် ယန်ကျွင်းတို့ ရုတ်တရက် ပေါ်လာမည်ကို ကြောက်ရွံ့နေကြသည်။

ယခုဆိုလျှင် လုံးဝ မှောင်မည်းနေပြီပင်။ ကျန်းနျန်နှင့် ကျန်းရှောင်တို့သည် ဂွမ်းစက်ရုံသို့ အလျင်အမြန် သွားလိုက်ကြသည်။ ကန်တင်းတွင် လူအနည်းငယ်သာ ကျန်တော့၏။ သူတို့ အမြန် စားစရာများကို ယူပြီး ထွက်ပြေးလာခဲ့ကြသည်။ ဂွမ်းစက်ရုံရှိ လုံခြုံရေးရုံးသည်လည်း မှောင်မည်းနေသည်။ ကျန်းရှောင်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။ “အစ်မကျန်း၊ ဒီနေ့ လုံခြုံရေးက ဘာလို့ ဒီလောက် စောစော ထွက်သွားရတာလဲ”

ပုံမှန်အားဖြင့် သူသည် ဂွမ်းစက်ရုံမှ လူတိုင်း ထွက်သွားပြီးမှသာ ထွက်ခွာလေ့ရှိသည်။

ကျန်းနျန် ပြောလိုက်သည်။ “တစ်ခုခုတော့ ရှိမှာပဲ”

ယခု ဂွမ်းစက်ရုံအပြင်ဘက်တွင် လူအနည်းငယ်သာ ပြန့်ကျဲစွာ ကျန်တော့သည်။ ကျန်းနျန်သည် သူတို့နှင့် မျက်နှာချင်းဆိုင်ရှိ မှိန်နေသော လမ်းကြားဘက်သို့ မသိစိတ်မှ လှမ်းကြည့်မိသည်။ ညဖြစ်သောကြောင့် လမ်းကြားသည် မှောင်နေပြီး ယန်ကျွင်းနှင့် ဖုန့်ရန်တို့ ထိုနေရာတွင် ပုန်းနေလား မသိနိုင်ပေ။

ကျန်းရှောင်သည် ကျန်းနျန်၏ လက်မောင်းကို ဖက်ထားသည်။ လေတိုက်ခတ်မှုကြောင့် သူတို့၏ နားများ အေးစက်နေသည်။ လေတိုက်သံများကြားတွင် ခြေသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ ကျန်းနျန်နှင့် ကျန်းရှောင်တို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ ယန်ကျွင်းနှင့် ဖုန့်ရန်တို့ သူမတို့ဆီ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

ဟုတ်သည်။ သူတို့ ပြေးလာနေကြသည်။

ဂွမ်းစက်ရုံမှ အဆောင်သို့ သွားရာလမ်းတွင် လမ်းကြားငယ်တစ်ခုကို ဖြတ်သန်းရမည်ပင်။ သူမတို့ နှစ်ယောက်မှလွဲ၍ အခြား မည်သူမျှ ပတ်ဝန်းကျင်တွင် မရှိပေ။

ကျန်းရှောင်၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားသည်။ ကျန်းနျန်က သူမ၏လက်ကို အသည်းအသန် ဆုပ်ကိုင်ပြီး စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်သည်။ “မြန်မြန်၊ အဆောင်ကို ပြန်ကြမယ်”

“ဘာလို့ ပြေးနေတာလဲ”

“မင်းတို့ကြောင့် ငါတို့ အလုပ်ပြုတ်သွားတာ။ လျော်ကြေး မပေးသင့်ဘူးလား”

အမျိုးသားသည် အမျိုးသမီးထက် ပိုမြန်၏။ ကျန်းနျန်နှင့် ကျန်းရှောင်တို့ လမ်းကြားထဲမှ ပြေးထွက်ခါနီးတွင် ယန်ကျွင်းမှ ပိတ်ဆို့လိုက်သည်။ ဖုန့်ရန်က သူမတို့၏ နောက်တွင် ရပ်ပြီး သူမတို့ကို အလယ်တွင် ပိတ်မိစေခဲ့သည်။

“ငါတို့ ရဲကို ဖုန်းဆက်ထားတယ်”

ကျန်းရှောင် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

ယန်ကျွင်းက လှောင်ပြောင်လိုက်သည်။ “မင်းတို့ ဘာတွေ ပြောနေတာလဲ။ ငါ အခု အလုပ်လက်မဲ့ဖြစ်နေပြီ။ အိမ်မှာလဲ အထင်သေးခံနေရတယ်။ မင်းတို့ကတော့ နေ့တိုင်း ဇိမ်ကျကျ နေနေကြတာ။ မင်းတို့နှစ်ယောက် သေလောက်တဲ့ဒုက္ခ မရောက်မချင်း ငါ မကျေနပ်နိုင်ဘူး”

ဖုန့်ရန်လည်း ပြောလာခဲ့သည်။ “မုဆိုးမလေး၊ မင်းရဲ့သူငယ်ချင်းက တော်တော် အစွမ်းထက်တယ်ဆို။ ဒီ ဒုက္ခရောက်နေတဲ့ မိန်းမပျို‌လေးဆီကို အချိန်မီ ရောက်လာပြီး ကယ်နိုင်မလား၊ ဒါမှမဟုတ် ငါတို့ ညီအစ်ကိုနှစ်ယောက် အခြေအနေကို ဖြေရှင်းပြီးတဲ့နောက်မှပဲ ရောက်လာနိုင်မလား ငါ သိချင်နေပြီ”

ကျန်းနျန်သည် အလူမီနီယံ ထမင်းဘူး၏ လက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ပြီး နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။

ယန်ကျွင်းနှင့် ဖုန့်ရန်တို့သည် အဆုံးစွန်ထိ သွားရန် ဆုံးဖြတ်ထားပုံပင်။

သူမသည် ကျန်းရှောင်ကို လှမ်းကြည့်လိုက်ပြီး တံတွေးကို မျိုချကာ တိုးတိုးလေး ပြောလိုက်သည်။ “ငါ သူတို့ကို ခဏ ဆွဲထားလိုက်မယ်။ အဆောင်ကို ပြန်ပြီး အစ်မကျိုက်ကို ခေါ်လိုက်၊ ပြီးတော့ အဆောင်ပတ်ဝန်းကျင်က လူတွေကို အတူလာဖို့ ခေါ်ခဲ့။ လူများမှ အင်အားရှိမယ်”

“မလုပ်နဲ့”

ကျန်းရှောင် မျက်ရည်များ ကျလာခဲ့သည်။

ကျန်းနျန်သည် သူမနှင့် စကားပြောရန် အချိန်မရှိတော့ပေ။ ဒီကိစ္စ၏ အရင်းအမြစ်မှာ သူမပင် ဖြစ်သည်။ နောက်ဆုံးတွင် ကျန်းရှောင်ပါ သူမကြောင့် ပါဝင်ပတ်သက်လာခဲ့ရ၏။ ဖုန့်ရန်နှင့် ယန်ကျွင်းတို့ နှစ်ဖက်စလုံးမှ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အခါ ကျန်းနျန်သည် အလူမီနီယံ ထမင်းဘူးကို မြှောက်၍ လမ်းပိတ်ထားသော ယန်ကျွင်းကို ရိုက်ချလိုက်သည်။ ထို့နောက် ယန်ကျွင်းကို သူမ၏ ကိုယ်ခန္ဓာဖြင့် တွန်းဖယ်လိုက်ပြီး ကျန်းရှောင်ကို အော်ပြောလိုက်၏။ “အကူအညီသွားခေါ်”

“တောက်! မင်း မိန်းမယုတ်မ”

ယန်ကျွင်းသည် ခေါင်းကို အရိုက်ခံလိုက်ရပြီး ကျန်းနျန်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားခဲ့သည်။ ဖုန့်ရန်က ကျန်းရှောင်ကို ဆွဲဖမ်းရန် ကြိုးစားလိုက်စဉ် ကျန်းနျန်က အလျင်အမြန် ပြေးဝင်သွားသည်။ သို့သော် ဖုန့်ရန်က သူမ၏ လှုပ်ရှားမှုကို ကြိုတင် ခန့်မှန်းထားသည်။ သူက ကျန်းနျန်ဘက်သို့ ကန်လိုက်သည်။ သူ၏ ခြေထောက် မရောက်မီတွင် အားပြင်းသော တွန်းအားတစ်ခုက သူ့ကို ရှေ့သို့ ယိုင်လဲစေပြီး နံရံပေါ်သို့ ပြင်းထန်စွာ ဆောင့်ကျစေခဲ့သည်။

ကျန်းနျန်၏ ကိုယ်ခန္ဓာသည် ရှေ့သို့ မြောက်တက်သွားခဲ့ပြီး ပစ်မှတ်ကို လွဲချော်သွားသည်။ သူမ တုံ့ပြန်နိုင်ခြင်း မရှိမီတွင် သူမ၏ ရှေ့တည့်တည့်၌ စစ်ဝတ်စုံစိမ်းနှင့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ သူမသည် မရပ်ဘဲ ထိုသူနှင့် တိုက်မိသွားခဲ့သည်။

လုယွီသည် တုန်ယင်နေသော ကျန်းနျန်ကို ရင်ခွင်ထဲ ထိန်းထားရင်း သူ့လက်မောင်းများကို အနည်းငယ် တင်းကျပ်လိုက်သည်။ “အဆင်ပြေပါပြီ”

ကျန်းနျန်သည် လုယွီရုတ်တရက် ပေါ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမသည် သူ့ရင်ခွင်ထဲတွင် ငိုင်ငိုင်မေ့မေ့ ရပ်နေမိပြီး သူ၏ ထူးခြားသော လန်းဆန်းသည့်ရနံ့ကို ရှူရှိုက်မိနေ၏။ သူမ၏ စိတ်သည် ယခုထိ ထိတ်လန့်နေဆဲပင်။ လမ်းကြားထဲတွင် ခြေသံများ ဆူညံလာပြီး ပြင်းထန်သော အသံများစွာက “မလှုပ်နဲ့” ဟု အော်လာသည်။

လမ်းတစ်ဝက်တွင် ကျန်းရှောင်သည် သူမနောက်က ဆူညံသံကို ကြားလိုက်ရပြီး အမြန် လှည့်ကြည့်လိုက်သည်။ မှောင်မည်းသော လမ်းကြားထဲတွင် ဓာတ်မီးများစွာက အခင်းဖြစ်ပွားရာနေရာကို ထိုးထားသည်။ ယူနီဖောင်းဝတ် ရဲခြောက်ဦးက ယန်ကျွင်းနှင့် ဖုန့်ရန်တို့ကို ဖမ်းဆီးထားသည်။ လှည့်ပတ်နေသော ဓာတ်မီးများကြားတွင် ကျန်းရှောင်သည် လုယွီက ကျန်းနျန်ကို ပွေ့ဖက်ထားသည်ကို မြင်လိုက်ရသည်။ သူ၏ အရပ်ရှည်သော ပုံပန်းသည် သူမကို သူ၏ ရင်ခွင်ထဲတွင် လုံးဝ နီးပါး ဖုံးလွှမ်းထားသည်။

ကျန်းရှောင်သည် သူမ ထိန်းထားခဲ့သော လေကို ရုတ်တရက် ရှိုက်ထုတ်လိုက်ပြီး မြေကြီးပေါ်တွင် ထိုင်ချလိုက်ကာ မျက်ရည်များ စီးကျလာပြီး ဘယ်လောက် ကံကောင်းလိုက်လဲဟု ခံစားလိုက်ရသည်။

ယန်ကျွင်းနှင့် ဖုန့်ရန်တို့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားကြသည်။ လုယွီသည် ကျန်းနျန်နှင့် ကျန်းရှောင်တို့နှင့်အတူ လိုက်ပါ၍ ထွက်ဆိုချက်များ ပေးခဲ့၏။ လမ်းလျှောက်နေစဉ် ကျန်းနျန်သည် သူမဘေးရှိ လုယွီကို မကြာခဏ လှမ်းကြည့်နေသည်။ လုယွီက သူမကို ငုံ့ကြည့်လိုက်သည်။ “ဘာဖြစ်တာလဲ”

ကျန်းနျန်က အသာ ပြုံးပြီး မေးလိုက်သည်။ “ဘယ်တုန်းက ရောက်တာလဲ”

ကျန်းရှောင်လည်း သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

လုယွီ ပြန်ဖြေလိုက်သည်။ “နှစ်ရက်လောက် ရှိပြီ”

“ဟမ်”

ကျန်းနျန် အံ့အားသင့်သွားရသည်။ စစ်ဘက်အရာရှိက လုယွီဒီရက်ပိုင်း တပ်ထဲ မရှိဘူးဟု ပြောသည်ကို သတိရပြီး သူမ မေးလိုက်၏။ “ဒီနှစ်ရက်လုံး မြို့ထဲမှာ ရှိနေတာလား”

လုယွီပြောလိုက်သည်။ “ကိုယ် မထွက်သွားခင် ဂွမ်းစက်ရုံက လုံခြုံရေးကို ဝင်ပေါက်ကို စောင့်ကြည့်ခိုင်းခဲ့တာ။ ကိုယ် ပြန်ရောက်တဲ့ ဒုတိယညမှာ သူ ဖုန်းဆက်လာပြီး ယန်ကျွင်းနဲ့ ဖုန့်ရန်တို့ ဂွမ်းစက်ရုံနဲ့ မျက်နှာချင်းဆိုင် လမ်းကြားမှာ ကျက်စားနေတယ်လို့ ပြောလာတယ်။ မင်းတို့ကို လက်စားချေဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်လို့ တွေးမိလိုက်လို့။ ဒါနဲ့ ကိုယ် ပုန်းနေပြီး ရဲတွေနဲ့ ပူးပေါင်းပြီး သူတို့ မင်းတို့ကို စတင် တိုက်ခိုက်မဲ့အချိန်ကို စောင့်နေခဲ့တာ”

ဤနည်းဖြင့်သာ ကျန်းနျန်ကို ဝန်းရံနေသော အန္တရာယ်ကို သူ လုံးဝ ဖယ်ရှားနိုင်မည်ပင်။

ကျန်းနျန်သည် လုယွီဤမျှလောက်ထိ လုပ်ဆောင်ခဲ့သည်ကို မမျှော်လင့်ထားခဲ့ပေ။ သူမ၏ မျက်လုံးများထဲရှိ ချီးကျူးလေးစားမှုကို မဖုံးကွယ်နိုင်ခဲ့ချေ။ “ဒီနှစ်ရက်လုံး ကျွန်မနဲ့ ကျန်းရှောင်ကို လျှို့ဝှက်ပြီး လိုက်ကြည့်နေခဲ့တာလား”

စကားလုံးများသည် ပေါ့ပေါ့ပါးပါး ဖြစ်နေသော်လည်း လုယွီ၏ နားရွက်များ အနည်းငယ် နီမြန်းသွားသည်။ သူက ရှေ့ရှိ လူအနည်းငယ်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ကိုယ် မင်းတို့ကို စောင့်ကြည့်နေခဲ့တာ…နှစ်ယောက်စလုံးကို”

သူသည် ညတိုင်း ကျန်းနျန်နှင့် ကျန်းရှောင်တို့ကို အဆောင်သို့ လိုက်ပို့ပေးခဲ့ပြီး မနက်ပိုင်းတွင် ပုန်းအောင်း၍ သူတို့နောက် လိုက်ခဲ့သည်။ ဖုန့်ရန်နှင့် ယန်ကျွင်းတို့သည် သူ့ကို တစ်လျှောက်လုံး ရှာမတွေ့ခဲ့ကြဘဲ သူက သူတို့၏ နေရာအတိအကျကို အကုန် သိနေခဲ့သည်။ သူတို့ ယနေ့ည တိုက်ခိုက်လာလိမ့်မည်ဟုလည်း သူ အလိုလို ခန့်မှန်းခဲ့သည်။

ပြီးနောက် သူ မှန်ကန်ခဲ့သည်။

ကျန်းရှောင်လည်း ချီးကျူးလေးစားမှု အပြည့်ဖြင့် ပြောလိုက်သည်။“လက်ထောက်တပ်ရင်းမှူးလု၊ ရှင်က အရမ်း အံ့ဩစရာကောင်းတာပဲ”

ကျန်းနျန်လည်း သဘောတူလိုက်သည်။ “တကယ်ပဲ”

လုယွီသည် သူတို့၏ ချီးမွမ်းမှုအောက်တွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပြီး လည်ချောင်းကို ရှင်းလိုက်သည်။ ထို့နောက် ကျန်းနျန်က မေးလိုက်သည်။ “ကျန်းရှောင်နဲ့ ကျွန်မ ဂွမ်းစက်ရုံက ထွက်လာတော့ လုံခြုံရေး မရှိဘူး။ အစောကြီး ထွက်သွားဖို့ ရှင် စီစဉ်ခဲ့တာလား”

လုယွီနှင့် ရဲများ ရောက်လာပြီးနောက်မှသာ သူမသည် ပုံမှန်မဟုတ်သော အခြေအနေဆီသို့ ဦးတည်သွားသော အဖြစ်အပျက်များကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

လုယွီ - “ကျွန်တော်နဲ့ ရဲအနည်းငယ်က အထဲမှာ ပုန်းနေခဲ့တာ”

သူ ကျန်းနျန်ကို ကြိုတင် အသိမပေးခဲ့ခြင်းမှာ သူမနှင့် ကျန်းရှောင်တို့ အားနည်းချက် တစ်ခုခု ပြသလိုက်ပါက ဖုန့်ရန်နှင့် ယန်ကျွင်းတို့ သတိထားမိမည်ကို စိုးရိမ်သောကြောင့်ပင်။

ဤသည်မှာ ကျန်းနျန် ရဲစခန်းသို့ ဒုတိယအကြိမ် ရောက်ခြင်းပင် ဖြစ်၏။ သူတို့သည် ထွက်ဆိုချက်များ ပေးရန် တောင်းဆိုခံရပြီး ဤကာလအတွင်း ယန်ကျွင်း၊ ဖုန့်ရန်တို့နှင့် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တိုင်းကို အသေးစိတ် ပြောပြခဲ့ရသည်။ ယန်ကျွင်းနှင့် ဖုန့်ရန်တို့သည်လည်း ဘေးချင်းကပ် အခန်းတွင် ထွက်ဆိုချက်များ ပေးနေကြသည်။

ဤအချိန်အတွင်း လုယွီသည် ဂွမ်းစက်ရုံ ကန်တင်းမှ အဖြစ်အပျက်ကို ပြန်လည် ပြောပြရန် ခေါ်ယူခံခဲ့ရလေ၏။ ရဲများသည် ဂွမ်းစက်ရုံနှင့် နိုင်ငံပိုင် ပန်းထိုးဆိုင်၏ ခေါင်းဆောင်များအပြင် ထိုညက မျက်မြင်သက်သေ အများအပြားကိုလည်း ခေါ်ယူခဲ့သည်။ ညနက်သော်လည်း ရဲစခန်းတွင် လူများ အတော်လေး များပြားနေသည်။

ယခုမှသာ ကောမိန်သည် ကျန်းနျန်နှင့် ကျန်းရှောင်တို့ ဤရက်များအတွင်း ကြုံတွေ့ခဲ့ရသည်များကို နားလည်သွားသည်။ သူမ အပြစ်ရှိသလို ခံစားလိုက်ရပြီး သူတို့နှစ်ဦးကို စကားအနည်းငယ် ပြောခဲ့သည်။

ယန်ကျွင်းနှင့် ဖုန့်ရန်တို့သည် တမင်တကာ လက်စားချေမှု၊ ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုနှင့် အတင်းအဓမ္မ ဝင်ရောက်ရန် ကြိုးပမ်းမှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရသည်။ သူတို့သည် အစပိုင်းတွင် ရန်လိုသည့် သဘောထားဖြင့် စတင်ခဲ့ကြသော်လည်း ယခုအခါ ငိုယိုပြီး အားလုံးကို အသေးစိတ် ဝန်ခံကာ သူတို့၏ လုပ်ရပ်များကို ဝန်ခံခြင်းဖြင့် ပြစ်မှုများကို လျှော့ချနိုင်ရန် မျှော်လင့်နေကြသည်။

သူတို့သည် ဟူကျုံးမင်က လုရှောင်ချင်းကို လှည့်ဖြားပြီး ကျန်းနျန်နှင့် ကျန်းရှောင်တို့အား နိုင်ငံပိုင် စားသောက်ဆိုင်သို့ လာစေခဲ့ပုံကိုပင် ဝန်ခံခဲ့ကြပြီး အရာအားလုံးသည် ဟူကျုံးမင်၏ စိတ်ကူးဖြစ်ကြောင်း ပြောခဲ့ကြသည်။ ထို့ကြောင့် ရဲများသည် ညသန်းခေါင်တွင် ဟူမိသားစုအိမ်သို့ သွား၍ အိပ်နေဆဲ ဟူကျုံးမင်ကို စခန်းသို့ ခေါ်ဆောင်လာခဲ့ကြလေ၏။

ပူးပေါင်းပါဝင်သူ လုရှောင်ချင်းကိုလည်း ခေါ်ဆောင်လာခဲ့သည်။

လုရှောင်ချင်းသည် မသိဘဲ ပူးပေါင်းပါဝင်ခဲ့သူဖြစ်သောကြောင့် ရဲများသည် သူမအား ပြင်းထန်စွာ ဆူပူကြိမ်းမောင်းရုံသာ ပြုခဲ့ကြသည်။ ကောမိန်သည် လုရှောင်ချင်းကို နက်နဲသော ကိုယ့်ကိုယ်ကိုယ် ဝေဖန်ချက် ရေးခိုင်းပြီး နောက်ဆုံး အခွင့်အရေး ပေးခဲ့၏။ နောက်ထပ် အမှားလုပ်ပါက အလုပ်မှ ထုတ်ပယ်မည်ဖြစ်သည်။

ဟူကျုံးမင်သည် အဖြစ်အပျက် နှစ်ခုလုံး၏ ကြိုးကိုင်သူဖြစ်သောကြောင့် အဓိက ပြစ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ခံရမည်ပင်။ သူသည် ဂွမ်းစက်ရုံမှ ထုတ်ပယ်ခံရရုံသာမက ဖုန့်ရန်နှင့် ယန်ကျွင်းတို့ကဲ့သို့ ထောင်ဒဏ်ကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။

မျက်မြင်သက်သေ အများအပြားနှင့် ခိုင်မာသော သက်သေအထောက်အထားများ ရှိနေသဖြင့် သူတို့၏ ရုံးတင်စစ်ဆေးမှုသည် လာမည့်ရက်များအတွင်း မကြာမီ စတင်တော့မည်ဖြစ်၏။ သူတို့ ရဲစခန်းမှ ထွက်ခွာလာချိန်တွင် မိုးလင်းနေပြီပင်။ ဂွမ်းစက်ရုံ၏ ခေါင်းဆောင်သည် ဒေါသတကြီး ထွက်ခွာသွားပြီး ဒုတိယအဖွဲ့ဝင်များက နောက်မှ လိုက်သွားကြ၏။

ကျိုက်ဖေးဖေးသည် ကျန်းနျန်နှင့် ကျန်းရှောင်တို့ကို စစ်ဆေးရန် တစ်ယောက်တည်း ပြေးလာခဲ့သည်။ နောက်ဆုံးတွင် ကောမိန်က လူအနည်းငယ်ကို ခေါ်၍ နိုင်ငံပိုင် စားသောက်ဆိုင်သို့ နံနက်စာ စားရန် သွားခဲ့ကြသည်။ ဤအဖြစ်အပျက်သည် သူမ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူမ၏ လက်အောက်ငယ်သားများအား ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပေါ်စေလုနီးပါး ဖြစ်ခဲ့သည်။

ကောမိန်သည် စားပွဲပေါ်ရှိ ဝိုင်ကို ရေဖြင့် အစားထိုးပြီးနောက် မတ်တပ်ရပ်၍ လုယွီကို ပြောလိုက်သည်။ “လက်ထောက်တပ်ရင်းမှူးလု၊ ရှင့်မရီးနဲ့ ပတ်သက်ပြီး ကျွန်မ ပေါ့ဆခဲ့ပါတယ်။ ဟူကျုံးမင်နဲ့ သူ့သူငယ်ချင်းတွေကြောင့် သူ မတော်တဆ ထိခိုက်လုနီးပါး ဖြစ်ခဲ့ရတယ်။ ကျွန်မ ရှင့်ကို တောင်းပန်ပါရစေ”

သူမ စကားဆုံးသည်နှင့် ရေကို တစ်ငုံ သောက်လိုက်သည်။

လုယွီက စကားနှစ်ခွန်းသာ ပြောပြီးနောက် နံနက်စာ စားနေသော ကျန်းနျန်ကို ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် အခြား အကြံတစ်ခု ရှိနေသည်။

နံနက်စာ စားပြီးနောက် သူတို့ ထွက်ခွာချိန်တွင် လုယွီက ကျန်းနျန်ကို တားလိုက်သည်။ “မရီး၊ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာ တစ်ခု ရှိတယ်”

ကျန်းနျန်က သူ့ကို မော့ကြည့်လိုက်သည်။ “ဘာကိစ္စလဲ”

လုယွီ ပြောလိုက်သည်။ “နောက်ဆိုရင် မင်း အကြီးစား ပန်းထိုးတွေ ဒါမှမဟုတ် အချိန်ကြာကြာ ပန်းထိုးရမဲ့ ပန်းထိုးတွေ ရှိလာရင်၊ ပန်းထိုးဘောင်ကို ကျွန်တော် မိသားစုခြံဝန်းဆီ ပြန်ရွှေ့ပေးပါ့မယ်။ မင်း အဲဒီမှာ ပန်းထိုးလို့ ရတယ်၊ အဆင်ပြေရဲ့လား”

ဤအဖြစ်အပျက် နှစ်ခု ဖြစ်ပြီးနောက် သူ၏ မရီးကို မြို့ထဲတွင် တစ်ယောက်တည်း ထားခဲ့ရန် သူ မတတ်နိုင်တော့ချေ။ သူ သတိမထားမိခဲ့ပါက ဖုန့်ရန်နှင့် ယန်ကျွင်းတို့ သူမကို မည်မျှ ဆိုးဆိုးရွားရွား အနိုင်ကျင့်နိုင်မည်ကို သူ မတွေးဝံ့ပေ။

ကျန်းနျန်သည် တုံ့ဆိုင်းသွားပြီး လုယွီကို တိုက်ရိုက် ပြန်မဖြေနိုင်ခဲ့ချေ။

သူမသည် ဤအဖြစ်အပျက်နှစ်ခုကြောင့် ကြောက်လန့်ခဲ့ရသော်လည်း လုယွီကို ထာဝရ မှီခိုနေ၍ မရပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ ခေတ်ကို ပြန်မသွားနိုင်တော့သောကြောင့်ပင်။ လုယွီလက်ထပ်သည့်အခါတွင် သူမသည် အိမ်ပြောင်းပြီး ကိုယ့်ဘာသာ ရပ်တည်ရမည်ဖြစ်သည်။ နောင်တွင်လည်း ပြဿနာ အမျိုးမျိုးနှင့် ကြုံတွေ့ရနိုင်ပြီး ထိုပြဿနာများကိုလည်း သူမ ကိုယ်တိုင် ဖြေရှင်းရမည်ဖြစ်သည်။

သူမသည် လုယွီကို တစ်သက်လုံး ဒုက္ခပေး၍ မရနိုင်ပေ။

ထို့အပြင် ယခုတစ်ကြိမ်တွင် သူမသည် လုယွီကိုပါ ဒုက္ခပေးခဲ့သည်။ စစ်တပ်မှ ခွင့်ယူခြင်းသည် အဆင့်များစွာမှ လျှောက်လွှာတင်ခြင်းနှင့် ခွင့်ပြုချက်များ လိုအပ်သည်ကို သူမ သိသည်။ သူမ လုယွီနှင့် အတူရှိခဲ့သည့် အချိန်မှစ၍ သူသည် သူမအတွက် ခွင့်များ မကြာခဏ ယူခဲ့ရ၏။ ဤအတိုင်း ဆက်သွားပါက သူ၏ အနာဂတ် ရာထူးတိုးမြှင့်မှုကို ထိခိုက်စေမည်လား သူမ မသိပေ။

လုယွီသည် ကျန်းနျန်၏ မျက်လုံးများထဲရှိ တုံ့ဆိုင်းမှုနှင့် ရုန်းကန်နေရမှုကို မြင်လိုက်ရသည်။

ကျန်းနျန်စကားပြောရန် ပြင်လိုက်စဉ် လုယွီက သူမကို ပြတ်သားသော လေသံဖြင့် တားလိုက်သည်။ “ဆုံးဖြတ်ပြီးသွားပြီ။ ကျွန်တော် အစ်မကောနဲ့ နောက်မှ ပြောလိုက်မယ်”

.

ဤသည်မှာ သူ၏ မရီးအတွက် သူ ပထမဆုံးအကြိမ် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချပေးခြင်းဖြစ်သည်။

သူ စကားပြောပြီးနောက် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

ကျန်းနျန် - ???

သူမ ဘာမှ မပြောရသေးဘူးလေ။

All Chapters