အခန်း (၇၈)
Vol. 8 Ch. 78
ကျန်းနျန်သည် လုယွီက ကောမိန်ကို ဘာတွေ ပြောခဲ့သည်ကို မသိပေ။ လုယွီသည် အရာအားလုံးကို ပြီးစီးအောင် လုပ်ဆောင်ပြီးနောက် ကောမိန်က သူမကို ပြတင်းပေါက်ဘေးရှိ ခုံတန်းလျားပေါ်တွင် ထိုင်ခိုင်းပြီး ပန်းထိုးပုံစံအချို့အကြောင်း ပြောပြခဲ့သည်။
နောက်ဆုံးတွင် သူမ ပြောလိုက်သည်။ “ဒီလကုန်မှာ ကွမ်းချန်က သူဌေးက ပန်းထိုးတွေ လာယူလိမ့်မယ်။ မင်း ပန်းထိုးထားတာတွေကို ငါ နေ့တိုင်း ကြည့်နေတာ။ ကွမ်းချန်က သူဌေး ဒီပန်းထိုးအပိုင်းကို အများကြီး ကျေနပ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။ မနေ့က ကွမ်းချန်က သူဌေးက ငါ့ဆီ စာတစ်စောင် ပို့လိုက်တယ်။ ဒီလကုန်ကျရင် ပန်းထိုး အကြီးနှစ်ခုနဲ့ အသေးတစ်ခု လာယူမယ်တဲ့။ အစ်မကျိုက်ကို အကြီးစား ပန်းထိုးတစ်ခု ပေးဖို့ ငါ စီစဉ်ထားတယ်။ မင်းက အကြီးစားနဲ့ အသေးစား နှစ်ခုလုံးအတွက် တာဝန်ယူရမယ်။ ဘယ်လို ထင်လဲ”
ကျန်းနျန်က ခေါင်းညိတ်လိုက်သည်။ “ရပါတယ်”
ကောမိန်သည် ကျန်းနျန်ကို ကြည့်လိုက်ပြီး လုယွီ သူမကို ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားလိုက်မိသည်။
သူမသည် သူ့ဘေးတွင် ရှိနေမှသာ သူ စိတ်အေးနိုင်မည်ဟု ပြောခဲ့သည်။
ကောမိန်သည် ရေတစ်ငုံ သောက်လိုက်ပြီး ပြုံးလိုက်သည်။ “ဒီပန်းထိုး ပြီးသွားရင် လက်ထောက်တပ်ရင်းမှူးလုကို လကုန်ကျ ဘောင်ကို ပြန်ယူခိုင်းလိုက်ပါ။ အရင်အတိုင်းပဲ၊ သတ်မှတ်ရက် မတိုင်ခင် ပန်းထိုးကို အပ်နိုင်ရင် ပန်းထိုးဆိုင်ဆီ လာပို့လှည့်။ ငါ အချိန်ရရင်တော့ စစ်တပ်ကို လာပြီး မင်းကို လာရှာပါ့မယ်”
ကျန်းနျန်ချက်ချင်း နားလည်သွားသည်။
လုယွီသည် ကောမိန်နှင့် သဘောတူညီချက် ရရှိပြီးသားပင်။
လုယွီသည် သူမအတွက် စိုးရိမ်သောကြောင့်သာ လျှို့ဝှက် ဆုံးဖြတ်ချက်များ ချပေးနေသည်ကို သူမ နားလည်လိုက်သည်။
နေ့လယ်ပိုင်းတွင် လုရှောင်ချင်းသည် ပန်းထိုးဆိုင်သို့ ရောက်လာ၏။ သူမသည် ပထမဆုံးအကြိမ်အဖြစ် ပန်းသီးနှင့် လိမ္မော်သီးများ ပါသော အိတ်တစ်လုံးကို ယူလာခဲ့သည်။ သူမသည် အရင်ဆုံး မျက်နှာအေးစက်နေသော ကောမိန်ကို လှမ်းကြည့်လိုက်ပြီးနောက် ပြတင်းပေါက်ဘေးတွင် ထိုင်နေသော ကျန်းရှောင်နှင့် ကျန်းနျန်တို့ကို ကြည့်လိုက်သည်။ လိမ္မော်သီးနှင့် ပန်းသီးများကို စားပွဲပေါ် တင်လိုက်ပြီး သူတို့ကို “တောင်းပန်ပါတယ်” ဟု ပြောလာသည်။
ကျန်းနျန်သည် နှုတ်ခမ်းကို ဖိကိုက်ထားပြီး ဘာမှ မပြောချေ။ ကျန်းရှောင်သည်လည်း လုရှောင်ချင်းကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေလေ၏။
လုရှောင်ချင်းက ပြောလိုက်သည်။ “ကျွန်မ မြို့ခံတစ်ယောက်ကို လက်ထပ်ဖို့ စိတ်စွဲလန်းနေပြီး ခေါင်းမာမာနဲ့ ကပ်တွယ်နေခဲ့မိတာ။ ကျွန်မ ဟူကျုံးမင်ရဲ့ လှည့်ဖြားခြင်းကို ခံခဲ့ရပြီး ရှင်နဲ့ ကျန်းရှောင်ကို ဒုက္ခပေးလုနီးပါး ဖြစ်ခဲ့ရတယ်။ ကျွန်မမှာ ပိုက်ဆံ အများကြီး မရှိဘူး၊ ဒါကြောင့် ပန်းသီးနဲ့ လိမ္မော်သီးပဲ ဝယ်နိုင်ခဲ့တယ်။ ကျေးဇူးပြုပြီး သူတို့ကို အထင်မသေးပါနဲ့”
ထိုသို့ပြောပြီးနောက် သူမ၏ မျက်လုံးများ နီရဲလာပြီး ငိုလုနီးပါး ဖြစ်နေသည်။
မိုးလင်းခါနီးမှသာ ရဲစခန်းရှိ ဟူကျုံးမင်၊ ဖုန့်ရန်နဲ့ ယန်ကျွင်းတို့ ဝန်ခံခဲ့ကြောင်း ကြားသိခဲ့ရပြီး သူမသည် ဟူကျုံးမင်က လွန်ခဲ့သည့် ခြောက်လအတွင်း သူမနှင့် ကစားခဲ့သည်ကို သဘောပေါက်သွားသည်။ သူသည် သူမကို သူ၏ မိဘများနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ခဲ့ခြင်း မရှိသလို လက်ထပ်ရန်လည်း စိတ်ကူး မရှိခဲ့ပေ။
လွန်ခဲ့သည့် ခြောက်လအတွင်း သူမ ဟူကျုံးမင်အပေါ် သူမကိုယ်သူမ ဘယ်လို နှစ်မြှုပ်ခဲ့သည်ကို ပြန်စဉ်းစားကြည့်လိုက်သည့်အခါ လုရှောင်ချင်းသည် အရှုံးသမားသာမက ရွံမုန်းစရာကဲ့သို့ ခံစားလိုက်ရသည်။
သူမသည် မြို့ခံနှင့် လက်ထပ်ခြင်း၊ မြို့နေထိုင်ခွင့် မှတ်ပုံတင်ရရှိခြင်းနှင့် အစိုးရရိက္ခာကို တစ်သက်လုံး စားသုံးခြင်းတို့ကို အိပ်မက်မက်ခဲ့ပြီး သူမ၏ စိတ်ကို အမှောင်ကျစေခဲ့သည်။ သူမ၏ မနာလိုမှုကြောင့် ကျန်းနျန်နှင့် ကျန်းရှောင်တို့ ဒုက္ခပေးနိုင်ရန် ဟူကျုံးမင်အား ကူညီပေးလုနီးပါး ဖြစ်ခဲ့သော်လည်း ဟူကျုံးမင်နှင့် သူ၏ အပေါင်းအပါများ ကျူးလွန်သည့် တရားမဝင် လုပ်ရပ်များကို ကျူးလွန်ရန် သူမ မရဲခဲ့ပေ။
ကျန်းရှောင်သည် ထရပ်ပြီး လုရှောင်ချင်းကို နှစ်သိမ့်ရန် လျှောက်သွားလိုက်သည်။ “အစ်မလု၊ မငိုပါနဲ့”
ကျန်းနျန် ပြောလိုက်သည်။ “ နင် ဟူကျုံးမင်ရဲ့ အကြောင်း သေချာသိသွားပြီး မြင်နိုင်လိုက်တာက နောက်မကျသေးပါဘူး။ တကယ်တော့ နင် မြို့ခံကို လက်ထပ်ဖို့ပဲ အမြဲ တွေးနေစရာ မလိုပါဘူး”
ချူဟွားသည် ဥပမာတစ်ခုဖြစ်ကြောင်း သူမ ပြောချင်သော်လည်း မပြောခဲ့ပေ။ ထိုအစား သူမက စကားကို လှည့်လိုက်သည်။ “နင့်မှာ ပန်းထိုးအတတ်ပညာ ရှိတယ်။ စိတ်တည်ငြိမ်ပြီး နင့်ရဲ့ ပန်းထိုးအတတ်ပညာကို သေချာ လေ့ကျင့်မယ်ဆိုရင် နင်လည်း အကောင်းဆုံး ပန်းထိုးတွေကို ထုတ်လုပ်နိုင်မှာပါ”
လုရှောင်ချင်း ခေါင်းညိတ်လိုက်သည်။ ဤအဖြစ်အပျက်ပြီးနောက် သူမ နားလည်သွားပြီပင်။
အခြားသူများကို မှီခိုခြင်းထက် ကိုယ့်ကိုယ်ကိုယ် မှီခိုခြင်းက ပိုကောင်းသည်။ သူမသည် နှစ်ပေါင်းများစွာကြာသည်အထိ သူမ၏ ပန်းထိုးအတတ်ပညာဖြင့် မြို့ထဲတွင် နေထိုင်နိုင်ခဲ့သည်။ သူမ၏ လစဉ် လစာသည် မများသော်လည်း နေထိုင်ရန် လုံလောက်၏။
ကျန်းနျန်ပြောခဲ့သလိုပင် သူမ ပန်းထိုးကို ကြိုးစား လေ့ကျင့်နေသရွေ့ အချိန်ကြာလာသည်နှင့်အမျှ ကျိုက်ဖေးဖေးနှင့် ကျန်းနျန်တို့ကဲ့သို့ ပန်းထိုးပုံစံတစ်ခုစီအတွက် ပိုက်ဆံများ ပိုရရှိနိုင်လိမ့်မည်။
ကောမိန်က ရောက်လာပြီး လုရှောင်ချင်း၏ ပခုံးကို ပုတ်လိုက်သည်။ “မင်း သဘောပေါက်သွားတာ ကောင်းတယ်။ နောက်ဆို စိတ်ငြိမ်ငြိမ်ထားပြီး အစ်မကျိုက်ဆီက ပန်းထိုးပညာကို သင်ယူပါ”
လုရှောင်ချင်းက ခေါင်းညိတ်လိုက်သည်။ “ကျွန်မ နားလည်ပါပြီ”
ကျန်းနျန်သည် လုရှောင်ချင်းတကယ် စိတ်တည်ငြိမ်သွားခြင်းလား သို့မဟုတ် ခဏတာပဲလား မသိပေ။ သို့သော် နေ့လယ်ပိုင်းတွင် ပန်းထိုးနေစဉ် လုရှောင်ချင်းသည် သူမ၏ အလုပ်ကို တိတ်ဆိတ်စွာ အာရုံစိုက်နေသည်။ တစ်ခါတစ်ရံ သူမသည် ကျန်းနျန်နှင့် အစ်မကျိုက်တို့ မည်သို့သော ချုပ်နည်းများကို အသုံးပြုသည်ကို လာကြည့်တတ်၏။ ပန်းထိုး ကောင်းစွာ မထိုးနိုင်သည့်အခါ သူမသည် သူတို့ကို ယဉ်ကျေးစွာနှင့် မေးမြန်းလေ့ရှိသည်။
ကျန်းနျန်သည် သူမကို စိတ်ရှည်စွာ ထပ်မံ သင်ကြားပေးခဲ့ပြီး အစ်မကျိုက်၏ မျက်နှာအမူအရာကမူ အေးစက်နေသော်ငြား လမ်းညွှန်မှုများ ပေးခဲ့သည်။
ညနေပိုင်း၊ ဆိုင်ပိတ်ခါနီးတွင် ဂွမ်းစက်ရုံ၏ ခေါင်းဆောင်သည် အိတ်အများအပြားနှင့်အတူ ရောက်လာပြီး နိုင်ငံပိုင် ပန်းထိုးဆိုင်ရှိ လူများကို အထူးတလည် တောင်းပန်ရန် လာရောက်ခဲ့သည်။ ပထမဆုံး သူသည် ကောမိန်ကို စကားအနည်းငယ် ပြောပြီးနောက် ကျန်းနျန်နှင့် ကျန်းရှောင်တို့ကို စကားပြောခဲ့၏။
ကောမိန်သည် ဝါဂွမ်းစက်ရုံ၏ ဒါရိုက်တာကို လိုက်ပို့ပြီးနောက် ပြန်လာပြီး စားပွဲပေါ်က အိတ်တွေကို ဖွင့်လိုက်သည်။ အထဲမှာ ပဲတီစိမ်းကိတ်နှစ်ထုပ်၊ သကြားညိုနှင့် နို့ချိုချဉ်နှစ်ပေါင်၊ ဘီစကစ်နှစ်ထုပ်နှင့် နို့နှစ်ပုလင်း ပါသည်။
ဤပစ္စည်းတွေက တော်တော်လေး တန်ဖိုးရှိသည်။ ဘီစကစ်နှင့် နို့အကြောင်း ပြောစရာမလို၊ ကျန်းရှောင်းတောင်မှ ဆယ်ယွမ်လောက် တန်ဖိုးရှိသည့် သကြားညိုတစ်ပေါင်အတွက် ပိုက်ဆံမသုံးချေ။ နို့ချိုချဉ်အိတ်က ကျန်းနျန် မနေ့က ပြန်ယူလာတဲ့ ချိုချဉ်နှင့် အတူတူပဲ ဖြစ်သည်။ နောက်မှ အရောင်းဆိုင်ကို သွားမေးကြည့်ရာ နို့ချိုချဉ် တစ်ပေါင်ကို ၁.၅ ယွမ် တန်တာမို့ ဤနှစ်ပေါင်က နှစ်ယွမ်လောက် တန်ဖိုးရှိပြီး သူမအတွက် ပြောင်းဖူးပန်ကိတ် တစ်လစာလောက် စားလို့ရသည်။
ကောမိန်က ပြုံးလိုက်သည်။ "ထိပ်ပြောင်ကြီးက ဒီတစ်ခါတော့ တကယ် အများကြီး သုံးထားတာပဲ"
ကျန်းနျန် ရယ်မိမလို ဖြစ်သွားသည်။
ကျန်းရှောင်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။ သူမ ရယ်တော့ အားလုံးလည်း လိုက်ပါ ရယ်မောကြသည်။
ကောမိန်က ပြောလိုက်၏။ "ဒါတွေကို နင်နဲ့ ကျန်းရှောင် အဆောင်ကို ယူသွားလိုက်။ ဒါတွေက ဝါဂွမ်းစက်ရုံရဲ့ ဒါရိုက်တာက နင်တို့အတွက် ပေးတာ။ ယဉ်ကျေးစရာမလိုဘူး။ ယူပြီး စားကြ"
သူမ ပြောလို့ မဆုံးခင်မှာပဲ ဖုန်းမြည်လာခဲ့သည်။
ကောမိန် ဖုန်းဖြေရန် သွားပြီး "ဟယ်လို" ဟု ပြောလိုက်သည်။ ထို့နောက် ကျန်းနျန်ကို ကြည့်ပြီး၊ "နင့်အတွက်တဲ့" ဟု ပြောလိုက်သည်။
ကောမိန်သည် ပြုံးနေပြီး အချိန်ကို တွက်လိုက်သည်။ '
လက်ထောက်တပ်ရင်းမှူးလုက အခုအချိန်ဆို တပ်ကို ရောက်လောက်ပြီ။ သူတို့ လမ်းခွဲပြီး နာရီအနည်းငယ်အကြာမှာပဲ ကျန်းနျန်ဆီကို ဖုန်းဆက်သည်။ ကျန်းနျန်သည် ကောမိန်၏ မျက်လုံးထဲ၌ ဖော်ပြလို့မရသော ခံစားချက်တစ်ခု ရှိနေတယ်ဟု အမြဲ ခံစားရသည်။ သူမ ဖုန်းကို ယူလိုက်ပြီးနောက် တစ်ဖက်မှ လုယွီ၏ အသံကို ကြားလိုက်ရသည်။
“မရီး”
"ဒီလကုန်ရင် မင်းကို လာခေါ်မယ်။”
ကျန်းနျန်က သူ ဒီကိစ္စနှင့် ပတ်သက်ပြီး ဖုန်းခေါ်လိမ့်မည်ဟု မထင်ထားတာကြောင့် "ကောင်းပါပြီ" ဟု ပြန်ဖြေလိုက်သည်။
နှစ်ယောက်သား ခဏတာ တိတ်ဆိတ်သွားပြီး လုယွီက ဆက်ပြောခဲ့သည်။ "ကျွန်တော့်မှာ ပြောစရာ တစ်ခု ကျန်သေးတယ်။”
ကျန်းနျန် ဖုန်းကို တင်းတင်းဆုပ်ကိုင်ရင်း တိုးတိုးလေး ပြောလိုက်သည်။ "ပြောလေ၊ နားထောင်နေတယ်”
လုယွီ - “မရီးမေးခိုင်းတဲ့ ကျူးကျွင်း အခြေအနေကို ကျွန်တော် စုံစမ်းပြီးပြီ။ သူ့မှာ ရည်းစားမရှိဘူး။ ကျန်းရှောင် ကိစ္စကိုတော့ သူ့ကိုမပြောရသေးဘူး။ အဲဒီဘက်ကိစ္စတွေ အတည်ပြုပြီးမှပဲ သူ့ကို ပြောတော့မယ်”
ကျန်းနျန်က ပြုံးပြီး ပြောလိုက်သည်။ “ကောင်းပြီ”
ထို့ကြောင့် ပန်းထိုးဆိုင်ရှိ လူအနည်းငယ်က ဖုန်းကိုကိုင်ကာ ရယ်မောနေသည့် ကျန်းနျန်ကို စောင့်ကြည့်နေကြသည်။
ဖုန်းချပြီးနောက် ကောမိန်က မေးလိုက်သည်။ "ဘာတွေပြောပြီး ဒီလောက်ပျော်နေရတာလဲ”
လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့ကလည်း ပြုံးရယ်နေသော မျက်နှာများနှင့် သူမကို ကြည့်နေကြသည်။ ကျန်းနျန်ကမူ သူမ၏ နှုတ်ခမ်းကိုစေ့ပြီး ပြုံးလိုက်သည်။“ကောင်းတဲ့ကိစ္စတစ်ခု ဆွေးနွေးနေတာပါ”
သူမသည် ရှုပ်ထွေးမှုများ မဖြစ်စေရန် ကျန်းရှောင်နှင့် နှစ်ယောက်တည်း ဖြစ်သည့်အထိ စောင့်ဆိုင်းရန် စီစဉ်ထားပြီး မည်သည့်အရာဖြစ်ကြောင်း သေချာ မပြောပြခဲ့ပေ။ ကောမိန်သည် ကျန်းနျန်က ကျန်းရှောင်အား ကြည့်သည့်ပုံစံကို သတိထားမိကာ သူမ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို ခန့်မှန်းမိပြီး ပြောလိုက်သည်။ "အစားအသောက်အားလုံးကို အဆောင်ကို ယူသွားလိုက်တော့၊ ပြီးရင် ကန်တင်းကို အမြန်သွားပြီး အစားအသောက်ယူကြ၊ နောက်ကျရင် စားစရာ မရှိတော့မှာ စိုးရတယ်"
အဆောင်တွင် ကျိုက်ဖေးဖေးသည် နေ့လယ်စာ စောစီးစွာ သွားယူထားသောကြောင့် ကျန်းနျန်နှင့် ကျန်းရှောင်းတို့သာ ကျန်ရစ်ခဲ့သည်။
သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ကျန်းနျန်က အနည်းငယ် မာသော ပြောင်းဖူးပန်ကိတ်ကို တစ်ကိုက်စားကာ ဆန်ပြုတ်အချို့ကို မျိုချပြီး မေးလိုက်သည်။ “ကျန်းရှောင်၊ ပြီးခဲ့တဲ့တစ်ခေါက် နင့်ကို တပ်ထဲက လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ ငါပြောတာ မှတ်မိသေးလား"
ကျန့်ရှောင်း ခဏတာ ငြိမ်သက်သွားခဲ့သည်။ "မှတ်မိပါတယ်"
ကျန်းနျန်က ပြုံးလိုက်သည်။ "အင်း၊ အခု တစ်ယောက်ရှိနေပြီ"
ကျန်းရှောင် ရှက်ရွံ့စွာဖြင့် သူမ၏ တူကို ကိုက်နေသည်ကို မြင်သောအခါ ကျန်းနျန် ပြုံးလိုက်မိသည်။ "သူက လုယွီရဲ့ တပ်ဖွဲ့ထဲကပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တပ်ကြပ်ကြီး ရာထူးတိုးသွားပုံရတယ်။ ရုပ်ရည်ကလဲ ချောမောပြီး စိတ်ဓာတ်လဲ ကောင်းတယ်။ နင်စိတ်ဝင်စားရင် ဒီလကုန်လောက်မှာ လုယွီက သူ့ကိုခေါ်လာလိမ့်မယ်။ သူ့ကို တွေ့ချင်လား"
ကျန့်ရှောင်းသည် ခေါင်းငုံ့ပြီး ညင်သာစွာ ပြောလိုက်သည်။"ဟုတ်ကဲ့"
ကျန်းနျန်ကမူ သူမ၏ အပြုံးကို ထိန်းထားလိုက်ပြီး ကျန်းရှောင်က အလွန်ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
သူတို့ ညစာစားပြီး အဆောင်သို့ ပြန်ရောက်သောအခါ ကျန်းနျန်နှင့် ကျန်းရှောင်တို့သည် ဝါဂွမ်းစက်ရုံမှ ဒါရိုက်တာ ပေးထားသော အစားအသောက်များကို လူတိုင်းအား ဝေငှပေးသည်။ သူတို့သည် ချူဟွားကို အထူးဂရုစိုက်ပြီး သကြားလုံး အပိုအချို့နှင့် သကြားညိုတို့ကို ပေးကာ သောက်ရန်နှင့် အားဖြည့်ရန်အတွက် သကြားရေအချို့ လုပ်ပေးသည်။
ချူဟွားနှင့် ချန်ဖန်းတို့၏ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ခြောက်ရက်ကြာခဲ့ပြီပင်။ နောက်နေ့မနက် စောစောတွင် ကျိုက်ဖေးဖေးက ကလေးအခြေအနေကို စုံစမ်းရန် နေ့လယ်တွင် သူမနှင့်အတူ ရဲစခန်းသို့ လိုက်သွားရန် စီစဉ်ထားကြောင်း ကျန်းနျန်အား ပြောပြသည်။ သို့သော် နေ့လယ်မရောက်မီ ရဲစခန်းမှ အရာရှိများ ရောက်လာပြီး ကလေးကို ရှာတွေ့ကြောင်း ပြောလာခဲ့၏။
ကျန်းနျန်နှင့် ကျိုက်ဖေးဖေးတို့သည် ချူဟွားကို ကလေးအား သွားရောက်ခေါ်ဆောင်ရန် ရဲစခန်းသို့ ခေါ်ဆောင်သွားလိုက်၏။
ရောက်ရှိသောအခါ ကျန်းနျန်သည် စုံတွဲများစွာကို သတိထားမိသည်။ မဝင်မီကပင် ငိုသံများကြားနေရသည်။ သူတို့ အထဲသို့ အမြန်ဝင်ရောက်သွားကြပြီး ချူဟွားသည် သူမ၏ သမီးနှစ်ယောက်ကို တွေ့လိုက်ရကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။
ချူဟွား၏ အကြီးဆုံးသမီးသည် နှစ်နှစ်သာ ရှိသေးပြီး အငယ်ဆုံးသမီးမှာ တစ်နှစ်သာ ရှိသေးကာ လမ်းလျှောက်တတ်သေးခြင်းမရှိပေ။ ကလေးနှစ်ယောက်စလုံးက ချူဟွားကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ငိုကြွေးကာ "မေမေ" ဟု ခေါ်နေကြသည်။ အတွင်းထဲတွင် ယောက်ျားလေးနှင့် မိန်းကလေး ကလေးတစ်ဒါဇင်ခန့် ရှိပြီး အငယ်ဆုံးကလေးမှာ အနှီးထဲတွင် ရှိနေဆဲဖြစ်သည်။
ရဲအရာရှိတစ်ဦးက ပြောလိုက်သည်။ “ချန်ဖန်းရဲ့ မိခင်က ရောင်းသူအကြောင်း ပေးထားတဲ့ သတင်းအချက်အလက်တွေအရ မြို့ကြီးများစွာကို ခြေရာခံခဲ့ပြီး ကလေးလူကုန်ကူးတဲ့ ဂိုဏ်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ ကလေးတွေအားလုံး ဒီမှာရှိပါတယ်။ ကိုယ့်ကလေးကိုယ် ခေါ်ကြပါ”
ရဲစခန်းကို ရောက်လာသော မိဘတွေအားလုံးက ကလေးပျောက်ဆုံးမှုများကို အရင်က တိုင်ကြားခဲ့ဖူးသူတွေဖြစ်ပြီး သူတို့ကလေးများအား တစ်ယောက်မကျန် မှတ်မိကြ၏။ သို့သော် စုံတွဲနှစ်တွဲကတော့ သူတို့ကလေးတွေကို မတွေ့ခဲ့ရပေ။ ရဲအရာရှိက ပြောလိုက်သည်။ “အခုတော့ ပြန်လို့ရပါပြီ။ ကျွန်တော်တို့ ဆက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ဘယ်ကလေးကုန်ကူးသူကိုမှ လွတ်စေမှာမဟုတ်ပါဘူး”
ထိုစုံတွဲနှစ်တွဲက တစ်ယောက်ကိုတစ်ယောက် အားပေးရင်း မျက်ရည်များဖြင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်းနျန် စိတ်မသက်မသာ ဖြစ်မိသည်။
မည်သည့်ခေတ်၊ မည်သည့်အချိန်တွင်မဆို ယုတ်ညံ့သော ကလေးကုန်ကူးသူများသည် အမြဲတမ်း ရှိနေတတ်၏။
နေ့လယ်စာစားချိန်တွင် ပန်းထိုးဆိုင်သို့ ပြန်ရောက်သောအခါ ကျိုက်ဖေးဖေးနှင့် ချူဟွားတို့သည် ကလေးနှစ်ယောက်နှင့်အတူ အဆောင်တွင် ရှိနေကြသည်။ ကျန်းနျန်နှင့် ကျန်းရှောင်တို့သည် လုရှောင်ချင်းနှင့်အတူ နေ့လယ်စာကို ယူလာခဲ့ကြသည်။ အဆောင်သို့ ပြန်ရောက်ပြီးနောက် ကောမိန်လည်း ရောက်လာပြီး ချူဟွား၏ ကလေးနှစ်ယောက်အား တစ်ဦးလျှင် မုန့်ဖိုးအိတ်တစ်အိတ်စီ ပေးကာ ကျိုက်ဖေးဖေးအား မေးလိုက်သည်။ “ချူဟွားနဲ့ ကလေးနှစ်ယောက်အတွက် နောက်ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ”
ချန်ဖန်းနှင့် သူ့မိခင်တို့၏ စစ်ဆေးမှု ပြီးဆုံးသွားပြီပင်။ ကျိုက်ဖေးဖေးက ပြောလိုင်သည်။ "ငါ ချူဟွားနဲ့ ချန်ဖန်းရဲ့ ကွာရှင်းပြတ်စဲမှုကို လုပ်ပြီးရင် သူတို့ကို ကျေးလက်ကို ပြန်ပို့လိုက်မယ်။ ငါ့ခင်ပွန်းလဲ အိမ်မှာရှိတယ်၊ ငါ့သားနဲ့ ချွေးမလဲ အဲဒီမှာရှိနေတော့ သူတို့ကို ကြည့်ရှုစောင့်ရှောက်ပေးမဲ့သူ ရှိမှာပါ”
ချူဟွား၏ မိသားစုက သူမ၏ အခြေအနေကို သိရှိထားသော်လည်း အလွန်ဝေးကွာသောကြောင့် လာရောက်နိုင်ခြင်း မရှိကြပေ။ အထူးသဖြင့် နွေဦးရာသီသည် တပ်မဟာ၌ အလုပ်များသည့်အချိန်ဖြစ်သောကြောင့် အားလပ်ချိန်ယူရန် မတတ်နိုင်ပေ။ သူမ၏ ခင်ပွန်းသည် ရွာရှိ ဆရာတစ်ဦးအား စာရေးခိုင်းပြီး သူတို့၏ သားနှင့် ချွေးမတို့ကလည်း ချူဟွား ကလေးများကို အိမ်သို့ ခေါ်လာခြင်းအား လက်ခံကြောင်း ပြောကြားခဲ့သည်။ အချိန်အတန်ကြာပြီးနောက် ချူဟွားနှင့် ထိမ်းမြားရန် သင့်တော်ပြီး ရိုးသားသောသူတစ်ဦးကို ရှာဖွေပေးရန် ပြန်လည် စဉ်းစားမည်။ ချူဟွား ပြန်လည် လက်ထပ်လိုခြင်းမရှိပါက သူတို့ ဆက်၍ထောက်ပံ့ပေးနိုင်သည်။
ချူဟွားနှင့် ကလေးများသည် ကျိုက်ဖေးဖေးက နောက်ရက်အနည်းငယ်အတွင်း ကွာရှင်းမှုကို အပြီးသတ်ပြီး ပြန်မပို့မီအထိ အဆောင်တွင် ခေတ္တနေထိုင်ခဲ့ကြသည်။
ညဘက်တွင် ကျန်းနျန်နှင့် ကျန်းရှောင်တို့သည် အိပ်ရာတစ်ခုကို ခွဲဝေအိပ်ကြပြီး ကျိုက်ဖေးဖေးနှင့် ချူဟွားတို့သည် နောက်အိပ်ရာတစ်ခုကို ခွဲဝေအိပ်ကာ ကလေးနှစ်ယောက်အတွက် အိပ်ရာတစ်ခု ချန်ထားသည်။ အခု ကျန်းနျန်နှင့် ကျန်းရှောင်တို့ နှစ်ယောက်စလုံးက အိပ်သည့်ပုံစံ မကောင်းတာကြောင့် ကလေးများကို တိုက်မိမှာ စိုးရိမ်သဖြင့် လုရှောင်ချင်းနှင့် ကလေးနှစ်ယောက်၏ အိပ်ရာအား ဖလှယ်လိုက်ကြသည်။
ကလေးများနှင့် ခဏတာ ကစားပြီးနောက် လူတစ်ဦးချင်းစီက သကြားလုံး နှစ်လုံးစီ ပေးခဲ့သည်။ ကျန်းရှောင်ကမူ လိမ္မော်သီးအခွံခွာပြီး ကလေးနှစ်ယောက်ကို ကျွေးကာ ကျန်းနျန်လည်း တစ်ခုယူပြီး အငယ်ဆုံးသမီးလေး လိမ္မော်သီးကို ဝါးစားနေသည်အား ကြည့်နေမိသည်။ သူမသည် သားရဲတိရစ္ဆာန်ထက် ဆိုးရွားသော သူတို့၏ ဖခင်ကို တွေးမိပြီး ကလေး၏ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်သည်။
အကြီးမလေးက ကျန်းနျန်နှင့် ကျန်းရှောင်အား ကြည့်ပြီး ပျော်ရွှင်စွာဖြင့် ပြောလာခဲ့သည်။ "အရသာရှိတယ်"
အငယ်မလေးကလည်း ခေါင်းညိတ်လိုက်သော်လည်း သူမသည် စကားကို ကောင်းစွာ မပြောတတ်သေးဘဲ ချိုသာသော အသံများသာ ထွက်ပေါ်နေသည်။ ကျိုက်ဖေးဖေးနှင့် ချူဟွားတို့ နှစ်ဦးစလုံး မျက်ရည်များ ဝဲနေကြသည်။ ကျန်းနျန်သာ သူတို့ကို အချိန်မီ ရဲစခန်းသို့ ခေါ်မသွားခဲ့ပါက ကလေးကို ဘယ်ချိန်မှ ပြန်တွေ့ရမည်ကို မသိနိုင်တော့ပေ။
ခဏကြာ ဆော့ကစားပြီးနောက် ကလေးနှစ်ယောက် အိပ်ပျော်သွားသည်။ ဒီည အဆောင်၏ လေထုက အထူးကောင်းမွန်နေခဲ့သည်။ ကျိုက်ဖေးဖေးကမူ ပုံမှန်လို အေးစက်စက်မနေဘဲ သူတို့နှင့် စကားများစွာ ပြောဆိုခဲ့သည်။ လုရှောင်ချင်းလည်း ကျိုက်ဖေးဖေးနှင့် ပြေလည်သွားခဲ့သည်။
သူတို့ နောက်ဆုံး အိပ်ရာမဝင်မီ သန်းခေါင်ယံအထိ စကားပြောခဲ့ကြသည်။
ပြီးခဲ့သည့်တစ်လအတွင်း လုရှောင်ချင်းသည် ကျန်းနျန်နှင့် ကျန်းရှောင်တို့၏ အိပ်စက်မှုပုံစံကို တစ်ခါမျှ ဂရုမစိုက်ခဲ့ပေ။ ယခုမူ ညသန်းခေါင်တွင် သူတို့နှစ်ယောက်သည် တိုက်ခိုက်နေသကဲ့သို့ အိပ်ကြပြီး နံရံကို တင်းတင်းကြပ်ကြပ် ဖိကပ်ထားခြင်း သို့မဟုတ် သူမကို အိပ်ရာပေါ်မှ လဲကျလုနီးပါးအထိ တင်းကျပ်စွာ ဖိထားခြင်းမျိုး လုပ်နေခဲ့ကြသည်။
ပို၍ ဆိုးရွားသည်မှာ ကျန်းနျန်သည် ဘေးတစောင်း အိပ်ပြီး ခြေထောက်တစ်ချောင်းက သူမနှင့် ကျန်းရှောင်တို့၏ ဗိုက်ပေါ်တွင် တင်ထားခြင်း ဖြစ်သည်။ ကျန်းရှောင်ကလည်း သိပ်မကွာလှ၊ သူမ၏ လက်တစ်ဖက်က သူမ၏ လည်ပင်းပေါ်တွင် တင်ထားပြီး သူမကို သေလုနီးပါး ညှစ်ထားသလို ဖြစ်နေသည်။
လုရှောင်ချင်းသည် အလွန် ဒေါသထွက်ကာ အိပ်ရာပေါ်မှ ဆင်းပြီး ကလေးများ၏ အိပ်ရာပေါ်တွင် အိပ်လိုက်သည်။ အကြီးမလေးက နည်းနည်းရှုပ်ထွေးစွာဖြင့် မျက်လုံးဖွင့်လိုက်သည်ကို မြင်တော့ သူမက ကလေးကို နူးညံ့စွာ တိုးတိုးလေးပြောလိုက်သည်။ "အန်တီ နင်တို့နဲ့ အတူအိပ်မယ်နော်"
သူမသည်သာ ကျန်းနျန်၊ ကျန်းရှောင်တို့နှင့် ထပ်မံ အိပ်ပါက မနက်ဖြန် နေမမြင်ရတော့မည်ကို သံသယရှိခဲ့သည်။