← Chapters

အခန်း (၈၀)

Vol. 8 Ch. 80

အခန်း (၈၀)

Vol. 8 Ch. 80

နောက်တစ်နေ့ မနက် ပန်းထိုးဆိုင်ကို သွားသောအခါ ကောမိန်အား ပိုသေသပ်သော ဝတ်စုံဖြင့် တွေ့လိုက်ရပြီး ခေါင်းဆောင်အချို့ လာရောက်စစ်ဆေးမည်ဖြစ်သောကြောင့် အစိုးရပိုင် ပန်းထိုးဆိုင်ကို သေချာ သန့်ရှင်းရန် ကျန်းရှောင်အား မှာကြားခဲ့သည်။

နေ့လယ်ပိုင်းလောက်တွင် မြို့မှ ခေါင်းဆောင်များ စစ်ဆေးရန် ရောက်လာခဲ့ကြသည်။ ကျန်းနျန်၊ ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့သည် အခန်းငယ်လေးအတွင်း ပန်းထိုးနေကြသည်။ ခေါင်းဆောင်များက ကောမိန်ကို ပန်းထိုးဆိုင် အခြေအနေများ မေးမြန်း၊ အခြားကိစ္စရပ်များ ဆွေးနွေးကြပြီး လစဉ် ဘဏ္ဍာရေးရှင်းတမ်း တင်ပြရမည့် အကြောင်းကိုပါ ပြောကြားခဲ့သည်။

ခေါင်းဆောင်များ ပြန်သွားပြီးနောက် ကွမ်းချန်မှ သူဌေး ရောက်လာခဲ့သည်။

ကောမိန်သည် တစ်နေ့လုံး ညနေထိ အလုပ်ရှုပ်နေခဲ့၏။ နောက်တစ်နေ့ မနက်တွင် ပန်းထိုးပုံစံအသစ်အတွက် အထည်များကို ကြည့်ရှုရန် ချည်ထည်စက်ရုံသို့ ထပ်မံသွားခဲ့သည်။ ယခုတစ်ကြိမ် အထည်များမှာ ကျန်းနျန် ယခင်က သုံးဖူးသည့် အထည်များနှင့် အတူတူပင်ဖြစ်သည်။

ကောမိန်ကမူ ချည်ထည်စက်ရုံတွင် အတိုင်းအတာများ တိုင်းတာ၊ မှတ်စုယူပြီး မည်သည့်အထည်က ပိုသင့်တော်သည်ကို ကျန်းနျန်အား မေးခဲ့သည်။ ပန်းထိုးမည့်အထည်ကို အတည်ပြုပြီးသည်နှင့် ပိုးချည်များကို ကြည့်ရှုရန် ကုန်တိုက်သို့ သွားခဲ့သည်။

ဒီတစ်ခါ ကောမိန်က ကျန်းနျန်ကိုပါ ခေါ်သွားသည်။ ကောမိန်၏ စကားပြောစွမ်းရည်နှင့် ဈေးနှုန်းညှိနှိုင်းကာ အော်ဒါများကို အပြီးသတ်ပုံကို ကျန်းနျန် ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။

ကျန်းနျန်သည် ကောမိန်သာ ခေတ်သစ်မှာ မွေးဖွားလာခဲ့လျှင် ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်နိုင်သည့် လွတ်လပ်သော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မည်ဟု ခံစားမိသည်။ သူမသည် အလွန်ပင် ထက်မြက်သူ ဖြစ်သည်။

သူတို့ အလုပ်ပြီးသွားသည့်အချိန်တွင် ညကိုးနာရီ ရှိနေပြီဖြစ်ပြီး ဂွမ်းစက်ရုံရှိ ကန်တင်းမှာလည်း ပိတ်ထားပြီဖြစ်သည်။

သူတို့ အစိုးရပိုင် စားသောက်ဆိုင်သို့ သွားပြီး ခေါက်ဆွဲ တစ်ယောက်တစ်ပန်းကန်စီ စားခဲ့ကြသည်။ အပြန်လမ်းတွင် ကောမိန်က ကျန်းနျန်ကို မေးလာသည်။ "နင့်ရဲ့ အနာဂတ်အတွက် ဘာတွေ စီစဉ်ထားလဲ။"

ကျန်းနျန် ညကောင်းကင်မှ လခြမ်းကို ကြည့်လိုက်သည်။ "အသေးစိတ်တော့ မစဉ်းစားရသေးဘူး။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ပန်းထိုးလုပ်ငန်းကို အကောင်းဆုံး လုပ်ချင်တယ်။"

အခြားအစီအစဉ်များအတွက်မူ များများစားစား မရှိပေ။ အစီအစဉ်အများစုမှာ ပြုပြင်ပြောင်းလဲရေးများ လုပ်ပြီးမှသာ ဖြစ်နိုင်မည်ဖြစ်ပြီး ထိုအချိန်ရောက်ရန်မှာလည်း ကိုးနှစ် လိုအပ်နေသေးသည်။

ကောမိန် အပါအဝင် မည်သူမျှ ဤအရာများကို မသိခဲ့ကြပေ။ ကိုးနှစ်ကြာပြီးနောက် စီးပွားရေးလုပ်ငန်း စတင်ခဲ့သည့် ပထမဆုံးအုပ်စုသည် ၁၉၈၀ ပြည့်လွန်နှစ်များ၏ သန်းကြွယ်သူဌေးများ ဖြစ်လာလိမ့်မည်။ သို့သော် ထိုအချိန်သည် ဝေးလံနေသေးသည်။

ယခုလောလောဆယ်တွင်တော့ သူမ ကိုယ်တိုင်အပေါ် အာရုံစိုက်ထားလိုက်သည်။

ဒီနေ့သည် လကုန်ရက်ဖြစ်ပြီး လုယွီနှင့် ကျူးကျွင်းတို့ နေ့လယ်မှ လာမည်ဟု ကျန်းနျန် မှတ်ထားသည်။ သူမ အိပ်ရာထဲတွင် ခဏကြာအောင် လှဲနေတုန်း တံခါးခေါက်သံ ကြားရပြီး အဆောင်အပြင်ဘက်မှ အဘွားအိုတစ်ဦးက လှမ်းခေါ်လာခဲ့သည်။ "ကျန်းနျန်၊ နင့်ကို လူတစ်ယောက် ရှာနေတယ်။ အရင်တစ်ခေါက် နင့်အဆောင်ကို အသားပေါင်းပေါက်စီ လာပို့ပေးတဲ့ ကောင်လေးလေ"

ကျန်းနျန် - ???

လုယွီက ဘာလို့ မနက်စောစော ရောက်နေရတာလဲ။

"လာပြီ။"

သူမ အိပ်ရာမှ အမြန်ထပြီး ဝါဂွမ်းအင်္ကျီကို ဝတ်လိုက်ကာ ဆံပင်ကျစ်ဖို့ အချိန်မရှိတော့မှန်း သိလိုက်ရသည်။

ထို့ကြောင့် ဆံပင်ကို ထုံးထားလိုက်သည်။ သူမသည် ယခုတစ်ကြိမ် ယူလာခဲ့သော လိမ္မော်နုရောင် ဝါဂွမ်းအင်္ကျီနှင့် အညိုနုရောင် ဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူမသည် ပြတင်းပေါက်မှ ချောင်းကြည့်ရင်း အပြင်ဘက်ကို မြင်နိုင်ရန် ခန်းဆီးစကို အနည်းငယ် မလိုက်သည်။

အဆောင်တံခါး အပြင်ဘက်တွင် လုယွီနှင့် ကျူးကျွင်းတို့သည် တစ်ခုခု ပြောနေကြသည်။ ကျူးကျွင်းက သူ့ခေါင်းနောက်ကို ကုတ်နေသည်မှာ နေရခက်နေပုံရသည်။

စစ်သားတစ်ဦးဖြစ်သည့် လုယွီ၏ အာရုံခံစားမှု ထက်မြက်လွန်း၍ သူမ ချောင်းကြည့်လိုက်သည်နှင့် သူမဘက်သို့ လှည့်လာမလို ဖြစ်သွားသည်။

လန့်သွားသော ကျန်းနျန်သည် ခန်းဆီးကို ပြန်လွှတ်ချလိုက်ပြီး ကုတင်စွန်းတွင် ထိုင်ကာ သက်ပြင်းချလိုက်သည်။

ဖုံးကွယ်စရာ ဘာမှမရှိဘဲ ဘာလို့ ပုန်းနေရတာလဲ။

ကျန်းနျန်သည် ကြွေဇလုံတစ်လုံးကို ကိုင်ကာ အခန်းအပြင်သို့ ထွက်လာပြီး အပြင်ဘက်မှ လူများကို လက်ပြကာ ပြောလိုက်သည်။"ခဏလေး စောင့်ပါဦး၊ ကျွန်မ အခုလာခဲ့မယ်"

လုယွီ - "အလျင်မလိုပါဘူး"

ကျူးကျွင်းကမူ လုယွီကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောရဲတော့ပေ။

လက်ထောက်တပ်ရင်းမှူးလုက အလျင်မလိုဘူးဟု ပြောလိုက်သော်လည်း သူက ညသန်းခေါင်ယံမှာ သူ့ကို အဆောင်မှာ လာနှိုးပြီး စစ်ကားငှားကာ မြို့သို့ ခေါ်လာခဲ့သည် မဟုတ်လား။ မြို့ကို မောင်းရတာ လေးနာရီကြာပြီး မိုးသောက်ယံမှ ရောက်သည်။ သူတို့ ပထမဆုံး အစိုးရပိုင် ပန်းထိုးဆိုင်သို့ သွားရောက်ရာတွင် အသက်ကြီးသည့် အမျိုးသမီးရဲဘော် တစ်ဦးသာ ရှိနေပြီး မေးမြန်းကြည့်မှ မရီးဖြစ်သူက အဆောင်၌ အိပ်နေသေးကြောင်း သိရသည်။

မျက်နှာသစ်ပြီးနောက် ကျန်းနျန် ပြေးဆင်းလာပြီး လုယွီဘေးရှိ ကျူးကျွင်းကို မြင်ကာ ပြုံးလိုက်သည်။ "ရှင်တို့ မနက်စာ စားပြီးကြပြီလား။"

"မစားရသေးပါဘူး" ကျူးကျွင်းက ခေါင်းခါပြသည်။

လုယွီသည် ကျန်းနျန်၏ ဆံပင်ထုံးကို ကြည့်ရင်း အကြိမ်အနည်းငယ် ထပ်ကြည့်မိသည်။ သူမ မြို့သို့ ပထမဆုံးအကြိမ် လာတုန်းက ပုံစံအတိုင်းပင် ဆံပင်ပုံစံကို တွေ့ရသည်။ ဆံပင်ကို ခေါင်းနောက်တွင် စည်းထားသဖြင့် သွယ်လျသော လည်တိုင် ဖြူဖြူကို ပေါ်လွင်စေပြီး သူမ၏ မျက်နှာသည် လွန်ခဲ့သော နှစ်လကထက်ပင် ပိုသေးသွယ်နေပုံရသည်။

လွန်ခဲ့သည့် ရက်ပိုင်းက မြို့မှ ပြန်လာခဲ့သည့် စုန့်ပိုင်က သူ့မရီးဆီ လက်ဆောင်များ ပို့ပေးရန် သွားစဉ် သူမ ပိန်သွားသည်ဟု ခံစားမိကြောင်း ပြောဖူးသည်။

လုယွီသည် အစောပိုင်းကတည်းက သတိထားမိခဲ့သည်။

သူ လည်ချောင်းရှင်းလိုက်ပြီး သူ၏ နက်မှောင်သော အကြည့်များက ကျန်းနျန်၏ တောက်ပသော မျက်လုံးများပေါ် စက္ကန့်အနည်းငယ်ခန့် ရပ်နားသွားသည်။ "ဘာစားချင်လဲ။"

ကျန်းနျန် - "အသားပေါင်းပေါက်စီနဲ့ နွားနို့"

သူမက ပြုံးပြီး ထပ်ပြောလိုက်သည်။ "ကျွန်မ ကျွေးပါ့မယ်

သူမ၏ ရွှင်လန်းသော အပြုံးကို မြင်လိုက်ရသည့်အခါ လုယွီ ပြုံးလိုက်မိသည်။ "ကောင်းပြီ။"

သူတို့သုံးဦး အစိုးရပိုင် ပန်းထိုးဆိုင်ကို ဖြတ်လျှောက်လာစဉ် ကျန်းနျန်က ခဏစောင့်ရန် ပြောလာသည်။ သူမ အထဲသို့ ဝင်သွားရာ ပန်းထိုးဆိုင်သို့ လုရှောင်ချင်းနှင့် ကျန်းရှောင်တို့က အခုမှ ရောက်လာကြသည်။ နှစ်ဦးစလုံး လုယွီနှင့် ကျူးကျွင်းကို အပြင်တွင် မြင်တွေ့ခဲ့ကြသည်။ လုရှောင်ချင်းကမူ ကျန်းရှောင်ကို မျက်ခုံးပင့်ပြပြီး ပြောလိုက်သည်။ "နင့် ချိန်းတွေ့ဘက် ရောက်နေပြီ"

ကျန်းရှောင်မှာ ခေါင်းမော့မကြည့်ရဲဘဲ ရှက်ရွံ့စွာဖြင့် လုရှောင်ချင်းကို ဘာမှ မပြောရန် တားမြစ်လိုက်သည်။

ကျန်းနျန် ပြုံးလိုက်သည်။ "အတူတူ မနက်စာ စားရအောင်။"

ကျန်းရှောင် အလိုလို ခေါင်းခါလိုက်သည်။ "ကျွန်မ ကန်တင်းမှာ အခုလေးတင် စားလာခဲ့တာ။"

လုရှောင်ချင်းကမူ အံ့သြတကြီး ပြောဆိုကာ သူမကို အပြင်သို့ တွန်းထုတ်လိုက်သည်။ "ဒီလောက် အနေမကျုံ့နဲ့။ ရုပ်ရည်ကောင်းတဲ့ စစ်သားတစ်ယောက်ကို တွေ့ဖို့ မလွယ်ဘူး။ သူ ထွက်ပြေးသွားရင် နင် ငိုရလိမ့်မယ်။"

ကျန်းရှောင် - ....

ကျန်းနျန်နှင့် ကျန်းရှောင် ပန်းထိုးဆိုင်မှ ထွက်လာကြသည်။ ကျူးကျွင်းသည် ကျန်းရှောင်ကို မြင်လိုက်ရသည့်အခါ ရင်းရင်းနှီးနှီး မိတ်ဆက်လိုက်သည်။ "ရဲဘော်ကျန်း၊ မင်္ဂလာပါ၊ ကျွန်တော် ကျူးကျွင်းပါ။"

ကျန်းနျန် - .. အိုး၊ တန်းပြီး စတင်လိုက်တော့တာလား။

ကျန်းရှောင်၏ မျက်နှာမှာမူ နည်းနည်း နီရဲသွားသည်။ သူမက တီးတိုးပြောလိုက်သည်။ "မင်္ဂလာပါ၊ ကျွန်မ ကျန်းရှောင်ပါ"

လုယွီသည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ရဲ့ နက်မှောင်သော မျက်လုံးများက ကျန်းနျန်ပေါ်၌ စက္ကန့်အနည်းငယ်ခန့် ရပ်တန့်သွားသည်။ "သွားကြမယ်။"

ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။"

ကျိုက်ဖေးဖေးလည်း ပြေးထွက်လာခဲ့သည်။ လုရှောင်ချင်းနှင့်အတူ ပြတင်းပေါက်တွင် မှီကာ တဖြည်းဖြည်း ဝေးကွာသွားသော လူလေးယောက်ကို ကြည့်နေကြသည်။ လုရှောင်ချင်းကမူ လျှာတစ်ချက် သပ်လိုက်သည်။ "အစ်မကျိုက်၊ ကြည့်ပါဦး၊ ဒီနှစ်တွဲလုံးက အရမ်းကို လိုက်ဖက်တာပဲ။"

ကျိုက်ဖေးဖေး တစ်ခဏမျှ ကြောင်သွားပြီး ခေါင်းလှည့်ကာ လုရှောင်ချင်း၏ နဖူးကို ထိုးလိုက်သည်။ "အမယ်လေး၊ အဲဒီကောင်လေးက ကျန်းရှောင်နဲ့ လိုက်ဖက်တယ်လို့ နင် ပြောနိုင်ပေမဲ့ လက်ထောက်တပ်ရင်းမှူးလုက ကျန်းနျန်နဲ့ လိုက်ဖက်တယ်လို့တော့ မပြောနိုင်ဘူး။ သူတို့က မရီးနဲ့ မတ် တော်စပ်ကြတာလေ။"

လုချောင်ချင်း - ??? ဘယ်သူမှ သူမကို ဒီအကြောင်း မပြောပြဖူးဘူး။

သူမ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "အစ်မကျိုက်၊ ဘယ်တုန်းက သိခဲ့တာလဲ။"

ကျိုက်ဖေးဖေး ပြောလိုက်သည်။ "ရဲစခန်းကနေ ထွက်လာတဲ့နေ့တုန်းက သိခဲ့တာ။ လက်ထောက်တပ်ရင်းမှူးလုနဲ့ ဒါရိုက်တာကောတို့ အစိုးရပိုင် စားသောက်ဆိုင်မှာ စားနေကြတာလေ။"

ကျန်းရှောင် မပြောပြရင် သူမ သိမှာ မဟုတ်ပေ။ ဒါဆိုရင် လက်ထောက်တပ်ရင်းမှူး လုနဲ့ ကျန်းနျန်တို့က မတ်နဲ့ မရီး တော်စပ်ကြတာပေါ့။

လုရှောင်ချင်း နှမြောတသဖြစ်စွာ ခေါင်းခါလိုက်သည်။ ဒါကြောင့်မို့ လက်ထောက်တပ်ရင်းမှူးလုက ကျန်းနျန်ကို အသားပေါင်းပေါက်စီနဲ့ မုန့်တွေ ဝယ်ပေးပြီး အရမ်းကောင်းနေတာကိုး။ အစ်ကိုဖြစ်သူ ဆုံးပြီးနောက် မိသားစုမှာ ကျန်တဲ့ မုဆိုးမတစ်ယောက်ပဲ ရှိတော့တာဆိုတော့ ဂရုစိုက်သင့်တာပေါ့။

အစိုးရပိုင် စားသောက်ဆိုင်တွင် ကျန်းနျန်နှင့် ကျန်းရှောင်တို့က တစ်တန်းတည်း ထိုင်ကြပြီး လုယွီနှင့် ကျူးကျွင်းတို့ကမူ နောက်တစ်တန်းတွင် ထိုင်ကြသည်။

ကျန်းရှောင်သည် မနက်စာ စားပြီးပြီဖြစ်၍ သိပ်မဆာသော်လည်း အသားပေါင်းပေါက်စီနှင့် နွားနို့ကို မြင်လိုက်ရသည့်အခါ ဗိုက်ပြည့်နေပေမယ့် အနည်းငယ် စားလိုက်သည်။ သူမ နွားနို့ကို တစ်ငုံသောက်ပြီး ကျူးကျွင်းအား ရှက်ရွံ့စွာ မော့ကြည့်လိုက်သည်။ သူက ပေါက်စီများကို အကြီးအကျယ် စားနေပြီး နွားနို့ကိုလည်း အလွန်မြန်မြန် သောက်နေသည်ကို တွေ့လိုက်ရသည်။

သူ့ဘေးမှ လက်ထောက်တပ်ရင်းမှူးလုလည်း ထိုနည်းတူ လျင်မြန်စွာနှင့် ကျွမ်းကျင်စွာ စားသောက်နေသည်။

ကျန်းနျန်သည် သူတို့၏ စားသောက်နှုန်းကို အသားကျနေပုံပင်။ မိသားစုတန်းလျားတွင်တုန်းက လုယွီသည် အမြဲတမ်း သူမထက် အရင်စားပြီးလေ့ရှိသည်။

ကျူးကျွင်းကမူ ကျန်းရှောင် သူ့ကို ကြည့်နေသည်ကို သတိထားမိလိုက်ရာ နွားနို့သောက်ရင်း လည်ချောင်းနင်မလို ဖြစ်သွားရသည်။ သူ ခေါင်းလှည့်ပြီး နှစ်ချက် ချောင်းဆိုးလိုက်ရာ မျက်နှာနှင့် လည်ပင်း နီရဲသွားသည်။ ခဏတွန့်ဆုတ်ပြီးနောက် ကျန်းရှောင် နောက်ဆုံးတွင် ပြောလိုက်သည်။ "ဖြည်းဖြည်းစားပါ"

ကျူးကျွင်း အမြန် ခေါင်းညိတ်လိုက်သည်။ "အင်း။"

ကျန်းနျန် ခေါင်းငုံ့ပြီး သူမ၏ အပြုံးကို မနည်း ထိန်းထားရသည်။

တကယ်တမ်းမှာ ကျူးကျွင်းနှင့် ကျန်းရှောင် ချိန်းတွေ့နေကြတာ ဖြစ်သော်လည်း သူမကတော့ အပြင်လူဖြစ်သော်ငြား အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

"မရီး။" လုယွီ၏ အသံသည် စားပွဲတစ်ဖက်မှ ထွက်ပေါ်လာသည်။

ကျန်းနျန် အလိုလို မော့ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းတွင် နွားနို့အစွန်းအထင်းလေး နည်းနည်းနှင့် အပြုံးက မပျောက်သေးပေ။

ထိုအမျိုးသား၏ အကြည့်သည် သူမ၏ နှုတ်ခမ်းထောင့်ရှိ နွားနို့အစွန်းအထင်းကို ဝေ့ဝဲသွားပြီး လည်ချောင်းရှင်းကာ အကြည့်လွှဲလိုက်သည်။ "စားတာကို အာရုံစိုက်၊ လည်ချောင်း မနင်စေနဲ့။"

ကျန်းနျန် - ....

ကျူးကျွင်း - ....

ဒီမနက်စာကို ကျန်းနျန်က သူတို့ကို ကျွေးချင်သည်ဟု အတင်းပြောပြီး ပေးလိုက်တာဖြစ်သည်။

မနက်စာ စားပြီးနောက် ကျန်းနျန်က ပြောလိုက်သည်။ "ကျန်းရှောင်၊ ငါ မနေ့က ပန်းထိုးထားတဲ့ အထည်ကို စစ်ဆေးဖို့ ပန်းထိုးဆိုင်ကို ပြန်သွားလိုက်မယ်။ နင်တို့နှစ်ယောက် လမ်းလျှောက် ထွက်ကြ"

လုယွီလည်း ထပ်ပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်"

ထိုသို့ ပြောပြီးနောက် သူတို့နှစ်ယောက်က ထွက်သွားခဲ့ကြသည်။

ကျန်းရှောင်မှာ ကျန်းနျန်ကို လှမ်းခေါ်ရန် အချိန်မရလိုက်ချေ။ ကျူးကျွင်းသည် သူ၏ ခေါင်းနောက်ကို ကုတ်ပြီး ကျန်းရှောင်ကို အနေရခက်စွာ မေးလိုက်သည်။ "ဗိုက်ဝပြီလား။"

ကျန်းရှောင် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ "ကျွန်မ ဝပါပြီ။"

သူတို့နှစ်ဦးသည် လူနှစ်ဦး ယှဉ်လျှောက်နိုင်သည့် အကွာအဝေးကို ထားကာ လမ်းဘေးအတိုင်း လျှောက်သွားကြသည်။ ကျူးကျွင်းကမူ ကျန်းရှောင်၏ နည်းနည်းနီရဲနေသော မျက်နှာကို တစ်ချက်ကြည့်ပြီး သူမဘေးသို့ နှစ်လှမ်းခန့် ပိုနီးကပ်သွားရန် ကြိုးစားသော်လည်း အကွာအဝေးတစ်ခုကို ထိန်းထားဆဲ ဖြစ်သည်။ ကျန်းရှောင်သည် တင်းမာသွားပြီး စိတ်လှုပ်ရှားစွာဖြင့် လက်ချောင်းများကို ပွတ်နေရင်း သူမဘေးရှိ ကျူးကျွင်းကို မကြည့်မိအောင် ကြိုးစားနေသည်။

သို့သော် ထိုသို့ဖြစ်နေသည့်တိုင် သူမ၏ နှလုံးခုန်နှုန်း မြန်နေသည်ကို ခံစားနေရသည်။

ငယ်စဉ်ကနေ အရွယ်ရောက်လာသည့်တိုင်အောင် ဤသည်မှာ သူမ တစ်ကြိမ်သာ တွေ့ဖူးသော အမျိုးသားတစ်ဦးနှင့် ယှဉ်တွဲ လမ်းလျှောက်ဖူးသည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ အစ်မကျန်းနှင့် လက်ထောက်တပ်ရင်းမှူးလုတို့က မိတ်ဆက်ပေးခဲ့ခြင်း မဟုတ်လျှင် သူမ အပြင်ထွက်ရန် သတ္တိရှိမည် မဟုတ်ပေ။

ကျန်စရှောင် စိတ်လှုပ်ရှားနေသလို ကျူးကျွင်းလည်း စိတ်လှုပ်ရှားနေသည်။ သူ သေသေချာချာ လမ်းမလျှောက်နိုင်တော့သလို ခံစားရသည်။ ပြီးတော့ နည်းနည်း ပုံပျက်ပန်းပျက်လည်း ဖြစ်နေသည်။

အစိုးရပိုင် ပန်းထိုးဆိုင်၌ တစ်နှစ်ခွဲခန့် အလုပ်လုပ်ခဲ့ရသဖြင့် သူမ၏ စူးစမ်းနိုင်စွမ်းသည် ကောမိန်လောက် မထက်မြက်သော်လည်း ကျန်းရှောင် အနည်းငယ် သင်ယူထားသည်။ သူမသည် ကျူးကျွင်း၏ လမ်းလျှောက်ဟန်ပန်မှာ တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိကာ ခေါင်းကို သိမ်မွေ့စွာ လှည့်ကြည့်လိုက်ရာ ကျူးကျွင်းသည် အမှန်တကယ်ပင် နည်းနည်း ပုံပျက်ပန်းပျက် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းရှောင် မရယ်ဘဲ မနေနိုင်တော့ပေ။

ကျူးကျွင်း - .....

သူ့မျက်နှာ ချက်ချင်း နီရဲသွားသည်။ ကျန်းရှောင်က သူ့ကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမှာပင် အထင်အမြင်လွဲမှားသွားမည်ကို စိုးရိမ်သဖြင့် သူ အမြန် ရှင်းပြလိုက်သည်။ "ကျွန်တော် စိတ်လှုပ်ရှားနေလို့ပါ။ ပုံမှန်ဆိုရင်တော့ လမ်းလျှောက်တာ လုံးဝ အဆင်ပြေပါတယ်။"

ကျန်းရှောင် နှုတ်ခမ်းစေ့၍ ခေါင်းညိမ့်လိုက်သည်။ "အင်း။"

ထိုအဖြစ်အပျက်လေးပြီးနောက် သူတို့နှစ်ဦးလုံး အများကြီး စိတ်အပန်းပြေသွားကြသည်။ ကျူးကျွင်းသည် စိတ်လှုပ်ရှားမှု သက်သာသွားသော်လည်း အနည်းငယ်တော့ ထိန်းချုပ်ထားဆဲ ဖြစ်သည်။ ဤသည်မှာ သူ မိန်းကလေးတစ်ဦးနှင့်အတူ လမ်းလျှောက်ရင်း စကားပြောဖူးသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်ကဆိုလျှင် စိတ်ကူးပင် မယဉ်ဝံ့ခဲ့ပေ။

သူတို့နှစ်ဦး တော်တော်ဝေးဝေး လျှောက်လာပြီး နောက်ဆုံးတွင် မြစ်ကမ်းနား၌ ရပ်လိုက်ကြသည်။

ကျူးကျွင်း ရေကို လက်ညှိုးထိုးပြခဲ့သည်။ "ကြည့်ပါဦး၊ ရေခဲတွေ အရည်ပျော်သွားပြီ။"

ကျန်းရှောင်လည်း အပြုံးကို ထိန်းချုပ်ကာ ခေါင်းညိတ်လိုက်သည်။ "အင်း၊ နွေဦးပေါက်ပြီ။"

ကျူးကျွင်း ခေါင်းနောက်ကို ကုတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ သူ့ကိုယ်သူ နောက်တစ်ကြိမ် အားပေးပြီး တစ်ခါတည်း မေးလိုက်သည်။ "မင်း ကျွန်တော့်ကို ဘယ်လို မြင်လဲ။"

သူသည် တုတ်ချောင်းကဲ့သို့ မတ်မတ်ရပ်နေရင်း ကျန်းရှောင်ကို လှည့်ကြည့်လိုက်သည်။ သူသည် ချိန်းတွေ့နေသူတစ်ဦးထက် ခေါင်းဆောင်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေသူတစ်ဦးနှင့် ပိုတူနေသည်။

ကျန်းရှောင် အနည်းငယ် အံ့အားသင့်သွားရသည်။ သူမ၏ မျက်နှာနီရဲသွားကာ ကျူးကျွင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှက်ရွံ့စွာ မြစ်ကို ငုံ့ကြည့်ကာ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

ကျူးကျွင်း ရုတ်တရက် ရယ်မောပြီး ပြောလိုက်သည်။ "ဒါဆို ကျွန်တော့်မိသားစုကို အရင် မိတ်ဆက်ပေးပါရစေ။ ကျွန်တော်က လင်းဖန်မြို့၊ ယုံခန်ခရိုင်၊ ဟုန်ချီ ကွန်မြူနတီရဲ့ စတုတ္ထတပ်ခွဲကပါ။ ကျွန်တော့် မိဘတွေ အဲဒီမှာ ရှိနေတုန်းပါပဲ၊ အိမ်ထောင်ကျပြီးသား အစ်မကြီး နှစ်ယောက်ရှိတော့ အခုတော့ အိမ်မှာ ကျွန်တော် တစ်ယောက်တည်း ကျန်ပါတော့တယ်။"

ထိုသို့ပြောပြီးနောက် သူက ကျန်းရှောင်အား မေးလိုက်သည်။ "မင်းကကော။"

ကျန်းရှောင်သည် ကျူးကျွင်း ဤမျှ တည့်တိုးဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူမ ခဏတွန့်ဆုတ်ပြီးနောက် သူမ ဘယ်ကလဲဆိုတာ မိတ်ဆက်ပြီး ဆက်ပြောခဲ့သည်။ "ကျွန်မရဲ့ မိဘနှစ်ပါးစလုံး အသက်ရှင်နေပါသေးတယ်။ အစ်ကိုတစ်ယောက်နဲ့ မောင်လေးတစ်ယောက် ရှိတယ်။ ကျွန်မက မိသားစုမှာ ဒုတိယမြောက် သမီးပါ။ အစ်ကိုက အိမ်ထောင်ကျနေပြီ၊ မောင်လေးက ဒီနှစ်မှ ဆယ့်သုံးနှစ် ပြည့်တာ"

ကျန်းနျန်သည် ပန်းထိုးဆိုင်မှ ပစ္စည်းအားလုံးကို သိမ်းဆည်းကာ လုယွီ ယူလာခဲ့သော ကျောပိုးအိတ်ကြီးထဲသို့ ထည့်လိုက်သည်။ သူမ မေးလိုက်သည်။ "ရှင်တို့ ဘယ်လိုလာကြတာလဲ။"

လုယွီ ပြန်ဖြေလိုက်သည်။ "ကျွန်တော်တို့ စစ်ကားတစ်စီး ငှားလာတာပါ"

ထိုသို့ ပြောပြီးနောက် သူသည် လေးလံသော ပန်းထိုးဘောင်ကို မယူကာ ထွက်သွားခဲ့သည်။ ကျန်းနျန် သု့ကို အံ့ဩတကြီး ကြည့်နေမိသည်။ လုရှောင်ချင်းက နှုတ်ခမ်းကို တချက်ကိုက်လိုက်မိသည်။ "လက်ထောက်တပ်ရင်းမှူးလုက တကယ် သန်မာတာပဲ။"

သူမ အဲဒီနေ့က ပန်းထိုးဘောင်ကို ကန်မိတုန်းက ခြေထောက် နည်းနည်းနာသွားခဲ့တာ။

ကျိုက်ဖေးဖေးကလည်း ပြောလိုက်သည်။ "ဒီပန်းထိုးဘောင်က တကယ်လေးတယ်။ ဒါပေမဲ့ လေးတာ ကောင်းပါတယ်။ ပန်းထိုးတဲ့အခါ လှုပ်သွားမှာ စိတ်ပူစရာ မလိုဘူးလေ"

လုရှောင်ချင်းသည် ကျန်းနျန်နောက်မှ ပန်းထိုးဆိုင်မှ ထွက်လာပြီး အစိမ်းရောင် စစ်ကားကို နှစ်သက်စွာ ကြည့်နေသည်။ လမ်းသွားလမ်းလာများပင် အကြိမ်အနည်းငယ် ထပ်ကြည့်မိကြသည်။ ဒီခေတ်မှာ ကားတွေဆိုတာ ဝေးလို့ စက်ဘီးတွေတောင် လမ်းတွေပေါ်မှာ ရှားပါးသည်။ မိသားစုတစ်စုမှာ စက်ဘီးတစ်စီး ရှိရင်တောင် ရပ်ကွက်တစ်ခုလုံး သိစေချင်ကြသည်။

သိသာထင်ရှားစွာ ရပ်ထားသော စစ်ကားဆိုလျှင်တော့ မပြောတော့နှင့်။ စစ်တပ်မှ ဖြစ်ကြောင်း သိနိုင်ပြီး ကား၏ တည်ရှိမှုသည် လေးစားမှုနှင့် မနာလိုမှုကို ဖန်တီးပေးသည်။

ပစ္စည်းအားလုံး ထုပ်ပိုးပြီးနောက် ကောမိန် ချည်ထည်စက်ရုံမှ ပြန်လာခဲ့သည်။ ကျူးကျွင်းနှင့် ကျန်းရှောင်တို့လည်း ဆန့်ကျင်ဘက်အရပ်မှ ပြန်လာကြသည်။

လူပိုများလာသည့်အခါ ပန်းထိုးဆိုင်သည် စည်ကားလာသည်။ သို့သော် စကားဝိုင်းအများစုမှာ ကျန်းနျန်အား ထွက်မသွားစေလိုသည့် အကြောင်းများသာ ဖြစ်သည်။ ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့သည် ကျန်းနျန်နှင့် ခဏကြာ စကားပြောကြပြီး ကောမိန်ကလည်း ကျန်းနျန်ကို အချို့ကိစ္စများ မှာကြားခဲ့သည်။ ကျန်းရှောင် ရောက်လာပြီး ကျန်းနျန်၏ လက်ကို ဆွဲယူလိုက်သည်။ သူမ၏ မျက်လုံးများ နီရဲနေသည်ကို တွေ့ရသည်။ "အစ်မကျန်း၊ အစ်မ ပြန်ရောက်လို့ အားရင် ကျွန်မတို့ကို ဖုန်းဆက်နော်။"

ကျန်းနျန် ပြုံးလိုက်မိသည်။ "ဟုတ်ပါပြီ။"

All Chapters