← Chapters

အခန်း (၈၁)

Vol. 9 Ch. 81

အခန်း (၈၁)

Vol. 9 Ch. 81

ဒီနှစ်လအတွင်းမှာ သူမနှင့် ကျန်းရှောင်တို့ ခင်မင်ရင်းနှီးလာခဲ့ကြသည်။ သူတို့ နှစ်လသာ သိကျွမ်းခဲ့ရသော်လည်း ဘာမဆို ပြောလို့ရသည့် သူငယ်ချင်းကောင်းများ ဖြစ်နေပြီဟု ခံစားရသည်။

တခြားသူများ စကားပြောနေတုန်း သူမသည် ကျန်းရှောင်ဘေးသို့ တိုးကပ်ပြီး တီးတိုး မေးလိုက်သည်။ "ကျူးကျွင်းကို နင် ဘယ်လိုထင်လဲ။"

ကျန်းရှောင်၏ မျက်နှာက နီရဲသွားသည်။ ပန်းထိုးဆိုင်အပြင်ဘက်တွင် လက်ထောက်တပ်ရင်းမှူးလုနှင့် ရပ်နေသော ကျူးကျွင်းကို တစ်ချက်ကြည့်လိုက်ရာ မမျှော်လင့်ဘဲ ကျူးကျွင်း၏ အကြည့်နှင့် ဆုံသွားသည်။ မျက်လုံးချင်း ဆုံပြီးနောက် ကျူးကျွင်းက ပြုံးလိုက်ရာ ကျန်းရှောင်သည် ရှက်ရွံ့စွာ အကြည့်လွှဲပြီး ကျန်းနျန်ကို ပြောလိုက်သည်။ "သူ့က ကောင်းတယ်လို့ ထင်ပါတယ်"

ကျန်းနျန် ရုတ်တရက် အောင်မြင်မှု ခံစားချက်ကို ရရှိလိုက်သည်။ အရွယ်ရောက်လာပြီးနောက် ဤသည်မှာ သူမ ပထမဆုံး အောင်သွယ်အဖြစ် စီစဉ်ပေးခြင်းဖြစ်ပြီး အောင်မြင်ပုံရသည်။

ပန်းထိုးဆိုင်မှ လူများကို နှုတ်ဆက်ပြီးနောက် ကျန်းနျန် နည်းနည်း ဝမ်းနည်းသွားသည်။

လုယွီသည် သူမ ဝင်ထိုင်နိုင်ရန် ခရီးသည်ထိုင်ခုံ တံခါးကို ဖွင့်ပေးလိုက်သည်။ ကျူးကျွင်းကမူ နောက်ထောင့်တွင် ထိုင်ကာ လေးလံသော ပန်းထိုးဘောင်ကို ကိုင်ထားသည်။ ကားပြတင်းပေါက်မှနေ၍ သူသည် ကျန်းရှောင်အား ပြုံးရွှင်စွာဖြင့် လက်ပြလိုက်သည်။

ကားက လမ်းပေါ်သို့ မောင်းထွက်သွားတော့ ကျန်းနျန် ခေါင်းလှည့်ကာ လျင်မြန်စွာ နောက်ပြန်ဆုတ်သွားသည့် လမ်းကို ကြည့်လိုက်ပြီး အချိန်တွေ ဘယ်လောက် မြန်မြန် ကုန်ဆုံးသွားလဲဆိုတာ ရုတ်တရက် ခံစားမိလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း နှစ်လ ကုန်သွားခဲ့ပြီပင်။

ကားက မြို့ထဲမှ မောင်းထွက်သွားသည့်အခါ ကျန်းနျန် နောက်ဆုံးတွင် အတွေးများကို စုစည်းလိုက်ပြီး ကားမောင်းနေသည့် လုယွီကို လှည့်ကြည့်လိုက်သည်။ သူ၏ လက်တစ်ဖက်သည် ဂီယာလီဗာပေါ်တွင် တင်ထားပြီး ကျန်လက်တစ်ဖက်က စတီယာရင်ဘီးပေါ်တွင် ရှိနေသည်။ သူ၏ လက်ချောင်းများမှာ ရှည်လျားပြီး အချိုးအစားကျကာ အတော်လေး ဆွဲဆောင်မှု ရှိသည်။ လုယွီသည် သူ့လက်ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းနျန်က ဘာကြောင့် သူ့လက်ကို စိုက်ကြည့်နေလဲဆိုတာ နားမလည်နိုင်ခဲ့ပေ။

အဲဒီအခါမှ ကျန်းနျန် သဘောပေါက်သွားသည်။ သူမ လုယွီကို အတော်ကြာကြာ စိုက်ကြည့်နေခဲ့မိတာပင်။ နောက်ခန်းတွင် ထိုင်နေသည့် ကျူးကျွင်းက မရယ်ဘဲ မနေနိုင်တော့ချေ။ "မရီး၊ ဘာလို့ လက်ထောက်တပ်ရင်းမှူးရဲ့ လက်တွေကို စိုက်ကြည့်နေရတာလဲ။"

ကျန်းနျန် ရှေ့လေကာမှန်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။ "ငါ အတွေးထဲ နစ်နေတာ။"

သူမသည် ခုနက လုယွီ၏ လက်များကို စွဲမက်စွာ ကြည့်နေခဲ့ခြင်းကို ခေါင်းမာစွာ ငြင်းဆန်ခဲ့သည်။

ကားထဲတွင် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ ကျန်းနျန် ကား အရှိန်နဲ့ မောင်းထွက်သွားသည်ကို ကြည့်ပြီး ခေတ်သစ်မှ သူမ၏ ကိုယ်ပိုင်ကားကို သတိရသွားသည်။ သူမ ယာဉ်မောင်းစာမေးပွဲကို ခက်ခက်ခဲခဲ အောင်မြင်ခဲ့သော်လည်း ပြန်လည်ခေါ်ယူခြင်းမခံရမီ တစ်နှစ်သာ ကားမောင်းခဲ့ရသည်။ ဒုတိယအကြိမ် စာမေးပွဲဖြေတုန်းက သူမ စိတ်ဓာတ်ကျခဲ့ရသည်ကို မှတ်မိနေတုန်းပင်။

အလွန် စိတ်လှုပ်ရှားနေသဖြင့် ကုန်းတက်တွင် ပထမဆုံးအကြိမ် ကားရပ်သွားခဲ့သည်။ ဒုတိယအကြိမ်တွင် နောက်ပြန်ပါကင်ထိုးစဉ် ကျရှုံးခဲ့သည်။ နောက်ထပ် တစ်လ စောင့်ဆိုင်းပြီး စိတ်ကို ငြိမ်သက်အောင် ထားပြီးမှသာ နောက်ဆုံးတွင် အောင်မြင်ခဲ့သည်။

အခု တွေးကြည့်ရင်တောင် သူမ စိတ်လှုပ်ရှားနေတုန်းပင်။

လုယွီ၏ အသံသည် ကားထဲမှ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ "ဒါဆို ဒီနေ့ ချိန်းတွေ့တာ ဘယ်လို ဖြစ်သွားလဲ။"

ကျန်းနျန်လည်း နားထောင်ရန် စိတ်ဝင်စားလာသည်။

ကျူးကျွင်း ပြုံးလိုက်သည်။ "ကျွန်တော်တို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် တော်တော်လေး သဘောကျပုံရပါတယ်။"

လုယွီသည် နောက်ကြည့်မှန်မှနေ၍ ကျူးကျွင်းကို တစ်ချက်ကြည့်လိုက်သည်။ "နောက်ထပ် ဘာတွေ စီစဉ်ထားလဲ။ မိန်းကလေးကို သဘောကျရင် အချိန်ဆွဲမနေနဲ့။"

ကျူးကျွင်း ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် ပြန်ရောက်တာနဲ့ မိဘတွေကို ကျန်းရှောင်အကြောင်း စာရေးပြီး ပြောပြဖို့ စီစဉ်ထားပါတယ်။ မြို့ကို သွားပြီး သူမ အခြေအနေကို ပိုသိအောင် လေ့လာဖို့ ရက်အနည်းငယ် ခွင့်ယူပါ့မယ်။ ကျန်းရှောင်က အရမ်းမြန်တယ်လို့ ထင်ရင်တောင် ကျွန်တော် စိတ်ရှည်ရှည်နဲ့ စောင့်နေမှာပါ။"

ကျန်းနျန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "သူက နင့်ကို နှစ်နှစ် သုံးနှစ် စောင့်ခိုင်းရင်ကော။"

ကျူးကျွင ခဏတွန့်ဆုတ်သွားခဲ့သည်။ သူ အဲဒီလောက်အထိ ဝေးဝေး မတွေးထားခဲ့ပေ။ ခဏအကြာတွင် သူက ပြောလိုက်သည်။ "သူက ကျွန်တော့်ကို တကယ်ကောင်းတယ်လို့ ထင်ပြီး ကျွန်တော်နဲ့ အတူရှိဖို့ ဆန္ဒရှိသရွေ့၊ နှစ်နှစ် သုံးနှစ်၊ လေးနှစ်တောင် စောင့်နိုင်ပါတယ်"

လုယွီသည် စတီယာရင်ဘီးကို လက်ချောင်းဖြင့် ခေါက်လိုက်ပြီး ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် ကျန်းနျန်အား သိမ်မွေ့စွာ တစ်ချက်ကြည့်လိုက်သည်။

ကျန်းနျန်သည် ကျူးကျွင်းကို စနောက်ဖို့မှာသာ အာရုံစိုက်နေသဖြင့် လုယွီ၏ အကြည့်ကို သတိမထားမိလိုက်ပေ။ သူမက ပြတင်းပေါက်အပြင်ဘက်က ရှုခင်းကို ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး ပြုံးချင်စိတ်ကို ထိန်းထားလိုက်သည်။

သူတို့ စစ်တပ်ဝင်းကို ပြန်ရောက်သည့်အချိန်တွင် နေ့လယ်ခင်း၌ ရောက်နေပြီ ဖြစ်သည်။

ကျူးကျွင်းသည် ကားတံခါးကို ပထမဆုံးဖွင့်ကာ ပန်းထိုးဘောင်ကို မယူလိုက်သည်။ သူက လုယွီကို မေးလိုက်သည်။ " လက်ထောက်တပ်ရင်းမှူး၊ ဒါကို ဘယ်နားထားရမလဲ။"

လုယွီ ပြန်ဖြေလိုက်သည်။ "ငါ့ကို ပေး"

သူသည် ပန်းထိုးဘောင်ကို ယူကာ ကျန်းနျန်၏ အခန်းသို့ တန်းဝင်သွားပြီး ကြမ်းပြင်ပေါ်တွင် ချထားလိုက်သည်။

ကျူးကျွင်းသည် ကျန်းနျန်၏ အိပ်ယာခင်းများကို သွားယူရန် ကြိုးစားသော်လည်း အပြင်မှ ထွက်လာသည့် လုယွီက သူ့ထံမှ ယူသွားခဲ့သည်။

ကျူးကျွင်း - .....

လက်ထောက်တပ်ရင်းမှူးက သူ့ကို ဘာအလုပ်မှ မလုပ်ခိုင်းတော့ဘူးလား။

ကျန်းနျန် ကားပေါ်မှ ဆင်းလိုက်သည်နှင့် ဖန့်မိန်က ပြေးလာပြီး သူမကို မြင်သည်နှင့် တပြိုင်နက် စကားများ တရစပ်ပြောတော့သည်။ သူမသည် နှစ်လစာ စကားဝိုင်းများကို တစ်ထိုင်တည်း ပြောချင်နေပုံရသည်။ ကျန်းနျန်သည် အဝတ်အိတ်သေးလေးကို ကိုင်ထားရင်း ဖန့်မိန်၏ အငမ်းမရ စကားများကို နားထောင်ရင်း ပြုံးလိုက်သည်။ "စုန့်ရှင်းတုန် ကျောင်းစတက်ပြီလား"

ဖန့်မိန်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ "အရင်ကတည်းက ကျောင်းစတက်နေတာ၊ ဒီတစ်ခါ ဆရာမက စုန့်ရှင်းတုန်ကို ချီးကျူးသေးတယ်။ စာတော်တယ်၊ စကားနားထောင်တယ်တဲ့"

စုန့်ရှင်းတုန် အကြောင်းရောက်လာသည့်အခါ ဖန့်မိန်သည် သူမ၏ မျက်နှာပေါ်တွင် ပီတိရောင်များ ဝင်းပလာသည်။

သူမ၏သား စာတော်ကြောင်း ချီးကျူးခံရခြင်းက သူမကို မိသားစုတန်းလျားတစ်ဝိုက် လျှောက်သွားသည့်အခါ သူများထက် သာလွန်သည်ဟု ခံစားရစေသည်။

ကျန်းနျန် ပြုံးလိုက်ပြီး သူမလက်ထဲရှိ အဝတ်အိတ်သေးလေးကို ပုတ်ပြလိုက်သည်။ "အစ်မဖန့်၊ စုန့်ပိုင် ယူလာပေးတဲ့ ငရုတ်သီးဆော့စ်နဲ့ အချဉ်တွေကို ကျွန်မ ရပါတယ်။ ချောကလက်အိတ်သေးလေးလဲ ပါသေးတယ်"

"ချောကလက်လား"

ဖန့်မိန်ကမူ အံ့အားသင့်သွားခဲ့သည်။ "နင့်အတွက် အချဉ်အိုးနဲ့ ငရုတ်သီးဆော့စ်ပဲ ထုပ်ပေးလိုက်တာ။ ချောကလက် မဝယ်ပေးပါဘူး၊ အဲဒီပစ္စည်းတွေက အရမ်းစျေးကြီးတာ၊ ငါ ဘယ်ကရမှာလဲ..."

သူမ၏ စကားသံများ တိတ်ဆိတ်သွားပြီး ဖန့်မိန် ရုတ်တရက် သဘောပေါက်သွားကာ ရယ်မောလိုက်သည်။ "စုန့်ပိုင်က နင်အတွက် ဝယ်ပေးတာ ဖြစ်ရမယ်။"

ခြံဝင်းထဲမှ အခုမှ ထွက်လာသည့် လုယွီသည် မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းနျန် လက်ထဲရှိ ချောကလက်များကို ကြည့်လိုက်တော့သည်။

ကျန်းနျန် တစ်ချက် ရပ်လိုက်ပြီး သူမ အခုမှ ထုတ်လိုက်သော ချောကလက်များကို ကြည့်လိုက်ရာ သူမလက်ထဲရှိ ပစ္စည်းများ၏ အလေးချိန်ကို ရုတ်တရက် ခံစားလိုက်ရသည်။

သူမသည် ဖန့်မိန်ဝယ်လာသည်ဟု ထင်ခဲ့ပြီး ဖန့်မိန်၏ စရိုက်ကို ကြည့်လျှင် မဖြစ်နိုင်ဘူးဟု ယူဆရသော်လည်း စုန့်ပိုင်ဆီမှ ဖြစ်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ပေ။

ဖန့်မိန် ရယ်ပြီး ပြောလိုက်သည်။ "စုန့်ပိုင်က မင်းအတွက် ဝယ်လာတာ။ ဖြည်းဖြည်းချင်း စားပါ"

သူမက ကျန်းနျန်ကို ဆက်ကြည့်နေပြီး ပြုံးနေခြင်းကို မရပ်နိုင်ခဲ့ပေ။

ကျန်းနျန် - ...

လုယွီက ကျူးကျွင်းကို ကားသော့ ပေးလိုက်သည်။ "ကားကို ပြန်အပ်လိုက်ပါ”

“ဟုတ်ကဲ့”

ကျူးကျွင်းကမူ အလျင်အမြန် ကားမောင်းထွက်သွားသည်။

လုယွီ ကျန်းနျန်လက်ထဲရှိ ချောကလက်များကို လှမ်းကြည့်လိုက်ပြီး သူ့ပါးလွှာသော နှုတ်ခမ်းများက အနည်းငယ် တင်းမာသွားသည်။ သူ လှည့်၍ ပြောလိုက်သည်။ "မရီး၊ အိမ်ပြန်ချိန်တန်ပြီ"

ဖန့်မိန်၏ ရယ်သံများကြားတွင် ကျန်းနျန်သည် ခြံဝင်းထဲသို့ ပြေးဝင်သွားခဲ့သည်။

ဖန့်မိန်၏ ရယ်သံက ပိုကျယ်လာခဲ့သည်။

မိသားစု အဆောင်များမှ နှစ်လကြာ ဝေးကွာပြီးနောက် ကျန်းနျန် အတွင်းသို့ ဝင်သောအခါ အနည်းငယ် စိမ်းသက်နေဆဲဟု ခံစားရသည်။ သူမ သေးငယ်သော အဝတ်အိတ်ကို စားပွဲပေါ် တင်ကာ ခုတင်ကို ကြက်မွှေးဖြင့် ပွတ်တိုက်လိုက်၏။ ယခု ပြက္ခဒိန်အရ ဧပြီလ ဖြစ်နေပြီဖြစ်သဖြင့် အတွင်း၌ မီးသွေးခွက် မလိုတော့သော်လည်း သူမ ဝင်လာသောအခါ အနည်းငယ် အေးစိမ့်နေသေးသည်။

လုယွီက မီးသွေးခဲများပါသော မီးသွေးခွက်ကို ကိုင်ပြီး ဝင်လာခဲ့သည်။ ကျန်းနျန် လှမ်းကြည့်လိုက်ပြီး ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ "အခုထိ မီးသွေးခွက် သုံးနေသေးတာလား"

လုယွီက ပြောလိုက်သည်။ "ဟုတ်တယ်၊ အအေး သက်သာအောင်ပါ။ ညဘက် ရေချိုးရင် အရမ်း မအေးတော့ဘူး"

ကျန်းနျန်ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ”

သူမ ဘရပ်ရှ်ကို ချလိုက်သည်။ "ကျွန်မ ညစာ သွားချက်တော့မယ်”

“မရီး”

ကျန်းနျန်ထွက်ခွာရန် ပြင်ဆင်နေစဉ် လုယွီက သူမကို လှမ်းခေါ်လိုက်သည်။

သူမ သူ့ကို ကြည့်ရန် လှည့်လိုက်သည်။ "ဘာဖြစ်လို့လဲ”

အခန်းထဲတွင် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ ခဏကြာပြီးနောက် လုယွီသည် ကွဲအက်နေသော အသံဖြင့် ပြောလိုက်သည်။ "ကျွန်တော့်ကို ချောကလက် အချို့ ပေးလို့ ရမလား"

“ကျွန်တော် စားချင်လို့”

ထိုသို့ ပြောပြီး လုယွီက မီးသွေးခွက်ထဲသို့ ထင်းတုံး နှစ်ချောင်း ထပ်ထည့်လိုက်သည်။

ကျန်းနျန်သည် ခဏမျှ ကြောင်အနေပြီးမှ လုယွီ ဘာကို မေးနေသည်ကို သဘောပေါက်သွားခဲ့သည်။ သူမ ရှေ့တွင် သူ မုန့်ချို စားချင်ကြောင်း ထုတ်ပြောခြင်းသည် ပထမဆုံးအကြိမ်ပင်။ ဝန်လေးခြင်းမရှိဘဲ သူမက စားပွဲပေါ်မှ ချောကလက် အိတ်ငယ်လေးကို ကောက်ယူ၍ သူ့လက်ထဲ ထည့်လိုက်သည်။ "ကြိုက်ရင် ယူလိုက်ပါ"

ထိုသို့ ပြောပြီးနောက် သူမ မီးဖိုချောင်သို့ ချက်ပြုတ်ရန် သွားလိုက်သည်။

လုယွီသည် သူ့လက်ထဲရှိ ချောကလက် အိတ်လေးကို ကြည့်လိုက်သည်။ မီးသွေးခွက်မှ မီးတောက်များသည် သူ၏ နက်မှောင်သော မျက်လုံးများ၌ လှုပ်ခါနေသည်။ တစ်ခဏကြာပြီးနောက် လုယွီသည် ချောကလက် တစ်ခုကို ဖောက်၍ ပါးစပ်ထဲ ထည့်လိုက်ရာ မျက်မှောင်ကြုတ်သွားခဲ့သည်။

–အရသာ မကောင်းဘူး။

နှစ်လအကြာပြီးနောက် ကျန်းနျန်သည် အရသာရှိသော အစားအစာများကို စားချင်စိတ် ပြင်းပြနေခဲ့သည်။ သူမ မီးဖိုချောင် စစ်ဆေးကြည့်ရာ ကြောင်အိမ်ထဲတွင် ကြက်တစ်ကောင်နှင့် အသားတစ်ပေါင် ရှိသည်။ လုယွီ မနေ့က ဝယ်လာခဲ့သည်မှာ ထင်ရှားလှ၏။ ကံကောင်းစွာဖြင့် ရာသီဥတုက မပူသေး၍ အသားကို သုံးရသေးသည်။

သူမသည် ငရုတ်သီး၊ အာလူးနှင့် အခြား ဟင်းသီးဟင်းရွက်အချို့ကို အသီးအနှံခြင်းထဲမှ ယူလိုက်ပြီး အပြင်ဘက်တွင် လုယွီ ရေခပ်နေသည်ကို တွေ့လိုက်ရ၏။

ကျန်းနျန်သည် ရေနွေးတည်ရန် စတင်လုပ်ဆောင်နေစဉ် လုယွီ ကြက်ကို ခုတ်ထစ်ရန် စတင်လိုက်သည်။ သူတို့ နှစ်ယောက် ချောမောစွာ အတူတူ လုပ်ဆောင်ခဲ့ကြ၏။

နေဝင်စောင်းခါနီး ဖြစ်သောအခါ ညစာ အဆင်သင့် ဖြစ်နေပြီ။

လုယွီ ဟင်းပန်းကန်များကို ခြံဝန်းစားပွဲပေါ် သယ်လာပြီး မီးဖိုချောင်ထဲတွင် ကျန်းနျန်ကို အင်္ကျီလက်တို ဝတ်ဆင်လျက် ခရမ်းချဉ်သီးနှင့် ကြက်ဥချဉ်ရည် လုပ်နေသည်အား မြင်လိုက်ရသည်။ နှစ်လကြာ တိတ်ဆိတ်နေခဲ့သော ခြံဝင်းသည် နောက်ဆုံးတွင် အသက်ဝင်လာခဲ့၏။ သူတို့ ချက်ပြုတ်ပြီးသောအခါ စားပွဲဝိုင်းတွင် ထိုင်လိုက်သည်။ ထိုအခါမှ စုန့်ပိုင် ရောက်လာခဲ့သည်။

သူ ရောက်လာသည့်အချိန်တွင် အစားအစာ အနံ့ကို အနံ့ခံမိသည်။ "ဒီအစားအစာက ငါ့မရီး ချက်ထားတာ ဖြစ်ရမယ်။ အဝေးကတည်းက အနံ့ရနေပြီ”

ထိုသို့ ပြောပြီးနောက် သူသည် ဖိတ်ခေါ်သည်ကို မစောင့်တော့ဘဲ ရေတွင်းနားတွင် လက်ဆေးလိုက်ပြီး၊ ခုံတစ်လုံး ယူကာ လုယွီ ဘေးတွင် ထိုင်လိုက်ပြီး သူ့ကို လှုပ်ခါလိုက်သည်။ "ညစာ အတူစားဖို့ ခွင့်ပြုမလား”

လုယွီ ဘေးတိုက် ကြည့်လိုက်သည်။ "မင်း ထိုင်နေပြီပဲ၊ ငါ့ခွင့်ပြုချက် လိုသေးလို့လား”

စုန့်ပိုင်က ရယ်ပြီး ကျန်းနျန်ဘက် လှည့်လိုက်သည်။ "မရီး၊ ကျွန်တော် ညစာ အတူစားဖို့ လာတာပါ။ ကျွန်တော့်မရီးက မနက်စောစောကတည်းက မရီးချက်တာကို ချီးမွမ်းနေတာ၊ ဒီနေ့မှ အရသာခံရတော့မယ်”

သူ မနက်က ပို့လိုက်သော ချောကလက် အိတ်ငယ်လေးကို သတိရသွားကာ ကျန်းနျန်ပြုံးပြီး ပြောလိုက်သည်။ "နင့်အတွက် တူ ယူပေးမယ်"

လုယွီ ဝင်ပါလိုက်သည်။ "သူ့ဟာသူ သွားယူခိုင်းလိုက်”

စုန့်ပိုင်က ထရပ်လိုက်သည်။ "ဟုတ်တယ်၊ မရီး ထိုင်ပြီး စားပါ။ ကျွန်တော် ကိုယ်တိုင် သွားယူပါ့မယ်”

ထိုသို့ ပြောပြီး သူ မီးဖိုချောင်သို့ သွားကာ ခွက်တစ်ခွက်နှင့် တူတစ်စုံ ယူပြန်လာသည်။ လုယွီ ဘေးတွင် ထိုင်ပြီး စားရင်း ကျန်းနျန်ကို ချီးကျူးခဲ့သည်။ "မရီး၊ မရီး ချက်တာက မယုံနိုင်လောက်အောင် ကောင်းတယ်”

လုယွီ သူ့ကို နောက်တစ်ခါ ထပ်ကြည့်လိုက်သည်။ "ဘာလို့ စကားများနေတာလဲ။ ပါးစပ်ပိတ်ပြီး မစားနိုင်ဘူးလား”

စုန့်ပိုင် မျက်ခုံးပင့်လိုက်သည်။ "ဟေ့၊ ဒီနေ့ ဆေးခါးများ သောက်လာခဲ့လား”

လုယွီ ထမင်းကို ဝါးနေတာ ရပ်လိုက်ပြီးမှ စားသောက်ခြင်းထဲ ပြန်နှစ်မြုပ်ကာ ပြောလိုက်သည်။ "အမြန်စား။ ပြီးရင် စခန်းပတ်ပြီး လမ်းလျှောက်ကြရအောင်"

"အင်း၊ ဒီည စခန်းမှာ အရေးပါတဲ့ ကိစ္စ ရှိတယ်”

စုန့်ပိုင် သတိရသွားသည်။ သူတို့သည် ပြိုင်ပွဲဝင်သကဲ့သို့ စားကြပြီး ပါးစပ်ထဲမှ အစားကိုဝါးတိုင်း ချီးမွမ်း၊ ကြွားဝါသည်။ အစားအစာ ပြီစားပြီး ပန်းကန်ချလိုက်သောအခါ လုယွီက ပြောလ်ုက်သည်။ "ကျွန်တော် စခန်းကို အရင် သွားတော့မယ်။ နည်းနည်းကြာရင် ပြန်လာခဲ့မယ်"

စုန့်ပိုင်လည်း ပြောလိုက်သည်။"မရီး၊ ညစာအတွက် ကျေးဇူးတင်ပါတယ်။ အရသာ ရှိပါတယ်"

ကျန်းနျန် စားမပြီးသေးခင်မှာပင် သူတို့ နှစ်ယောက်က သုံးပန်းကန်စီ စားပြီးသွားခဲ့ပြီပင်။ သူမ အစားအစာကို မျိုချလိုက်ပြီး စုန့်ပိုင်ကို လှမ်းကြည့်ခဲ့သည်။ "မင်း ပို့လိုက်တဲ့ ချောကလက်တွေအတွက်လည်း ကျေးဇူးတင်ချင်ပါတယ်”

စုန့်ပိုင်၏ မျက်နှာတွင် တည်ငြိမ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ဘာမှ မဟုတ်ပါဘူး”

ထိုသို့ ပြောပြီး သူနှင့် လုယွီသည် ထွက်ခွာသွားကြ၏။

သူမ စားပြီးသောအခါ ကျန်းနျန် မီးဖိုချောင်တွင် ပန်းကန်များကို သိမ်းဆည်းလိုက်၏။ သူမ ပန်းကန်များ ဆေးနေစဉ် ဖန့်မိန်က စုန့်ရှန်းတုန်၊ စုန့်ရှန်းဟုန်တို့နှင့်အတူ ရောက်လာသည်။ စုန့်ရှန်းတုန်က ကျန်းနျန်ကို မြင်သောအခါ ပျော်ရွှင်စွာ ပြေးလာခဲ့သည်။ "ဒေါ်လေးကျန်း"

စုန့်ရှန်းဟုန်ကလည်း လိုင်ပြောခဲ့သည်။ "ဒေါ်လေးကျန်း"

ကျန်းနျန် ပြုံးပြပြီး တုံ့ပြန်လိုက်ကာ သူမလက်များကို သုတ်လိုက်ပြီး ကလေးနှစ်ဦးအတွက် ချောကလက် နှစ်ခု ယူရန် အတွင်းသို့ သွားလိုက်၏။ ကလေးနှစ်ဦးက ချောကလက်များကို တင်းတင်းကိုင်ပြီး ချိုသာစွာ ပြောကြသည်။ " ကျေးဇူးတင်ပါတယ် ဒေါ်လေးကျန်း"

ဖန့်မိန် မီးဖိုဘေးတွင် ထိုင်၍ သံချောင်းဖြင့် မီးကို ထိုးရင်း စုန့်ရှန်းတုန်ကို ပြောလိုက်သည်။ "မင်းရဲ့ ညီလေးကို ခြံထဲမှာ ကစားခိုင်းလိုက်။ အမေ ဒေါ်လေးကျန်းနဲ့ စကားပြောစရာ ရှိလို့"

ကျန်းနျနသည်် သူမက စုန့်ပိုင်နှင့် လက်ထပ်ရန် ကိစ္စကို ထပ်ပြောလိမ့်မည်ဟု ထင်သောကြောင့် ခေါင်းကိုက်လာသည်။ ဖန့်မိန် စကားမပြောမီ သူမက စကားဖြတ်လိုက်သည်။ "အစ်မဖန့်၊ ကျွန်မကို စုန့်ပိုင်နဲ့ လက်ထပ်ခိုင်းဖို့ ကြိုးစားနေတာ ရပ်ပေးပါ”

ဖန့်မိန် တစ်ချက် ရပ်သွားပြီးမှ ရယ်လိုက်သည်။ "ငါ ထပ်မစွက်ဖက်တော့ဘူး။ မင်းနဲ့ စုန့်ပိုင် အတူဖြစ်သွားရင် မင်းတို့ ကံကြမ္မာပဲ။ ဖြစ်လာရင် ကောင်းတယ်။ မဖြစ်ရင်လဲ ငါတို့ ဆက်ဆံရေးကို ထိခိုက်မှာ မဟုတ်ဘူး”

သူမသည် နောက်ဆုံးတခေါက်က ကျန်နျန်၏ ပြောထားသော စကားကို အလေးထားခဲ့သည်။

သူမသာ ကျန်းနျန်နေရာတွင် ရှိနေပါက ခင်ပွန်းကွယ်လွန်ပြီးပြီးချင်း လူတိုင်းက ထပ်လက်ထပ်ပေးရန် ကြိုးစားနေပါက သူမလည်း စိတ်ဆိုးလိမ့်မည်။ ကျန်းနျန်က စိတ်ကောင်းရှိတာကြောင့် သူမတို့ အချင်းချင်း လုံးဝ အဆင်မပြေ မဖြစ်သွားတာကို သူမ အံ့ဩနေရသည်။

ထို့ကြောင့် ဤကဲ့သို့ ကိစ္စများတွင် တစ်ဖက်သား နေရာမှ ဝင်တွေးရမည်။

ဖန့်မိန် ဖိအားပေးခြင်း ရပ်သွားသည်ကို မြင်သောအခါ ကျန်းနျန် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။ သူမ ပန်းကန်များကို အိုးထဲ ပြန်ထည့်ပြီး ဆေးကြောလိုက်သည်။ "ခုနက ဘာပြောချင်တာလဲ"

ဖန့်မိန် မျက်မှောင်ကြုတ်လိုက်မိသည်။ "ကြည့်စမ်း၊ မင်း ငါ့ကို လုံးဝ အာရုံလွှဲလိုက်တာ။ ငါ မေ့သွားပြီ”

ကျန်းနျန် - ...

သူမ ပြုံးပြီး ပြောလိုက်သည်။ "အစ်မ မှတ်မိတဲ့အခါ ပြောပြပါ"

All Chapters