← Chapters

အခန်း (၈၂)

Vol. 9 Ch. 82

အခန်း (၈၂)

Vol. 9 Ch. 82

သူမသည် အိုးကို အပြင်သို့ သယ်သွားပြီး ရေများကို ရေဆိုးမြောင်းထဲသို့ သွန်လိုက်သည်။ မီးဖိုချောင်ထဲသို့ ပြန်ဝင်လာသည်နှင့် ဖန့်မိန်ပြောလိုက်သည့် စကားကို ကြားလိုက်ရသည်။ "ငါမှတ်မိသွားပြီ။ လွန်ခဲ့တဲ့ လအနည်းငယ်က တပ်ရင်းဗိုလ်ကြီးလုတို့အိမ်မှာ တစ်ခုခုဖြစ်ခဲ့တယ်။ စစ်တပ်မိသားစုဝန်းထဲက လူတွေ အကုန်လုံး သိကြတယ်။”

ကျန်းနျန်သည် စိတ်ဝင်တစားဖြင့် အတင်းအဖျင်းကို နားထောင်ချင်နေခဲ့သည်။ "ဘာဖြစ်ခဲ့တာလဲ”

ဖန့်မိန်က ထရပ်ပြီး မီးဖိုချောင်တံခါးမှတစ်ဆင့် ရှု့ယန်တို့အိမ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မီးဖိုနားမှာ ပြန်ထိုင်ကာ တီးတိုးပြောခဲ့သည်။ "လွန်ခဲ့တဲ့လက ရှု့ယန် ဈေးကနေအပြန် စစ်တပ်ဂိတ်နားမှာ ခြေကျင်းဝတ်လွဲသွားတယ်။ အရမ်းနာလွန်းလို့ လမ်းတောင် မလျှောက်နိုင်ဘူးတဲ့။ အဲဒီအချိန်မှာပဲ တပ်ရင်းဗိုလ်ကြီးလု အပြင်ကနေ အမှတ်မထင် ပြန်လာတာနဲ့ ကြုံခဲ့တယ်။ သူက သူမကို ကူညီပြီး ဂိတ်က စစ်တပ်လုံခြုံရေးရုံးအထိ လိုက်ပို့ပေးတယ်။ ပြီးတော့မှ တပ်ရင်းဗိုလ်ကြီးလျိုကို ရှု့ယန်ကို အိမ်အထိ ပို့ပေးဖို့ အကူအညီသွားတောင်းတာ။ ဒီမြင်ကွင်းကို တပ်ရင်းဗိုလ်ကြီးလုကို လာရှာတဲ့ ကျန့်ဟုန်က မြင်သွားခဲ့တာပဲ”

ကျန်းနျန် - ...

ကျန်းနျန်အပေါ် ဒရာမာဆန်သည့် ခံစားမှုတစ်ခုက လွှမ်းမိုးသွား၏။

ဖန့်မိန်က ဆက်ခဲ့ပြောသည်။ "ကျန့်ဟုန်က အရှက်မရှိဘူးလို့ ပြောပြီး ဆူပူအော်ဟစ် ရန်ဖြစ်ပါလေရော။ တပ်ရင်းဗိုလ်ကြီးလုက သူနဲ့ ရှု့ယန် နှစ်ယောက်တည်းနေဖို့ သူမကို သူ့အမေအိမ်ပြန်ပို့လိုက်တာလို့ စွပ်စွဲတယ်။ တပ်ရင်းဗိုလ်ကြီးလုကို စစ်စည်းကမ်း ချိုးဖောက်တယ်၊ စိတ်ထားမကောင်းဘူးလို့ စွပ်စွဲတယ်တဲ့လေ။ တပ်ရင်းဗိုလ်ကြီးလျို ရောက်လာတော့ မျက်နှာက တော်တော်တင်းမာနေတာပဲ။ ဒီကိစ္စက နိုင်ငံရေးအရာရှိချုပ်အထိပါ ရောက်သွားပါလေရော။ ဂိတ်က စစ်တပ်လုံခြုံရေး နှစ်ယောက်က တပ်ရင်းဗိုလ်ကြီးလုဘက်က သက်သေမခံခဲ့ဘူးဆိုရင်၊ သူ ရာထူးကနေ ထုတ်ပယ်ခံရပြီး စုံစမ်းစစ်ဆေးခံရနိုင်တယ်။ ကျန့်ဟုန်ရဲ့ စိတ်က တကယ်ပဲ မိုက်မဲလွန်းတယ်။ သူ့ယောကျ်ားကို ဒီလိုမျိုး ဒုက္ခပေးရက်တာ။”

ကျန်းနျန် မေးလိုက်သည်။ "အဲဒီနောက် ဘာဖြစ်သွားလဲ။ ကျန့်ဟုန်က ရှု့ယန်ကို တောင်းပန်ခဲ့လား”

ဖန့်မိန်က လှောင်ပြုံးပြုံးလိုက်သည်။ "တောင်းပန်ရမယ်ပေါ့လေ။ သူ လုံးဝမလုပ်ခဲ့ဘူး။ နိုင်ငံရေးအရာရှိချုပ်ရှေ့မှာတင် ခြေထောက်ဒဏ်ရာကြောင့် ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့ ရှု့ယန်ကို သူမက ရိုက်လိုက်တာ။ တပ်ရင်းဗိုလ်ကြီးလျိုနဲ့ တပ်ရင်းဗိုလ်ကြီးလုသာ သူတို့ကို ဆွဲမခွာခဲ့ရင် ရှု့ယန် တစ်ယောက် ကျန့်ဟုန်လက်ထဲမှာ အရိုက်ခံရတော့မှာ”

ကျန်းနျန် - ...

ကျန့်ဟုန်က တကယ်ကို ပြုပြင်လို့ မရတော့ဘူးပဲ။

"နောက်ဆုံးတော့ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်ပါဦး”

ဖန့်မိန်၏ အောင်နိုင်သူ အမူအရာကို မြင်သောအခါ ကျန်းနျန် မျက်ခုံးပင့်ကာ မေးလိုက်၏။ “ကျန့်ဟုန် အပြစ်ပေးခံရရောလား”

ဖန့်မိန်သည် သူမ၏ ပေါင်ကို ရိုက်ပြီး ပြောလိုက်သည်။ "အဲဒီလောက် မရိုးရှင်းဘူး။ တပ်ရင်းဗိုလ်ကြီးလုက သူ့ယောက်ျား ဖြစ်ပေမဲ့ စစ်တပ်ထဲက စစ်သားတစ်ယောက်ဆိုလဲ မမှားဘူးလေ။ ကျန့်ဟုန်က အဲဒီလို ကောလာဟလတွေ ဖြန့်နေတာကို နိုင်ငံရေးအရာရှိချုပ်က စကားနည်းနည်းနဲ့ ဘယ်လိုလုပ် လွှတ်ပေးထားနိုင်မှာလဲ။ အစက သူတို့က ကျန့်ဟုန်ကို စည်းကမ်းထိန်းသိမ်းရေးကော်မတီ ခေါ်ပြီး အတွေးအခေါ်ပညာပေးဖို့ လုပ်ချင်ခဲ့တာလို့ လောင်စုန့်ဆီကနေ ငါ ကြားရတယ်။ ဒါပေမဲ့ ကျန့်ဟုန်က ငြင်းခဲ့တယ်။ တပ်ရင်းဗိုလ်ကြီးလုကလဲ တော်လောက်ပြီဆိုပြီး ကွာရှင်းဖို့ တောင်းဆိုခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကြီးက နောက်ထပ် တစ်လကြာအောင် အချိန်ဆွဲနေခဲ့တာ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှပဲ တပ်ရင်းဗိုလ်ကြီးလုနဲ့ ကျန့်ဟုန်တို့ နောက်ဆုံးမှာ ကွာရှင်းခဲ့ကြတယ်လေ"

ဖန့်မိန် ခေါင်းခါလိုက်သည်။ “ကျန့်မိသားစုက ပြောရဆိုရလွယ်တဲ့သူရယ်လို့ ဘယ်သူမှ မရှိဘူး။”

တပ်ရင်းဗိုလ်ကြီးလုနှင့် ကျန့်ဟုန်တို့ တကယ် ကွာရှင်းသွားပြီဖြစ်ကြောင်း ကြားလိုက်ရလျှင် ကျန်းနျန် အံ့ဩသွားရသည်။

ခဏ ထိုင်ပြီးနောက် ဖန့်မိန် ပြန်ရန် ထရပ်လိုက်သည်။ မပြန်ခင်တွင် သူမက ကျန်းနျန်ကို မေးလိုက်သည်။ "မနက်ဖြန် အိမ်နီးချင်းရွာမှာ ဈေးရှိတယ်။ နင် ဟင်းသီးဟင်းရွက် ပျိုးပင်တွေ သွားဝယ်ချင်လား။ အခု ရာသီဥတုက နွေးနေပြီဆိုတော့ စိုက်ပျိုးဖို့အတွက် အကောင်းဆုံးပဲ"

ကျန်းနျန်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ”

ည ရှစ်နာရီ သို့မဟုတ် ကိုးနာရီဝန်းကျင်တွင် လုယွီ ပြန်ရောက်လာခဲ့သည်။ သူ ပြန်လာသည်နှင့် ချက်ချင်း သူသည် ကျန်းနျန် ရေချိုးရန် ရေနွေးယူလာပြီးနောက် အခန်းထဲတွင် စောင့်နေခဲ့၏။ သူမ ရေချိုးပြီးသောအခါ သူက ရေသွန်ထုတ်ရာတွင် ကူညီပေးခဲ့သည်။ ကျန်းနျန်သည် အရှေ့ဘက်ရှိ ဒုတိယအခန်းမှ ထွက်လာသော လုယွီအား လှမ်းကြည့်လိုက်ပြီး "လုယွီ" ဟု ခေါ်လိုက်၏။

သူသည် ခြေလှမ်းများကို ရပ်တန့်ကာ ပြတင်းပေါက်နားတွင် ရှိနေသော ကျန်းနျန်ကို လှည့်ကြည့်လိုက်၏။

သူမသည် ရေချိုးပြီးကာစဖြစ်ပြီး ဂွမ်းအင်္ကျီကို ဝတ်ဆင်ထားသည်။ သို့သော် သူမ၏ နားထင်နားရှိ ဆံပင်များမှာ အနည်းငယ် စိုစွတ်နေဆဲဖြစ်ပြီး မျက်လုံးများမှာ ကြယ်ရောင်တစ်စွန်းတစ်စ ရှိနေသကဲ့သို့ တောက်ပနေ၏။ လုယွီက မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

ကျန်းနျန် ပြုံးလိုက်သည်။ "ရက်ပိုင်းအတွင်း ဟင်းသီးဟင်းရွက်တွေ စိုက်ဖို့ စီစဉ်နေတာ။ ဒီရက်ပိုင်းထဲ ကျွန်မတို့ ကိုယ်ပိုင်ခြံကွက်နဲ့ အိမ်မှာရှိတဲ့ မြေတွေကို ထွန်ယက်ပေးဖို့ အချိန်ပေးနိုင်မလား”

လုယွီ၏ မျက်နှာတွင် အပြုံးတစ်ခု ပျံ့နှံ့သွားသည်။ "ရတာပေါ့။”

ကျန်းနျန်သည် လိုက်ကာကို ဆွဲချပြီး အဝတ်အစားများ ချွတ်ကာ ကုတင်ပေါ် လှဲချလိုက်၏။ သူမသည် အခန်း၏ မှောင်နေသော တန်းများကို စိုက်ကြည့်နေပြီး အိပ်မပျော်သည့် အခြေအနေမျိုး ဖြစ်နေသည်ကို တွေ့ရှိရ၏။ အဆောင်တွင် အကြာကြီး နေလာခဲ့ရပြီး ညဘက်တွင် ကျန်းရှောင်နှင့် အမြဲတမ်း ဖက်ပြီး အိပ်ရာကနေ သူမ တစ်ယောက်တည်း အိပ်ရသည်ကို အကျင့်မဖြစ်သေးပေ။

သူမသည် သန်းခေါင်ယံအထိ လူးလှိမ့်နေခဲ့ပြီးနောက်မှ အိပ်ပျော်သွားခဲ့သော်လည်း သူမ၏ ခေတ်သစ်အိမ်သို့ ပြန်ရောက်သွားသည့် အိပ်မက်ကို ထပ်မက်ပြန်သည်။

သူမ၏ မိဘများ၊ အဘိုးအဘွားများအားလုံး ဧည့်ခန်းထဲတွင် ထိုင်လျက် စကားပြောနေကြသည်။ ထိုသူတို့က သူမအား နွေးထွေးစွာ နှုတ်ဆက်ကြပြီး သူမနှင့် ပြောစရာ စကားများစွာ ရှိနေကြ၏။

သူမ၏ ဖခင်က အရသာရှိသော ညစာတစ်နပ်ကို ပြင်ဆင်ပေးခဲ့သည်။ မိသားစုနှင့် ညစာ စားပြီးနောက် ကျန်းနျန်သည် သူမ၏ အိပ်ခန်းသို့ ပြန်ခဲ့ပြီး ခေါင်းရင်းစားပွဲပေါ်၌ တင်ထားသော စာအုပ်ကို မြင်လိုက်ရ၏။

သူမသည် နူးညံ့သော ကုတင်ပေါ်တွင် လှဲလျက် စာအုပ်ကို ကောက်ယူပြီး လှန်လှောဖတ်ရှုလိုက်သည်။

သူမ ယခင်က ဖတ်ခဲ့စဉ်က အစောပိုင်း စာမျက်နှာများက တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီး၊ ယခု ဖွင့်ကြည့်သောအခါ ၎င်းတို့သည် လုံးဝ ဗလာဖြစ်နေ၏။ စာအုပ်၏ အကြောင်းအရာများကို အရင်က ဖတ်ခဲ့ဖူးခြင်းမရှိလျှင် ကျန်းနျန် သူမ၏ မှတ်ဉာဏ်ကို ပြင်းထန်စွာ သံသယဝင်မိပေလိမ့်မည်။

သူမသည် စာမျက်နှာ တစ်မျက်နှာပြီး တစ်မျက်နှာ လှန်ကြည့်လိုက်ရာ အစပိုင်းတွင် အားလုံး ဗလာ ဖြစ်နေ၏။ အလယ်ပိုင်းသို့ ရောက်လာသောအခါ စာလုံးများ မှေးမှိန်နေသော်လည်း အနည်းငယ် ခွဲခြားသိမြင်နိုင်သေးသည်။ ကျန်းနျန်သည် ဤအပိုင်းကို မှတ်မိနေ၏—ဤသည်မှာ ဇာတ်လိုက်အမျိုးသား တပ်ရင်းမှူး ဖြစ်လာပြီး အခြားမြို့သို့ နေရာရွှေ့ပြောင်းခံရသည့် အပိုင်းပင်။ ထိုအချိန်က စွင်းယင်သည် ခွဲခွာရသည်ကို မခံနိုင်၍ ငိုခဲ့ရ၏။

နောက်ထပ် စာမျက်နှာနှစ်ခုအကြာတွင် အချိန်ကို တွက်ကြည့်ပါက လက်တွေ့နှင့် ကွဲလွဲနေပုံရသည်။ ကျန်းနျန်သည် ယင်းအပေါ် စဉ်းစားရန် ပျင်းရိစိတ်ဝင်နေပြီး ရှေ့သို့ လှန်ကြည့်ကာ စွင်းယင် လက်ထပ်သည့် အခန်းကို ကြည့်လိုက်ပြီး သတို့သမီးအခန်းထဲသို့ ဝင်လာမည့်သူသည် မည်သူဖြစ်မည်ကို တွေးတောနေမိသည်။

ဝူရော့ရှန်းများ ဖြစ်နေမလား။

ကျန်းနျန်သည် သူမ ယခင်က ခေါက်ထားခဲ့သည့် စာမျက်နှာသို့ လှန်လိုက်သောအခါ စာလုံးများသည် ရှင်းရှင်းလင်းလင်း ဖြစ်နေသည်။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် ထိုစာမျက်နှာကို ကျော်လိုက်ရာ သေသပ်စွာရေးသားထားပြီး မည်းနေသည့် စာလုံးများကို တွေ့ရှိရပြီး အလွန်အမင်း ဝမ်းသာသွားသဖြင့် ကခုန်မိမတတ်ပင် ဖြစ်သွားရသည်။

တံခါးသည် ဖြည်းညှင်းစွာ ပွင့်လာပြီး အမျိုးသားတစ်ဦး ဝင်လာခဲ့သည်။ စွင်းယင်သည် အနီရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် အနီရောင်ပန်းတစ်ပွင့်ကို ချိတ်ထားကာ ဆံပင်နှစ်ဖက်ကို ကျစ်ထားပြီး နှုတ်ခမ်းတွင် အနီရောင်ဖျော့ဖျော့ နှုတ်ခမ်းနီ ဆိုးထားသည်။ သူမ၏ လှပသော မျက်ဝန်းများတွင် မျက်ရည်များ ပြည့်နှက်နေသည်။

ထိုအမျိုးသား အခန်းထဲသို့ လျှောက်ဝင်လာသောအခါ စွင်းယင်သည် ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး ဝူရော့ရှန်းအား မြင်သောအခါ စိတ်ပျက်အားငယ်စွာဖြင့် မေးလိုက်သည်။ "ရှင် ဒီမှာ ဘာလုပ်နေတာလဲ"

ဝူရော့ရှန်းသည် သူမဆီသို့ လျှောက်သွားကာ ဖက်လိုက်ပြီး သူမ၏ မျက်နှာကို အတင်းအကြပ် နမ်းရှိုက်လိုက်ရာ အရူးအမူး ဖြစ်နေသကဲ့သို့ပင်။ သူက ပြောလိုက်သည်။ "ငါ့ကို ကြည့်ပါဦး၊ ဟုတ်ပြီလား။ ငါ့ကိုပဲ ကြည့်၊ ဒီအရာတွေကို စွဲလမ်းနေတာ ရပ်လိုက်တော့။ နင် နောက်ကြောင်းပြန်လှည့်ဖို့အတွက် အုတ်နံရံကို တိုက်မိမှ ဖြစ်မှာလား"

စွင်းယင်သည် သူ့လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားခဲ့သည်။ "ကျွန်မအတွက် ရှင် စိုးရိမ်ပူပန်ပေးဖို့ မလိုပါဘူး။”

"ဒါဆိုရင် ဘယ်သူ့ကို နင်က ပူပန်ပေးစေချင်တာလဲ။ လုယွီလား။ နေ့ခင်းကြောင်တောင် အိပ်မက်မက်တာတွေ ရပ်လိုက်တော့။ နင် အိမ်မှာ အနီရောင်ဝတ်စုံ ဝတ်ထားရုံနဲ့ လုယွီ နင့်ဆီ ရောက်လာမယ်လို့ ထင်နေတာလား”

“အဲဒါ နင့်အလုပ်မဟုတ်ဘူး။”

စွင်းယင်သည် ဝူရော့ရှန်း လက်ထဲမှ မလွတ်မြောက်နိုင်တော့သဖြင့် သူ၏ ပခုံးသားကို ကိုက်ချလိုက်၏။

ဝူရော့ရှန်းသည် နာကျင်မှုကို အံကြိတ်ကာ လှောင်ပြုံးပြုံးလိုက်သည်။ "အစတည်းက ငါတို့နှစ်ယောက်ဟာ အလိုက်ဖက်ဆုံး စုံတွဲပဲ။ အတူတူ ကြီးပြင်းလာကြပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်ကြတာ။ ယင်ယင်ရယ်၊ ခေါင်းမာတာတွေ ရပ်လိုက်ပါတော့။ လုယွီက ကိုယ်ကျိုးကြည့်ပြီး ခံစားချက်မရှိတဲ့သူ။ သူ နင့်ကို လုံးဝမချစ်ဘူး၊ ငါတစ်ယောက်တည်းကသာ ချစ်တာ"

ကျန်းနျန် အံ့ဩတကြီး မျက်တောင်ခတ်လိုက်မိ၏။ အခြေအနေက ဤသို့ ပြောင်းလဲသွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပါ။

လုယွီအား အဘယ်ကြောင့် ကိုယ်ကျိုးကြည့်ပြီး အေးစက်သောသူအဖြစ် ဖော်ပြထားရပါသနည်း။

သူနှင့်အတူ ကုန်ဆုံးခဲ့သည့် လအနည်းငယ်အတွင်း ကျန်းနျန်သည် လုယွီကို ရင့်ကျက်သူ၊ တာဝန်ယူသူ၊ ဉာဏ်ပညာရှိသူနှင့် သမာဓိရှိသူအဖြစ်သာ တွေ့ရှိခဲ့ရသည်။ ကိုယ်ကျိုးကြည့်စိတ်ဟူသည် ဘယ်က လာပါသနည်း။

သူမသည် ဇာတ်လိုက်မောင်နှံတို့ လက်ထပ်ခါနီးအချိန်ကို မြင်သောအခါ စာအုပ်အား ချပြီး အိပ်ပျော်သွားခဲ့သည်ကို မှတ်မိ၏။ နိုးလာသောအခါ သူမသည် ဤစာအုပ်ထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့ပြီး စာအုပ်၏ အစောပိုင်းစာမျက်နှာများတွင် ဇာတ်လိုက်မောင်နှံတို့၏ ရထားပေါ်တွင် စတင်ခဲ့သော အချစ်ဇာတ်လမ်းက တဖြည်းဖြည်း တိုးတက်လာပုံကို ဖော်ပြထားသည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် ၎င်းသည် အဘယ်ကြောင့် နောက်ပိုင်းပါဝင်သည့် အကြောင်းအရာများနှင့် မကိုက်ညီတော့သနည်း။

စာအုပ်၏ မှေးမှိန်နေသော အစောပိုင်း စာမျက်နှာများကို တွေးတောရင်း ကျန်းနျန်သည် ဇာတ်လမ်းဇာတ်ကွက် စတင်ပြောင်းလဲနေပြီလားဟု တွေးလိုက်မိ၏။

သူမသည် ဤအတွေးများကို ဘေးဖယ်ထားကာ စာဆက်ဖတ်ရန် နောက်တစ်မျက်နှာကို လှန်လိုက်သည်။

သူမ လှန်ကြည့်လိုက်သည်နှင့် ဝူရော့ရှန်းနှင့် စွင်းယင်တို့၏ စိတ်အားထက်သန်သော ရင်းနှီးမှုအတွေ့အကြုံကို ချက်ချင်း မြင်လိုက်ရသည်။

ကျန်းနျန် - ...

သူမသည် လုယွီ၏ ခေါင်းပေါ်၌ ဦးထုပ်စိမ်းတစ်လုံး တင်နေသည်ဟု ရှင်းပြ၍မရသည့် ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ကျန်းနျန်သည် နောက်တစ်မျက်နှာကို လှန်လိုက်၏။ စွင်းယင်နှင့် ဝူရော့ရှန်းတို့ အိမ်ပြန်သွားကြပြီးနောက် ပြန်လာသောအခါ လုယွီသည် နေရာရွှေ့ပြောင်းခံရပြီ ဖြစ်ကြောင်း သိရှိရ၏။ သူမက တပ်ရင်းရှိ စစ်သည်များကို မေးမြန်းကြည့်သော်လည်း ထိုသူတို့က မည်သည့်အရာကိုမဆို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ကြ၏။

ဤသည်မှာ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်ပင်။ အနှီးသူတို့က ပြင်ပလူတစ်ဦးကို မည်သို့ ပြောပြနိုင်မည်နည်း။

ကျန်းနျန် အံ့အားသင့်လျက် ရှိသည်။ နေဦး၊အစောပိုင်းတွင် ဇာတ်လိုက်အမျိုးသားသည် တပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး နေရာရွှေ့ပြောင်းခြင်း ခံခဲ့ရသည်ဟု ဖော်ပြခဲ့သည် မဟုတ်လား။ စွင်းယင်ပင်လျှင် ခွဲခွာရမည်ကို မခံမရပ်နိုင်ဖြစ်ကာ ငိုကြွေးခဲ့ရ၏။ သူမသည် သူ မည်သည့်နေရာသို့ ရွှေ့ပြောင်းခံခဲ့ရသည်ကိုပါ သိရှိခဲ့သည် မဟုတ်လား။ အဘယ်ကြောင့် ယခုအခါ သူမသည် ဘာကိုမျှ မသိရှိသည့်ပမာ ဖြစ်နေရပါသနည်း။

ဇာတ်လမ်းဇာတ်ကွက်သည် လုံးဝရှုပ်ထွေးနေ၏။

စာအုပ်၏ မူမမှန်သည့် ဇာတ်လမ်း အသွားအလာကြောင့် ကျန်းနျန် လုံးဝဥဿုံ ရှုပ်ထွေးသွားခဲ့ရသည်။ အရာအားလုံးသည် ယခုအခါ စည်းချက်မညီတော့သကဲ့သို့ ပင်။

သူမ ရှေ့သို့လှန်ကြည့်ရာ စာမျက်နှာလွတ်များကို ထပ်မံ တွေ့ရှိလိုက်ရသည်။

သူမသည် လက်မလျှော့လိုဘဲ နောက်ဆုံးအခန်းသို့ လှန်ကြည့်လိုက်၏။ သို့သော် ၎င်းသည်လည်း ဗလာ ဖြစ်နေသည်။

ကျန်းနျန် - ...

သူမသည် စိတ်ရှုပ်ထွေး၊ မူးဝေသယောင် ခံစားလာရကာ သက်ပြင်းချရင်း နောက်သို့ ပြန်လှန်ကြည့်လိုက်သည်။ ဇာတ်လိုက်အမျိုးသား တပ်ရင်းမှူးအဖြစ် ရာထူးတိုးပြီး နေရာရွှေ့ပြောင်းခံရတာ၊ စွင်းယင် ငိုခဲ့ရသည်များအား သူမ ဖတ်ခဲ့ရသည့် အပိုင်းသည် ပျောက်ကွယ်သွားခဲ့ပြီပင်။

ကျန်းနျန် - ...

သူမသည် စာအုပ်ကို ပိတ်ပြီး ခေါင်းရင်းစားပွဲပေါ်သို့ ပစ်တင်လိုက်ကာ စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်၏။"ထားလိုက်တော့၊ ဒီစာအုပ်က အလကား ဖြစ်သွားပြီ"

နောက်တစ်နေ့ နံနက်တွင် ကျန်းနျန်သည် ဖန့်မိန်၏ ကျယ်လောင်သောအသံကြောင့် နိုးလာခဲ့သည်။

ဖန့်မိန်၏ အသံသည် ကျယ်လောင်လှပြီး နံရံကို ကျော်ကာ ကျန်းနျန် နာမည်ကို အော်ခေါ်နေသည်။ ကျန်းနျန်သည် ထိုင်းမှိုင်းစွာ ထကာ အဝတ်အစားများ ဝတ်ဆင်၍ ဂွမ်းဖိနပ်ကို ကောက်စွပ်ပြီး အပြင်သို့ ထွက်လာခဲ့လိုက်၏။ သူမသည် နံရံပေါ်တွင် မြင်နေရသည့် ဖန့်မိန်ကို ကြည့်လိုက်ပြီး မျက်လုံးများထဲသို့ နေရောင်ခြည် ဝင်ရောက်လာခြင်းကြောင့် မသက်မသာ ခံစားလိုက်ရသည်။ "ဘာဖြစ်နေတာလဲ”

"ဘာဖြစ်ရမှာလဲ။ နေကိုကြည့်ဦး၊ နေ့လယ် ရောက်နေပြီ။ ငါတို့ ဈေးကို မသွားရင် ဈေးက မကြာခင် ပိတ်တော့မှာ" ဖန့်မိန်က အော်ဟစ် ပြောဆိုလိုက်သည်။

ကျန်းနျန် - ???

သူမ ထိုမျှ နောက်ကျသည်အထိ အိပ်ပျော်နေမှန်း ကျန်းနျန် သတိမထားမိခဲ့ချေ။

"ခဏလေး စောင့်ပါဦး၊ ကျွန်မ မျက်နှာသစ်လိုက်အုံးမယ်။”

ကျန်းနျန် အလျင်အမြန် မျက်နှာသစ်ပြီး မီးဖိုချောင်ကို ပြေးသွားရာ၊ လုယွီကမူ အိုးထဲမှ ထမင်းများအား ပြန်နွှေးနေသည်ကို တွေ့လိုက်ရ၏။ သူက မနက်အစောကြီး အလုပ်မသွားခင် သူမကို မနှိုးဘဲ မနက်စာ လုပ်ပေးခဲ့တာပဲ။ စစ်တန်းလျားက ခရာသံတောင် သူမကို မနှိုးနိုင်ခဲ့။

သူမက မုန့်ပေါင်းကို ဟိုတစ်ကိုက် ဒီတစ်ကိုက် ကောက်စားပြီး ဖန့်မိန်နှင့်အတူ ဈေးသွားရန် ခြင်းတောင်းသေးသေးလေးတစ်လုံးကို ဆွဲယူလိုက်၏။

သူမ ညက အိပ်မက်ထဲက အကြောင်းအရာများကို စဉ်းစားနေမိသည်။ ဝတ္ထုထဲက ရှုပ်ထွေးပွေလီသော ဇာတ်လမ်းအရဆိုရင် အမျိုးသားဇာတ်လိုက်ကို ဘယ်နေ့မှာ ပြောင်းရွှေ့သွားစေခဲ့တာလဲ။ အခြေအနေများသာ မပြောင်းလဲဘူးဆိုပါက တပ်ရင်းမှူးစုန့် ရာထူးတက်ပြီး သုံးလအကြာမှများလား။

"ဒီမနက်လဲ ရှု့ယန်နဲ့ တပ်ရင်းဗိုလ်ကြီးလုတို့ ထပ်ရန်ဖြစ်ကြပြန်ပြီ။ နင် ကြားလိုက်သေးလား။" ဖန့်မိန်က စကားစလိုက်သည်။

ကျန်းနျန် အတွေးထဲက ရုန်းထွက်လိုက်ရသည်။ "ဟင့်အင်း၊ မကြားလိုက်ဘူး။”

သူမ အိပ်မောကျသွားတာကိုး။

ထို့ကြောင့် သူမက မေးလိုက်သည်။ "ဘာလို့ ထပ်ရန်ဖြစ်ကြပြန်တာလဲ။”

ဖန့်မိန် ရှင်းပြလိုက်သည်။ "ဘာများဖြစ်ရဦးမလဲ။ တပ်ရင်းဗိုလ်ကြီးလျိုရဲ့ ဒုတိယဦးလေးမိသားစုကိစ္စအပြင် ရှိပါ့မလား။ တပ်ရင်းဗိုလ်ကြီးလျိုရဲ့ အဘွားက ရှု့ယန်တို့၊ တပ်ရင်းဗိုလ်ကြီးလျိုတို့က သူ့ရဲ့ ဒုတိယဦးလေးကို မကူညီဘူးဆိုပြီး အပြစ်တင်တော့၊ ကုမိသားစုထဲမှာ ရှုပ်ယှက်ခတ်နေတာပေါ့။ အဘွားကြီးက သူ့မြေးတွေကို ထိန်းပေးမယ်ဆိုပြီး စစ်တပ်ဝန်းထဲ လိုက်လာချင်တယ်တဲ့။ တကယ်တမ်းကျ သူက တပ်ရင်းဗိုလ်ကြီးလျို မိသားစုကို ဒုက္ခပေးချင်တာပဲဟာ။ ရှု့ယန်က အဲဒီအဘွားကြီး လာနေတာကို မကြိုက်တော့ အချေအတင် ပြောကြတာပေါ့။ နင် စဉ်းစားကြည့်ပါဦး၊ အဲဒီအဘွားကြီးက ဘယ်လောက်တောင် အသက်ကြီးနေပြီလဲ? လမ်းခရီးမှာ သေခဲ့ရင် ရှက်စရာကြီး။”

ကျန်းနျန် - ...

ရှု့ယန်သည် ဤမိသားစုနှင့် တကယ် ခက်ခဲသော အချိန်များကို ဖြတ်သန်းနေရသည်။ "ပြီးတော့ ဘာဆက်ဖြစ်သွားလဲ”

ဖန့်မိန်က ပြောလိုက်သည်။ "တပ်ရင်းဗိုလ်ကြီးလျိုက သူ နားလည်ကြောင်းနဲ့ တပ်ရဲ့ တောင်းဆိုချက်က ခွင့်ပြုချက် မရသေးဘူးလို့ ပြန်စာရေးလိုက်မယ်လို့ ပြောလိုက်တယ်"

ကျန်းနျန် - "အော်၊ အဲဒါ ကောင်းတယ်"

ယနေ့ စျေးတွင် လူများစွာ ရှိနေသည်။ နွေဦးရာသီ ပူနွေးလာရုံသာမက လူတိုင်း ဟင်းသီးဟင်းရွက် ပျိုးပင်များ ဝယ်နေကြသည်။ စျေးတွင် ပျိုးပင်များ ပမာဏ အမြဲတမ်း ကန့်သတ်ထားသည်။ ဖန့်မိန်နှင့် ကျန်းနျန်တို့သည် နောက်ကျသွားသောကြောင့် သူတို့သည် ငရုတ် ပျိုးပင်အချို့နှင့် သခွားသီး ပျိုးပင်အချို့ကိုသာ ဝယ်နိုင်ခဲ့၏။

ဖန့်မိန် သူမကို မျက်စောင်းထိုးလိုက်သည်။ "ခုနစ်ရက်ကြာရင် နောက် စျေးရှိတယ်။ နောက်တစ်ခါ နောက်ကျရင် ငါ နင့်ကို မစောင့်တော့ဘူး”

ကျန်းနျန် ကို့ယို့ကားယားနိုင်စွာ ပြုံးလိုက်သည်။ "နောက်တစ်ခါဆိုရင် မိုးမလင်းခင်ကတည်းက ထပါ့မယ်။”

စစ်တပ်မိသားစုခြံဝင်းသို့ ပြန်ရောက်သောအခါ သူတို့ ချန်ဖန့်နှင့် ထန်ဇီတို့ အထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ချန်ဖန့်နှင့် ဖန့်မိန်တို့ကမူ အေးစက်စွာ နှုတ်ဆက်ပြီးမှ ပြန်ပြုံးကြသည်။ ကျန်းနျန်က လှမ်းခေါ်လိုက်သည်။"အစ်မချန်၊ တပ်ရင်းဗိုလ်ကြီးထန်"

"အင်း" ချန်ဖန့် ပြန်ဖြေလိုက်သည်။

ထန်ဇီ၏ အကြည့်က ကျန်းနျန်၏ မျက်နှာပေါ်သို့ ကျသွားပြီး ပြုံးလိုက်သည်။ သူ ဘယ်လိုခေါ်ရမလဲ မသိပေ။ သူက မရီးဟု ခေါ်နိုင်သော်လည်း သူသည် ကျန်းနျန်ထက် အသက်ကြီးပြီး လုယွီထက်လည်း ကြီးသည်။ သူ့အမည်ဖြင့် ခေါ်ခြင်းကလည်း သင့်တော်ပုံမရ။ နောက်ဆုံးတွင် သူ "ညီမ" ဟု ခေါ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ရှု့ချန်း အသက်ရှင်စဉ်က သူနှင့် ကောင်းသော ဆက်ဆံရေး ရှိခဲ့သည်။

ကျန်းနျန် အံ့အားသင့်သွားသည်။ သူမ "မရီး" ဟု ခေါ်ခြင်းကို အလေ့အကျင့် ရနေပြီဖြစ်ပြီး "ညီမ" ဟု ပထမဆုံး ခေါ်ခြင်းက အနည်းငယ် အဆင်မပြေဖြစ်သွားသည်။ ဖန့်မိန်က ထန်ဇီ ကျန်းနျန်ကို ကြည့်နေသည်ကို မြင်သဖြင့် ကျန်းနျန်ကို ဆွဲခွာလိုက်ပြီး သူတို့ လမ်းလျှောက်သွားရင်း ပြောလိုက်သည်။ "ချန်ဖန့်၊ မင်းတို့ အလျင်အမြန် လုပ်ပြီး ပြန်လာခဲ့။ ငါတို့ နေ့လယ်စာ ပြန်လုပ်ရဦးမယ်"

သူမတို့ အိမ်သို့ ပြန်ရောက်မှသာ ဖန့်မိန် သူမကို လွှတ်ပေးလိုက်သည်။

All Chapters