အခန်း (၈၃)
Vol. 9 Ch. 83
ကျန်းနျန်သည်် ခြင်းတောင်းကို ကိုင်ကာ အိမ်ထဲ ဝင်လာစဉ် ခြံဝန်းထဲမှ ရေသံကို ကြားလိုက်ရသည်။ သူမ လှမ်းကြည့်လိုက်ရာ လုယွီက ရေတွင်းဘေးတွင် အင်္ကျီမပါဘဲ ရေလောင်းနေသည်ကို တွေ့လိုက်ရ၏။ အနှီသူသည် စစ်စိမ်းရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ခါးတွင် ခါးပတ်အနက်ရောင်ကို ပတ်ထားသည်။ သူ့ခြေထောက်များသည် ရှည်လျားပြီး တည့်မတ်နေကာ သူ့၏ အဝတ်မပါသော အပေါ်ပိုင်းက တောင့်တင်းသော ကြွက်သားများနှင့် လက်မောင်းများကို ပြသနေသည်။ သူ့ဆံပင်တိုများမှ ရေစက်များ ကျလာပြီး လည်ပင်းတွင် သဘက်တစ်ထည် ပတ်ထား၏။
သူ ခေါင်းလျှော်ပြီးခါစနှင့် တူသည်။
ကျန်းနျန် တိုးတိုးလေး ချောင်းဆိုးလိုက်ရသည်။ သူမ၏ အကြည့်သည် လုယွီ၏ ဝမ်းဗိုက်ကြွက်သားများထံမှ မထိန်းနိုင်ဘဲ ဆွဲဆောင်ခံရလိုက်၏။
ထိုလူမှာ ပိန်သွယ်သော်လည်း ကြွက်သားများဖြင့် တင်းရင်းသန်မာသော ခါးနှင့် ဝမ်းဗိုက် ရှိပြီး ကြည့်လိုက်သည်နှင့် တင်းမာအားကောင်းနေပုံ ပေါ်သည်။ ပိုဆိုးသည်မှာ သူသည် ဝမ်းဗိုက် ကြွက်သား ရှစ်ခုတောင် ရှိနေခြင်းပင်။ ကျန်းနျန်၏ ရင်ထဲ တဒိတ်ဒိတ်ခုန်သွားသည်။ လက်လှမ်း၍ ထိတွေ့ချင်စိတ်ကို ထိန်းချုပ်ရင်း မျက်နှာသည် အနည်းငယ် နီရဲသွားကာ လှည့်၍ မေးလိုက်သည်။ "စားပြီးပြီလား"
လုယွီသည် ကျန်းနျန်၏ မျက်နှာ နီရဲနေသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးထဲ၌ ပျော်ရွှင်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။ "စားပြီးပြီ"
ထို့နောက် သူသည် လှည့်၍ အိမ်ထဲသို့ ပြန်ဝင်သွားကာ အဝတ်အစား အပြည့်အစုံဖြင့် ပြန်ထွက်လာခဲ့သည်။
ကျန်းနျန် ရင်ထဲမှ သက်ပြင်းချလိုက်မိသည်။ မြင်ရပါလျက်နှင့် မထိရခြင်း။
သူမသည် ပါးပြင်မှ အပူများ ကျသွားသည်အထိ ရေအေးဖြင့် မျက်နှာသစ်ရန် ရေတွင်းသို့ သွားလိုက်သည်။ နားနားသို့ ကပ်လာသော လုယွီ၏ အသံကို ကြားလိုက်ရသည်။ "ရေတွင်းရေက အေးတယ်လေ။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "အဆင်...ပြေပါတယ်"
သူမသည် အေးသွားစေရန် ရေအေးကို တမင် သုံးလိုက်ခြင်းဖြစ်သည်။
လုယွီသည် ကျန်းနျန် ရှက်ရွံ့၍ တုန်လှုပ်လုနီးပါး ဖြစ်နေသည်ကို ကြည့်နေပြီး သူ့အပြုံးက ပိုနက်ရှိုင်းလာသည်။ သူသည် ပေါက်ပြားယူကာ အိမ်နံရံ၏ အနောက်ဘက်ထောင့်ရှိ မြေကို သွားရောက် ထွန်ယက်နေလိုက်သည်။ ကျန်းနျန် စားသောက်ပြီး ထွက်လာသောအခါ သူ မေးလိုက်သည်။"အစ်မဖန့်နဲ့ ပျိုးပင်လေးတွေ သွားဝယ်တာလား"
ကျန်းနျန်သည် ပျိုးပင်များကို အရိပ်ရသော နေရာတွင် ထားကာ ခေါင်းငုံ့၍ ပြန်ဖြေလိုက်၏။"ဟုတ်တယ်"
လုယွီသည် လယ်တစ်ဝက် ထွန်ယက်ပြီးနောက် ရွာအဖွဲ့သို့ ထွက်သွားခဲ့သည်။ နေ့လယ်ဘက်တွင် ရှု့ယန် ရောက်လာ၏။ နောက်ဆုံးတွေ့ဆုံချိန်မှ နှစ်လအတွင်း ရှု့ယန်သည် အလွန်အမင်း ပိန်ကျသွားသည်ကို ကျန်းနျန် သတိထားမိလိုက်သည်။
သူမသည် ခြံဝင်းထဲတွင် ထိုင်၍ ကျန်းနျန် ပိုးချည်များ ရှင်းလင်းနေသည်ကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။ "ကျန်းနျန်၊ ဒီနှစ်လအတွင်း မြို့မှာ ဘယ်လိုနေလဲ"
ကျန်းနျန် ပြန်ပြုံး၍ ဖြေလိုက်သည်။ "အဆင်ပြေပါတယ်"
ရှု့ယန်သည် ထပ်မပြောတော့ပေ။ အရင်ကဆိုလျှင် သူမသည် စကားများ အဆက်မပြတ် ပြောတတ်သော်လည်း ယခုမူ တိတ်ဆိတ်စွာ ထိုင်နေလေ၏။ ကျန်းနျန် ပိုးချည်များ ရှင်းလင်းနေသည်ကို ကြည့်နေသကဲ့သို့ ဖြစ်နေသော်လည်း စိတ်က အခြားတစ်နေရာ ရောက်နေပုံရသည်။
ကျန်းနျန် မျက်မှောင် အနည်းငယ်ကြုတ်ကာ ခေါင်းမော့၍ ရှု့ယန်ကို အတန်ကြာ ကြည့်လိုက်သော်လည်း တုံ့ပြန်မှု မရှိပေ။
သူမ၏ ရင်ထဲတွင် တဒိတ်ဒိတ်ခုန်သွားခဲ့သည်။ ဖြစ်နိုင်ပါ့မလား... ရှု့ယန် စိတ်ဓာတ်ကျနေတာလား။
ဤအတွေးသည် ကျန်းနျန်၏ စိတ်ထဲ ဝင်လာသည်နှင့် လန့်သွားရသည်။ သူမသည် ပိုးချည်များကို တောင်းထဲသို့ ညင်သာစွာ ထည့်ကာ ညင်သာစွာ ပြောလိုက်သည်။"ရှု့ယန်၊ မုန့်စားချင်လား။ ကျွန်မ မြို့ကနေ ယူလာတာ"
ရှု့ယန်ကမူ ပြုံးပြီး ခေါင်းခါပြလာသည်။ "မလိုပါဘူး ကျေးဇူးတင်ပါတယ်"
ကျန်းနျန် နှုတ်ခမ်းကို စေ့ထားလိုက်သည်။ "ကျန့်ယဲ့နဲ့ ကျန့်ဝူတို့ ဘယ်လိုနေလဲ"
ရှု့ယန်က ထပ်ပြုံးလိုက်သည်။ "အိမ်မှာပါပဲ၊ ကလေးနှစ်ယောက်စလုံးက အလွန်လိမ္မာပြီး စကားနားထောင်တယ်"
ထိုအချိန်မှစ၍ အများအားဖြင့် ကျန်းနျန်ကသာ မေးပြီး ရှု့ယန်က ဖြေနေရသည်။
ရှု့ယန်၏ စိတ်အခြေအနေ တစ်ခုခု မှားယွင်းနေကြောင်း ကျန်းနျန် ပို၍ သေချာလာသည်။
သူမသည် လွန်ခဲ့သည့်နှစ်လက ရှု့ယန် ဘာလုပ်ရမလဲဟု အကြံဉာဏ် လာတောင်းချိန်တွင် ဖြေရှင်းချက် မပေးဘဲ အရာရာကို ဖြစ်ချင်ရာ ဖြစ်ပါစေဟုသာ အကြံပေးလိုက်မိခြင်းအတွက် အနည်းငယ် နောင်တရမိသွားသည်။ ဤရလဒ် ဖြစ်လာမည်ကို သိခဲ့လျှင် လျိုချမ့် ဆူငေါက်မည်ဆိုစေကာမူ ရှု့ယန်အား နောက်တစ်ကြိမ် ကူညီပေးခဲ့မည်ပင်။ ကျန်းနျန် ခေါင်းကို ငုံ့ချလိုက်ပြီး မျက်ဝန်းများက ပူတက်လာသည်။
သူမသည် တစ်ချက်ရှိုက်၍ ရှိုက်လိုက်ပြီး ငိုချင်စိတ်ကို ထိန်းချုပ်ကာ နို့လုံးချောကလက် လေးလုံး ယူလာရန် အိမ်ထဲသို့ ပြန်ဝင်သွားသည်။ ရှု့ယန်က ခေါင်းခါသဖြင့် ကျန်းနျန်သည် ပြုံး၍ ပြောလိုက်သည်။"ကျန့်ယဲ့နဲ့ ကျန့်ဝူ အတွက်ပါ"
ရှု့ယန် နို့လုံးချောကလက်များကို ယူနေစဉ်တွင် လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူတို့သည် လက်ချင်းတွဲ၍ ကျန်းနျန် အိမ်သို့ မမျှော်လင့်ဘဲ ရောက်လာကြသည်။ လျိုကျန့်ဝူသည် ငယ်သေးသဖြင့် ဘာမှ မသိသေးဘဲ ပြုံး၍ ခေါ်လိုက်သည်။ "ဒေါ်လေးကျန်း"
အသက်ခုနစ်နှစ် ရှိပြီဖြစ်သော လျိုကျန့်ယဲ့ကမူ အနည်းငယ် မှုန်မှိုင်းသော အမူအရာဖြင့် "ဒေါ်လေးကျန်း" ဟု ယဉ်ကျေးစွာ နှုတ်ဆက်လာခဲ့သည်။
ရှု့ယန်သည် ကလေးများဘက်သို့ လှည့်၍ လက်ယပ်ခေါ်လိုက်သည်။ "မြန်မြန်လာ၊ မေမေ မင်းတို့အတွက် ကောင်းတာတစ်ခု ရထားတယ်"
လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူတို့ လျှောက်လာကြသည်။ ရှု့ယန်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးပေါ်တွင် နို့လုံးချောကလက် လေးလုံးကို ကိုင်ထားကာ ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်စလုံး လက်ဖြန့်လိုက်၊ မေမေ နှစ်လုံးစီ ပေးမယ်"
လျိုကျန့်ယဲ့ကမူ ရှု့ယန်ကို ကြည့်၍ ပြုံးပြီး ပြောလိုက်သည်။ "မေမေ ပြောတဲ့အတိုင်း လုပ်ပါ့မယ်"
ကျန်းနျန်သည် မျက်လုံးထဲမှ မျက်ရည်များကို အတင်းအကျပ် ထိန်းချုပ်ကာ မီးဖိုချောင် တံခါးဝဘက်သို့ ခေါင်းလှည့်လိုက်သည်။ အရာအားလုံးသည် အစကတည်းက သူမ၏ အမှားများ ဖြစ်နိုင်ပါသည်။ သူမသည် ရှု့ယန်၏ ကိစ္စများတွင် ဝင်ရောက် မစွက်ဖက်ခဲ့သင့်ပေ။
သို့သော် သူမသာ ဝင်ရောက် မစွက်ဖက်ခဲ့လျှင် ရှု့ယန်သည် ထိုအသက်ကြီး လူပျိုကြီးနှင့် လက်ထပ်ပြီးသား ဖြစ်နေနိုင်သည်။ ရုတ်တရက် ရှု့ယန်၏ ဇာတ်လမ်းသည် အဆုံးသတ်လမ်း ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်—သူမ မည်သို့ပင် ပြောင်းလဲရန် ကြိုးစားစေကာမူ ရှု့ယန်၏ ကံကြမ္မာသည် အတူတူပင် ဖြစ်နေမည်ပင်။
"ရှု့ယန်" ကျန်းနျန် ညင်သာစွာ ခေါ်လိုက်သည်။ ရှု့ယန်ကမူ ချောကလက်များ ဝေပြီးနောက် ကျန်းနျန်ဘက်သို့ လှည့်၍ မေးခဲ့သည်။"ဘာဖြစ်လို့လဲ"
ကျန်းနျန်သည် ခဏတာ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် ပြောချင်သည်ကို မပြောတော့ဘဲ "ဘာမှမဟုတ်ပါဘူး" ဟုသာ ပြောလိုက်သည်။
"ငါ ပြန်တော့မယ်။ ကျန့်ဝူက အိပ်ဖို့လိုတယ်" ရှု့ယန်က ပြောရင်း ထရပ်ပြီး လျိုကျန့်ဝူ၏ လက်ကို ဆွဲလိုက်သည်။
ကျန်းနျန်သည် လျိုကျန့်ယဲ့ကို ကြည့်၍ ရှု့ယန်ဘက်သို့ ဦးတည်ကာ မေးလိုက်သည်။"ကျွန်မ ကျန့်ယဲ့နဲ့ အချိန်နည်းနည်း ဖြုန်းချင်တယ်၊ ရမလား"
ရှု့ယန် ခေါင်းညိတ်လိုက်သည်။ "ရပါတယ်"
ရှု့ယန်နှင့် လျိုကျန့်ဝူတို့ ထွက်သွားပြီးနောက် ကျန်းနျန် လျိုကျန့်ယဲ့ကို ပြောလိုက်သည်။"ကျန့်ယဲ့၊ ထိုင်ပါဦး။ ဒေါ်လေး မေးစရာရှိတယ်"
လျိုကျန့်ယဲ့သည် အနည်းငယ် မချေမငံ ဖြစ်နေပြီး တုံ့ဆိုင်းနေရင်းမှ ခုံပေါ်တွင် ဖြည်းညင်းစွာ လှုပ်ရှား၍ ထိုင်လိုက်သည်။ ကျန်းနျန်ကို ကြည့်နေသော သူ့အကြည့်သည် ခုနစ်နှစ်အရွယ် ကလေးတစ်ဦး၏ အကြည့်နှင့် မတူဘဲ အတွေ့အကြုံများစွာ ကြုံဖူးသည့်အလား မောပန်းနွမ်းနယ်မှုများ ပါဝင်နေသည်။
ကျန်းနျန်သည် သူမ၏ လက်ထဲမှ တောင်းကို ဆုပ်ကိုင်လိုက်သည်။ "ကျန့်ယဲ့၊ ဒေါ်လေးကို ပြောပြ။ ဒီမနက်အပြင် တခြားအချိန်တွေမှာရော သားရဲ့ အမေနဲ့အဖေ ရန်ဖြစ်ကြသေးလား။”
ရန်ဖြစ်သည်ဟူသော စကားကို ကြားလိုက်ရသည့်အခါ လျိုကျန့်ယဲ့၏ မျက်နှာအမူအရာမှာ သိသိသာသာ တင်းမာသွားခဲ့သည်။
သူသည် ခေါင်းကို ငုံ့ချလိုက်ပြီး လက်ချောင်းများကို တင်းတင်းကျပ်ကျပ် ယှက်ထားသည်။ ကျန်းနျန်သည် အရင်က ရှု့ယန်ကဲ့သို့ပင် လျိုကျန့်ယဲ့၏ လက်ချောင်းများမှာ ကုတ်ဖဲ့ခံထားရပြီး သွေးထွက်ခဲ့သည့် နေရာများတွင် အနာဖတ်များ ဖြစ်နေသည်ကို သတိပြုမိလိုက်၏။ သူမသည် လက်လှမ်း၍ သူ့လက်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။ "အဲဒါကို မကုတ်ပါနဲ့"
လျိုကျန့်ယဲ့၏ ခန္ဓာကိုယ်သည် ခဏတာ တောင့်တင်းသွားပြီးနောက် တိုးတိုးလေး ပြောလာသည်။ "လွန်ခဲ့တဲ့ တစ်လက တစ်ခါ ရန်ဖြစ်ဖူးတယ်"
ကျန်းနျန် မေးလိုက်သည်။"တပ်ရင်းဗိုလ်ကြီးလုနဲ့ ကျန့်ဟုန် ကိစ္စလား"
လျိုကျန့်ယဲ့ကမူ ခေါင်းညိတ်ပြလာသည်။ "ဟုတ်တယ်။ အဖေက အမေ့ကို ပြန်ဆွဲခေါ်ပြီး အမေ့ကို တပ်ရင်းဗိုလ်ကြီးလုနဲ့ လက်ထပ်ချင်လားလို့ အဖေက မေးတယ်၊ ပြီးတော့ သူ့ရှေ့မှာ အမေရဲ့ ခြေကျင်းဝတ်ကို တမင် လိမ်ချိုးလိုက်တယ်။ အမေ ဘယ်လိုပဲ ရှင်းပြရှင်းပြ အပိုပါပဲ။ နောက်ပိုင်းမှာတော့ အဖေက အမေ့ကို အပြင်ထွက်ခွင့် သိပ်မပေးတော့ဘူး"
ကျန်းနျန်သည် လျိုကျန့်ယဲ့၏ မျက်နှာအမူအရာကို မမြင်နိုင်သော်လည်း သူ၏ လက်ကလေး တုန်နေခြင်းမှ ဒေါသထွက်နေသည်ကို ခံစားနိုင်သည်။ သူက ဆက်ပြောခဲ့သည်။ "အမေက နေ့တိုင်း ခြံထဲမှာ ထိုင်နေတယ်။ အဖေ ပြန်လာရင်လဲ သူ့ကို လျစ်လျူရှုထားတယ်။ အခု အမေက ကျွန်တော်နဲ့ ကျန့်ဝူနဲ့အတူ အိပ်တယ်"
အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်က ပြီးခဲ့သည့်တစ်လအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ကျန်းနျန်အား ရှင်းလင်းပြတ်သားစွာနှင့် ယုတ္တိရှိရှိ ပြောပြခဲ့သည်။
လျိုချမ့်သည် ရှု့ယန်အား စိတ်ခံစားမှုဖြင့် ထိန်းချုပ်ရုံသာမက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါ ပြုလုပ်နေသည်။
အံ့သြစရာ မရှိပါဘူး၊ ရှု့ယန်သည် အရင်က ပုံစံအတိုင်း ပြန်ဖြစ်သွားသည်။ သို့သော် ယခုအခြေအနေသည် အရင်ကထက် ပိုဆိုးရွားနေပုံရသည်။ ကျန်းနျန်သည် ကျန့်ဟုန် ထွက်သွားပါက ရှု့ယန် ပြောင်းလဲနိုင်ပြီး လျိုချမ့်နှင့် ကျန့်ဟုန်တို့ကြားဘဝ တိုးတက်လာလိမ့်မည်ဟု ထင်ခဲ့မိသည်။ သူမသည် အခြေအနေများ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ဒေါ်လေး" လျိုကျန့်ယဲ့က ခေါ်လာကာ ခေါင်းမော့လိုက်ပြီးနောက် ထိန်းထားသည့် မျက်ရည်များကြောင့် သူ၏မျက်လုံးများကမူ နီရဲနေသည်။ "ဒေါ်လေး ကျွန်တော့်အမေကို နောက်တစ်ခါ ကူညီနိုင်မလား။”
"အရင်တုန်းက ဒေါ်လေး ကူညီပေးလို့ ကျွန်တော့်အမေ ရက်အနည်းငယ် ပျော်ခဲ့ရတာ ကျွန်တော် သိပါတယ်။ ဒေါ်လေး ကျွန်တော့်အမေကို နောက်တစ်ခါ ကူညီနိုင်မလား။" မျက်ရည်များသည် နောက်ဆုံးတွင် လျိုကျန့်ယဲ့၏ ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။ "ဒေါ်လေး၊ ကျွန်တော့်အမေ ဒီလို ဆက်ဖြစ်နေရင် သူ သေလိမ့်မယ်"
ဤအချိန်၌ လျိုကျန့်ယဲ့သည် သူ၏ ကလေးဆန်သော အားနည်ချက်ကို ထုတ်ဖော်ပြသလိုက်သည်။ သူသည် မျက်ရည်များကို သုတ်ရင်း ငိုကြွေးခဲ့သည်။ "ကျွန်တော် အဖေ မရှိဘဲ နေနိုင်ပေမဲ့ အမေ မရှိဘဲ မနေနိုင်ဘူး။"
ကျန်းနျန်သည် စိတ်ထဲ၌ ရုန်းကန်နေရသော်လည်း မငြင်းနိုင်ဘဲ လျိုကျန့်ယဲ့၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမ ခဏတာ တွန့်ဆုတ်ပြီးနောက် နောက်ဆုံးတွင် "ကောင်းပြီ" ဟု ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ လျိုကျန့်ယဲ့သည် ထရပ်လိုက်ပြီး ကျန်းနျန်အား ခါးကိုင်း၍ အလေးအနက် အရိုအသေပေးခဲ့သည်။ "ကျေးဇူးတင်ပါတယ် ဒေါ်လေး။”
လျိုကျန့်ယဲ့ ထွက်သွားပြီးနောက် ကျန်းနျန်သည် အချိန်အတော်ကြာ အတွေးများဖြင့် နစ်မွန်းနေခဲ့သည်။ ရှု့ယန်၏ လက်ရှိအခြေအနေအရ သူမသည် လျိုချမ့်အား ထားခဲ့ခြင်းဖြင့်သာ ဖြေရှင်းနိုင်သည်။ သို့သော် သူမသာ လျိုချမ့်ကို ထားခဲ့လျှင် သူမ၏ မိသားစုမှ အသက်ကြီးသည့် လူပျိုကြီးတစ်ဦးနှင့် လက်ထပ်ပေးလိမ့်မည်မှာ သေချာသည်။ မည်သည့်နည်းလမ်းဖြင့် ကြည့်သည်ဖြစ်စေ အဆုံးသတ်လမ်းလို ဖြစ်နေလေ၏။
တစ်ခုတည်းသော ထွက်ပေါက်မှာ ငွေရှာပြီး လျိုချမ့်အား လေလို သဘောထားခြင်းပင် ဖြစ်သည်။ သူမ ငွေရှာနိုင်သမျှ ကာလပတ်လုံး သူမ၌ ယုံကြည်မှု ရှိနေမည်ဖြစ်ပြီး လျိုချမ့်၏ အလိုဆန္ဒများကို အဖက်လုပ်မည် မဟုတ်ပေ။
ကျန်းနျန်သည် တောင်းထဲမှ ပိုးချည်များကို ငုံ့ကြည့်လိုက်ပြီး ရက်အနည်းငယ်အတွင်း အစ်မကောနှင့် ဆက်သွယ်မှုများ ရှိမရှိ သိရှိရန် မြို့သို့ သွားရန် ဆုံးဖြတ်လိုက်၏။ ရှု့ယန်အတွက် သင့်လျော်သော အလုပ်တစ်ခု ရှိပါက ဤမျက်နှာသာပေးမှုကို ကောမိန်အပေါ် သူမ ပေးဆပ်ရန် ရှိသော ကြွေးမြှီးတစ်ခုအဖြစ် မှတ်ယူမည် ဖြစ်သည်။
သူမသည် စိတ်ထဲ၌ အနည်းငယ် ပိုကောင်းလာစေရန် ဆန္ဒရှိပြီး သူမဘေးနားရှိ တစ်စုံတစ်ဦးအား အဆုံးသတ်လမ်းသို့ လျှောက်သွားသည်ကို မကြည့်နိုင်ပေ။
နေ့လယ်ဘက်တွင် ကျန်းနျန်သည် ပန်းထိုးပုံစံငယ်လေး တစ်ခုကို ထိုးခဲ့ပြီး အပြီးသတ်သောအခါ ညနေပင် မှောင်နေပြီပင်။ သူမသည် ညစာ ပြင်ဆင်ရန် မီးဖိုချောင်သို့ သွားလိုက်၏။ အစားအစာများ အဆင်သင့် ဖြစ်ပြီး ခြံဝင်းထဲသို့ ယူလာသောအခါ လုယွီသည် ကျန်းနျန်၏ မျက်နှာအမူအရာ မကောင်းသည်ကို သတိပြုမိသည်။ သူ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ "ဘာဖြစ်ခဲ့တာလဲ"
ကျန်းနျန်သည် အတွေးများမှ လွတ်မြောက်လာပြီး ခေါင်းခါ၍ ပြောလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး"
သူမသည် ပြောင်းဖူးပန်ကိတ်ကို တစ်ကိုက် ကိုက်လိုက်သော်လည်း မည်သည့် ဟင်းသီးဟင်းရွက်ကိုမျှ မယူမီ လုယွီသည် သူမဘေးတွင် ထိုင်ချလိုက်ပြီး သူမ၏ နဖူးကို ထိရန် လက်လှမ်းလာ၏။
ထိုလူ၏ အနီးအနားတွင် ရှိနေခြင်းကြောင့် ရုတ်တရက် လွှမ်းမိုးခံလိုက်ရသဖြင့် ကျန်းနျန်၏ ငြိမ်သက်နေသော နှလုံးသားသည် တဒိတ်ဒိတ် ခုန်သွားခဲ့သည်။ သူ၏ လက်ဖဝါးက သူမ၏ နဖူးပေါ်တွင် နွေးထွေးမှုကို ဆောင်ကျဉ်းပေးခဲ့သည်။
လုယွီ မျက်မှောင်ကြုတ်လိုက်သည်။ "အဖျားမရှိဘူး"
ကျန်းနျန်သည် ရှက်ရွံ့စွာ ခေါင်းငုံ့ကာ ပန်ကိတ် တစ်ကိုက်ထဲဖြင့် လည်ချောင်းနာသွားသည်။ "ကျွန်မ အဆင်ပြေပါတယ်"
လုယွီက ထရပ်၍ သူမ၏ တစ်ဖက်တွင် ထိုင်ခဲ့သည်။ သူ၏ နက်မှောင်သော မျက်လုံးများသည် ကျန်းနျန်၏ မျက်နှာပေါ်တွင် စွဲမြဲနေသည်။ "မင်းကို တစ်ခုခုက စိတ်အနှောင့်အယှက် ဖြစ်စေလို့လား။ ကျွန်တော့်ကို ပြောပြလို့ ရပါတယ်။ ကိုယ့်ဘာသာကိုယ် မသိမ်းထားပါနဲ့"
ကျန်းနျန်သည် မြို့မှ ပြန်လာပြီးနောက် လုယွီ၏ သဘောထားသည် သူမအပေါ် ကွဲပြားနေသည်ဟု ခံစားရသည်။ သူသည် အရင်ကထက် ပိုရင်းနှီးပြီး ဂရုစိုက်လာ၏။
သူမသည် ခဏ စဉ်းစားပြီးနောက် ရှု့ယန်အကြောင်း လုယွီအား မပြောရန် ဆုံးဖြတ်လိုက်သည်။ "တကယ် ဘာမှ မဟုတ်ပါဘူး"
"ရှု့ယန်နဲ့ ပတ်သက်နေတာလး" လုယွီက သူမကို ကြည့်၍ မေးခဲ့သည်။
ကျန်းနျန်သည် လုယွီ ဤမျှ တိကျစွာ မှန်းဆလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ "ဟုတ်တယ်"
သူမ ခဏတွန့်ဆုတ်သွားပြီးမှ လျိုကျန့်ယဲ့ ယနေ့ သူမကို ပြောပြခဲ့သည်များကို လုယွီအား ပြန်ပြောပြလိုက်သည်။ သူမ ခေါင်းငုံ့ကာ အာလူးများကို တူဖြင့် ထိုးရင်း ပြောလိုက်သည်။ "ကျွန်မ တစ်ခါတလေ တွေးမိတယ်။ ရှု့ယန်က ဒီနှစ်တွေတစ်လျှောက် လျိုချမ့်ကို လက်ထပ်ခြင်းကနေ ဘာတွေများ ရခဲ့လဲ။ အမျိုးသမီးတွေက မဖြစ်မနေ အိမ်ထောင်ပြုခြင်း လမ်းကြောင်းကို လိုက်စရာ မလိုပါဘူး။ သူတို့မှာ ရွေးချယ်စရာတွေ အများကြီး ရှိနိုင် တယ်"
သို့သော် ဒီခေတ်ကာလမှာ အမျိုးသမီးတွေမှာ ရွေးချယ်စရာတွေ အရမ်း နည်းပါးသည်။ အများစုအတွက်၊ သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ကောင်းသော အမျိုးသားတစ်ဦးကို လက်ထပ်ရန်သာ ဖြစ်သည်။
ရှု့ယန်သာ လျိုချမ့်ကို စွန့်ခွာသွားပါက သူမ၏ အခြေအနေသည် အခုထက်ပင် ပိုဆိုးသွားနိုင်သည်။
လုယွီ၏ မျက်လုံးများ ခဏမျှ ကျဉ်းသွားပြီး ကျန်းနျန်ကို ကြည့်နေသည့် သူ၏ အကြည့်တွင် နက်နဲသော အဓိပ္ပာယ်တစ်စုံတစ်ရာ ပါဝင်နေသည်။ "မရီးပြောတာ မှန်ပါတယ်။ အမျိုးသမီးတွေက ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ရှိနိုင်ပါတယ်။ မရီးလိုပဲပေါ့"
ကျန်းနျန် သူ့ကို မော့ကြည့်လိုက်သည်။ "ဘာပြောလိုက်တာလဲ။"
လုယွီ မေးလိုက်သည်။ "မရီး ပန်းထိုးပညာကို ဘယ်သူ့ဆီက သင်ယူခဲ့တာလဲ။"
ကျန်းနျန် ရုတ်တရက် သတိရှိလာသည်။ "အရင်က ပြောဖူးတဲ့အတိုင်းပဲ၊ ငယ်ငယ်ကတည်းက ပန်းထိုးတာကို ဝါသနာပါခဲ့တာ။ ငယ်တုန်းက အခွင့်အရေး မရခဲ့ဘူး၊ ဒါပေမဲ့ ဒီရောက်မှ လုပ်ခွင့်ရခဲ့တာ"
"သဘောပေါက်ပါပြီ"
လုယွီ ခေါင်းငုံ့လိုက်သည်။ သူ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကျန်းနျန်သည် တော်တော်လေး စိတ်ပူနေသည်။
“ကျန်းနျန်”
သူတို့ နှစ်ဦးတည်း ရှိနေချိန်တွင် လုယွီက သူမကို နာမည်ခေါ်လိုက်ခြင်းသည် ဤသည်က ပထမဆုံးအကြိမ်ပင်။ ကျန်းနျန်၏ နောက်ကျောမှ ချွေးအေးများ ထွက်လာသည်။ သူမ တူကို ပိုတင်းအောင် ဆုပ်ကိုင်လိုက်ပြီး တံတွေး မျိုချပြီးမှ "ဘာလဲ" ဟု ပြောလိုက်သည်။
လုယွီ ခေါင်းမော့လိုက်သည်။ သူ၏ မဲမှောင်သော အကြည့်သည် ထူးဆန်းသော အဓိပ္ပာယ်ကို ဆောင်နေသည်။ "ကျွန်တော်တို့က ဆွေမျိုးအရင်းအချာ မဟုတ်ကြဘူး"
"ကျွန်မ သိတယ်"
"ခင်ဗျားက အခုထိ အရမ်း ငယ်ပါသေးတယ်"
ကျန်းနျန်သည် သူ၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ပေ။ "ပြီးတော့ ဘာဖြစ်လဲ။"
လုယွီ၏ မျက်လုံးများသည် မြူခိုးများကဲ့သို့ နက်နဲမှောင်မဲနေသည်။ "ခင်ဗျား နောက်အိမ်ထောင်ပြုချင်ရင်၊ ကျွန်တော် တားမှာ မဟုတ်ဘူး"
ဟမ်??
ဘာကြောင့် စကားဝိုင်းက ရုတ်တရက် ဒီအကြောင်းအရာသို့ ပြောင်းသွားသည်ကို ကျန်းနျန် နားမလည်နိုင်ခဲ့ပေ။ သူတို့ ရှု့ယန် ကိစ္စကို ပြောနေကြရင်း သူမအကြောင်း ရုတ်တရက် ဘယ်လို ပါလာရတာလဲ။
ခြံဝင်းသည် တိတ်ဆိတ်နေပြီး လုယွီ၏ ပန်းကန်လုံးနှင့် တူတို့ ရိုက်ခတ်သံက ကြည်လင်နေခဲ့သည်။