အခန်း (၈၄)
Vol. 9 Ch. 84
ကျန်းနျန်သည် စိတ်လှုပ်ရှားမှု အမျိုးမျိုးဖြင့် ထိုအစားအစာကို စားခဲ့သည်။ သူမ စားသောက်ပြီးနောက် လုယွီက ထရပ်ကာ ပန်းကန်များကို မီးဖိုချောင်ထဲ ထည့်၊ အိုးခွက်ပန်းကန်များကို ဆေးကြောပြီး ကျန်းနျန် ရေချိုးရန် ရေနွေးတည်ပေးခဲ့သည်။
သူသည် မီးဖိုထဲသို့ ထင်းခြောက်များ ထပ်ထည့်ပြီးနောက် ခြံထဲတွင် ကြောင်တောင်တောင် ထိုင်နေသည့် ကျန်းနျန်ကို လှည့်ကြည့်လိုက်သည်။
အဘိုးအို ပါမောက္ခ၏ စကားများမှာ မရှင်းမလင်း ဖြစ်ခဲ့သော်လည်း သူ နားလည်ခဲ့သည်။
မည်မျှပင် ဉာဏ်ကောင်းသည့်လူဖြစ်ပါစေ၊ သူတစ်ပါး၏ စကားအနည်းငယ်ကို အခြေခံပြီး မုန့်မျိုးစုံကို ခန့်မှန်းနိုင်မည် မဟုတ်ပေ။ ဦးလေးရှု့၏ ကိစ္စများကို ဆောင်ရွက်ခဲ့သော ထိုနှစ်တွင် သူသည် မရီး ချက်ပြုတ်ထားသော ထမင်းကို အိမ်တွင် စားခဲ့ရပြီး ကျန်းနျန် ချက်ပြုတ်သည်များနှင့် လုံးဝ ကွာခြားခဲ့သည်။
ရှု့ယန်၏ မိသားစုနှင့် ကျန့်ဟုန်တို့၏ အတွေ့အကြုံများကို ထည့်သွင်းစဉ်းစားလျှင် အရင်က စကားနည်းသော၊ ကြောက်တတ်သော မရီးသည် ဤကိစ္စများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။
အရင် မရီးသည် မိုက်မဲစွာပင် မိဘဘိုးဘွားများကို ရိုသေသူ ဖြစ်သည်။ သူမသည် တစ်နှစ်ခွဲအတွင်း နှစ်ပေါင်းများစွာသော ချစ်ခင်မှုများကို လုံးဝ စွန့်လွှတ်ကာ နှလုံးသား အေးစက်ပြီး ဆင်ခြင်တုံတရားရှိရှိဖြင့် ကျန်းမိသားစုထံမှ အကြွေးများကို မည်သို့ တောင်းဆိုနိုင်မည်နည်း။
ကျန်းနျန် ပန်းထိုးဆိုင်၌ ရှိနေခဲ့သော နှစ်လအတွင်း သူ ကောမိန်အား သွယ်ဝိုက်သောနည်းဖြင့် စမ်းသပ်ခဲ့သည်။ ဆရာသမား၏ သင်ကြားမှုမရှိဘဲ ထိုမျှ ကောင်းမွန်သော ပန်းထိုးကျွမ်းကျင်မှု၊ ပန်းထိုးနည်းများနှင့် ပုံစံများအကြောင်း အသိပညာ ရှိနေရန် မဖြစ်နိုင်ပေ။
လက်ရှိ မရီးသည် အစပိုင်းတွင် မိမိကိုယ်ကို ကောင်းစွာ ဖုံးကွယ်ခဲ့သည်။
သို့သော် လူတစ်ယောက်၏ စစ်မှန်သော သဘောသဘာဝသည် တဖြည်းဖြည်း ပေါ်လွင်လာမည်ဖြစ်သည်။ လုယွီသည် သူမ မည်သူဖြစ်ကြောင်း မသိသော်လည်း သူမသည် ကျန်းနျန်သာဖြစ်သည်။
ကျန်းနျန် ခြံထဲတွင် ခဏကြာအောင် ထိုင်နေခဲ့သည်။ လုယွီ ရေလောင်းထည့်သံကို ကြားမှသာ သူမ အတွေးများထဲမှ နိုးထလာခဲ့သည်။
သူမ ထရပ်လိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်လာသော လုယွီကို စိတ်ပူစွာ ကြည့်လိုက်သည်။ သူ တစ်ခုခုကို သိနေသယောင် ခံစားရပြီး အထူးသဖြင့် သူမ၏ ဟန်ဆောင်မှုကို ဖောက်ထွင်းမြင်နိုင်သည့်အလား ထိုနက်မှောင်၊ ထက်မြက်သော မျက်လုံးများကို ကြည့်လိုက်မိသည်။
ကျန်းနျန်သည် နှုတ်ခမ်းကို ကိုက်ပြီး အိမ်ထဲသို့ အမြန် ပြန်ဝင်သွားခဲ့သည်။
"မရီး"
သူမ တံခါးဝသို့ ရောက်သည်နှင့် လုယွီက သူမကို ခေါ်လိုက်သည်။
ကျန်းနျန်သည် တံခါးဘောင်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး တောင့်တင်းစွာဖြင့် လုယွီကို လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ။"
လုယွီသည် ထင်းချောင်းအနည်းငယ်နှင့် လျှောက်လာခဲ့သည်။ သူသည် ကျန်းနျန်နှင့် အလွန် နီးကပ်နေပြီး ခေါင်းငုံ့ကာ သူမကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် အပြုံးတစ်စွန်းတစ်စ ပါရှိသည်။ "ဗိုက်ဝရဲ့လား။"
သူ ပြောလိုက်စဉ် သူတို့၏ နှာခေါင်းများကြားတွင် ပူနွေးသော လေငွေ့များ ရစ်ဝဲနေသည်။
ကျန်းနျန် တံခါးဘောင်ကို ပိုတင်းအောင် ဆုပ်ကိုင်လိုက်ပြီး လုယွီ၏ နက်မှောင်သော မျက်လုံးများကို ကြည့်လိုက်ရာ ခေါင်းခါလိုက်ပြီးမှ ခေါင်းညိတ်လိုက်သည်။ "ဝပါပြီ"
လုယွီသည် အိမ်ထဲသို့ ဝင်သွားပြီး မီးသွေးခွက်ထဲသို့ ထင်းအနည်းငယ် ထပ်ထည့်လိုက်သည်။ "မီးကို ဆက်ထားလိုက်ပါ။ ခင်ဗျား ရေချိုးတဲ့အခါ အေးမှာ မဟုတ်တော့ဘူး"
"ဟုတ်ပြီ"
လုယွီ မီးသွေးခွက်ကို နေရာချပြီး ပြောလိုက်သည်။ "ရှု့ယန် ကိစ္စတွေကို စိတ်မပူပါနဲ့။ လျိုချမ့်ရဲ့ ရာထူးမှာ အပြောင်းအလဲ ရှိခဲ့တယ်"
ကျန်းနျန် သက်ပြင်းချကာ စိတ်သက်သာရာရသွားပြီး လှည့်၍ မေးလိုက်သည်။ "ဘယ်လို အပြောင်းအလဲလဲ။"
"အထက်ကနေ အမိန့်စာ ကျလာခဲ့တယ်။ လျိုချမ့်က နောက်ကျရင် တပ်ဖွဲ့တွေကို အပြင်မှာ ပိုပြီး မကြာခဏ လေ့ကျင့်ပေးရတော့မယ်။ တစ်လကို တစ်ကြိမ်၊ ဒါမှမဟုတ် နှစ်လကို တစ်ကြိမ်လောက် ပြန်လာနိုင်တယ်။ သူနဲ့ ရှု့ယန်တို့ ခွဲနေကြတာ အကောင်းဆုံးပါပဲ"
လုယွီက ထပ်ပြောလိုက်သည်။ "မရီး အစ်မကောကို ရှု့ယန်အတွက် အလုပ်ရှာပေးဖို့ အကူအညီတောင်းဖို့ စဉ်းစားထားလား။"
တစ်ခါတစ်ရံ ကျန်းနျန်သည် လုယွီ သူမ၏ အတွေးများကို ဖတ်နိုင်သည်ဟု သံသယ ဝင်မိသည်။
လုယွီ ကျန်းနျန်ကို ကြည့်ပြီး ပြောလိုက်သည်။"ဒီနေရာမှာ ခင်ဗျားသိတဲ့ အရည်အချင်းရှိသူက အစ်မကောပဲ ရှိတယ်။ မရီး အစ်မကောကို ရှု့ယန်ကို ကူညီပေးဖို့ တောင်းဆိုလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ဒီကိစ္စကို သူမ မကူညီနိုင်ဘူး။"
"လျိုချမ့်ရဲ့ အမေက ဒီကနေ ဝေးလံပြီး အိမ်မှာလဲ မြေးတွေ အများကြီးကို ဂရုစိုက်ရမယ်။ ရှု့ယန်ရဲ့ အမေကလဲ စိတ်မချရဘူး။ ရှု့ယန်ကို မြို့ထဲမှာ အလုပ်ရှာပေးဖို့ စီစဉ်ရင်တောင် ကလေးနှစ်ယောက်ကို ဘယ်လိုလုပ်မလဲ။ ရှု့ယန်က ကလေးနှစ်ယောက်ကို စွန့်လွှတ်နိုင်မယ်လို့ မရီး ထင်လား။"
ကျန်းနျန် နှုတ်ခမ်းကို စေ့ပြီး ဘာမှ မပြောခဲ့ပေ။
သူမ ဒီကဏ္ဍတွေကို မစဉ်းစားခဲ့မိပေ။ သူမ ရှု့ယန်ကို ကူညီချင်ရုံသက်သက်သာ။
သူမ၏ မျက်လုံးများပေါ်တွင် အရိပ်ကျလာသည်။ ကျန်းနျန် မျက်တောင်ခတ်လိုက်ပြီး သူမဘေးနားရှိ လုယွီ၏ ခြေထောက်များကို ကြည့်လိုက်သည်။ ထိုအမျိုးသား၏ ခြေထောက်များကရှည်လျားပြီး သူမနှင့် အလွန် နီးကပ်နေသည်။
ကျန်းနျန် မျက်လုံးများ ဝေဝါးစွာဖြင့် မော့ကြည့်လိုက်ရာ လုယွီသည် သူမကို မှီမတတ် နီးကပ်နေသည်ကို တွေ့လိုက်ရသည်။
ကျန်းနျန် အလိုအလျောက် နှစ်လှမ်းနောက်ဆုတ်လိုက်သည်။ လုယွီ သူမ၏ လက်ကောက်ဝတ်ကို ဆွဲယူလိုက်ပြီး သူ့ရှေ့သို့ ဆွဲယူကာ ကျန်းနျန်၏ ချောမွေ့သော အရေပြားပေါ်တွင် လက်ချောင်းထိပ်များကို ပွတ်သပ်လိုက်သည်။
သူ ခပ်ရှရှ အသံဖြင့်ပြောလိုက်သည်။ "မရီးနောက်မှာ ခွေခြေခုံတစ်လုံး ရှိတယ်။ ဝင်မတိုက်မိစေနဲ့"
"အို့"
ကျန်းနျန် လက်ချောင်းများကို ကွေးလိုက်မိကာ သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ ကျဉ်တက်ခြင်းနှင့် ထူးဆန်းသော ခံစားချက်ကို လျစ်လျူရှုရန် ကြိုးစားရင်း လုယွီ၏ ဆုပ်ကိုင်မှုမှ ရုန်းထွက်ချင်နေသည်။
ထို့နောက် သူမ သူမေးသည်ကို ကြားလိုက်ရသည်။ "မရီး ရှု့ချန်ကို ချစ်ခဲ့လား?"
ကျန်းနျန် ရုတ်တရက် ခေါင်းမော့လိုက်ပြီး ချက်ချင်းပြန်ဖြေလိုက်သည်။ "အင်း"
သူမ အရမ်း မြန်မြန် ပြန်ဖြေလိုက်မိသည်ဟု ခံစားရသဖြင့် အသံကို နှေးလိုက်သည်။ "ဟုတ်ပါတယ်၊ ကျွန်မ သူ့ကို ချစ်ခဲ့တယ်။ သူက ကျွန်မရဲ့ ခင်ပွန်း၊ ကျွန်မရဲ့ အမျိုးသားပဲ။ ကျွန်မ သူ့ကို မချစ်ရင် ဘယ်သူ့ကို ချစ်ရမှာလဲ။"
"လုယွီ၊ စိတ်ချပါ။ ရှင် ခုနက ကျွန်မ နောက်အိမ်ထောင်ပြုတာကို သဘောတူတယ်လို့ ပြောခဲ့ရင်တောင် ကျွန်မ နောက်အိမ်ထောင်ပြုမှာ မဟုတ်ပါဘူး။ ကျွန်မ ရှင့်အစ်ကိုအပေါ် သစ္စာရှိမှာပါ။ ကျွန်မ တခြားတစ်ယောက်ယောက်ကို လက်ထပ်ဖို့ စဉ်းစားမှာကို စိတ်ပူစရာ မလိုပါဘူး"
လုယွီ ခေါင်းကို ပိုငုံ့လိုက်ရာ သူ၏ အသက်ရှူသံသည် ကျန်းနျန်၏ မျက်နှာပေါ်တွင် ပူနွေးစွာ ကျရောက်နေသည်။ "ကျွန်တော်က မရီးကို နောက်အိမ်ထောင်ပြုဖို့ စဉ်းစားစေချင်ရင်ကော။"
ကျန်းနျန် ခဏမျှ ကြောင်သွားပြီး ထိလုနီးပါး နီးကပ်နေသည့် လုယွီကို ကြည့်လိုက်သည်။ သူမ၏ နှလုံးသား ရုတ်တရက် ထိန်းမနိုင် ဖြစ်လာပြီး ကြောက်မက်ဖွယ်ကောင်းပြီး၊ ရယ်စရာကောင်းသော အတွေးတစ်ခု သူမ၏ စိတ်အတွင်းပိုင်းမှ ထွက်ပေါ်လာသည်။
လုယွီ သူမအပေါ် ပြုမူပုံက နည်းနည်း ထူးဆန်းနေသလိုပဲ..
ဒီအတွေးသည် မြက်ရိုင်းများကဲ့သို့ ထွက်ပေါ်လာပြီး ထိန်းမရဘဲ ပျံ့နှံ့သွားသည်။ သူမ မျက်တောင်ခတ်လိုက်ရာ သူမရှေ့မှ အရာအားလုံးသည် အနည်းငယ် ရယ်စရာကောင်းပြီး လက်တွေ့မကျသလို ခံစားလိုက်ရသည်။
သူသည် သူမ ကြောက်လန့်သွားမည်ကို စိုးရိမ်သောကြောင့် ကျန်းနျန်၏ လက်ကို ဆုပ်ကိုင်ထားမှုမှ လွှတ်ပြီး ပြောလိုက်သည်။ "အပြင်မှာ အေးတယ်။ မရီး အထဲပြန်ဝင်သင့်တယ်။ ကျွန်တော် ရေချိုးရေ သွားယူပေးမယ်"
ကျန်းနျန်သည် လက်ကို တွေဝေစွာ ရုပ်သိမ်းလိုက်ပြီး လှည့်၍ ကုတင်စွန်းတွင် ထိုင်ကာ လုယွီ သူမ၏ လက်ကို ကိုင်ထားခဲ့သည့်နေရာကို စိုက်ကြည့်နေမိသည်။
ထိုနေရာရှိ အရေပြားသည် မီးပူတိုက်ထားသည့်ပမာ ပူလောင်ပြီး ကျဉ်တက်နေသည်။
သူမ နှုတ်ခမ်းကို စေ့ပြီး အခန်းထဲကို ကြည့်လိုက်သည်။ လုယွီ ရေချိုးကန်ထဲသို့ ရေလောင်းထည့်နေပြီး ထိုသို့ ပြုလုပ်နေစဉ် သူ့ကျောမှာ ကွေးညွှတ်နေသည်။ သူ၏ အဖြူရောင်ရှပ်အင်္ကျီသည် သူ့ခါးနှင့် ကျောကို တင်းတင်းဆန့်နေပြီး ကြွက်သားများ၏ အသွင်အပြင်ကို ပေါ်လွင်စေနေ၏။
သူမ လုယွီနှင့် ပထမဆုံး တွေ့ဆုံချိန်ကို သတိရသွားသည်။ သူသည် မတ်တစ်ယောက်အနေဖြင့် ပြောဆိုပြုမူပုံမှာ သင့်လျော်သော ထိန်းချုပ်မှုကို ပြသခဲ့ပြီး၊ ဘယ်တော့မှ နယ်နိမိတ်ကို ကျော်လွန်ခဲ့ခြင်း မရှိပေ။
သို့သော် အခုတော့ မတူတော့ပုံရသည်။
ယခုအချိန်မှာ သူမ၏ စိတ်သည် အရင်ကထက် ပိုရှင်းလင်းနေသည်။ လုယွီ ဘယ်အချိန်ကစပြီး သူမအပေါ် မတူညီစွာ ပြုမူခဲ့တာလဲ။
သူမ အစိုးရပိုင် ပန်းထိုးဆိုင်သို့ ပြောင်းရွှေ့ပြီးကတည်းကလား။
လုယွီသာ ခုနက သူမကို နောက်အိမ်ထောင်ပြုဖို့ စဉ်းစားစေချင်တယ်လို့ မပြောခဲ့ရင် သူမ ဒီလိုမျိုး စဉ်းစားမိမှာ မဟုတ်ဘူး။
ရေလောင်းထည့်သံ တိတ်ဆိတ်သွားပြီးနောက် လုယွီ ထရပ်လိုက်ရာ ကျန်းနျန် မျက်တောင်ခတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ အမြန် ခေါင်းလှည့်လိုက်သည်။
ဒီအချိန်မှာတောင် သူမ အရင်ကထက် ပိုထိလွယ်ရှလွယ် ခံစားနေရသည်။ သူမ အပြင်ကို ကြည့်နေသော်လည်း လုယွီ သူမကို တစ်ချက်ကြည့်ပြီးမှ ထွက်သွားသည်ကို ခံစားလိုက်ရ၏။
တံခါးပိတ်သွားပြီးနောက် ကျန်းနျန် သက်ပြင်းချလိုက်သည်။ သူမ အမြန် ရေချိုးပြီး အိပ်ရာထဲ ဝင်ကာ ရှုပ်ထွေးသော အတွေးများကြားတွင် အိပ်ပျော်သွားခဲ့သည်။
နောက်မနက်မှာ လုယွီသည် မနက်စာကို အဆင်သင့် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ကျန်းနျန် အပြင်ထွက်လာသည့်အခါ လုယွီ မော့ကြည့်ပြီး "စားရအောင်" ဟု ခေါ်လိုက်သည်။
ကျန်းနျန် ခဏမျှ ရပ်ပြီး "ကောင်းပြီ" ဟု ပြန်ဖြေလိုက်သည်။
မနက်စာ စားပြီးနောက် စုန့်ပိုင်နှင့် ထန်ဇီတို့ ရောက်လာကြသည်။ သူတို့ ခြံထဲ ဝင်လာသည်နှင့် ခုံတန်းလျားတွင် ထိုင်နေသည့် ကျန်းနျန်အား တွေ့လိုက်ရသည်။
စုန့်ပိုင် ပြုံးပြီး "မရီး" ဟု ခေါ်လိုက်သည်။
ထန်ဇီက "ညီမလေး" ဟု ခေါ်လိုက်သည်။
စုန့်ပိုင်ကမူ မျက်မှောင်ကြုတ်ကာ ထန်ဇီ၏ ဝမ်းဗိုက်ကို တံတောင်ဆစ်ဖြင့် ထိုးလိုက်ရာ သူ နာကျင်စွာဖြင့် ကုန်းလိုက်သည်။ စုန့်ပိုင် အံကြိတ်ကာ ပြောလိုက်သည်။ "ဘယ်သူ့ကို အခွင့်ကောင်း ယူနေတာလဲ။"
ကျန်းနျန် - ....
ထိုတံတောင်ဆစ် ထိုးချက်က မပေါ့ပါးချေ။ သူမ ထန်ဇီအတွက် နာကျင်မှုကို ခံစားလိုက်ရသည်။
ထန်ဇီသည် နာကျင်စွာ မျက်မှောင်ကြုတ်ပြီး မတ်တပ်ရပ်ကာ စုန့်ပိုင်ကို ကန်လိုက်သော်လည်း ထိုသူက ဘေးသို့ ရှောင်လိုက်သည်။ ထန်ဇီ ကျိန်ဆဲလိုက်သည်။ "ငါ ဘယ်သူ့ကိုမှ အခွင့်ကောင်း ယူနေတာ မဟုတ်ဘူး။ ငါက မင်းတို့အားလုံးထက် အသက်ကြီးတယ်။ ငါ သူ့ကို ဘယ်လိုခေါ်ရမှာလဲ။ မင်းတို့လို မရီးလို့ ခေါ်ရမှာလား။"
စုန့်ပိုင် ခေါင်းညိတ်လိုက်သည်။ "မင်း သူ့ကို မရီးလို့ ခေါ်ရင် ငါ ဂရုမစိုက်ပါဘူး"
စုန့်ပိုင်နှင့် ထန်ဇီတို့သည် နှစ်ပေါင်းများစွာ ရဲဘော်ရဲဘက်များ ဖြစ်ခဲ့ကြပြီး သူတို့၏ ဆက်ဆံရေးမှာ ရန်ဖြစ်လိုက်၊ စနောက်လိုက် လုပ်ကြသည့် ဆက်ဆံရေးမျိုး ဖြစ်သည်။ သူတို့ မကြာခဏ ရန်ဖြစ်ကြပြီး တပ်ရင်းမှူးထန်က သူတို့ကို မြင်တိုင်း ဆူပူလေ့ရှိသော်လည်း ရန်ဖြစ်ပြီးတိုင်း သံမဏိညီအစ်ကိုများလို ဖြစ်သွားကြသည်ပင်။
"မရီး"
စုန့်ပိုင် လျှောက်သွားပြီး အိတ်ကပ်ထဲမှ သကြားလုံးအချို့ကို ဆွဲယူကာ စားပွဲပေါ် တင်လိုက်သည်။ "ဒီမှာ၊ စားလိုက်ဦး"
ကျန်းနျန် မျက်လုံးဝေဝါးစွာ မော့ကြည့်လိုက်ရာ ထန်ဇီက စုန့်ပိုင်အတွက် ရှင်းပြလိုက်သည်။ "သူ အခုလေးတင် ရှင်းတုန်နဲ့ ရှင်းဟုန်အတွက် ဝယ်လာတာ။ မြည်းကြည့်လိုက်"
"ကျေးဇူးပါ"
ကျန်းနျန် ခေါင်းငုံ့ပြီး သကြားလုံးတစ်လုံးကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ စုန့်ပိုင်သည် ကျန်းနျန်၏ ဖြူဖွေးသော လက်ချောင်းထိပ်များကို ကြည့်လိုက်ပြီး သူ့မရီး၏ လက်ချောင်းများက သကြားလုံးထုပ်ပိုးစက္ကူများလို ဖြူဖွေးပြီး အရမ်း လှပနေသည်ဟု ခံစားမိသည်။
လုယွီသည် ပန်းကန်များကို ဆေးကြောပြီးနောက် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ စားပွဲပေါ်ရှိ သကြားလုံးများစွာကို မြင်လိုက်ရသည့်အခါ သူ လျှောက်လာပြီး ပြောလိုက်သည်။"သကြားလုံးတွေ အများကြီးစားရင် သွားပိုးစားလိမ့်မယ်"
စုန့်ပိုင် - ....
ထန်ဇီ - ...
ကျန်းနျန်သည် စားပွဲပေါ်မှ ပျောက်ကွယ်သွားသော သကြားလုံးများကို ကြည့်လိုက်ပြီး သိပ်မစဉ်းစားတော့ပေ။ သူမလည်း လုယွီ ပြောတာ မှန်သည်ဟု ခံစားရသည်။ သကြားလုံး အများကြီးစားခြင်းက သွားပိုးစားစေသည်။ သူမ ထိုဒုက္ခကို အကြီးအကျယ် ခံစားခဲ့ရသည်။ ခေတ်သစ်တွင် သူမ သွားဆရာဝန်ဆီ သွားတိုင်း ကြောက်လန့်နေခဲ့ရသည်။
လုယွီ ခြံတံခါးမှတစ်ဆင့် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ကျန်းနျန် စိတ်ကို ပြန်ထိန်းရန် အချိန်အကြာကြီး ယူလိုက်ရသည်။
သူမ ပါးကို ရိုက်လိုက်ပြီး ထရပ်ကာ အခန်းထဲသို့ ပြန်ဝင်၍ ပန်းထိုးတော့သည်။ သေးငယ်သော ပန်းထိုးပုံစံ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ပြီးဆုံးသေးသည့်အချိန်တွင် အရောင်အနည်းငယ် မှားနေသည်ကို သတိထားမိလိုက်သည်။
သူမ ဗီရိုကို ဖွင့်၊ ပန်းထိုးအဝတ်ကြီးတစ်ထည်ကို ဆွဲထုတ်လိုက်ပြီး လက်ဖြင့် ထိကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
အစ်မကျိုက် ထုပ်ပိုးတာ မှားယွင်းခဲ့တာပဲ။
ကျန်းနျန် စစ်တပ်ဝင်းအပြင်ဘက်ရှိ စစ်စခန်း လုံခြုံရေးရုံးသို့ သွားပြီး အစိုးရပိုင် ပန်းထိုးဆိုင်သို့ ဖုန်းခေါ်လိုက်သည်။ ကျန်းရှောင်က ဖုန်းကို ကိုင်လာသည်။
သူမသည် ကျန်းနျန်၏ အသံကို ကြားသည့်အခါ ဝမ်းသာအားရ ပြုံးလိုက်သည်။ "အစ်မကျန်း၊ အစ်မ နောက်ဆုံးတော့ ကျွန်မတို့ကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"
ကျန်းနျန် ပြုံးပြီး ကျန်းရှောင်နှင့် စကား ခဏ ပြောပြီးမှပြောလိုက်သည်။ "အစ်မကျိုက်ကို ကျွန်မအတွက် ပန်းထိုးအဝတ် မှားထည့်ပေးလိုက်လားဆိုတာ မေးပေးပါဦး"
ကျန်းရှောင်သည် အထည်ကို မှန်ကန်စွာ ရရှိရန် အရေးကြီးသည်ကို နားလည်သည်။ ပန်းထိုးတစ်ခုစီအတွက် မတူညီသော အထည်များနှင့် အရောင်များ လိုအပ်သည်။ သူ အနီးရှိ အခန်းထဲမှ အစ်မကျိုက်ကို လှမ်းအ်ေလိုက်သည်။ "အစ်မကျိုက်၊ အစ်မကျန်းအတွက် ပန်းထိုးအထည် ရောထွေးပြီး ထုပ်ပေးလိုက်လား"
ကျိုက်ဖေးဖေး၏ အသံကမူ အခန်းထဲမှ ထွက်လာသည်။ "ငါ စစ်ကြည့်လိုက်ဦးမယ်"
သူမသည် ဗီရိုကို ဖွင့်၊ အထဲကို ကြည့်လိုက်ပြီးနောက် အော်လိုက်သည်။ "ဟုတ်တယ်၊ ငါ မှားထည့်ပေးလိုက်တာ"
ကျန်းရှောင်လဲ ကျန်းနျန်ကို အကြောင်းကြားလိုက်ရာ သူမ ပြန်ဖြေလိုက်သည်။"ကောင်းပြီ၊ ငါ သိပြီ။ မနက်ဖြန် မြို့ကို လာလဲလိုက်မယ်"
သူမ ကျန်းရှောင်နှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ဖုန်းချလိုက်သည်။
လုယွီ နေ့လယ်လောက် အိမ်ပြန်ရောက်သည့်အခါ ကျန်းနျန်ကမူ ထမင်းကို ပြင်ဆင်ထားပြီး ထိုင်ခုံတွင် ထိုင်နေသည်။ သူမ အစားအသောက် စားနေသော လုယွီအား ကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျွန်မ မနက်ဖြန် မြို့ကို သွားအုံးမယ်။ အစ်မကျိုက်က ကျွန်မအတွက် ပန်းထိုးအထည် မှားထည့်ပေးလိုက်လို့ လဲရမှာ။ အစ်မကောနဲ့ တခြားသူတွေကိုလဲ သွားတွေ့ဖို့ အခွင့်အရေး ရသွားတာပေါ့"
လုယွီက ပြန်ဖြေလိုက်သည်။ "မနက်ဖြန် မြို့ကို ဝယ်ယူရေး ခရီးစဉ် ရှိတယ်။ စစ်တပ်ရဲ့ ယာဉ်နဲ့ လိုက်သွားလို့ရတယ်"
ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ"
စစ်တပ်ရဲ့ ယာဉ်နဲ့ သွားတာ ပိုကောင်းလိမ့်မည်။ သူမ ဘတ်စ်ကားပေါ် တိုးဝှေ့ပြီး မသွားချင်ပေ။
ဝယ်ယူရေး ခရီးစဉ်သည် ပုံမှန်အားဖြင့် မနက် ၄ နာရီလောက် ထွက်ခွာလေ့ရှိသည်။ ထိုအချိန်၌ ကျန်းနျန် နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်နေသေးသည်။
လုယွီ သူမ၏ တံခါးကို ခေါက်လိုက်သည်။ "မရီး၊ ထဖို့ အချိန်တန်ပြီ"
ကျန်းနျန် ထရန် ကြိုးစားပြီး မှောင်နေသေးသည့် ပြတင်းပေါက်ကို ကြည့်ကာ အမြန် အဝတ်လဲပြီးနောက် မျက်နှာသစ်ရန် ထွက်လာခဲ့လိုက်သည်။
မျက်နှာသစ်ပြီးနောက် သူမ လုယွီနောက်သို့ လိုက်ကာ စစ်စခန်းသို့ သွားသည်။ ဝယ်ယူရေး ယာဉ်သည် အပြင်တွင် ရပ်ထားပြီး ရှေ့မီးများ တောက်ပစွာ ထွန်းထားသည်။
စစ်သားတစ်ဦးက ယာဉ်ပေါ်မှ ဆင်းပြီး ခေါ်လာခဲ့သည်။ "လက်ထောက်တပ်ရင်းမှူးလု၊ မရီး"
လုယွီ ခေါင်းညိတ်ပြီး ကျန်းနျန်အား ပြောလိုက်သည်။"ကားပေါ် တက်လိုက်"
ဝယ်ယူရေး ယာဉ်သည် မြင့်ပြီး ရှေ့ပိုင်းက ယာဉ်မောင်းခန်းဖြစ်ကာ နောက်ဘက်က ကုန်တင်ဧရိယာ ဖြစ်သည်။ ကျန်းနျန် တံခါးဘေးရှိ လက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး အားထုတ်မည့်ဆဲဆဲတွင် လက်တစ်စုံက သူမ၏ ခါးကို ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းဆိုသလို သူမကို ပွေ့ချီကာ ထိုင်ခုံပေါ်သို့ တင်ပေးလိုက်သည်။
ကျန်းနျန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားပြီး သူမသည် လက်ကို ရုပ်သိမ်းလိုက်သော လုယွီကို လှည့်ကြည့်လိုက်သည်။
လုယွီ ပြောလိုက်သည်။ "လမ်းမှာ ဆာရင် ပေါက်စီ စားလိုက်ဦး"
ကျန်းနျန် ခေါင်းငုံ့ပြီး အသံတိုးတိုးဖြင့် "ကောင်းပြီ" ဟု ပြန်ဖြေလိုက်သည်။
နောက်ထပ် စစ်သားတစ်ဦး ထရပ်ကား၏ အနောက်ဘက်သို့ ခုန်တက်ကာ ကားဘော်ဒီကို ပုတ်ပြီး ပြောလိုက်သည်။"သွားကြမယ်"
ယာဉ်မောင်း စစ်သားသည် ကျန်းနျန်ကို ကြည့်လိုက်၏။ သူသည် လုယွီ၏ မရီးသည် ကောလဟာလများအတိုင်းပင် ဖြူဖွေးပြီး လှပသည်ဟု တွေးလိုက်မိသည်။ "မရီး၊ မြို့ရောက်ဖို့ လေးနာရီ ကြာမှာ။ ပင်ပန်းရင် အိပ်နိုင်ပါတယ်။ ရောက်ရင် ကျွန်တော် နှိုးပေးပါ့မယ်"
ကျန်းနျန် ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးပါ"
ယာဉ်မောင်းကမူ ရှက်ရွံ့စွာ ပြုံးပြလာ၏။
ခရီးဆက်ခဲ့ပြီး ကျန်းနျန် အိပ်ပျော်နေခဲ့ရာ မနက် ၈ နာရီတွင် မြို့သို့ ရောက်ရှိခဲ့သည်။ လုယွီ၏ ညွှန်ကြားချက်အတိုင်း ယာဉ်မောင်းသည် ကျန်းနျန်ကို အစိုးရပိုင် ပန်းထိုးဆိုင် အဝင်ဝတွင် ချပေးပြီး ပြောလိုက်သည်။"မရီး၊ ညနေ ၄ နာရီမှ ကျွန်တော်တို့ လာကြိုပါ့မယ်"
ကျန်းနျန် လက်ဝှေ့ယမ်းပြလိုက်သည်။ "ဟုတ်ပြီ"
"အစ်မကျန်း"
ကျန်းရှောင်သည် အပြင်ဘက်မှ ကားသံကို ကြား၍ ပြတင်းပေါက်မှ ချောင်းကြည့်လိုက်ရာ ကျန်းနျန် ရောက်လာသည်ကို သိလိုက်ရသည်။ သူမသည် ဝမ်းသာအားရ ပြေးထွက်လာပြီး လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "ကျွန်မ အစ်မကို ၁၁ နာရီလောက်မှ လာမယ် ထင်နေတာ"
ကျန်းနျန် ပြုံးလိုက်မိသည်။ "မြို့ကို စစ်ကားတစ်စီး လာတာနဲ့ အခွင့်ကောင်းယူပြီး လိုက်လာခဲ့တာ"
သူတို့နှစ်ဦး စကားပြောရင်း အထဲသို့ လျှောက်သွားကြသည်။ လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့လည်း ထွက်လာကြသည်။ ခဏတာ စကားပြောပြီးနောက် ကျိုက်ဖေးဖေး ဗီရိုထဲမှ ပန်းထိုးအဝတ်တစ်ထည်ကို ထုတ်ယူကာ ပြောလာသည်။"ငါ့ရဲ့ ပေါ့ဆမှုကို ကြည့်ပါဦး၊ မှားပြီး ပေးလိုက်မိတာ"
လုရှောင်ချင်း စနောက်လိုက်သည်။ "အစ်မ အသက်ပ်ိုကြီးလာရင် အပ်တောင် မြင်နိုင်ပါအုံးမလား"
"ဖွီ"
ကျိုက်ဖေးဖေး ရယ်မောလိုက်ပြီး လုရှောင်ချင်းကို စနောက်ကာ ထိလိုက်သည်။ စကားခဏပြောပြီးနောက် ကျန်းနျန် ကောမိန်ကို မတွေ့ရသဖြင့်မေးလိုက်သည်။ "အစ်မကောရော"
ကျန်းရှောင် - "မနက်စောစောက ခေါင်းဆောင်တွေ ခေါ်သွားတယ်။ ဘယ်တော့ ပြန်လာမယ် မသိသေးဘူး"