← Chapters

အခန်း (၈၅)

Vol. 9 Ch. 85

အခန်း (၈၅)

Vol. 9 Ch. 85

အထဲ၌ ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့က ပန်းထိုးနေကြသည်။ ကျန်းနျန်နှင့် ကျန်းရှောင်တို့လည်း သူတို့နှင့် ပူးပေါင်းလိုက်သည်။ ကျန်းနျန်သည် လုရှောင်ချင်းကို သူမ၏ လက်ရာ ပိုကောင်းပြီး သဘာဝကျစေရန် ပန်းထိုးနည်း အချို့အား လမ်းညွှန်ပေးလိုက်သည်။

ထို့နောက် ကျိုက်ဖေးဖေးက မေးလာသည်။"ကျန်းနျန်၊ နင် ပန်းထိုးဆိုင်ကို နောက်ထပ် မလာတော့ဖို့ စီစဉ်ထားတာလား"

ဒီနှစ်လအတွင်း မြို့မှာ ဖြစ်ပျက်ခဲ့တာများကို စဉ်းစားပြီး ကျန်းနျန်သည် လုယွီ သူမကို စိတ်ပူနေတာကို သိ၏။ "အတိအကျတော့ မဟုတ်သေးဘူး"

သူမ လုယွီနှင့် ပတ်သက်ပြီး အပြောင်းအလဲတွေ ရှိလာမှာကို ကြောက်ရွံ့နေခဲ့မိသည်။

လုယွီ၏ အပြောင်းအရွေ့နှင့်ပတ်သက်၍ နဂါးလှေ ပွဲတော်၏ ပထမဆုံးနေ့မှာ တပ်ရင်းမှူးစုန့် ရာထူးပြောင်းသွားခဲ့သည်။ ဘာဖြစ်လို့လဲဆိုတော့ စာအုပ်ထဲက ဇာတ်လမ်းအရ တပ်ရင်းမှူးစုန့်က ထွက်ခွာမည့်နေ့မတိုင်မီ တစ်ရက်မှာ လုယွီနှင့် စကားတွေ အများကြီး ပြောခဲ့လို့ပင်။

နဂါးလှေ ပွဲတော်ရောက်ဖို့ နှစ်လလိုသေးသည်။ ဒီနှစ် ဖြစ်မလား၊ နောက်နှစ် ဖြစ်မလားတော့ မသေချာသော်လည်း ဒီနှစ်တော့ ဖြစ်မည် မဟုတ်ဟု သူမ ခံစားရသည်။ ဘာဖြစ်လို့လဲဆိုတော့ လုယွီသည် အခုမှ လက်ထောက်တပ်ရင်းမှူးအဖြစ် ရာထူးတိုးထားတာ ဖြစ်သည်။ နောက်ထပ် တက်ဖို့ဆိုရင် နောက်ထပ် နှစ်နှစ် သုံးနှစ် စောင့်ရဦးမည်ပင်။

ကောမိန်သည် ၁၁ နာရီတွင် ပြန်ရောက်လာခဲ့၏။ သူမသည် ကျန်းနျန်ကို မြင်သည်နှင့် ပွေ့ဖက်လိုက်သည်။ "နင်သိလား၊ နင်ထွက်သွားပြီးတော့ ပန်းထိုးဆိုင်က တော်တော်လေး တိတ်ဆိတ်သွားတယ်လို့ ငါတို့အားလုံး ခံစားခဲ့ရတာ"

ကျန်းရှောင် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ "ဟုတ်တယ်"

သူမ တိုးတိုးလေး ထပ်ပြောလိုက်သည်။ "အစ်မကို မဖက်ထားရတော့ ညဘက်တောင် အိပ်မပျော်ဘူး"

ကျန်းနျန် မရယ်ဘဲ မနေနိုင်တော့ပေ။ "ငါ ပြန်ရောက်တဲ့ညကလဲ နင့်ကို မဖက်ထားရလို့ အသားမကျဘူး"

သူတို့နှစ်ဦး ရယ်မောလိုက်ကြသည်။

ကောမိန် - "ကျန်းနျန်၊ ငါတို့ လမ်းလျှောက် ထွက်ရအောင်လား"

ကျန်းနျန်သည် ချက်ချင်း အစ်မကောက သူမနှင့် ဆွေးနွေးစရာ တစ်ခုခု ရှိသည်ကို သဘောပေါက်လိုက်သည်။ သူမသည် ကျန်းရှောင်နှင့် တခြားသူများအား စကားအနည်းငယ် ပြောပြီးနောက် ကောမိန်နှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။

လမ်းပေါ်တွင် လျှောက်နေစဉ် ကောမိန်က ပြောလာခဲ့သည်။ "ငါ ခေါင်းဆောင်တွေနဲ့ အခုလေးတင် စကားပြောခဲ့တယ်"

ကျန်းရှောင် ပြောပြထားသဖြင့် ကျန်းနျန် သိထားသည်။

သို့သော် ခေါင်းဆောင်များက ကောမိန်ကို ဘာတွေ ပြောခဲ့လဲဆိုတာ သူမ မသိသဖြင့် မေးလိုက်သည်။"ကျွန်မ နားထောင်လို့ ရလား"

ကောမိန် ပြုံးပြီး သူမ၏ လက်များကို အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်သည်။ "ငါ မရေမရာ ဖြစ်နေတယ်"

ကျန်းနျန် ဆက်မပြောဘဲ ကောမိန် ဆက်ပြောမည့် အထိ စောင့်နေခဲ့သည်။

ကောမိန် ရင်းနှီးသော လမ်းကို ကြည့်လိုက်သည်။ "ခေါင်းဆောင်က ငါ့ကို ယွမ်မြို့မှာ တိုးတက်လာဖို့ရာ သွားစေချင်နေတယ်။ ယွမ်မြို့က ငါတို့မြို့ထက် အများကြီး ပိုကြီးတယ်၊ အစိုးရပိုင် ပန်းထိုးဆိုင်ကလဲ အရမ်းကြီးတယ်။"

"ကွမ်းချန်နဲ့ ပူးပေါင်းရုံသာမက နိုင်ငံခြား ပန်းထိုးလုပ်ငန်း အစီအစဉ်တွေကိုပါ ရှာဖွေရမှာ။ အဲဒီကို ငါသွားရင် ပိုကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရနိုင်မယ်။ ဒီမှာ ဆက်နေရင်တော့ ပန်းထိုးဆိုင်လေးရဲ့ဒါရိုက်တာ အဖြစ်နဲ့ပဲ အမြဲ ရှိနေလိမ့်မယ်"

ကောမိန် ကျန်းနျန်ကို တစ်ချက်ကြည့်လိုက်သည်။ "ဒါပေမဲ့ ငါ့ရဲ့ အမြစ်(အိမ်)က ဒီမှာပဲ။ ငါ့ခင်ပွန်း၊ ငါ့သားနဲ့ ချွေးမတို့က ဒီမှာပဲ ရှိကြတယ်။ ငါသာ ထွက်သွားရင် တစ်နှစ်မှာ ငါ့ကလေးတွေကို အကြိမ်အနည်းငယ်ပဲ မြင်ရတော့မယ်။ တစ်နေ့လုံး အလုပ်ရှုပ်နေရပြီး မိသားစုကိုပေးဖို့ အချိန်ရှိမှာ မဟုတ်တော့ဘူး"

ကောမိန်နှင့် ပထမဆုံးအကြိမ် ဆက်ဆံခဲ့သည့်အချိန်မှစ၍ ကျန်းနျန်သည် ကောမိန်၏ မွေးရာပါ စိတ်ဓာတ် ခိုင်မာမှုနှင့် ရည်မှန်းချက်များကို ပြောပြနိုင်ခဲ့သည်။ ထိုညက အပြန်လမ်းတွင် ကောမိန် သူမ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအကြောင်း မေးမြန်းခဲ့ခြင်းက ကျန်းနျန်အား ပိုပြီး သေချာစေခဲ့သည်။

ကောမိန်သည် သူမ၏ စိတ်ထဲတွင် အဖြေရှိပြီးသား ဖြစ်နိုင်သော်လည်း သူမမိသားစုကို စွန့်ခွာရန် စိတ်မချနိုင်ဖြစ်နေသည်။

ကျန်းနျန် ပြောလိုက်သည်။ "လုပ်ချင်ရင် အဆုံးထိ လုပ်၊ အကောင်းဆုံး ဖြစ်အောင် လုပ်။ အနည်းဆုံးတော့ အသက်ကြီးလာတဲ့အခါ နောင်တရစရာ မရှိစေဖို့ပေါ့"

ကောမိန် ကျန်းနျန်ကို ကြည့်လိုက်သည်။ "နင်ကော ဘယ်လိုလဲ။"

ကျန်းနျန် သူမအား လှည့်ကြည့်လာသည်ကို မြင်လိုက်ရသည့်အခါ ကောမိန်က ဆက်ပြောလိုက်သည်။ "ငါ ယွင်မြို့ကို သွားမယ်ဆိုရင် နင် ငါနဲ့ လိုက်ခဲ့ချင်လား။"

ကျန်းနျန် ခဏမျှ ကြောင်သွားသည်။ သူမ ပြန်မဖြေမီ ကောမိန်က ရယ်လိုက်သည်။ "ငါ နင့်ကို စနေတာပါ။ ငါ အခုလောလောဆယ် မသွားသေးပါဘူး။ ဒါရိုက်တာအသစ် ရောက်လာတဲ့အထိ စောင့်အုံးမှာ။ ငါ ထွက်သွားဖို့ နောက်ထပ် ခြောက်လလောက် ကြာဦးမှာပါ"

ကျန်းနျန် ညင်သာစွာ ပြုံးလိုက်သည်။

ပန်းထိုးဆိုင်သို့ ပြန်ရောက်သည့်အခါ ကောမိန်ကမူ သူမ၏ ခင်ပွန်းနှင့် ဤကိစ္စကို ဆွေးနွေးရန် အိမ်ပြန်သွားခဲ့သည်။ ကျန်းနျန်သည် ဆိုင်တွင် နေပြီး ကျန်းရှောင်နှင့် စကားပြောနေခဲ့သည်။

ရုတ်တရက် သူမ အပြင်မှ "ရပ်၊ ရပ်" ဟု အော်ဟစ်သံကို ကြားလိုက်ရသည်။

စပ်စုစိတ်ဖြင့် ကျန်းနျန် ပြတင်းပေါက်သို့ လျှောက်သွား၍ ကြည့်လိုက်ရာ စုံတွဲတစ်တွဲ ကလေးနှင့်အတူ ပြေးနေသည်ကို တွေ့လိုက်ရပြီး ရဲအရာရှိ အများအပြားက လိုက်ဖမ်းနေကြသည်။ သူတို့ကို မကြာမီပင် ဖမ်းမိသွားကြသည်။

ထိုအမျိုးသားက ရဲများကို သူတို့ မိသားစုအား လွှတ်ပေးရန် တောင်းပန်နေသော်လည်း သူတို့ကို ရဲများက ဆက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ထိုအမျိုးသမီးသည် သူမ၏ ကလေးကို တင်းတင်းဖက်ထားရင်း ငိုယိုနေပြီး ရဲများက အော်လိုက်သည်။ "သောင်းကျန်းမနေနဲ့။ လူထုစည်းကမ်းကို ထိခိုက်တယ်"

ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "သူတို့ အခြေချနေထိုင်ခွင့် မရှိတဲ့သူတွေကို ထပ်ဖမ်းနေကြပြန်ပြီ။"

ကျန်းနျန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ ဒီမှာနေသည့် နှစ်လတာကာလအတွင်း ဒါမျိုး မကြုံဖူးသေးပေ။ သူမ ကျန်းရှောင်ကို မေးလိုက်သည်။ "ဒီရက်ပိုင်း မကြာခဏ ဖြစ်နေတာလား"

ကျန်းရှောင်က ခေါင်းညိတ်ပြလိုက်သည်။ "ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင် ခုနစ်ယောက်၊ ရှစ်ယောက်လောက် အဖမ်းခံလိုက်ရတယ်လေ။ အခု ရာသီဥတုက ပိုနွေးလာတော့ လူတော်တော်များများက ထောက်ခံစာမပါဘဲ ဆွေမျိုးလာရှာတာပဲဖြစ်ဖြစ်၊ အလုပ်ရှာဖို့ပဲဖြစ်ဖြစ် မြို့ထဲကို ခိုးဝင်လာကြတာ"

ကျန်းရှောင်က တတွတ်တွတ် ဆက်ပြောနေသော်လည်း ဤကာလသည် မငြိမ်မသက်ဖြစ်နေသော အချိန်ကာလတစ်ခုဖြစ်ကြောင်း ကျန်းနျန် သိရှိနေပြီးသားပင်။ ဆယ်စုနှစ်၏ တစ်ဝက်ခန့်သာ ကုန်ဆုံးသေး၏။

ယခင်က သူမ ခေတ်ဟောင်းနောက်ခံဝတ္ထုများကို ဖတ်ရှုခဲ့စဉ် စာရွက်ပေါ်ရှိ အေးစက်စက် စာလုံးများသာဖြစ်ပြီး ခံစားချက် သိပ်မရှိခဲ့ပေ။ ယခုမူ ဤမြင်ကွင်းများသည် သူမ၏မျက်စိရှေ့မှောက်တွင်ပင် တကယ်တမ်း ဖြစ်ပျက်လာသောအခါ ကျန်းနျန် မဖော်ပြတတ်သော စိတ်မသက်မသာဖြစ်မှုနှင့် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာရသည်။

သူမသည် စိတ်မကောင်းစွာဖြင့် တန်းလျားပေါ်တွင် ထိုင်နေမိ၏။ မွန်းတည့်ချိန်တွင် သူမနှင့် ကျန်းရှောင်တို့သည် နေ့လယ်စာစားရန် ချည်မျှင်စက်ရုံ ကန်တင်းသို့ သွားကြသည်။ ထိုနေရာသို့ မဝင်မီတွင်ပင် အတွင်း၌ လူအများအပြား အချေအတင် ငြင်းခုံနေကြသည့်အလား ဆူညံသံများကို ကြားလိုက်ရ၏။ အမျိုးသမီးအလုပ်သမားတစ်ဦးသည် ကန်တင်းထဲမှ အပြေးအလွှား ထွက်လာသဖြင့် လုရှောင်ချင်းက သူမကို လှမ်းဖမ်းပြီး မေးလိုက်သည်။"အထဲမှာ ဘာဖြစ်နေတာလဲ"

ထိုအလုပ်သမားမလေးမှာ အမောတကောဖြင့် ပြောခဲ့သည်။ "ရန်ပွဲဖြစ်နေတာ။ အလုပ်သမားတွေ ကန်တင်းကို ရိုက်ခွဲဖျက်ဆီးနေကြပြီ"

သူမသည် လုရှောင်ချင်း၏ လက်မှရုန်းထွက်သွားပြီးနောက် အမျိုးသား အလုပ်သမားအချို့က ကန်တင်းတံခါးကို ကန်ကျောက်ဖွင့်လိုက်ကြသည်။

အတွင်းဘက်မှ ဆူညံသံများက ပိုကျယ်လောင်လာခဲ့၏။ "မင်းတို့ ကန်တင်းကလူတွေက ငါတို့စားစရာတွေကို အမြဲခိုးနေတာ။ ငါတို့က ရိက္ခာကူပွန်တွေနဲ့ ဝယ်စားနေရတာကွ" "ညဘက်ဆိုရင် မင်းတို့ ထမင်းစားဆောင်အလုပ်သမားတွေက အိတ်ထဲကို စားစရာတွေနဲ့ ခေါက်ဆွဲတွေ ခိုးထည့်နေတာ ငါတို့မြင်တယ်" စသည့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ငါတို့အားလုံးက အလုပ်လုပ်ပြီး ပိုက်ဆံရှာနေတာ၊ ဘာလို့ ငါတို့က ပေးစားနေရပြီး မင်းတို့ကျတော့ အလကားစားနေရတာလဲ။ ငါတို့ တရားမျှတမှု လိုချင်တယ်။"

"ဖျက်ဆီးပစ်ကြ၊ ကန်တင်းကို ရိုက်ခွဲပစ်ကြ။"

အတွင်း၌ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားနေလေ၏။ ကျန်းနျန်သည် ပေါင်မုန့်လုံးဖြူဖြူများ သို့မဟုတ် ပြောင်းဖူးမှုန့်အိတ်များကို ကိုင်ဆောင်ကာ အလုအယက် ပြေးထွက်လာကြသူများကို မြင်တွေ့လိုက်ရသည်။ ဖန်များကွဲသံများနှင့် အမျိုးသမီးများ၏ အော်ဟစ်သံများလည်း ထွက်ပေါ်လာသည်။ ရုတ်တရက် သစ်သားတန်းလျား အနည်းငယ်သည် ကန်တင်းထဲမှ အပြင်သို့ လွင့်ထွက်လာပြီး ကျန်းနျန်နှင့် အခြားသူများကို သီသီလေး လွဲချော်သွား၏။

ကျိုက်ဖေးဖေးက အလျင်အမြန် တုံ့ပြန်လိုက်ပြီး ကျန်းနျန်နှင့် ကျန်းရှောင်တို့ကို အဝေးသို့ ဆွဲခေါ်သွားခဲ့သည်။ သူမ ပြောလိုက်သည်။ "သွားရအောင်၊ ပန်းထိုးဆိုင်ကို ပြန်ကြစို့။ ဒါက အခြေအနေ တော်တော်ဆိုးလာပြီ"

ကျန်းနျန်သည် သူမရှေ့မှောက်ရှိ ပရမ်းပတာအခြေအနေကြောင့် တစ်ဖန် ထပ်၍ထိတ်လန့်သွားရပြန်သည်။ ကျိုက်ဖေးဖေးက သူမကို ဆိုင်သို့ ပြန်ခေါ်သွားချိန်တွင် လုယွီ သူမအတွက် ယခင်က ချမှတ်ပေးခဲ့သော ဆုံးဖြတ်ချက်အပေါ် ကျန်းနျန် ရုတ်တရက် အထူးပင် ကျေးဇူးတင်မိသွား၏။ ဤခေတ်ကာလတွင် တစ်ကိုယ်တည်း နေထိုင်ရခြင်းသည် သူမအတွက် အလွန်ပင် ခက်ခဲလွန်းလှသည်ဟု ခံစားလိုက်ရသည်။

ယနေ့ဖြစ်ရပ်ကို ကြုံတွေ့ရပြီး ကန်တင်း ရိုက်ခွဲခံရသည်ကို မြင်လိုက်ရသောအခါ လူတိုင်းသည် ရူးသွပ်သွားသကဲ့သို့ ပြုမူနေကြပြီး သူတို့အတွင်း၌ စုပြုံနေသော မကျေနပ်ချက်အားလုံးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်နေကြသည့်အလား ဖြစ်နေကြ၏။ အစားအသောက်များ ခတ်ပေးနေစဉ်က ကန်တင်းမှ အဒေါ်ကြီး၏ တုန်ရင်နေသော လက်များကို ကျန်းနျန် သတိရမိပြီး ထိုစဉ်ကတည်းက တစ်စုံတစ်ယောက်က ပုန်ကန်လိမ့်မည်ဟု သူမ ခပ်ရေးရေး ခန့်မှန်းမိခဲ့သည်။

ပုန်ကန်မှုသည် ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ကျန်းနျန် တံခါးနားတွင် မှိုင်တွေစွာ ရပ်နေသည်ကို မြင်သဖြင့် ကျိုက်ဖေးဖေးက သူမ၏ အေးစက်နေသော လက်ကလေးကို ကိုင်ပြီး ပြောခဲ့သည်။ "ဒီကလေး ကြောက်သွားပြီထင်တယ်"

ကျန်းရှောင်ကမူ တုန်ရီသောအသံဖြင့် ပြောခဲ့သည်။ "အစ်မကျိုက်၊ သူတို့တွေ တကယ်ကြီး လုပ်နေကြပြီ"

ကျိုက်ဖေးဖေးက ပြန်ပြောလိုက်သည်။ "ဒီလိုမျိုးက ငါးနှစ်တစ်ကြိမ်လောက် ဖြစ်တတ်တာ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ပတ်ဝန်းကျင်က စက်ရုံတွေ အားလုံးမှာရှိတဲ့ ကန်တင်းတွေ ရိုက်ခွဲခံရပြီး လူသေဆုံးမှုတွေတောင် ရှိခဲ့ဖူးတယ်။ စက်ရုံတွေ တစ်လလောက် ပိတ်ထားခဲ့ရတာ။ အခု ငါးနှစ်အကြာမှာ နောက်တစ်ကြိမ် ထပ်ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

ကျိုက်ဖေးဖေးသည် အသက်အရွယ်ရသူဖြစ်သဖြင့် ထိုခေတ်ကာလကို ခြေလှမ်းတိုင်း ဖြတ်သန်းလာခဲ့သူဖြစ်ပါသည်။ လုရှောင်ချင်းက "အစ်မကျိုက်၊ တခြားစက်ရုံတွေမှာလဲ အခုလိုပဲ ဖြစ်နေတာလား" ဟု မေးရာ ကျိုက်ဖေးဖေးကမူ "ငါလည်း မသိဘူး" ဟု ခေါင်းယမ်းပြ၏။

သူမ အသေအချာ မပြောနိုင်သော်လည်း ခန့်မှန်းချက် မှန်ကန်ပါက ဤသည်မှာ ကြိုတင်စီစဉ်ထားသော စုပေါင်းပုန်ကန်မှုတစ်ခုသာ ဖြစ်လိမ့်မည်။ သူတို့သည် နေ့စဉ် ကန်တင်းတွင် စားသောက်ကြရသော်လည်း သူတို့၏ ရိက္ခာကူပွန်ဖြင့် ရရှိသော အစားအသောက် ပမာဏနှင့် အရည်အသွေးမှာ ကန်တင်း အလုပ်သမားများ ကိုယ်တိုင်စားသုံးနေသော အရာများနှင့် များစွာကွာခြားနေသည်။

ဆန်ပြုတ်ဖြစ်စေ၊ ဆန်ကွဲပြုတ်ဖြစ်စေ ဆန်စေ့တစ်စေ့မျှ မမြင်ရဘဲ ရေကျဲကျဲများသာ အမြဲဖြစ်နေခဲ့၏။ ကန်တင်းသည် လွန်ခဲ့သော ငါးနှစ်က တစ်ကြိမ် အပြင်းအထန် ဖျက်ဆီးခံခဲ့ရဖူးသော်လည်း ဤလူများသည် ပြီးခဲ့သော ငါးနှစ်အတွင်း သင်ခန်းစာ မယူခဲ့ကြပေ။

မွန်းတည့်ချိန်တွင် သူတို့တစ်စုသည် အဆောင်တွင် ရသမျှဖြင့်သာ ဖြစ်သလို ချက်ပြုတ်စားသောက်လိုက်ကြသည်။ မွန်းလွဲပိုင်းတွင် ချည်မျှင်စက်ရုံဘေးမှ ထပ်မံဖြတ်သန်းသွားသောအခါ အခြေအနေများ ပြန်လည်ငြိမ်သက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ လူအများစုမှာ ထွက်ခွာသွားကြပြီဖြစ်ပြီး ဒဏ်ရာရရှိသူ အနည်းငယ်သာ ကျန်ရစ်တော့သည်။

ပန်းထိုးဆိုင်သို့ ပြန်ရာလမ်းတွင် သူတို့သည် အခြားစက်ရုံများမှ အလုပ်သမားများနှင့် ဆုံတွေ့ခဲ့ရာ သူတို့၏ လုပ်ငန်းခွင်များတွင် ဖြစ်ပျက်ခဲ့သည်များအား ဆွေးနွေးနေကြသည်ကို ကြားခဲ့ရ၏။ ယခုတစ်ကြိမ်တွင် စက်ရုံအသီးသီးမှ အလုပ်သမားများက စုပေါင်းပုန်ကန်ကြပြီး စက်ရုံတိုင်းရှိ ကန်တင်းများကို ရိုက်ခွဲခဲ့ကြခြင်းဖြစ်ပုံရသည်။

ကျန်းရှောင် ပြောလိုက်သည်။ "အစ်မကျိုက်၊ စက်ရုံတွေသာ ပိတ်လိုက်ရင် ငါတို့ နောင်ကျရင် ဘယ်မှာ စားကြမလဲ"

ကျိုက်ဖေးဖေးက သူမ၏လက်ကို ပုတ်ကာ နှစ်သိမ့်ပေးခဲ့သည်။ "အဆောင်အောက်မှာ မီးဖိုတစ်ခု လုပ်လိုက်ရုံပေါ့။ ကိုယ့်ဘာသာကိုယ် ချက်စားကြမယ်လေ၊ ဒါက ကန်တင်းမှာ ပိုက်ဆံပေးစားတာထက် ပိုသက်သာသလို ပိုလည်းကောင်းတာပေါ့"

မွန်းလွဲပိုင်းတွင် ကောမိန် ရောက်လာခဲ့၏။ သူမသည်လည်း စက်ရုံအသီးသီးတွင် ဖြစ်ပျက်ခဲ့သည်များကို သိရှိလာခဲ့ပြီး ကျိုက်ဖေးဖေးနှင့် အခြားသူများကို ပြန်ပြောပြသည်။ လူအများအပြားသည် မိသားစုကို ထောက်ပံ့ရန် သူတို့၏ လစဉ်လုပ်ခလစာကိုသာ အားကိုးနေရသဖြင့် အချိန်အကြာကြီး မဖြစ်နိုင်သော်လည်း ဤဖြစ်ရပ်ကြောင့် စက်ရုံများ တစ်လခန့် စုပေါင်းပိတ်ထားရနိုင်ကြောင်း သူမက ပြောပြလာ၏။

သို့သော်ငြားလည်း ဤဖြစ်ရပ်သည် လွန်ခဲ့သော ငါးနှစ်က မငြိမ်မသက်မှုများကို ပြန်လည်အမှတ်ရစေလောက်အောင် အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။ ကောမိန်က ပြောလိုက်သည်။ "ငါ ဒီနေ့မွန်းလွဲပိုင်းမှာ အဆောင်အောက်မှာ မီးဖိုလုပ်ဖို့ လျှောက်လွှာသွားတင်လိုက်မယ်။ အခုလောလောဆယ်တော့ မင်းတို့ အဲဒီမှာပဲ စားလို့ရတာပေါ့”

မွန်းလွဲ လေးနာရီတွင် စစ်တပ်မှ ကားသည် နိုင်ငံပိုင်ပန်းထိုးဆိုင်၏ တံခါးဝသို့ ရောက်ရှိလာသည်။ ကျန်းနျန်သည် သူမ၏ အထုတ်အပိုးများကို ထုပ်ပိုးကာ အဖွဲ့သားအားလုံးကို နှုတ်ဆက်ပြီးနောက် စစ်စခန်းသို့ ပြန်ရန် ကားပေါ်သို့ တက်လိုက်၏။

သူမသည် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ရာ ယနေ့နံနက်က သက်ဝင်လှုပ်ရှားနေသော လမ်းမများသည် ယခုအခါ လူသူကင်းမဲ့ကာ ခြောက်ကပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ ချည်မျှင်စက်ရုံဘေးမှ ဖြတ်သွားစဉ် စက်ရုံတံခါးများမှာ ပိတ်ထားပြီဖြစ်ပြီး လုံခြုံရေးအစောင့်မှာ ခဏခဏ သက်ပြင်းချနေသည်ကို မြင်တွေ့ရ၏။

စစ်စခန်းသို့ ပြန်ရောက်သောအခါ ညနေစောင်းနေပြီပင်။ ကျန်းနျန် ကားပေါ်မှ ဆင်းလိုက်သောအခါ စစ်စခန်းအပြင်ဘက်တွင် ရပ်နေသော လုယွီကို တွေ့လိုက်ရသည်။ သူသည် စစ်စိမ်းရောင် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်၊ ခန့်ညားထည်ဝါသော ကိုယ်ဟန်ဖြင့် မတ်မတ်ရပ်နေ၏။

သူ့အပေါ်ရှိ အုတ်တိုင်ပေါ်မှ မီးသီး အလင်းရောင်သည် သူ့အပေါ်သို့ ကျရောက်နေပြီး သူ၏ ချောမောခန့်ညားပြီး တည်ကြည်သော မျက်နှာကို ပိုထင်ရှားစေသည်။ "ဘာလို့ ဒီကို ရောက်နေတာလဲ" ကျန်းနျန်သည် သူမ၏ အဝတ်အိတ်ကလေးကို ပွေ့ပိုက်ရင်း လမ်းလျှောက်သွားကာ မေးလိုက်၏။

လုယွီက သူမ၏ မကောင်းလှသော မျက်နှာအမူအရာကို ကြည့်ကာ "ကျွန်တော်လဲ ခုလေးတင်ပဲ ရောက်တာ" ဟု ပြောလာသည်။ သူတို့ ပြန်လျှောက်လာစဉ် ကျန်းနျန် ခေါင်းငုံ့ကာ တိတ်ဆိတ်နေမိ၏။ လုယွီ မြေပြင်ပေါ်ရှိ ရှည်လျားနေသော အရိပ်များကို ကြည့်ရင်း "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

ကျန်းနျန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ယနေ့ မြို့ထဲတွင် ဖြစ်ပျက်ခဲ့သမျှကို လုယွီအား အကုန်ပြောပြလိုက်၏။ ထိုအမျိုးသားသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်လှမ်းကာ ကျန်းနျန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ မျက်တောင်များက တုန်ယင်သွားပြီး သူမ၏ အကြည့်များသည် သူ၏လက်ဆီသို့သာ စိုက်ကြည့်နေမိ၏။

ခဏအကြာတွင် လုယွီက လက်ကို မလွှတ်မီ ခဏမျှ ပိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး "အကုန်ပြီးသွားပါပြီ။ အားလုံး အဆင်ပြေသွားမှာပါ" ဟု ပြောလာသည်။ "အင်း" ဟု သူမ ပြန်ဖြေလိုက်သော်လည်း လုယွီ ကိုင်ထားခဲ့သော လက်ကောက်ဝတ်နေရာလေးမှာ နွေးထွေးနေဆဲဖြစ်သည်ကို ခံစားနေရ၏။

သူတို့နှစ်ဦးသည် မိသားစုနေအိမ်သို့ ပြန်ရောက်လာကြသည်။ ကျန်းနျန် ပန်းထိုးမည့် အဝတ်စများကို ဗီရိုထဲတွင် ထည့်လိုက်ပြီးနောက် ညစာပြင်ဆင်ရန် မီးဖိုချောင်သို့ သွားလိုက်၏။ ကျန်းနျန် စဉ်းတီတုံးပေါ်တွင် ဟင်းသီးဟင်းရွက်များ လှီးဖြတ်နေစဉ် လုယွီကမူ မီးဖိုရှေ့တွင် ထိုင်ကာ မီးမွှေးပေးခဲ့သည်။

ညစာ အဆင်သင့်ဖြစ်သောအခါ သူတို့နှစ်ဦး စားသောက်ကြပြီး လုယွီက ပန်းကန်ဆေးရန် ထွက်သွားသည်။ ကျန်းနျန်သည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ယနေ့ဖြစ်ရပ်များကို စဉ်းစားနေမိ၏။ အံ့သြစရာကောင်းသည်မှာ သူမ ထပ်၍အိပ်မပျော်နိုင်ဖြစ်နေရခြင်းပင်။

မနေ့ညက လုယွီ ပြောခဲ့သော စကားများကြောင့် သူမ၏ စိတ်သည် မငြိမ်မသက် ဖြစ်နေခဲ့ရသည်။ သူမ ဘာပဲလုပ်လုပ် "မင်းကို နောက်အိမ်ထောင်ပြုဖို့ စိတ်ကူးရှိစေချင်တယ်ဆိုရင်ရော" ဆိုသည့် ထိုသူ၏ စကားလုံးများက သူမ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေ၏။

ဆယ်ရက်အကြာတွင် လျိုချမ့်၏ ပြောင်းရွှေ့မိန့် ကျလာသည်။ ကျန်းနျန်သည် ခြံထဲတွင် ပျိုးပင်များ စိုက်ပျိုးပြီးစီးသွားသဖြင့် လက်ဆေးရန် ရေတွင်းနားတွင် ဆောင့်ကြောင့်ထိုင်နေစဉ် အိတ်တစ်လုံး လွယ်ကာ ခြံစည်းရိုးတံခါးဝမှ ဖြတ်သွားသော လျိုချမ့်အား မြင်လိုက်ရ၏။

သူမက လက်ဆေးရန် ခေါင်းငုံ့လိုက်စဉ် ခြေသံများကို ထပ်မံ ကြားလိုက်ရပြန်သည်။ ခေါင်းလှည့်ကြည့်လိုက်ရာ လျိုချမ့်သည် အိတ်ကို လွယ်လျက်ပင် အထဲသို့ လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရ၏။ ကျန်းနျန် မတ်တပ်ရပ်လိုက်ပြီး လျိုချမ့်အား အေးစက်စွာ ကြည့်လိုက်သည်။

လျိုချမ့်သည် ရှု့ယန်အတွက် ခင်ပွန်းကောင်းတစ်ဦးအဖြစ်လည်းကောင်း၊ ဖခင်တစ်ဦးအဖြစ်လည်းကောင်း တာဝန်မကျေပွန်ခဲ့သောကြောင့် သူတို့၏သားဖြစ်သူ လျိုကျန့်ယဲ့ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသော၊ ထိခိုက်လွယ်သော၊ စိတ်အားငယ်တတ်သော ကောင်လေးတစ်ဦး ဖြစ်သွားစေခဲ့သဖြင့် ကျန်းနျန် သူ့ကို မနှစ်မြို့ခြင်းဖြစ်ပေသည်။

လျိုချမ့်ကမူ မျက်လွှာချကာ ပြောခဲ့သည်။ "ကျွန်တော် ထွက်သွားပြီးရင် ရှု့ယန်နဲ့ ကလေးတွေကို ကျွန်တော့်ကိုယ်စား စောင့်ရှောက်ပေးပါဦး"

ကျန်းနျန် ပြန်ပြောလိုက်၏။"ဒါက ပြောနေစရာ မလိုပါဘူး၊ ကျွန်မ လုပ်မှာပါ"

လျိုချမ့် မမျှော်လင့်ဘဲ ကျန်းနျန်ကို လှမ်းကြည့်လိုက်သည်။ သူတို့ အိမ်နီးချင်းဖြစ်လာသည်မှာ နှစ်ဝက်ခန့် ရှိပြီဖြစ်သော်လည်း ဤသည်မှာ သူတို့နှစ်ဦးတည်း သီးသန့်စကားပြောဖူးသည့် ပထမဆုံးအကြိမ်ပင် ဖြစ်၏။ ကျန်းနျန်သည် သူ့ကို မနှစ်သက်ကြောင်း သူ မြင်နိုင်သော်လည်း ကျန်းနျန် သူ့အပေါ် မည်သို့သော အမြင်ရှိသည်ကို သူ စဉ်းစားမနေတော့ပေ။ သူက ကျေးဇူးတင်ကြောင်း ပြောပြီးနောက် လှည့်ထွက်သွားခဲ့သည်။

All Chapters