အခန်း (၈၆)
Vol. 9 Ch. 86
ကျန်းနျန်သည် လက်များကို သန့်စင်ပြီးနောက် ဟင်းချက်ရန် မီးဖိုချောင်သို့ ဝင်သွားခဲ့သည်။ သူမ ဟင်းသီးဟင်းရွက်များ လှီးဖြတ်ပြီးသည်နှင့် နောက်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ လုယွီ ပြန်လာခြင်းဖြစ်ကြောင်း သူမ သိနေသည်။ သူမသည် နောက်သို့ လှည့်မကြည့်ဘဲ ဟင်းသီးဟင်းရွက်များကို ဇလုံထဲသို့ ထည့်ရင်း "ဟင်းက ခဏနေရင် အဆင်သင့်ဖြစ်တော့မှာ—" ဟု ပြောလိုက်သည်။
"မရီး ဘာဟင်းချက်နေတာလဲ" လုယွီ၏ အသံသည် သူမ၏ နားနားတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ကျန်းနျန် အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းသည် လုယွီ၏ ပါးအား မတော်တဆ ထိမိသွားခဲ့၏။
လုယွီက ရုတ်တရက် သူမအနားသို့ ချဉ်းကပ်လာကာ ခေါင်းငုံ့ပြီး စကားပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သောကြောင့် သူ၏ အရေပြားမှ နွေးထွေးမှုကို သူမ၏ နှုတ်ခမ်းသားတွင် ခံစားလိုက်ရသည်။ ကျန်းနျန် တစ်ယောက် ရုတ်တရက် အလွန်အမင်း ပျာယာခတ်သွားခဲ့သည်။
သူမသည် လုယွီ၏ မျက်လုံးများကို ကြည့်ရန် ကြောက်ရွံ့ကာ သူမ တမင်လုပ်သည်ဟု သူထင်မည်ကို စိုးရိမ်သောကြောင့် ခြေလှမ်းအနည်းငယ်ကို လျင်မြန်စွာ ရွေ့လျားလိုက်သည်။ "ကျွန်မ ရေသောက်ဖို့ ပြန်ဝင်တော့မယ်" ဟု ပြောပြီး လှည့်၍ အလျင်အမြန် ထွက်သွားလိုက်သည်။
လုယွီသည် ထွက်ပြေးသွားသော ကျန်းနျန်၏ ပုံရိပ်ကို ကြည့်နေပြီး သူမ လွန်ခဲ့သည့် မိနစ်ပိုင်းက နမ်းခဲ့မိသော နေရာကို လက်ဖြင့် တို့ထိလိုက်မိ၏။ တဖြည်းဖြည်းနှင့် သူ့မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
လှီးဖြတ်ရန်ကျန်နေသည့် စားပွဲပေါ်ရှိ ဟင်းသီးဟင်းရွက်များကို မြင်သောအခါ သူ နေ့လယ်စာ ပြင်ဆင်ရန် စတင်လုပ်ဆောင်လိုက်သည်။ စားပွဲပေါ်တွင် အစားအစာများ ချပြီးနောက် သူ ကျန်းနျန်၏ အခန်းသို့ သွားလိုက်၏။ "မရီး၊ ထမင်းစားချိန် ရောက်ပြီ”
ခဏအကြာထိ တုံ့ပြန်မှု မရှိပေ။ နောက်ဆုံးတွင် သူမ ပြောလာခဲ့သည်။ "ရှင့်ဘာသာ စားနှင့်ပါ။ ကျွန်မ ခဏ မှေးလိုက်ဦးမယ်"
သူမ ရှက်နေသည်ကို သိသောကြောင့် လုယွီ သူမကို ဆက်တွန်းအားမပေးတော့ချေ။ "ကောင်းပြီ”
ကျန်းနျန်သည် အခန်းထဲတွင် ပုန်းနေပြီး သူမ၏ ပါးများ နီရဲနေဆဲဟု ခံစားရသည်။ သူမသည် သူမ၏ မျက်နှာကို ပုတ်ပြီး အပြင်ဘက်မှ အသံများကို ဂရုတစိုက် နားထောင်ကြည့်လိုက်၏။ လုယွီ စားသောက်ပြီးနောက် စစ်တပ်သို့ သွားသောအခါမှ ကျန်းနျန် နောက်ဆုံးတွင် ထွက်လာရဲတော့သည်။ သူမ သူခိုးတစ်ယောက်ကဲ့သို့ ပတ်ဝန်းကျင်ကို ချောင်းမြောင်းနေမိသည်ဟု ခံစားလိုက်ရချေတော့၏။
သူမဟည် အစားအစာကို အလျင်အမြန် စားသုံးကာ ပန်းကန်များ ဆေးကြောပြီးနောက် ပန်းဆက်ထိုးရန် သူမ၏ အခန်းသို့ ပြန်သွားခဲ့သည်။ ပန်းထိုးလုပ်ငန်းငယ်လေးသည် လျင်မြန်စွာ တိုးတက်လာချေ၏။ သူမ လဝက်အတွင်း ပြီးဆုံးနိုင်လိမ့်မည်။ နေ့လယ်ပိုင်းတွင် ဖန့်မိန်ရောက်လာပြီး သူတို့ ခြံဝန်းထဲတွင် ထိုင်၍ ဖိနပ်တစ်ရံကို ချုပ်နေလိုက်ကြသည်။
ဖန့်မိန်က "တပ်ရင်းဗိုလ်ကြီးလျို ဒီနေ့ ထွက်သွားပြီ။ နင် သိလား" ဟု မေးလာ၏။
ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ "သိပါတယ်”
သူ မထွက်ခွာခင် သူမကို လာတွေ့သောအခါ သူမ အာရုံစိုက်ရန် အလွန် ပျင်းရိနေခဲ့သည်။
ဖန့်မိန် သူမ၏ ခုံကို ရှေ့သို့ ရွှေ့ကာ ကျန်းနျန်အား တိုးတိုးလေး ပြောခဲ့သည်။ "နင့်ကို တစ်ခု ပြောပြမယ်။ ဘယ်သူ့ကိုမှ မပြောနဲ့၊ နင်ပဲ သိထားနော်။”
ဖန့်မိန် ဤမျှ အလေးအနက်ထားခြင်းသည် ပထမဆုံးအကြိမ်ပင်။ သိချင်စိတ်ဖြင့် ကျန်းနျန် "ဘာလဲ" ဟု မေးလိုက်လေ၏။
ဖန့်မိန်က တိုးတိုးလေး ပြောပြသည်။ "လောင်စုန့်ဆီက ကြားတာ။ တပ်ရင်းဗိုလ်ကြီးလျိုကို အမည်မဖော်သူတစ်ဦးက လွှဲပြောင်းမိန့် စာတင်ခဲ့လို့ အပြင်ဘက်ကို စစ်ရေးလေ့ကျင့်ရေးအတွက် ပြောင်းရွှေ့ခံရတာတဲ့။ ပုံမှန်အားဖြင့် ဒီလို တောင်းဆိုမှုမျိုး လက်ခံမှာ မဟုတ်ပေမဲ့ နှစ်သစ်ကူးကာလတုန်းက တပ်ရင်းဗိုလ်ကြီးလျိုရဲ့ မိသားစု ပြဿနာတွေက ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့လို့ လျှောက်လွှာကို ချက်ချင်း ဆောင်ရွက်ခဲ့တာ။ လောင်စုန့် ထင်တာကတော့ ငါတို့ တပ်ရင်းက တစ်ယောက်ယောက် လုပ်တာလို့ ထင်ပေမဲ့ ဘယ်သူမှန်း မသိဘူးတဲ့လေ။ လူတိုင်းက တပ်ရင်းဗိုလ်ကြီးလုက တပ်ရင်းဗိုလ်ကြီးလျိုကို အငြိုးထားပြီး နောက်ကွယ်ကနေ တမင် ဖျက်ဆီးတာလားလို့ ထင်ကြေးပေးနေကြတာ။ ဘာလို့လဲဆိုတော့ တပ်ရင်းဗိုလ်ကြီးလုက နှစ်ပေါင်းများစွာ အပြင်မှာ လေ့ကျင့်နေခဲ့တာ၊ ပြီးခဲ့တဲ့နှစ်မှ ပြန်လာဖို့ တောင်းဆိုတဲ့ အစီရင်ခံစာ တင်ခဲ့တာကိုး”
ကျန်းနျန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဖန့်မိန်က သူမကို သတိပေးလိုက်သည်။ "ဒီအကြောင်းကို အပြင်မှာ မပြောရဘူးနော်။ တပ်ရင်းဗိုလ်ကြီးလုကို အကျပ်အတည်းထဲ ရောက်သွားစေနိုင်တယ်”
ကျန်းနျန် ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။ သူမ ပြောမည် မဟုတ်သော်လည်း ဖန့်မိန် တစ်နေ့နေ့မှာ မတော်တဆ ပြောမိမှာကို စိုးရိမ်မိ၏။
ဖန့်မိန်ကမူ ညနေပိုင်းလောက်တွင် ထွက်သွားပြီး ကျန်းနျန်သည် သူမ၏ ပန်းထိုးခြင်းကို ခနချကာ မီးဖိုချောင်တွင် ညစာ ပြင်ဆင်လိုက်သည်။
လုယွီ ညနေပိုင်း ပြန်ရောက်သောအခါ ထမင်းချက်ရန် မီးဖို၌ ခေါင်းငုံ့ ထိုင်နေသော ကျန်းနျန်ကို လှမ်းကြည့်လိုက်သည်။ သူ အရင်ဆုံး အနောက်ဘက် နံရံနားရှိ ဥယျာဉ်ထဲမှ ဟင်းသီးဟင်းရွက်များ ရေလောင်းရန် ရေခပ်ကာ ရေလောင်းပြီးမှ မီးဖိုချောင်ထဲ ဝင်လာလိုက်၏။ ကျန်းနျန်က ခေါင်းငုံ့ထားပြီး ထင်းတုံးနှစ်ချောင်းကို မီးဖိုထဲ ပစ်ထည့်လိုက်သည်။ လိမ္မော်ရောင် မီးတောက်များက သူမ၏ မျက်နှာပေါ် ရောင်ပြန်ဟပ်နေသည်။ ထိုမျက်နှာသည် မီး၏ အပူကြောင့်လား၊ နေ့လယ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့်လားမသိ နီမြန်းနေဆဲပင် – သူမ ယခုထိ အပြည့်အဝ မသက်သာသေးပေ။
လုယွီက တိတ်ဆိတ်မှုကို ဦးစွာ ချိုးဖျက်လိုက်သည်။ "ကျွန်တော်တို့ တပ်ရင်းက နောက်လကျရင် တစ်ပတ်ကြာ စစ်ရေးလေ့ကျင့်ရေး သွားဖို့ရှိတယ်။ အဲဒီတစ်ပတ်အတွင်း ပြန်လာမှာ မဟုတ်ဘူး။ မသွားခင် သီးသန့် မြေကွက်ကို ထပ် ရွှေ့ထားလိုက်မယ်၊ ပြီးရင် ကျွန်တော်ပြန်လာတာနဲ့ ဟင်းသီးဟင်းရွက် စိုက်လို့ရပြီ”
ကျန်းနျန်ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
သူမ ထရပ်ပြီး ပြတင်းပေါက်တွင် လက်ဆေးရန် သွားကာ လုယွီကို မကြည့်မိအောင် ရှောင်လိုက်၏။ "ရှင် အပြင်မှာ ထွက်စောင့်နေအုံး။ ညစာက မကြာခင် ရတော့မယ်။”
ကျန်းနျန်က သူမ၏ ခေါင်းကို လည်ပင်းနီးပါးအထိ ငုံ့ထားသည်အား မြင်သောအခါ လုယွီ တိတ်တဆိတ် ပြုံးလိုက်မိသည်။ "ကောင်းပါပြီ”
လုယွီ ထွက်သွားပြီးနောက် ကျန်းနျန် စိတ်သက်သာရာ ရသွားသည်။ ထိုညတွင် သူမ ဆန်ပြားခေါက်ဆွဲ လုပ်သည်။ မုန့်သားကို အစွန်းနှစ်ဖက်လုံးမှ လိမ်ပြီးမှသာ အိုးထဲ ပစ်ထည့်သည်။ အစားအစာ အဆင်သင့် ဖြစ်သောအခါ သူမ ခြံဝန်းထဲသို့ သယ်လာ၏။ စုန့်ပိုင်က သူ့နှာခေါင်းနောက် လိုက်လာပုံရပြီး လုယွီ၏ ပန်းကန်ထဲရှိ ခေါက်ဆွဲနှင့် ဟင်းသီးဟင်းရွက်များကို ကြည့်ကာ "ဝိုး!" ဟု အာမေဋိတ် ပြုခဲ့သည်။
"မရီး၊ ကျွန်တော် ညစာစားဖို့ ထပ်လာတာပါ"
လုယွီကမူ မျက်ခုံးပင့်သွားခဲ့သည်။
ထို့နောက် လုယွီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "မင်းမရီး အိမ်မှာ စားစရာ မရှိဘူးလား။”
စုန့်ပိုင်က အသား နှစ်ပေါင် သယ်လာပြီး လုယွီကို လှမ်းကြည့်လိုက်သည်။ "ရှိပါတယ်၊ ဒါပေမဲ့ မင်းမရီး ချက်ထားတာလောက် မကောင်းဘူး”
သူသည် တမင် တိုးတိုးလေး ပြောခဲ့ကာ ဖန့်မိန် ကြားသွားပြီး သူ့ကို ဆူပူမှာကို ကြောက်၏။
စုန့်ပိုင်က အသားကို စားပွဲပေါ် တင်ပြီး ခေါက်ဆွဲ တစ်ဝက်ကျော် ကျန်နေသေးသည့် ပန်းကန်အား လှမ်းကြည့်သည်။ စကား ထပ်မပြောဘဲ သူက ခေါက်ဆွဲ စတင် ခပ်ယူလိုက်၏။ လုယွီသည် အပြင်ဘက်မှ ဝင်လာပြီး သူ့တူ၏ အခြားတစ်ဖက်ဖြင့် စုန့်ပိုင်၏ တူကို ထိလိုက်သည်။ "တော်တော့၊ ငါ့ မရီးကို အငတ်မထားနဲ့”
စုန့်ပိုင် - …
သူ လုယွီကို အပေါ်အောက် လှမ်းကြည့်ပြီး လျှာကို လစ်ကနဲ လုပ်လိုက်သည်။ "အမြဲတမ်း ငါ့မရီး ဒီလို၊ ဟိုလိုနဲ့။ ဘာပဲဖြစ်ဖြစ် သူက ငါ့ မရီးဆိုလဲ ဟုတ်တယ်။ ငါ မမေ့ပါဘူး။ မရီး ချက်တာ အရမ်း စားကောင်းလွန်းလို့ တခြား ဘာကိုမှ အရသာ မရှိတော့ဘူးထင်ပြီး ဆန္ဒဖြည့်ဖို့ ဒီကို နည်းနည်း လာစားတာပါ”
ထိုသူက သူ့မေးစေ့ကို တွန့်လိုက်ပြီး ပြောလိုက်သည်။ "ငါ အလကား စားတာ မဟုတ်ဘူး၊ အသားကို အထူး ဝယ်လာတာ"
သူ ထပ်ပြောလိုက်သည်။ "မရီး မမြင်အောင်လုပ်၊ မဟုတ်ရင် သူ့ဆီကနေ နောက်ထပ် ဆူပူတာ ခံရဦးမယ်”
လုယွီ - ...
ကျန်းနျန်ကမူ ခြံဝန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်၍ သူမ၏ အစားအစာကို စားနေသည်။ လုယွီနှင့် စုန့်ပိုင် မီးဖိုချောင်တွင် ဘာတွေ ပြောနေကြသည်ကို သူမ မသိပေ။ ခေါက်ဆွဲ တစ်ပန်းကန်နီးပါး ကုန်သွားပြီးနောက် သူမ သက်ပြင်းချကာ ထရပ်ပြီး ပန်းကန်ကို မီးဖိုချောင်ထဲ ယူသွားခဲ့သည်။ ထိုအခါ စုန့်ပိုင်က မီးဖိုဘေးတွင် ထိုင်၍ ခေါက်ဆွဲကို စားနေသည်ကို မြင်ရပြီး လုယွီသည် ပြတင်းပေါက်နားတွင် ရပ်နေ၏။
"မရီး၊ မရီး လုပ်တဲ့ ခေါက်ဆွဲက တကယ် အရသာ ရှိတယ်”
စုန့်ပိုင်က ခေါင်းမော့၍ ချီးကျူးကာ ဆက်စားရန် ခေါင်းငုံ့ခဲ့သည်။
ကျန်းနျန် ဖြူဖျော့စွာ ပြုံးလိုက်မိသည်။ သူမ ပန်းကန်ကို ချလိုက်စဉ် လုယွီက သူမအနား လျှောက်လာ၏။ သူ့လက်မောင်းက သူမ၏ ပခုံးပေါ် တင်ထားပြီး သူမနှင့် ပခုံးချင်းယှဉ် မတ်တပ်ရပ်နေသည်။ သူ၏ နက်ရှိုင်းသောအသံတွင် နွေးထွေးမှု အရိပ်အယောင် ပါနေပြီး သူမ၏ နားနား ကပ်ပြောသည်။ "ထပ်စားအုံး”
ကျန်းနျန်၏ မျက်နှာမှာ အကြောင်းမဲ့ နီရဲသွားသည်။ သူမ အလျင်အမြန် ခေါင်းခါပြလိုက်သည်။ "ကျွန်မ ဗိုက်ပြည့်နေပြီ”
ကျန်းနျန် တကယ် မစားနိုင်တော့သည်ကို မြင်သောအခါ လုယွီက ဘာမှ ထပ်မပြောတော့ချေ။ စုန့်ပိုင်မှာမူ ခေါင်းမော့ကြည့်ပြီး အံ့သြနေ၏။ "မရီး၊ ဘာလို့ ဒီလောက် နည်းနည်းလေး စားတာလဲ။ ကျွန်တော့် မရီးဆို ဒါမျိုး နှစ်ပန်းကန် စားနိုင်တယ်”
သူကိုယ်တိုင်လည်း အများကြီး စားနိုင်သည်။ တပ်ဖွဲ့ရှိ လူတိုင်းနီးပါး အစား လောဘကြီးကြ၏။ နေ့တိုင်း ပြင်းထန်သော လေ့ကျင့်မှုများရှိသဖြင့် ဗိုက်မပြည့်လျှင် ဆာလောင်မှုကြောင့် မေ့လဲသွားနိုင်သည်။
ကျန်းနျန် - ...
သူမ ကြက်တစ်ကောင်ထက် ပိုစားသည်ဟု ထင်၍ သူမ လှည့်ပြီး မီးဖိုချောင်မှ ထွက်သွားကာ ပြောလိုက်သည်။ "ကျွန်မ အခန်းထဲ အရင် ပြန်တော့မယ်။ ရှင်တို့ နှစ်ယောက် ဆက်စားကြပါ"
စုန့်ပိုင် စဉ်းတီတုန်းပေါ်ရှိ ပန်းကန်လေးကို ကြည့်လိုက်ပြီး သူ့၏ ပန်းကန်ကြီးကို ပြန်ကြည့်ခဲ့သည်။
ဝိုး၊ ကြက်တစ်ကောင်တောင်မှ အစာအိမ်ပိုကြီးသေးတယ်။
လုယွီနှင့် အခြားသူများသည် နောက်လတွင် စစ်ရေးလေ့ကျင့်ရေး ခရီးစဉ် သွားကြမည် ဖြစ်ရာ လကုန်ရန် ဆယ်ရက်သာ လိုတော့သည်။
လုယွီသည် ဤရက်များအတွင်း သူတို့၏ သီးသန့် မြေကွက်ကို ထွန်ယက်နေသည်။ ကျန်းနျန်က နေ့လယ်ပိုင်းတွင် နေ့လယ်စာ သွားပို့ပေးသည်။ ရာသီဥတု ပူနွေးလာသောကြောင့် သူမ အတွင်းတွင် အဝတ်ပါးပါးနှင့် အပြင်တွင် ဂျာကင်အင်္ကျီ ပါးပါး ဝတ်ထား၏။ အလူမီနီယမ် ထမင်းဘူးကို ကိုင်၍ သူမ လွတ်နေသော လယ်ကွင်းထဲ လျှောက်ဝင်သွားရာ လုယွီ တစ်ယောက်တည်းသာ ရှိသည်။
အမျိုးသားသည် အဖြူရောင် အလုပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပေါက်ပြားကို ပေါ့ပေါ့တန်တန် လွှဲနေသည်။ ကျန်းနျန်၏ အကြည့်သည် လုယွီ၏ အချိုးကျသော ကြွက်သားများပေါ်သို့ ကျရောက်သွားပြီး ထိုနေ့က မတော်တဆ မြင်ခဲ့ရသည့် ဝမ်းဗိုက်ကြွက်သားများကို သတိရလိုက်သည်။ ရုတ်တရက် လုယွီနှင့် အတူ ရှိနေစဉ် သူမ ခံစားရသည့် စိတ်မသက်မသာနှင့် အဆင်မပြေမှုများကို သတိရလိုက်သည်။
သူမ လှမ်းခေါ်လိုက်သည်။"ထမင်းစားချိန် ရောက်ပြီ"
လုယွီသည် သစ်ပင်အောက်တွင် ရပ်နေသော ကျန်းနျန်ကို လှည့်ကြည့်ခဲ့သည်။ နေရာက အတူတူပင်ဖြစ်သော်လည်း သူ့ရှေ့မှ လူက မနှစ်က သူကိုယ်တိုင်နှင့် လုံးဝ ကွာခြားသည်။ သူ ပေါက်ပြားကို ချလိုက်သည်။ "လာပြီ”
ကျန်းနျန်သည် ရေနွေးဘူး အဖုံးကို ဖွင့်ပြီး လုယွီ လက်ဆေး၊ မျက်နှာသစ်ရန် ရေငှဲ့ပေးသည်။ မျက်နှာသစ်ပြီးနောက် လုယွီသည် အကျင့်အတိုင်း သူ့မျက်နှာပေါ်မှ ရေများကို သုတ်ရန် ဝတ်စုံ၏ ဘေးနှစ်ဖက်ကို မလိုက်ရာ သူ့၏ ကြံ့ခိုင်သော ဝမ်းဗိုက်ကြွက်သားများက ကျန်းနျန်ရှေ့တွင် ပေါ်လာခဲ့သည်။
အသင့်မဖြစ်သေးသော ကျန်းနျန်တစ်ခဏတာ ကြောင်သွားသည်။ လုယွီ ဘာပြောလိုက်သည်ကိုပင် သူမ မကြားလိုက်ရပေ။
“မရီး”
“ကျန်းနျန်”
ကျန်းနျန်ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။ "အာ”
လုယွီ သူ့မျက်လုံးများကို မျက်လွှာချလိုက်သည်။ ရယ်သံများက သူ့မျက်လုံးများတွင် ပြည့်နေ၏။ "နေ့လယ်စာ ဘာချက်လာတာလဲ”
ကျန်းနျန် နောက်ဆုံးတွင် တုံ့ပြန်လိုက်နိုင်သည်။ သူမ၏ မျက်နှာသည် နဖူးမှ လည်ပင်းအထိ နီရဲသွား၏။ သူမ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး တွင်းတူး၍ ပုန်းချင်စိတ် ဖြစ်မိသည်။ သူမ အလူမီနီယမ် ထမင်းဘူးကို ဖွင့်ရန် မြန်မြန် ဆောင့်ကြောင့် ထိုင်လိုက်သော်လည်း အကြာကြီး လှည့်မရဘဲ ချွေးများထွက်လာ၏။
လုယွီ သူမ၏ လက်ကောက်ဝတ်ကို ကိုင်ပြီး အားစိုက်ထုတ်စရာမလိုဘဲ လှည့်ဖွင့်လိုက်သည်။ သူ၏ လက်ချောင်းထိပ်များက သူမ၏ လက်ကောက်ဝတ်ရှိ အရိုးလေးများပေါ်ကို ပေါ့ပေါ့ပါးပါး ထိသွားပြီး အမှတ်အသား မကျန်ခဲ့ပေ။ "ကျွန်တော့်ကို လုပ်ခိုင်းပါ”
ကျန်းနျန်သည် ယခုအခါ အလွန် အထိမခံ ဖြစ်နေသည်။ သူမ လက်ကို လုယွီ၏ လက်ဖဝါးမှ ချက်ချင်း ဆွဲထုတ်လိုက်ကာ သူမ အနည်းငယ် ချောင်းဆိုးလိုက်၏။ "ရှင် အရင် စားပါ။ ကျွန်မ နောက်မှ ထမင်းဘူး လာယူမယ်”
ထိုသို့ ပြောပြီးနောက် သူမ နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားခဲ့သည်။
သူမနောက်ကို ခွေးတစ်ကောင် လိုက်နေသကဲ့သို့ ပုံစံမျိုး ပင်။
ကျန်းနျန် အိမ်သို့ တစ်လမ်းလုံး ပြေးသွားပြီး တံခါးဝသို့ ရောက်သောအခါ အပြင်တွင် စကားပြောနေသော ဖန့်မိန်ကို တွေ့လိုက်ရသည်။ ဖန့်မိန်က ကျန်းနျန်၏ မျက်နှာကို ကြည့်ကာမေးလာသည်။ "ဘာလို့ နင့်မျက်နှာက နီရဲနေတာလဲ။ အဖျားတက်နေတာလား"
ကျန်းနျန် ခေါင်းခါပြလိုက်၏။ "ပြေးလာလို့ အရမ်း ပူသွားတာ”
သူမ နောက်လှည့်မကြည့်ဘဲ အိမ်ထဲသို့ အလျင်အမြန် ဝင်သွားပြီး ပါးပြင်များ အေးသည်အထိ ရေတွင်းရေဖြင့် မျက်နှာ သစ်လိုက်သည်။
ကျန်းနျန် ထမင်းစားပြီးနောက် တပ်ရင်းမှူးစုန့် စခန်းသို့ သွားသည်အထိ စောင့်လိုက်သည်။ လုယွီလည်း ထွက်သွားပြီဟု သူမ ထင်သည်။ ထို့ကြောင့် သူမ ထမင်းဘူးကို ပြန်ယူရန် သူမ၏ သီးသန့် မြေကွက်သို့ ပြေးသွားလိုက်၏။ ထမင်းဘူးကို ဆေးကြောပြီးနောက် ပန်းထိုးခြင်း ဆက်လုပ်ရန် အိမ်သို့ ပြန်လာသည်။
လုယွီ ညနေပိုင်း ပြန်ရောက်ပြီး ရေတွင်းနားတွင် လက်ဆေးသောအခါ သူမရှေ့တွင် ချထားသော အစားအစာနှင့် ထိုင်နေသော ကျန်းနျန်ကို ကြည့်ပြီးပြောလိုက်သည်။ "မြေကွက်က လုံးဝနီးပါး မြေထွန်ပြီးပြီ။ နောက်ထပ် နှစ်ရက်လောက်ဆို စိုက်လို့ ရပြီ"
ကျန်းနျန်သူမ၏ ခေါင်းကို ပန်းကန်ထဲ နစ်မြုပ်လုနီးပါး ငုံ့ထားပြီး ပျောက်ကွယ်သွားချင်စိတ် ဖြစ်မိသည်။ သူမ အကြိမ်ကြိမ် ခေါင်းညိတ်သည်။ "ကောင်းပြီ"
ညစာ စားပြီးနောက် သူမ ခေါင်းငုံ့၍ သူမ၏ အခန်းသို့ ပြန်ပြေးသွားခဲ့သည်။
လကုန်တော့မည်ဖြစ်ပြီး မနက်ဖြန်၌ အိမ်နီးချင်း ရွာတွင် စျေးရှိသည်။
နောက်ဆုံးအကြိမ်က သင်ခန်းစာယူပြီး ကျန်းနျန်မိုးမလင်းမီ ထကာ ရေတွင်းနားတွင် မျက်နှာသစ်လိုက်သည်။ သူမ လုယွီ၏ အခန်းကို လှမ်းကြည့်လိုက်၏။ အတွင်းတွင် မှောင်နေဆဲဖြစ်ပြီး သူ မနိုးသေးသည်ကို ပြနေသည်။ သူမ မီးဖိုချောင်တွင် မနက်စာ ပြင်ဆင်ပြီးနောက် သူမကိုယ်တိုင် နည်းနည်း စားလိုက်သည်။ သူမ မီးဖိုချောင် တံခါးမှ ထွက်လာစဉ် စစ်ခရာသံ မြည်လာ၏။
ခပ်ဖျော့ဖျော့ ချောင်းဆိုးသံကို ကြားရ၍ သူမ ဘေးခန်းကို လှမ်းကြည့်လိုက်၏။
ကျန်းနျန် လုယွီ နိုးပြီကို သိပြီး အလျင်အမြန် ပြောလိုက်သည်။ "မနက်စာ အိုးထဲမှာ ရှိတယ်။ ကျွန်မ စျေး သွားတော့မယ်။ နေ့လယ်စာအတွက် ပြန်မလာနိုင်ဘူး၊ ဒါကြောင့် ကန်တင်းမှာ နေ့လယ်စာ စားပါ”
“ကောင်းပြီ”
အိမ်တွင်းမှ အသံက အိပ်ချင်စိတ် လုံးဝမရှိဘဲ နိုးနေသည်မှာ ကြာလောက်ပြီပင်။
ကျန်းနျန် ဘေးအိမ်သို့ ပြေးပြီး ဖန့်မိန်ကို စျေးသို့ သွားရန် ခေါ်သောအခါ လုယွီသည် နောက်ဆုံးတွင် တံခါးဖွင့်၍ ထွက်လာခဲ့သည်။ သူသည် စစ်ဝတ်စုံ အစိမ်းရောင်ကို သပ်ရပ်စွာ ဝတ်ဆင်ထား၏။ စောစောစီးစီး အဆင်သင့် ဖြစ်နေသည်မှာ ထင်ရှားသည်။ အမှန်မှာ ကျန်းနျန် တံခါးဖွင့်လိုက်သည်နှင့် လုယွီ နိုးနေခဲ့တာပင်။
ကျန်းနျန်၏ အသားရေ နူးညံ့သည်ကို သိသောကြောင့် သူ စကားပြောခြင်းမပြုမီ သူမကို အနည်းငယ် စိတ်သက်သာရာ ရစေရန် စောင့်ခဲ့သည်။
“လက်ထောက်တပ်ရင်းမှူးလု”
တပ်ရင်းဗိုလ်ကြီးလုသည် ခြံဝန်းတံခါးသို့ လျှောက်လာပြီး အတွင်းသို့ လှမ်းကြည့်လိုက်သည်။ လုယွီက ခုမှ မျက်နှာသစ်ပြီးတာ ဖြစ်သည်။ "ဘာဖြစ်လို့လဲ”
တပ်ရင်းဗိုလ်ကြီးလုက မေးလိုက်သည်။ "ကျွန်တော်တို့ တပ်ရင်းရဲ့ လေ့ကျင့်ရေးနဲ့ ပတ်သက်ပြီး တပ်ရင်းဗိုလ်ကြီးလျိုရဲ့ အဖွဲ့အကြောင်း မေးချင်လို့ပါ။ သူ အခု စစ်ရေးလေ့ကျင့်ရေးအတွက် တပ်ဖြန့်ထားပြီး ခေါင်းဆောင်အသစ် ပြောင်းရွှေ့ဖို့ အမိန့် မကျသေးပါဘူး။ ကျွန်တော် တပ်ရင်းမှူးစုန့်ကို သွားရှာတာ၊ သူနဲ့ နိုင်ငံရေးအရာရှိချုပ်က အပြင်ရောက်နေလို့ ခင်ဗျားကို မေးကြည့်တာ"
လုယွီ ပြန်ဖြေလိုက်သည်။"သူတို့အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင်ကို ခေတ္တ တာဝန်ယူခိုင်းလိုက်ပါ။ အပေါ်က နောက်ထပ် အမိန့်တွေ ရပြီးမှ ကျန်တာ စီစဉ်ကြမယ်"
တပ်ရင်းဗိုလ်ကြီးလု ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ”
"ကျစ်ကျွင်းရဲ့ ခြေထောက် ဘယ်လိုနေလဲ" လုယွီ မေးမြန်းလိုက်သည်။
တပ်ရင်းဗိုလ်ကြီးလုက ပြုံးလိုက်သည်။ "အများကြီး ပိုသက်သာလာပါပြီ။ သူ ခုန်နိုင်ပေမဲ့ ခြေထောက်ကို ဂရုစိုက်ဖို့လိုသေးတာမို့ ဆက်ဂရုစိုက်ရဦးမယ်”
ကျန့်ဟုန် ထွက်သွားပြီးကတည်းက သူ့အမေက မိသားစု ခြံဝင်တွင် ကျစ်ကျွင်းကို စောင့်ရှောက်ပေးနေသည်။ ကျစ်ကျွင်း၏ မကောင်းသောအကျင့်အချို့ကို ပြုပြင်ပေးရုံသာမက ကလေးအား အခြားသူများကို ပြန်မပြောရန်လည်း သင်ကြားပေးခဲ့သည်။ သူ၏ စရိုက်သည် ကျန့်ဟုန် မွေးမြူခဲ့သည့် စရိုက်နှင့် လုံးဝ ကွာခြားသွားပြီပင်။
ပြောင်းလဲမှုများက အထူးတလည် ကြီးမားခြင်း မရှိသော်လည်း ဘဝရှိ အသေးစိတ် ကိစ္စများတွင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
သူ၏ ဇနီးဟောင်း ကျန့်ဟုန် အကြောင်း စဉ်းစားသောအခါ လုကောရှန်း သူ့နှလုံးသားထဲတွင် ခါးသီးမှုနှင့် မောပန်းမှုများစွာ ခံစားရသည်။
သူတို့ ယခု ကွာရှင်းပြီးပြီဖြစ်ရာ ကျန့်ဟုန် နောင်တွင် ဘယ်လမ်းကို လျှောက်သည်ဖြစ်စေ သူ့နှင့် မသက်ဆိုင်တော့ပေ။
သူ လှည့်၍ ထွက်သွားလိုက်ရာ ဘေးအိမ်မှ ရှု့ယန် ထွက်လာသည်ကို မြင်လိုက်ရ၏။ ရှု့ယန် ခေတ္တ ရပ်လိုက်သော်လည်း သူ့ကို လျစ်လျူရှုလိုက်သည်။
လုကောရှန်းကမူ ရှု့ယန်ကို ခေါင်းညိတ်ပြပြီး ထွက်သွားခဲ့သည်။