← Chapters

အခန်း (၈၉)

Vol. 9 Ch. 89

အခန်း (၈၉)

Vol. 9 Ch. 89

သူမ အိမ်ပြန်ရောက်ပြီးနောက် မျက်နှာသစ်၊ ခေတ္တ အိပ်စက်အနားယူပြီး ပန်းထိုးခြင်းကို ဆက်လုပ်ကိုင်လိုက်၏။

ညနေပိုင်းတွင် လုယွီ လယ်ကွင်းများသို့ ရေလောင်းရန် ပြန်လာပြီးနောက် သူ အလုပ်ပြီးသွားချိန်တွင် ကျန်းနျန်ကမူ ညစာကို ချက်ပြုတ်ပြီးစီးနေခဲ့ပြီပင်။

မကြာမီပင် နောက်လအစ ဖြစ်လာခဲ့ပြီး၊ ပထမနှင့် ဒုတိယ တပ်ရင်းတို့ စစ်ရေးလေ့ကျင့်ရန် ထွက်ခွာရမည့်အချိန်လည်း ဖြစ်၏။ ညနေ မှောင်စပျိုးချိန်တွင် လုယွီသည် စစ်စိမ်းရောင်အိတ်တစ်လုံးဖြင့် အိမ်ပြန်ရောက်လာပြီး ကျန်းနျန်အား အချို့ညွှန်ကြားချက်များ ပေးပြီးနောက် စုန့်ပိုင်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

လုယွီ၏ အဆောင်တွင် ပြောင်းရွှေ့နေထိုင်ခြင်းသတင်းသည် မိသားစုခြံဝင်းများတစ်လျှောက် ပျံ့နှံ့သွားခဲ့လေတော့၏။

နောက်နေ့ မနက်စောစော မနက်စာ စားပြီးနောက် ဖန့်မိန်ကမူ ကျန်းနျန်ကို လာတွေ့ပြီး မိသားစုခြံဝင်းများမှ မကြာသေးမီက ကောလာဟလများ အားလုံးကို သူမအား ပြောပြခဲ့သည်။

ထိုသေးငယ်သော ပန်းထိုးလက်ရာသည် ရက်အနည်းငယ်အတွင်း ပြီးစီးတော့မည်။ ကျန်းနျန် ချည်မျှင်ကို ပြောင်းလဲရင်း ဖန့်မိန်အား လှည့်ကြည့်လိုက်သည်။ "ဟုတ်လား"

ဖန့်မိန်လည်း ပြောလိုက်သည်။ "ဟုတ်တယ်လေ၊ အားလုံးက လက်ထောက်တပ်ရင်းမှူးလုက စည်းကမ်းရှိပြီး အသိဉာဏ်ရှိတဲ့ လူကောင်းတစ်ယောက်လို့ ပြောကြတယ်။ အဲ့ဒီနေ့ ဈေးမှာ ငါတို့ တွေ့ခဲ့တဲ့ ဟော်လျန်၊ နင် 'အစ်မဟော်' လို့ ခေါ်တဲ့သူပေါ့၊ သူ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ဆီ လာသေးတယ်။ သူ့ညီမ ဟော်မုန့်ကို လက်ထောက်တပ်ရင်းမှူးလုနဲ့ မိတ်ဆက်ပေးဖို့ ငါ့ကို အကူအညီ တောင်းချင်လို့ပါတဲ့"

ကျန်းနျန် သူမ၏ လက်ထဲမှ အပ်နှင့် ခဏရပ်လိုက်ပြီး ဖန့်မိန် ဆက်ပြောမည့်အရာကို စောင့်နေလိုက်သည်။

ဖန့်မိန်က ဆက်ပြောလာ၏။ "ဒီအကြောင်းကို ငါ လောင်စုန့်ကို မေးကြည့်သေးတယ်။ လောင်စုန့်ကတော့ အဲဒီအမျိုးသမီးနဲ့ လက်ထောက်တပ်ရင်းမှူးလုက လိုက်ဖက်မှု မရှိဘူးလို့ ပြောတယ်"

ကျန်းနျန် စိတ်ဝင်စားသွား၏။ "ဘာလို့ အဲဒီလို ပြောတာလဲ။"

ဖန့်မိန်သည် ဂုဏ်ယူစွာ ပြောလာသည်။ "ငါ့ရဲ့ လောင်စုန့်က လူတွေကို ဘယ်လို ဆုံးဖြတ်ရမယ်ဆိုတာ သိတယ်။ သူ ဟော်မုန့်ကို နှစ်ကြိမ် တွေ့ဖူးတယ်တဲ့။ သူပြောတာက ဟော်မုန့်က အရမ်း အပေါ်ယံဖြစ်လွန်းတယ်။ သူက လက်ထောက်တပ်ရင်းမှူးလုအတွက် မသင့်တော်ဘူးတဲ့။ လက်ထောက်တပ်ရင်းမှူးလုက နောင်တစ်ချိန်မှာ ကြီးမြတ်တဲ့အရာတွေ အောင်မြင်မဲ့သူ။ သူ လက်တွဲဖော်ရှာမယ်ဆိုရင် အရာရာကို နားလည်ပြီး အမြော်အမြင်ရှိတဲ့ မိန်းကလေးကို ရှာဖို့ လိုတယ်"

ထိုသို့ ပြောပြီးနောက် သူမ သက်ပြင်းချကာ ပြောလိုက်သည်။ "အရာရာကို နားလည်ပြီး အမြော်အမြင်ရှိတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်မှာ ရှာလို့ရနိုင်မယ်လို့ နင် ထင်လဲ"

ကျန်းနျန် ခေါင်းကို ငုံ့ပြီး နှုတ်ခမ်းကို စေ့လိုက်သည်။ "ကျွန်မ မသိဘူး"

ဖန့်မိန် ပြောလိုက်သည်။ "နင်က သူ့မရီးဆိုတော့ သူ့ကိစ္စတွေကို ပိုပြီး စိတ်ပူပေးသင့်တယ်။ နင် ပန်းထိုးဆိုင်အတွက် ပန်းထိုးနေတာ မဟုတ်ဘူးလား။ အားတဲ့အခါ ပန်းထိုးဆိုင်ကို သွားပြီး အဲဒီလို မိန်းကလေး ရှိမရှိ မေးကြည့်ပါလား။ ငါ ပြောပြမယ်၊ နင်သာ လက်ထောက်တပ်ရင်းမှူးလုရဲ့ အိမ်ထောင်ရေးကို စီစဉ်ပေးနိုင်ရင် နောင်ကျရင် သူတို့က နင့်ကို ပိုပြီးတောင် တန်ဖိုးထားကြမှာ"

ကျန်းနျန် ညင်သာစွာ ပြုံးပြလိုက်၏။ "အချိန်ကျရင် သွားမေးကြည့်ပါ့မယ်"

ဖန့်မိန် ထွက်ခွာသွားပြီးနောက် ကျန်းနျန်သည် ပန်းထိုးခြင်းကို ရပ်လိုက်ပြီး၊ လုယွီ နေထိုင်ခဲ့သော အခန်းကို လှည့်ကြည့်မိ၏။ အထီးကျန်ထောင့်တစ်နေရာတွင် စွန့်ပစ်ခံရသကဲ့သို့ သူမ အတွင်းမှ အချည်းနှီး ဖြစ်နေပြီး မရေရာသော ခံစားချက်ကို ခံစားလိုက်ရသည်။

သူမသည် ခေါင်းခါကာ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားပြီး ပန်းထိုးခြင်းကို ပြန်လည်လုပ်ဆောင်လိုက်၏။

ညနေပိုင်းတွင် ရှု့ယန်သည် ကျန်းနျန်နှင့် ခဏ ထိုင်ပြီးမှ ထွက်ခွာသွားသည်။

လုယွီ ထွက်ခွာသွားခဲ့သည်မှာ ခြောက်ရက် ရှိပြီပင်။ နောက်တစ်နေ့ မနက်တွင် ကျန်းနျန် စောစောထပြီး သူမ၏ ပန်းထိုးလက်ရာကို ပြီးစီးအောင် လုပ်ဆောင်ကာ နောက်ဆုံးချုပ်ရိုး အနည်းငယ် ပြီးဆုံးပြီးနောက် ပန်းထိုးရာကို ဘောင်မှ ချွတ်၍ အဝတ်အိတ်ထဲ ထည့်လိုက်သည်။ မနက်စာ စားပြီးနောက် သူမ မြို့သို့ သွားရန် စီစဉ်ခဲ့သည်၏။

သူမ မနက်စာ စားပြီးသည်နှင့် သူမ၏ အိမ်သို့ လူသုံးဦး ရောက်လာခဲ့သည်။

သူတို့သည် အရင်နေ့က ဈေးတွင် သူမ တွေ့ခဲ့သော ချန်ဖန့်နှင့် ဟော်လျန်တို့ ဖြစ်ကြသည်။ ကျန်းနျန်သည် သူတို့ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို ကြိုတင်ခန့်မှန်းပြီးသားပင်။ ချန်ဖန့်ကမူ ခွင့်မပြုရသေးပါဘဲ ထိုင်ခုံပေါ် ထိုင်လိုက်ပြီး ကျန်းနျန်ကို ပြုံးပြလာသည်။ "မနက်စာ စားနေတာလား။"

ကျန်းနျန် ခေါင်းညိတ်ပြလိုက်၏။ "ရှင်တို့ စားပြီးခဲ့ကြပြီလား"

"ကျွန်မတို့ မလာခင်ကတည်းက စားပြီးပြီ" ချန်ဖန့်က ပြန်ဖြေသည်။

ဟော်မုန့်ကမူ သစ်ပင်အောက်၌ ထိုင်နေပြီး ခြံဝင်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်နေသည်။ ဟော်လျန်က ပြုံးကာ မေးလိုက်သည်။ "ရှောင်နျန်၊ ဒီနှစ် နင် ဘယ်နှနှစ် ရှိပြီလဲ။"

ကျန်းနျန် တုံ့ဆိုင်းသွားရသည်။ ဈေးတွင် အစောပိုင်းကတည်းက အစ်မချန်က ပြောထားပြီးသား ဖြစ်သည်။ ယခု သူတို့၏ ရည်ရွယ်ချက်သည် မစဉ်းစားဘဲနှင့်ပင် ရှင်းနေသည်။ သူမ၏ စိတ်မရှည်မှုကို ထိန်းချုပ်ရင်း ကျန်းနျန် တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ "ကျွန်မ ၂၃ နှစ်ပါ"

ဟော်မုန့်က ရယ်မောလိုက်သည်။ "မမက ကျွန်မထက် နှစ်နှစ် ကြီးတယ်။ လက်ထောက်တပ်ရင်းမှူးလုက ဘယ်နှနှစ် ရှိပြီလဲ"

ကျန်းနျန် တိတ်ဆိတ်နေမိ၏။

ချန်ဖန့်က ပြုံးလာသည်။ "ငါ့ကို မေး၊ ငါ သိတယ်။ လုယွီက ဒီနှစ် ၂၆ နှစ်ပဲ။ ဟော်မုန့်ထက် ငါးနှစ် ကြီးတယ်"

ဟော်လျန်က ပြောလာလေ၏။ "မငယ်တော့ဘူးပဲ၊ အိမ်ထောင်ပြုဖို့ အချိန်တန်ပြီ"

ကျန်းနျန်သည် စကားဝိုင်း လမ်းကြောင်းပြောင်းနေသည်ကို တွေ့လိုက်ရ၏။ သူတို့သည် ဟော်မုန့်အတွက် အိမ်ထောင်ပြုရန် ကမ်းလှမ်းရန် ရောက်လာခြင်းပင်။

ဖန့်မိန် မနေ့က ပြောခဲ့သည်ကို သူမ သတိရလိုက်၏။ တပ်ရင်းမှူးစုန့်သည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး တပ်ရင်းမှူးရာထူးအထိ တဖြည်းဖြည်း တက်လှမ်းခဲ့သူပင်။ လူများနှင့် အဖြစ်အပျက်များကို ဆုံးဖြတ်ခြင်းသည် မည်သည့်အခါမျှ မကွာခြားလှပေ။ သူသည် ဟော်မုန့်အား အပေါ်ယံဆန်သည်ဟု ပြောခဲ့ပြီး ကျန်းနျန်ကိုယ်တိုင်လည်း ဈေး၌ တစ်စုံတစ်ခုကို ခံစားမိခဲ့၏။

ကျန်းနျန် ပြုံးပြီး ချန်ဖန့်နှင့် ဟော်လျန်အား ပြောလိုက်သည်။ "ဟုတ်တယ်၊ ကျွန်မလဲ လုယွီက မငယ်တော့ဘူးလို့ ထင်ပါတယ်။ သူ့ အိမ်ထောင်ပြုဖို့ အချိန်တန်ပြီ”

ဟော်လျန်နှင့် ချန်ဖန့်တို့သည် ကျန်းနျန်ကို ကြည့်ပြီး သူမသည် ဆင်ခြင်တုံတရားရှိသည်ဟု ယူဆနေကြသည်။ ဟော်မုန့်ကလည်း ရှက်ရွံ့စွာ ပြုံးပြလာ၏။ ကျန်းနျန် အားလုံးကို သတိထားမိပြီး သက်ပြင်းချလိုက်၏။ "ကျွန်မက သူ့ရဲ့ မရီးအနေနဲ့ သူ့ကို တိုက်တွန်းပြီးသားပါ။ သူ့ကို စောစောစီးစီး အိမ်ထောင်ထူစေချင်ပေမဲ့ ကျွန်မက မရီးသက်သက်ပါပဲ။ ကျွန်မ အရမ်းပြောရင် သူ စိတ်အနှောင့်အယှက် ဖြစ်နေမှာပေါ့"

ဟော်လျန် တစ်ခုခု ပြောချင်သော်လည်း ချန်ဖန့်က သူမကို တားလိုက်သည်။ "မင်း ပြောတာ မှန်တယ်။ ကျွန်မတို့ မရီးတွေက သိပ်မပြောသင့်ဘူး၊ မဟုတ်ရင် လူတွေက စိတ်အနှောင့်အယှက် ဖြစ်နေမှာ"

သူမသည် ကျန်းနျန်၏ အနေအထားကို နားလည်သည်။ နောက်ဆုံးတော့ သူမ၌လည်း ပြဿနာရှာတတ်သော မတ်လေးတစ်ဦး ရှိ၏။ တစ်ခါတစ်ရံတွင် သူမသည် ထန်ဇီ၏ အိမ်ထောင်ရေးကို စိုးရိမ်လွန်းသောအခါ ညီအစ်ကိုနှစ်ဦးက သူမကို ဆူပူကြသည်။ ထို့အပြင် ကျန်းနျန်သည် လုယွီ၏ တကယ့် မရီး မဟုတ်သောကြောင့် အများကြီး ပြောဆိုခြင်းသည် လူများကို စိတ်အနှောင့်အယှက် ဖြစ်စေမည်မှာ အသေအချာပင်။

ဟော်မုန့်သည် ချန်ဖန့်နှင့် ကျန်းနျန်ကို မကျေမနပ်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ကျန်းနျန်ကမူ သူမကို အထင်သေးနေပြီး လုယွီအား ဒီအိမ်ထောင်ရေးမှ ရှောင်ရှားရန် တမင်တကာ အကြောင်းပြချက်များ ရှာနေသည်ဟု ခံစားရသည်။

သူမ တွေးလေလေ၊ ပိုဖြစ်နိုင်ခြေ ရှိလေလေ ဖြစ်သည်။ ထို့ကြောင့် သူမသည် ကျန်းနျန်အား ရန်လိုသော အကြည့်ဖြင့် စတင်ကြည့်ရှုလာတော့သည်၏။

ဟော်လျန်သည် ချန်ဖန့် ဆိုလိုသည်ကို နားလည်သွားသောကြောင့် ကျန်းနျန်နှင့် ဆက်ပတ်သက်နေခြင်း မပြုတော့ဘဲ ဟော်မုန့်ကို ခေါ်ကာ ကျန်းနျန်၏ အိမ်မှ ထွက်ခွာသွားခဲ့သည်။

လမ်းလျှောက်နေစဉ်တွင် ဟော်လျန်သည် စိတ်ဓာတ်မကျသေးသော်လည်း အားမရှိသကဲ့သို့ ဖြစ်နေသော ဟော်မုန့်ကို ကြည့်၍ ပြုံးကာ ပြောလိုက်၏။"အဆင်ပြေပါတယ်။ လက်ထောက်တပ်ရင်းမှူးလုနဲ့ မဖြစ်နိုင်ဘူးဆိုရင် နောက်နေ့ကျ ငါ နင့်ကို ဖန့်မိန်အိမ်ကို ခေါ်သွားပေးပါ့မယ်။ လက်ထောက်တပ်ရင်းမှူးစုန့်ကလည်း ကောင်းပါတယ်”

ချန်ဖန့်ကလည်း ပြောလိုက်သည်။ "ဟုတ်တယ်၊ စုန့်ပိုင်ကို ငါ မေ့နေတာ။”

သူမသည် ဟော်မုန့်ကို ကြည့်ကာ မေးလိုက်သည်။ "ငါတို့ ဒုတိယတပ်ရင်းရဲ့ လက်ထောက်တပ်ရင်းမှူးကို နင် သိလား။ နင် သူ့ကို သိရဲ့လား”

ဟော်မုန့်မှာ ယခင်က တပ်ရင်းမှူးထန်၏ အိမ်တွင် တွေ့ဆုံဖူးသည်ကို သတိရပြီး ပြုံး၍ "သိပါတယ်” ဟု ပြန်ဖြေလိုက်သည်။

နောက်တစ်နေ့ မနက်တွင် ကျန်းနျန်သည် စောစောထကာ အဝတ်အိတ်လေးကို ယူပြီး ခရိုင်သို့ သွားခဲ့၏။ သူမသည် မြို့သို့ သွားသည်မှာ ပန်းထိုးပုံစံငယ်လေးကို ကောမိန် လက်သို့ အပ်နှံရန်နှင့် တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်သည့် နေရာများ ရှိမရှိကို အမြန်ဆုံး ကြည့်ရှုပေးရန် တောင်းဆိုရန်ပင်။

သူမ စစ်တပ်၏ ခြံဝင်းမှ ထွက်ခွာစဉ်တွင် စစ်သားအစောင့်က သူမကို မြင်ပြီး ပြုံး၍ မေးခဲ့သည်။"မရီး၊ အပြင်ထွက်မလို့လား”

ကျန်းနျန် ပြုံးကာပြန်ဖြေလိုက်၏။ "အင်း၊ နိုင်ငံပိုင် ပန်းထိုးဆိုင်ကို သွားမလို့ပါ”

သူမသည် ခရိုင်သို့ ရောက်သောအခါ လမ်းဘေးတွင် ဘတ်စ်ကား စောင့်နေသော စွင်းယင်၊ ဝူယိုရှန်တို့နှင့် တွေ့ဆုံခဲ့သည်။ စွင်းယင်မှာ ကျန်းနျန်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး မကျေမနပ်ဖြစ်သည့် အသွင်ကို သူမ၏ မျက်နှာတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

ကျန်းနျန် - ....

စွင်းယင်နှင့် ဝူယိုရှန်ကို သူမ ဂရုမစိုက်ချေ။

ဝူယိုရှန် ပြောလိုက်သည်။ "ယင်ယင်၊ ဒီနေ့က မင်းအမေရဲ့ မွေးနေ့နော်။ ဘာတွေ ပြန်ယူသွားကြမလဲ”

စွင်းယင်ကမူ စိတ်မပါ့တပါဖြင့် "ကြိုက်တာယူ” ဟု ပြန်ဖြေလိုက်သည်။

ခဏ စဉ်းစားပြီးနောက် ဝူယိုရှန်က အကြံပေးလိုက်သည်။ "မြို့ရောက်ရင် နေ့လယ်ကျမှ အန်တီအတွက် ပဝါတစ်ထည်ကို စတိုးဆိုင်မှာ ဝယ်ပေးလိုက်မယ်”

စွင်းယင်ကမူ ပေါ့ပေါ့ပါးပါးဖြင့် "ကောင်းပြီလေ” ဟု တုံ့ပြန်လိုက်၏။

ဝူ‌ယိုရှန်က ပြုံးလိုက်သည်။ "ဒါဆို အဲဒါပဲပေါ့၊ ငါတို့ ပဝါတစ်ထည် ယူသွားကြမယ်”

စွင်းယင်က ဂရုမစိုက်သည့် လေသံဖြင့် "နင့်သဘောပဲ” ဟု သဘောတူလိုက်လေသည်။

ကျန်းနျန် - ...

သူမ ရယ်မောမိလုနီးပါး ဖြစ်သွားရသည်။ ဝူယိုရှန်က ဘာမေးမေး ခွေးပေါက်စလို စကားပြောနေသည့် ပုံက မလွဲဧကန်ဖြစ်၍ စာအုပ်ထဲမှာတောင် သူက စွင်းယင်ကို ချော့မော့နေတတ်သူ ဖြစ်၏။

ဘတ်စ်ကား ရောက်လာသောအခါ ကျန်းနျန်က အရင်တက်လိုက်သည်။ ဘတ်စ်ကားမှာ လူအပြည့်ဖြစ်နေပြီး ထိုင်ခုံတစ်နေရာသာ ကျန်တော့၏။ ကျန်းနျန်သည် နောက်ဆုံးကျန်သော ထိုင်ခုံတွင် တိုက်ရိုက်ထိုင်ချလိုက်ပြီး အဝတ်အိတ်ကို ပေါင်ပေါ်တင်ကာ မျက်လုံးများကို မှိတ်၍ အနားယူလိုက်သည်။

ဝူယိုရှန်နှင့် စွင်းယင်တို့သည် သူမ၏ ရှေ့တွင် ထိုင်ခုံအနည်းငယ် ကွာသော နေရာတွင် ရပ်လိုက်သည်။ ကျန်းနျန်က ဝူယိုရှန် ဆက်တိုက် စကားပြောနေသည်ကို နားထောင်နေပြီး စွင်းယင်မှာလည်း တစ်ခါတစ်ရံတွင် စိတ်မပါ့တပါဖြင့် ပြန်လည်ဖြေဆိုနေသည်ကို ကြားနေရ၏။

လေးနာရီကြာ ခရီးနှင်ပြီးနောက် ဘတ်စ်ကားသည် ခရီးဆုံးသို့ ရောက်သောအခါ ကျန်းနျန်သည် ချက်ချင်းထရပ်ကာ ဆင်းလိုက်သည်။ သူမ ခြေလှမ်းနှစ်လှမ်းခန့် လှမ်းလိုက်ချိန်တွင် နောက်ကွယ်မှ စွင်းယင်၏ အသံကို ကြားလိုက်ရသည်။ "ရဲဘော်ကျန်း"

ကျန်းနျန် ခေတ္တရပ်ပြီး လှည့်ကြည့်ကာ "တစ်ခုခု ရှိလို့လား” ဟု မေးလိုက်သည်။

စွင်းယင်ကမူ သူမကို အလေးအနက်ထား ကြည့်ပြီးမေးလိုက်သည်။ "ရှင်နဲ့ လက်ထောက်တပ်ရင်းမှူးလုက တကယ်ပဲ ရိုးရိုးဆွေမျိုးတွေသက်သက်ပဲလား”

ကျန်းနျန် အေးစက်စက် နှာခေါင်းရှုံ့လိုက်သော်လည်း သူမ၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲပင်။ "တခြား ဘာဖြစ်နိုင်သေးလို့လဲ”

"မင်းကက ဘာဖြစ်နေတာလဲ” ဝူယိုရှန် ကျန်းနျန်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။ "ယင်ယင်က မင်းကို မေးခွန်းလေး မေးရုံပဲ ရှိသေးတာ၊ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ”

စွင်းယင်က လက်ထောက်တပ်ရင်းမှူးလုအကြောင်း ပြောပြမှသာ ဒီအမျိုးသမီး ဘယ်သူလဲဆိုတာကို သူ သိသွားသည်။ သူမသည် သူ ယခင်က တည်းခိုခဲ့ဖူးသော ဆေးရုံမှ လူနာဟောင်းတစ်ဦး ဖြစ်သည်။ သူမ၏ မတ်မှာ စစ်တပ်၏ လက်ထောက်တပ်ရင်းမှူးဖြစ်သည်။ စွင်းယင်သည် ထိုသူကို တစ်ရက်ခြား တစ်ခါ စဉ်းစားနေခဲ့ပြီး စစ်အခြေစိုက်စခန်းကို အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း အကြိမ်တိုင်းတွင် ပြန်လွှတ်ခံခဲ့ရသည်။

ဘာအဆက်အသွယ်မှ မရှိဘဲ စွင်းယင်က ထိုလူကို ဘာကြောင့် ဒီလောက် စွဲလမ်းနေရသလဲဆိုတာကို သူ နားမလည်နိုင်ချေ။ ကျန်းနျန်သည်။ ဝူယိုရှန်ကို တစ်ချက်ကြည့်ပြီး ပြန်ပြောလိုက်သည်။ "နင်က သူမနဲ့ ဘာပတ်သက်မှု ရှိလို့လဲ။ တော်လှန်ရေး လုပ်ဖော်ကိုင်ဖက်တွေထက်တောင် အရမ်းကို ပိုစိုးရိမ်နေပုံရတယ်။ နင်တို့ နှစ်ယောက်က ချစ်သူတွေလား”

ထိုသို့ပြောပြီး သူမ စွင်းယင်ကို ကြည့်လိုက်သည်။ စွင်းယင်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းသွားသည်ကို မြင်သောအခါ ကျန်းနျန် ပွင့်ပွင့်လင်းလင်း ဆက်ပြောလိုက်သည်။ "ချစ်သူတွေ မဟုတ်ဘူးဆိုရင်၊ နင်တို့ နှစ်ယောက် ကျီစယ်နေတာလား”

"ကျန်းနျန်!"

"နင် ကြွက်စုတ်လိုမိန်းမ!”

စွင်းယင်နှင့် ဝူယိုရှန်တို့သည် တစ်ပြိုင်နက်တည်း ပြောလိုက်ကြပြီး နှစ်ဦးစလုံး မကျေမနပ် ဖြစ်နေကြသည်။

"နင်တို့ နှစ်ယောက်နဲ့ စကားများနေတာထက် အချိန်ပိုပေးစရာ ကိစ္စတွေ ငါ့မှာ ရှိတယ်” ကျန်းနျန်သည် ပေါ့ပေါ့တန်တန် ပြောပြီးနောက် လှည့်ကာ ထွက်ခွာသွားလိုက်သည်။

ဝူယိုရှန် မျက်မှောင်ကြုတ်လိုက်သည်။ "သူက တကယ်ပဲ ရိုင်းစိုင်းလိုက်တာ၊ တောကလာတော့လဲ။ မြင်လား၊ သူက ယဉ်ကျေးမှုမရှိတဲ့ ကြွက်စုတ်မသက်သက်ပဲ"

"ယင်ယင်၊ သူမလို လူမျိုးနဲ့ စကားများမနေပါနဲ့။ ဒေါသထွက်နေဖို့ မထိုက်တန်ပါဘူး”

စွင်းယင်သည် ဝူယိုရှန်၏ လက်ကို ပုတ်ထုတ်ပြီး ဒေါသတကြီးဖြင့် သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဒီနေ့ကစပြီး ငါနဲ့ ဝေးဝေးနေ!”

ကျန်းနျန်သည် နိုင်ငံပိုင် ပန်းထိုးဆိုင်သို့ သွားခဲ့သည်။ ကောမိန်ကမူ ပြီးခဲ့သော နှစ်ရက်အတွင်း ပန်းထိုးဒီဇိုင်းများ ဆွေးနွေးရန် အပြင်ထွက်နေပြီး သန်ဘက်ခါမှ ပြန်ရောက်မည်ဟု ထင်သည်။ ပန်းထိုးဆိုင်တွင် ကျန်းရှောင်၊ ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့သာ ရှိနေသည်။

ကျန်းရှောင်သည် ကျန်းနျန်ကို မြင်သည်နှင့် သူမဆီသို့ ပြေးသွားကာ ဖက်ပြီး ပြောလိုက်သည်။ "အစ်မကျန်း၊ ညီမ အရမ်း လွမ်းနေတာ။ အစ်မ နောက်ဆုံးတော့ ရောက်လာပြီ”

ကျန်းနျန်သည် သူမနှင့် စကားအနည်းငယ် ပြောပြီး နေ့လယ်စာ စားချိန်တွင် အဆောင်သို့ ပြန်ကာ ချက်ပြုတ်လိုက်ကြသည်။ လုရှောင်ချင်းက ချက်ပြုတ်နေပြီး အစားအသောက်များ အဆင်သင့်ဖြစ်သောအခါ သူတို့ လေးဦးသား အဆောင်ရှိ စားပွဲတွင် ထိုင်၍ စားသောက်နေလိုက်ကြ၏။

ကျန်းနျန် ချည်စက်ရုံအကြောင်း မေးမြန်းရာ ကျိုက်ဖေးဖေး ပြန်ဖြေလိုက်သည်။ "မစရသေးပါဘူး၊ ဒါပေမဲ့ မကြာခင် ဖြစ်တော့မယ် ထင်တယ်။ မနေ့က သံတံခါးကြီးရဲ့ အတွင်းပိုင်းမှာ လူတွေ သန့်ရှင်းရေး လုပ်နေတာ တွေ့တယ်”

ကျန်းရှောင် ပြောလိုက်သည်။ "ကန်တင်း ဖွင့်ရင်တောင်မှ ကျွန်မ မသွားဘူး။ ကျွန်မတို့ အဆောင်မှာ ချက်စားကြမယ်။ ပိုပြီး စရိတ်သက်သာတယ်၊ အစားအသောက်လဲ ပိုများတယ်”

လုရှောင်ချင်းက မေးလိုက်သည်။ "ဒီနေ့ နေ့လယ်ကျ ပြန်တော့မလို့လား”

ကျန်းရှောင်သည် ရုတ်တရက် ကျန်းနျန်၏ လက်မောင်းကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ "အစ်မကျန်း၊ ဒီည ဒီမှာပဲ ညီမနဲ့ အတူတူ အိပ်ပါ။ မနက်ဖြန် အစ်‌မကော ပြန်လာမှ ပြန်ပါလား။ အဆင်ပြေရဲ့လား”

ကျန်းနျန်သည်လည်း ပြန်သွားလျှင် တစ်ယောက်တည်း ဖြစ်နေမည်ဟု တွေးပြီး သဘောတူလိုက်၏။

နေ့လယ်ပိုင်းတွင် ကျန်းနျန်သည် ပန်းထိုးဆိုင်၌ နေကာ လုရှောင်ချင်းကို ပန်းထိုးအပ်ထိုးနည်းနှင့် ပိုကောင်းမွန်အောင် ထိုးနည်းများကို သင်ကြားပေးခဲ့သည်။ ကျိုက်ဖေးဖေးကလည်း တစ်ချိန်လုံး ဝင်ရောက်ပြောဆိုနေပြီး ကျန်းရှောင်ကမူ အခန်း၏ တံခါးဘောင်တွင် မှီကာ စကားပြောရင်း ရယ်မောနေကြသည်။

အပြင်ဘက်တွင် တံခါးဖွင့်သံ ကြားလိုက်ရသဖြင့် ကျန့်ရှောင်းက မတ်တပ်ရပ်လိုက်သည်။ "သူပဲ..."

သူမ၏ စကားမှာ ရုတ်တရက် ရပ်တန့်သွား၏။

သူမသည် ကျန်းနျန်နှင့် လုရှောင်ချင်းတို့ကို အလိုလို လှမ်းကြည့်လိုက်သည်။ လုရှောင်ချင်းက မျက်မှောင်ကြုတ်ကာ "သူမ ထပ်လာတာလား” ဟု မေးလိုက်သည်။

ကျန်းနျန် နားမလည်စွာဖြင့် "ဘယ်သူလဲ” ဟု မေးလိုက်သည်။

လုရှောင်ချင်းကမူ လှောင်ပြောင်သံဖြင့် "ဟူကျုံးမင်ရဲ့ အမေပါ” ဟု ဆိုလာ၏။

သူမ ထိုစကားပြောလိုက်သည်နှင့် အပြင်ဘက်မှ အသက်အရွယ်ကြီးသော အမျိုးသမီးကြီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ကျန်းရှောင်သည် သူမ၏ နှုတ်ခမ်းများကို စေ့ပိတ်လိုက်ပြီး လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့ကို ကြည့်လိုက်၏။ ကျိုက်ဖေးဖေးကမူ တိုးတိုးလေး ပြောလိုက်သည်။"သူ့ကို လျစ်လျူရှုထားလိုက်။ အစ်မကော ပြန်လာမှ သူ့ကို ရှင်းခိုင်းလိုက်”

ထို့နောက် သူမသည် ကျန်းနျန်အား တိုးတိုးလေး ကပ်ပြောလိုက်သည်။ "နောက် အပြင်မထွက်နဲ့။ သူက အစ်မကို ရှာနေတာ”

ကျန်းနျန် မျက်ခုံးများကို အနည်းငယ် တွန့်လိုက်သည်။ သူမသည် မြို့နှင့် ကံမစပ်ပုံရပြီး လာတိုင်း တစ်ခုခု ဖြစ်တတ်၏။

ဟူကျုံးမင်၏ အမေ သူမကို ရှာဖွေရခြင်း၏ ရည်ရွယ်ချက်မှာ လက်စားချေရန် ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းမိသည်။

လုရှောင်ချင်း ပြောလိုက်သည့် နောက်စကားက ကျန်းနျန်၏ ထင်မြင်ချက်ကို အတည်ပြုလိုက်သည်။ သူမသည် ကျန်းနျန် ဘေးတွင် ထိုင်လျက် သူမ၏ နားနား ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"ဟူကျုံးမင်က သူတို့ရဲ့ တစ်ဦးတည်းသော သားလေ။ သူ့ရဲ့ လုပ်ရပ်တွေကြောင့် သူ့မိဘတွေ အလုပ်လုပ်တဲ့ စက်ရုံမှာ ပြဿနာ ဖြစ်ခဲ့တယ်တဲ့။ သူတို့ အလုပ်က ထုတ်ခံရပြီး သူတို့ရဲ့ တစ်ဦးတည်းသော သားကလဲ ထောင်ထဲ ရောက်သွားတယ်။ အခု သူတို့မှာ အလုပ်မရှိ၊ ပိုက်ဆံမရှိ၊ သားလဲ မရှိတော့ဘူး။ သူတို့က ကျွန်မတို့ နိုင်ငံပိုင် ပန်းထိုးဆိုင်ကို အရမ်း မုန်းနေကြတာ။ သူတို့ ထောင်ထဲမှာ သူ့ကို သွားတွေ့ကြတော့ လက်ထောက်တပ်ရင်းမှူးလုက ထောင်ထဲ ပို့လိုက်တယ်ဆိုတာ သိခဲ့ကြလို့ထင်တယ်။ ဒါကြောင့် သူတို့က အစ်မကို ဒုက္ခပေးချင်နေကြတာ။ သူတို့မှာ ဘာမှ မကျန်တော့ဘူး၊ ကောင်းမွန်တဲ့ ဘဝတောင် မရှိတော့ဘူးလို့ ပြောနေကြတယ်။”

All Chapters