ဝိညာဉ်ဆင့်ခေါ်သူ နတ်ဘုရား၏ အမွေအနှစ် (၁)
Vol. 15 Ch. 149
နောက်တစ်နေ့ နံနက်တွင် ကျန့်ဖုန်းသည် အိပ်စက်ရာမှ နိုးလာပြီး ငြိမ်းချမ်းမှုနှင့် ကျေနပ်မှုကို ခံစားလိုက်ရသည်။ ကျင့်ကြံခြင်းလမ်းစဉ်သို့ စတင်ခြေချကတည်းက သူသည် ညတိုင်းနီးပါးကို အာရုံထွေပြားမှုအားလုံးကို ဘေးဖယ်ကာ ကျင့်ကြံရင်းသာ ကုန်ဆုံးခြင်း ဖြစ်သည်။ တစ်ညတာ နှစ်ခြိုက်စွာ အိပ်စက်ပြီးနောက် ယခုအခါ သူ၏စိတ်မှာ အလွန်ပင် အေးချမ်းနေတော့သည်။
သူ၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး အိပ်မောကျနေသော၊ ဖြူဖွေးနုနယ်သည့် လက်မောင်းလေး ပေါ်နေကာ ရင်သပ်ရှုမောဖွယ် လှပသည့် ကျန်းရှင်းရန်ကို ကြည့်ရင်း ကျန့်ဖုန်းက ခပ်ပါးပါး ပြုံးလိုက်သည်။
ကျန်းရှင်းရန်၏ လည်ပင်းအောက်မှ သူ၏လက်မောင်းကို ဂရုတစိုက် ဆွဲထုတ်ပြီး ကျန့်ဖုန်းသည် ညင်သာစွာ ထလိုက်သည်။ ကုတင်ပေါ်မှ ကျန့်ဖုန်း ထလိုက်သည့် လှုပ်ရှားမှုလေးကို ခံစားမိပုံရကာ ကျန်းရှင်းရန်၏ ရှည်လျားသော မျက်တောင်လေးများမှာ အနည်းငယ် လှုပ်ခတ်သွားသော်လည်း နောက်ဆုံးတွင် သူမ နိုးမလာခဲ့ပေ။
ကျန့်ဖုန်းသည် ကျန်းရှင်းရန်ကို အဆုံးမဲ့သော ကြင်နာယုယမှုများဖြင့် ကြည့်နေမိပြီး အတော်ကြာမှသာ အခန်းထဲမှ ထွက်ခွာ၍ မဟာမိတ် အုပ်ချုပ်ရေး အစိုးရအဖွဲ့ရုံးဆီသို့ ဦးတည်သွားသည်။
မဟာမိတ် အုပ်ချုပ်ရေး အစိုးရအဖွဲ့ရုံးရှိ ဟန်စစ်၏ ရုံးခန်းအတွင်း၌....
"ကျန့်ဖုန်း... ဒီကိစ္စနဲ့ ပတ်သက်ပြီး မဟာမိတ်အဖွဲ့က မင်းတို့အပေါ် မှားယွင်းခဲ့တယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးသွားပြီဖြစ်ပြီး အမှားက တာဝန်တာဝါ ဝန်ထမ်းတွေရဲ့ ပေါ့ဆမှုကြောင့်ပဲ။ သူတို့က သေချာစိစစ်ခြင်းမရှိဘဲ မစ်ရှင်ကို ထုတ်ပေးကြတယ်၊ ပြဿနာရှိမှန်း သိသွားတဲ့အချိန်မှာလည်း ချက်ချင်း အစီရင်ခံဖို့ ပျက်ကွက်ကြတယ်၊ အဲ့ဒါကြောင့် မင်းတို့ရဲ့ စွမ်းဆောင်ရည်ထက် များစွာကျော်လွန်တဲ့ မစ်ရှင်ကို မင်းတို့ လုပ်ဆောင်မိပြီး ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာ”
“ဒီအတွက် မဟာမိတ်အဖွဲ့က အလေးအနက် တောင်းပန်ပါတယ်၊ နောက်နောင် ဒီလိုအခြေအနေမျိုး ထပ်မဖြစ်စေရဘူးလို့လည်း အာမခံပါတယ်။ တာဝန်ရှိသူတွေကိုလည်း အခု ဖမ်းဆီးထားပြီးပြီ၊ သူတို့ရဲ့ လုပ်ရပ်အတွက် နောင်တရဖို့ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် ကျခံရပါလိမ့်မယ်”
ကျန့်ဖုန်း ခေါင်းညိတ်လိုက်သည်။ ဤရလဒ်ကို သူ အတော်အတန် ကျေနပ်မိပြီး ၎င်းသည် သူ၏ အဖော်များအတွက် သင့်တင့်လျောက်ပတ်သော ရှင်းပြချက်တစ်ခုဟု ခံစားရသည်။
"ကျေးဇူးတင်ပါတယ် သူရဲကောင်းချုပ်ကြီး"
ကျန့်ဖုန်းက ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
"ဒါနဲ့ ကျန့်ဖုန်း... မင်းတို့ ယူလာပေးတဲ့ ဝိညာဉ်ပုံရိပ်ဖော်သလင်းကျောက်ကိုလည်း ငါတို့ ကြည့်ပြီးပြီ။ အဲ့ဒီမျှော်စင်ရဲ့ အသေးစိတ် အခြေအနေကို မင်း သိလား၊ ဒါက မဟာမိတ်အဖွဲ့အတွက် အရမ်း အရေးကြီးတယ်"
ဟန်စစ်က လေးနက်စွာ မေးလိုက်သည်။
ကျန့်ဖုန်းက ခေါင်းကို သိမ်သိမ်မွေ့မွေ့ ခါယမ်းလိုက်ပြီး ပြောသည်။
"ကျွန်တော် ဝိညာဉ်ပုံရိပ်ဖော်သလင်းကျောက်ထဲမှာ မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေကိုပဲ မြင်တာပါ။ ကျွန်တော် သတိမေ့မြောရာက နိုးလာတဲ့အချိန်မှာ အဲ့ဒီ မြင့်မားတဲ့ မျှော်စင်က ပျောက်ကွယ်နေပြီ၊ အော်ဟစ်သံတွေလည်း ထပ်မကြားရတော့ဘူး"
ဟန်စစ်၏ မျက်ခုံးများ တွန့်ချိုးသွားကာ ပြောလိုက်သည်။
"မင်းယူလာတဲ့ ပုံရိပ်တွေထဲက နာကျည်းနေတဲ့ ဝိညာဉ်တွေကို ကြည့်ရတာ ဒီမျှော်စင်က လွန်တဲ့ နှစ်ပေါင်း တစ်သောင်းက ပေါ်တဲ့ ဝိညာဉ်ဆင့်ခေါ်သူနဲ့ ဆက်စပ်နေရမယ်။ အကယ်၍ ဒါက ဝိညာဉ်ဆင့်ခေါ်သူရဲ့ အမွေအနှစ် ဖြစ်နေမယ်ဆိုရင် နတ်ဆိုးမျိုးနွယ်စုတွေ လက်ထဲ ဒါကို လုံးဝ အရောက်မခံနိုင်ဘူး"
"အရာရှိချုပ်ကြီး... ကျွန်တော် ဘာများ ကူညီပေးနိုင်မလဲ"
ကျန့်ဖုန်းက မေးလိုက်သည်။
"ဒီကိစ္စက ဒီမှာတင် အဆုံးသတ်ပါပြီ။ မင်းပြန်ရောက်တဲ့အခါ မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် မင်းရဲ့ အဖော်တွေကို ဒီမစ်ရှင်အကြောင်း ဘာမှမပြောဖို့ မှာထားလိုက်ပါ။ မဟာမိတ်အဖွဲ့က စုံစမ်းစစ်ဆေးဖို့အတွက် အဆင့်မြင့် နတ်ဆိုးအမဲလိုက်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ပါမယ်"
ဟန်စစ်က ဆိုသည်။
"နားလည်ပါပြီ အရာရှိချုပ်ကြီး"
"အင်း... ဒီကိစ္စကို စိတ်ထဲ အရမ်း မထားပါနဲ့။ နောင်မှာ ကျင့်ကြံခြင်းကို ကြိုးစားအားထုတ်ပြီး မစ်ရှင်တွေကို ကောင်းကောင်း လုပ်ဆောင်ပါ။ အရမ်း အန္တရာယ်များတဲ့ မစ်ရှင်တွေကို ပြီးမြောက်အောင် အတင်းအကျပ် မလုပ်ပါနဲ့၊ ဘာလို့လဲဆိုတော့ မင်းတို့က မဟာမိတ်အဖွဲ့ရဲ့ အနာဂတ် ဖြစ်လို့ပဲ။ မင်းတို့တွေ ချောချောမွေ့မွေ့ ကြီးထွားလာနိုင်မှသာ မဟာမိတ်အဖွဲ့အတွက် မျှော်လင့်ချက် ရှိမှာ"
ဟန်စစ်က စိတ်ရင်းဖြင့် ပြောလိုက်သည်။
သူသည် ကျန့်ဖုန်း၏ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအားကို ရှင်းရှင်းလင်းလင်း မသိသော်ငြားလည်း၊ အသက် ၁၇ နှစ်ပင်မပြည့်သေးဘဲ ဤမျှ အင်အားကြီးသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီး၊ အလင်းသားတော် လုံဟောက်ချန်ကိုပင် တည်ငြိမ်စွာ ကျော်လွန်နေခြင်းတို့က ကျန့်ဖုန်း၏ ပါရမီမှာ သံသယဖြစ်ဖွယ်မရှိ ထူးကဲကြောင်း ပြသနေသည်။
ထို့ပြင် ကျန့်ဖုန်းသည် ကြယ်တာရာကောင်းကင် မြင့်မြတ်သူရဲကောင်း ယန်ဟောက်ယွီ၏ တပည့် ဖြစ်သည်။ မာနကြီးသော ယန်ဟောက်ယွီက ကျန့်ဖုန်းကို သူ၏ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံသည်ဆိုလျှင် ကျန့်ဖုန်း၏ ပါရမီမှာ သူ့ကို ကျေနပ်စေ၍ ဖြစ်ရပေမည်။
"သူရဲကောင်းဘုရားကျောင်းမှာ အခု အလင်းသားတော် နှစ်ယောက် ရှိနေပြီ ထင်တယ်"
ဟန်စစ်က တွေးလိုက်သည်။
"ကျန့်ဖုန်း... မင်းရဲ့ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအားက တကယ်တမ်း ဘယ်လောက်လဲဆိုတာ ငါ သိခွင့်ရှိမလား တကယ်လို့ ပြောဖို့ အဆင်မပြေရင်လည်း မပြောလို့ ရပါတယ်"
ဟန်စစ်က သူ၏ သိချင်စိတ်နှင့် မျှော်လင့်ချက်ကြောင့် နောက်ဆုံးတွင် မအောင့်နိုင်ဘဲ မေးလိုက်သည်။
"ကျွန်တော့်ရဲ့ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအားက ၉၁ ပါ"
ကျန့်ဖုန်းက တွေဝေခြင်းမရှိဘဲ ဖြေလိုက်သည်။
သူ၏ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအားမှာ သူ၏ အဖော်များအတွက် လျှို့ဝှက်ချက် မဟုတ်သလို၊ ပြီးသည့်အကြိမ်က ချန်ကျိတျန့်ကိုလည်း ပြောပြပြီးဖြစ်ရာ သူရဲကောင်းဘုရားကျောင်း၏ ထိပ်တန်းအရာရှိကြီးများမှာ ကျန့်ဖုန်း၏ ပါရမီကို သိထားပြီးလောက်ပြီ ဖြစ်သည်။
ထို့ကြောင့် ဟန်စစ်ကို ပြောပြခြင်းမှာ ပြဿနာ မဟုတ်ပေ။ ဘုရားကျောင်း အသီးသီးကြားတွင် အက်ကြောင်းများ ရှိနိုင်သော်လည်း သူရဲကောင်းဘုရားကျောင်းမှာမူ စည်းလုံးညီညွတ်သည်။ ကျန့်ဖုန်းသည် သူရဲကောင်းဘုရားကျောင်းမှ အဆင့်မြင့်အရာရှိကြီးများကို အပြည့်အဝ ယုံကြည်သည်။ သူ၏ ဆရာမှာ ယန်ဟောက်ယွီ ဖြစ်ပြီး၊ သူ၏ ဆရာဦးလေးမှာ သူရဲကောင်းဘုရားကျောင်း၏ ခန်းမသခင် ယန်ဟောက်ဟန် ဖြစ်နေသောကြောင့်ပင်။
"တကယ်ပဲကိုး"
ဟန်စစ်က စိတ်လှုပ်ရှားစွာ ရယ်မောလိုက်ကာ ဆက်ပြောသည်။
"ငါ ခန့်မှန်းတာ မှန်သားပဲ ကျန့်ဖုန်း... မင်းရဲ့ အနာဂတ်က မဟာမိတ်အဖွဲ့ရဲ့ အနာဂတ်ပဲ။ မင်းရဲ့ နတ်ဆိုးအမဲလိုက်အဖွဲ့ သက်တမ်းတစ်လျှောက်မှာ မင်းကိုယ်တိုင်ရဲ့ ဘေးကင်းလုံခြုံမှုကို အမြဲ ဦးစားပေးပါ"
ကျန့်ဖုန်းသည် ဟန်စစ်၏ မှာကြားချက်များကို စိတ်ထဲမှတ်ထားပြီး လေးနက်စွာ ကတိပေးလိုက်သည်။
"စိတ်မပူပါနဲ့ အရာရှိချုပ်ကြီး၊ ကျွန်တော်တို့ သတိထားပါ့မယ်။ အသက်ရှင်နေမှပဲ မျှော်လင့်ချက် ရှိမှာပါ၊ ကျွန်တော်လည်း အရွယ်မတိုင်ခင် မသေချင်ပါဘူး"
ဟန်စစ်က ကျန့်ဖုန်း၏ ပုခုံးကို ပုတ်ကာ ကျေနပ်စွာဖြင့် ပြောလိုက်သည်။
"သွားတော့လေ။ မင်းတို့တွေ မဟာမိတ်အဖွဲ့ရဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေ ဖြစ်လာမယ့်နေ့ကို ငါ မျှော်လင့်နေမယ်"
နတ်ဆိုးအမဲလိုက်အဖွဲ့ ပြိုင်ပွဲ ပြီးဆုံးကတည်းက ဟန်စစ်၏ အာရုံစိုက်မှုမှာ နတ်ဆိုးအမဲလိုက်အဖွဲ့ နှစ်ဖွဲ့အပေါ်တွင် အများဆုံး ရှိနေသည်။ တစ်ဖွဲ့မှာ လုံဟောက်ချန်၏ စစ်သည် အဆင့် ၂ နတ်ဆိုးအမဲလိုက်အဖွဲ့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်သည် အဆင့် ၂ အဖွဲ့ဝင်များထဲတွင် လုံဟောက်ချန်နှင့် ရှန့်ချိုင်အာတို့မှာ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအား ၉၀ ကျော်ရှိသည့် နှိုင်းယှဉ်၍မရသော ပါရမီရှင်များ၊ မဟာမိတ်အဖွဲ့၏ အနာဂတ်မျှော်လင့်ချက်များ ဖြစ်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။
ထို့ပြင် အခြားအဖွဲ့ဝင်များမှာလည်း ကိုယ်ပိုင်အမွေအနှစ်များနှင့် ခိုင်မာသော နောက်ခံများ အသီးသီး ရှိကြသည်။
ဟန်ယွီမှာမူ သူ၏ မြေးပင် ဖြစ်သည်။ ဟန်စစ်သည် ဟန်ယွီအပေါ် မူလကပင် မျှော်လင့်ချက်ကြီးစွာ ထားရှိသည်။ ဟန်ယွီသည် လုံဟောက်ချန်နှင့် နောက်လိုက်သူရဲကောင်းစာချုပ်ချုပ်ဆိုပြီးနောက် ပါရမီဖိနှိပ်မှုနှင့် မျှဝေမှုတို့မှတစ်ဆင့် သူ၏ အတွင်းဝိညာဉ်စွမ်းအားကို ၆၃ မှ ၈၀ အထိ တိုးမြှင့်နိုင်ရာ သူသည် နတ်ဘုရာချိပ်ပိတ်သူရဲကောင်း ဖြစ်လာနိုင်သည့် အလားအလာပင် ရှိလာသည်။
လင်ရှင်းမှာ မှော်ဘုရားကျောင်း၏ ဒုတိယကျောင်းအုပ်ကြီး လင်ချန်၏ မြေးဖြစ်သည်။ သူ၏ မှော်ပါရမီမှာ မှော်ဘုရားကျောင်း တစ်ခုလုံးရှိ လူငယ်မျိုးဆက်များကြား ပြိုင်ဘက်ကင်းလှသည်။ ဤထူးဆန်းသော လူငယ်လေးမှာ တိုက်စစ်မှော်ပညာများကို သင်ယူရန် ဝန်လေးနေသော်လည်း အဂ္ဂိရတ်ပညာတွင် အလွန်အားကောင်းသော ပါရမီ ရှိထားသဖြင့် အနာဂတ်မှာ အလားအလာ အလွန်ကောင်းသည်။
ချန်ရင်းအာမှာ ဝိညာဉ်ဘုရားကျောင်း၏ ခန်းမသခင်နှင့် ဒု-ခန်းမသခင် စန်းရွှေတို့၏ မြေးမလေး ဖြစ်သည်။ သူမ၏ ပါရမီကို မသိရသော်လည်း သေချာပေါက် မညံ့လှပေ။
ဝမ်ယွမ်ယွမ်မှာ ဧရာမဘီလူးဝိညာဉ် မျိုးနွယ်စု၏ အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်သည်။ သူမ၏ မိဘများမှာ စစ်သည်တော်ဘုရားကျောင်းမှ ကိုးဆင့်မြောက် တိုက်ပွဲနတ်ဘုရားများ ဖြစ်ကြသည်။ ဤမျိုးနွယ်စုမှာ ဝမ်ယွမ်ယွမ်နှင့်အတူ ဆုတ်ယုတ်သွားသော်လည်း အနာဂတ်တွင် ၎င်း၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိရန် အလားအလာ အလွန်များသည်။
စစ်မာရှန်း၏ ပါရမီမှာလည်း မဆိုးလှပေ။ ဘုန်းတော်ကြီးတစ်ဦး ဖြစ်သော်လည်း ရူးသွပ်ခြင်းအခြေအနေထဲသို့ ဝင်ရောက်နိုင်သည့် ဘုန်းတော်ကြီး ဖြစ်နေသဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ စစ်သည်တော်ဘုရားကျောင်းရှိ အဆင့်တူ ကျွမ်းကျင်သူများကြား၌ပင် အလွန် အားကောင်းလှသည်။
မည်သို့ပင်ဆိုစေ၊ ဟန်စစ်နှင့် သူ၏အဖွဲ့သည် လုံဟောက်ချန်၏ နတ်ဆိုးအမဲလိုက်အဖွဲ့ကို "အိမ်ရှေ့စံအဖွဲ့"ဟု သီးသန့် ခေါ်ဆိုကြသည်။ အကယ်၍ သူတို့ထဲမှ တစ်ဦးဦးသာ တစ်ခုခုဖြစ်သွားပါက မဟာမိတ်အဖွဲ့ တစ်ခုလုံး ပွက်လောရိုက်သွားပေလိမ့်မည်။
ကျန့်ဖုန်း၏ ဗိုလ်အဆင့် နံပါတ် ၂၁ နတ်ဆိုးအမဲလိုက်အဖွဲ့မှာမူ မျိုးဆက်တူ နတ်ဆိုးအမဲလိုက်အဖွဲ့များကြားတွင် များစွာ ရှေ့ရောက်နေပြီး၊ ပါရမီကို ထည့်မပြောလျှင်ပင် အိမ်ရှေ့စံအဖွဲ့ထက်ပင် များစွာ သန်မာနေပြီ ဖြစ်သည်။ ထို့ပြင် ထိုအဖွဲ့တွင် ကျန့်ဖုန်းကဲ့သို့ အလင်းသားတော် တစ်ယောက် ရှိနေသည်။ အရေးပါမှုအရ ဆိုလျှင် သူတို့သည် အိမ်ရှေ့စံအဖွဲ့ထက် မနိမ့်ကျပေ။
ကျန့်ဖုန်းသည် ဗီလာသိ့ ပြန်ရောက်သောအခါ သူ၏ အဖော်များမှာ နိုးနေကြပြီ ဖြစ်သည်။ ကျန်းရှင်းရန်၊ ဖန်းလီနှင့် မုရုံရှန်းအာတို့သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ဘာတွေပြောနေကြသည်မသိ တိုးတိုးတိုးတိုးဖြင့် စကားပြောနေကြသည်။
ဖန်းလီနှင့် မုရုံရှန်းအာတို့၏ မျက်နှာပေါ်တွင် နောက်ပြောင်လိုသော အပြုံးများ ရှိနေကြပြီး ကျန်းရှင်းရန်၏ လှပသော မျက်နှာလေးမှာမူ အနည်းငယ် နီမြန်းနေကာ တစ်ခုခုကို အတင်းအကျပ် ရှင်းပြနေပုံရသည်။
ကျန့်ဖုန်း ပြန်လာသည်ကို မြင်သောအခါ သုံးယောက်စလုံး စကားဖြတ်လိုက်ကြပြီး သူတို့၏ အကြည့်များမှာ ကျန့်ဖုန်းဆီသို့ စုပြုံရောက်ရှိလာသည်။
ကျန့်ဖုန်းနှင့် ကျန်းရှင်းရန်တို့၏ အကြည့်ချင်း ဆုံမိသွားသောအခါ ကျန့်ဖုန်း၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာပြီး၊ ကျန်းရှင်းရန်မှာမူ သူမ၏ ချစ်စရာကောင်းသော မျက်လုံးလေးများတွင် အလှတရားများ လျှပ်ခနဲ ပေါ်လာကာ ခေါင်းကို အမြန်ငုံ့လိုက်သည်၊ သူမသည် ကျန့်ဖုန်းကို တိုက်ရိုက်ကြည့်ရန် အလွန် ရှက်နေပုံရသည်။
ထို့နောက် ကျန့်ဖုန်းသည် ယောင်လီနှင့် ဝမ်မင်တို့၏ အခန်းတံခါးကို ခေါက်၍ သူတို့ကို အပြင်သို့ ခေါ်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်"
"ဘော့စ်"