ပဉ္စမအဆင့်သို့ ချိုးဖြတ် ဝင်ရောက်ခြင်း (၃)
Vol. 29 Ch. 421
~နင်ချီက ခပ်ရေးရေး ပြုံးလိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
နောက်တစ်ခဏ၌ပင်၊
`ဝုန်း...`
မြည်ဟိန်းသံသဲ့သဲ့နှင့်အတူ ခံ့ညားထည်ဝါလှသော အင်မော်တယ် စံအိမ်တော်ကြီးသည် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ နင်ချီ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေတော့သည်။ နင်ချီက စိတ်အာရုံကို စုစည်းပြီး သေသေချာချာ အာရုံခံလိုက်၏။ ဝိညာဉ်စွမ်းအား တစ်ချက် မှုတ်ထုတ်လိုက်ရုံနှင့် အစစ်အမှန်သိုင်း ခန်းမဆောင်ကို စိတ်တိုင်းကျ ဆင့်ခေါ်နိုင်ပြီ ဖြစ်သလို၊ လိုအပ်ပါက ဟင်းလင်းပြင်
အမှုန်အမွှားများအဖြစ် ပြောင်းလဲပြီး သူကိုယ်တိုင်လည်း ဝင်ရောက် ပုန်းအောင်းနိုင်ပေမည်။
စီနီယာ လိပ်အိုကြီးမှာ ကျောပေါ်တွင် အစစ်အမှန်သိုင်း ခန်းမဆောင်ကြီး မရှိတော့သဖြင့် ဟာတာတာ ဖြစ်ကျန်ရစ်ခဲ့၏။ ၎င်း၏ ကျောပြင်ကြီးမှာ ဗလာကျင်းကာ ကျယ်ပြောလှသည်။ ဝိညာဉ်စွမ်းအားများ လည်ပတ်စီးဆင်းသွားပြီးနောက် ဧရာမ လိပ်ကြီး ပျောက်ကွယ်သွားကာ ကုန်းကွကွ အဘိုးအို တစ်ဦး ကောင်းကင်ယံတွင် ပေါ်လာသည်။ ၎င်းမှာ လိပ်အိုကြီး၏ လူသားပုံစံ အစစ်အမှန်ပင် ဖြစ်ချေသည်။ ယခင်က နင်ချီ မြင်ခဲ့ရသည်မှာ ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်မျှသာ ဖြစ်၏။
သူတို့နှစ်ဦး အကြည့်ချင်းဆုံကာ ပြုံးလိုက်ကြပြီး အစစ်အမှန်သိုင်းတောင်သို့ ဦးတည် ထွက်ခွာလာခဲ့ကြလေသည်။
...
အစစ်အမှန်သိုင်းတောင်။
ရောက်သည်နှင့် နင်ချီက လော့ဝမ်ထျန်းနှင့် တာအိုဆရာ လုံရှန်းတို့ကို အစစ်အမှန်သိုင်း အမွေအနှစ်ကိစ္စအား အကျဉ်းချုံး ရှင်းပြလိုက်၏။ ဂိုဏ်း၏ ဇာစ်မြစ်မှာ ဤမျှလောက် ကြီးကျယ်ခန်းနားကြောင်း၊ သမိုင်းကြောင်း နက်ရှိုင်းကြောင်း သိလိုက်ရချိန်၌ သူတို့နှစ်ဦးစလုံး တုန်လှုပ်သွားကြသလို သွေးတွေလည်း ဆူပွက်လာကြ၏။ အစစ်အမှန်သိုင်းဂိုဏ်းကြီး အစစ်အမှန်သိုင်း အင်မော်တယ်ဂိုဏ်း အဖြစ် ပြောင်းလဲမည့် နေ့ရက်ကို သူတို့ မျှော်လင့်တကြီး စောင့်စားနေမိကြတော့သည်။
နင်ချီက လက်ရှိ အစစ်အမှန်သိုင်းဂိုဏ်းသားများ အသုံးပြုနိုင်မည့် အမွေအနှစ်အချို့ကို လော့ဝမ်ထျန်းအား စီမံခန့်ခွဲရန် လွှဲပြောင်းပေးအပ်လိုက်၏။ လိပ်အိုကြီးနှင့် ဝိညာဉ်သားရဲ တစ်စုကို နေရာချထားပေးပြီးနောက် နင်ချီသည် အစစ်အမှန်သိုင်း ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားလေသည်။
သူ ကျင့်ကြံအားထုတ်ရန် စိတ်စောနေပြီ ဖြစ်ချေ၏။
အတွင်းခန်းမဆောင်။
`(၁၀)` ဆသော အချိန်အရှိန် မြှင့်တင်ထားမှုကြောင့် ပြင်ပကမ္ဘာနှင့် လုံးဝ ကွဲပြားနေ၏။ နင်ချီက ဒီနေရာတွင် ပြင်ပလောကထက် အချိန်စီးဆင်းမှု အလွန်နှေးကွေးနေသည်ဟု ခံစားလိုက်ရ၏။
နင်ချီက စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် မြေကမ္ဘာသွေးကြော အနှစ်သာရများ ပါဝင်သော ရတနာများက သူ့ဘေးတွင် ဝဲပျံလာကြ၏။ တဆက်တည်းမှာပင် အစစ်အမှန်သိုင်း ခန်းမဆောင်၏ စွမ်းအားများ လှိမ့်ဝင်လာပြီး ကြိတ်ဆုံကျောက်ကြီးပမာ နင်ချီ့ကို လွှမ်းခြုံထားလိုက်တော့သည်။
`ဝုန်း... ဝုန်း... ဝုန်း`
မသဲမကွဲ မြည်ဟိန်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် နင်ချီ့ရင်ထဲ၌ ပြိုင်ဘက်ကင်းသော ကြည်နူးမှုတစ်ခုကို ခံစားလိုက်ရ၏။
အစစ်အမှန်သိုင်း ခန်းမဆောင်၏ စွမ်းအားက ကောင်းကင်ဘုံ အထက်မှ မိုးကြိုးလျှပ်စီးများထက်ပင် ပိုမို အာဏာဆန်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ ထိုစွမ်းအားကြောင့် သူ့ဝိညာဉ်စွမ်းအားများမှာ ပိုမိုလျင်မြန်စွာ သန့်စင်သွားကြ၏။ `(၁၀)` ဆသော အချိန်အရှိန်မြှင့်တင်မှုနှင့် ပေါင်းစပ်လိုက်သောအခါ ကျင့်ကြံခြင်း အမြန်နှုန်းမှာ ဒုံးပျံစီးထားသကဲ့သို့ တစ်ဟုန်ထိုး တက်သွားလေတော့သည်။
'ရှယ်ပဲဟေ့'
နင်ချီ့ခေါင်းထဲတွင် ထိုအတွေး တစ်ခုသာ ရှိတော့သည်။
သူ့အဖြစ်က မိုးခေါင်ရေရှားရပ်ဝန်းမှ လူတစ်ယောက် မိုးရေစက်ကို ထိတွေ့လိုက်ရသကဲ့သို့ပင်၊ အားတက်သရောဖြင့် အငမ်းမရ ကျင့်ကြံနေမိ၏။
သူ့ခန္ဓာကိုယ်အတွင်း၌..၊
ဘေလုံး သည် တဖျပ်ဖျပ် လက်လာပြီး မြေကမ္ဘာချီများသည် ထိုနေရာသို့ တဖြည်းဖြည်း စုစည်းလာကြ၏။ ယခင်ကထက် များစွာ ပိုမြန်နေပြီ ဖြစ်၏။
ကမ္ဘာလောကကြီးတွင်တော့ ဘာမှ ထူးထူးခြားခြား ဖြစ်မလာသေး။
သိုင်းသူတော်စင်များက ကမ္ဘာကြီးကို ပြန်လည် ခွဲဝေကြလိမ့်မည် ဟူသော ကောလာဟလများသာ တဖြည်းဖြည်း ပေါက်ကြားနေသော်လည်း ကြီးကြီးမားမား လှုပ်ရှားမှု မရှိသေးပေ။ သို့သော် ကောင်းကင်သတ် သိုင်းသူတော်စင်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီးနောက် နင်ချီ၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ လူတိုင်းက ထိုအကြောင်းကိုသာ ဆွေးနွေးနေကြလေသည်။
နင်ချီကတော့ ထိုအရာများကို စိတ်ထဲ မထားပေ။
သူသည် နေ့စဉ်အချိန်ဇယားကို ပြည့်ကျပ်နေအောင် ဆွဲထားလိုက်၏။
တစ်နေ့လျှင် `(၂)` နာရီ ကြာသော အချိန်ကာလ အပိုင်းအခြား `(၄)` ခုခွဲကာ အစစ်အမှန်သိုင်း ခန်းမဆောင်ထဲတွင် ခန္ဓာကိုယ် နွမ်းနယ်သွားသည်အထိ အချိန်အရှိန်မြှင့် ကျင့်ကြံလေသည်။ ကျန်ရှိသော အချိန်များတွင် "ကမ္ဘာလောက ဟူသည် ငါသာလျှင်တည်း" တာအိုကို သေချာစွာ ဆင်ခြင်သုံးသပ်ပြီး ၎င်း၏ မပြည့်စုံသော အချက်များကို တစ်ဆင့်ပြီး တစ်ဆင့် ပြုပြင်ဖာထေးနေ၏။
နားချိန်ရသည်နှင့် အစစ်အမှန်သိုင်း ခန်းမဆောင်ထဲမှ ရရှိထားသော ကြီးမားများပြားလှသည့် အမွေအနှစ် ဗဟုသုတများကို ဆက်တိုက် လေ့လာမှတ်သားသည်။
ကံကောင်းသည်မှာ သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ နတ်ဘုရားအာရုံသည် ဝိညာဉ်အာရုံ အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်၊ သို့မဟုတ်ပါက မျက်လုံး တစ်လုံးတည်းကိုသာ အားကိုးပြီး လိုက်ဖတ်နေရလျှင် ဘယ်နှစ်နှစ် ကြာမှ ပြီးမည်မသိနိုင်ချေ။
နင်ချီ၏ အခြေခံအုတ်မြစ်မှာ မျက်မြင်ကိုယ်တွေ့ပင် ထူထဲခိုင်မာလာသည်။
သူ့စွမ်းအားများက နေ့စဉ်နှင့်အမျှ တိုးတက်လာပြီး နေ့တိုင်း ထူးခြားသော ရလဒ်များကို ရရှိနေ၏။
မျက်တောင်တစ်ခတ်အတွင်း တစ်လပင် ကုန်ဆုံးသွားချေပြီ။
ထိုနေ့မှာ..၊
နင်ချီသည် အစစ်အမှန်သိုင်း ခန်းမဆောင်၏ အတွင်းခန်းမထဲတွင် တင်ပျဉ်ခွေ ထိုင်နေရင်း ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ သူ့မျက်ဝန်းထဲတွင် ဝမ်းသာအားရ ဖြစ်မှုနှင့်အတူ အရာအားလုံးကို ထိန်းချုပ်နိုင်ပြီဟူသော ယုံကြည်မှုများ ပြည့်နှက်နေ၏။
"မြေကမ္ဘာချီ... ပေါင်းစည်းစမ်း"
တစ်ခဏချင်းစီမှာပင်၊
သူ့ခန္ဓာကိုယ် အတွင်းမှ ဘေလုံးသည် အဝါရောင် အလင်းတန်းများ လင်းလက်လာပြီး ထူထဲသိပ်သည်းသော မြေဓာတ်အလင်းရောင်ကို ထုတ်လွှတ်လိုက်၏။ ပတ်ဝန်းကျင်မှ ဝိညာဉ်ချီများ စုဝေးလာကြပြီး နင်ချီ၏ သန့်စင်မွမ်းမံမှုကြောင့် ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲသွားကြလေသည်။
အရာအားလုံးက ချောမွေ့ပြေပြစ်လွန်းလှသည်။
ဖြတ်လမ်းနည်း သုံးခဲ့ရသည့် ဝိညာဉ် နိုးထခြင်းနေ့ရက်များနှင့် မတူတော့ဘဲ၊ ယခုတစ်ကြိမ်တွင် နင်ချီသည် တစ်ဆင့်ပြီးတစ်ဆင့် ခိုင်မာစွာ တက်လှမ်းခဲ့ခြင်း ဖြစ်ရာ မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ လုံးဝ မရှိခဲ့ပေ။
ပဉ္စမအဆင့် သိုင်းသူတော်စင်အဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေပြီတကား။