နယ်မြေ အရှင်သခင်
Vol. 29 Ch. 422
~တစ်ခဏချင်းစီမှာပင်၊
နင်ချီ့ထံမှ အားကောင်းမောင်းသန် အရှိန်အဝါ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်။ စတုတ္ထ အဆင့်နှင့် ပဉ္စမ အဆင့် သိုင်းသူတော်စင်တို့သည် တစ်ဆင့်တည်းသာ ကွာခြားသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ မိုးနှင့် မြေပမာ ကွာခြားလှပေ၏။ ၎င်းသည် ပြည့်စုံခြင်းနှင့် မပြည့်စုံခြင်းကြားက ကွာဟချက်ပင် ဖြစ်ချေသည်။
ပဉ္စမအဆင့် သိုင်းသူတော်စင် တစ်ပါးသည် ပြီးပြည့်စုံသော ဓာတ်ကြီးငါးပါး ချီစွမ်းအားကို ပိုင်ဆိုင်ထားပြီး အချင်းချင်း ပဲ့တင်ထပ်ကာ အားဖြည့်ပေးနိုင်သည်။ မပြည့်စုံသေးသော ဓာတ် `(၄)` ပါးအဆင့်နှင့် ယှဉ်လျှင် များစွာ သာလွန်ပေသည်။
ထို့အပြင်…၊ ပဉ္စမအဆင့် သိုင်းသူတော်စင်၏ ဝိညာဉ်စွမ်းအား အရည်အသွေးသည်လည်း ပိုမို သန့်စင်မွန်မြတ်လှသည်။
ထိုအချက်များ ပေါင်းစပ်လိုက်သောအခါ ကြီးမားသော ကွာခြားချက် တစ်ခု ဖြစ်ပေါ်လာတော့သည်။ နင်ချီသည် မိမိ၏ စွမ်းအားများ အဆမတန် တိုးတက်လာကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ၏။
ထိုအခိုက်အတန့်၌..၊
နင်ချီသည် သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းကို စိတ်အာရုံဖြင့် ပြန်လည် ဆန်းစစ်ကြည့်လိုက်၏။
ကိုယ်တွင်းကလီစာ `(၅)` ခုစလုံးသည် အရောင်အသွေး စုံလင်စွာဖြင့် လင်းလက် တောက်ပနေတော့သည်။ အဆုတ်က ရွှေဓာတ်၊ အသည်းက သစ်ဓာတ်၊ ကျောက်ကပ်က ရေဓာတ်၊ နှလုံးက မီးဓာတ်နှင့် ဘေလုံးက မြေဓာတ်တို့ကို အသီးသီး သိုလှောင်ထားပြီး ရောင်စုံအလင်းတန်းများ ဝန်းရံကာ သက်ဝင်လှုပ်ရှားနေပေသည်။
အင်္ဂါအစိတ်အပိုင်းများ လုံးဝ ပြီးပြည့်စုံခြင်းသို့ မရောက်ရှိသေးသော်လည်း ဓာတ်ကြီးငါးပါး အနေအထားကမူ စုံလင်သွားပြီ ဖြစ်ချေသည်။
ဤအဆင့်သည် သိုင်းကမ္ဘာ တစ်ခုလုံး လက်ခံနိုင်စွမ်းရှိသည့် အကန့်အသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေသော သိုင်းသူတော်စင် နယ်ပယ်၏ နောက်ဆုံးအဆင့်လည်း ဖြစ်ပေသည်။
ဓာတ်ကြီးငါးပါး ပြည့်စုံခြင်း။
ဤအဆင့်သို့ ရောက်ရှိရန် အခြားသော သိုင်းသူတော်စင်များ အနေဖြင့် နှစ်ပေါင်း တစ်ထောင်ခန့် ကြိုးစားအားထုတ်ရလေ့ ရှိသည်။ ပဉ္စမအဆင့်သို့ ရောက်နေသော တာအိုဆရာ ပိုင်ရှန် ကိုယ်တိုင်ပင်လျှင် ဤကဲ့သို့ ပြည့်စုံသည့် အဆင့်မျိုးသို့ တစ်ခါမှ မရောက်ဖူးခဲ့ပေ။ သို့သော် နင်ချီ့အတွက်မူ ရိုးရှင်းလွန်းနေ၏။
သူ၏ အခြေခံအုတ်မြစ်မှာ အလွန်အမင်း နက်ရှိုင်း ခိုင်မာလှပြီး ဓာတ်ကြီးငါးပါး လမ်းစဉ်နှင့် ပတ်သက်သော နားလည်သဘောပေါက်မှုသည်လည်း သိုင်းသူတော်စင် အဆင့်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်သောကြောင့်တည်း။
ထိုအခိုက်၌..၊
နင်ချီသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆင်ခြင်သုံးသပ်လိုက်၏။ ကမ္ဘာမြေနှင့် ကောင်းကင်ယံကို နားလည်သဘောပေါက်သွားပြီး သူ့မြင်ကွင်းထဲရှိ ဝိညာဉ်ချီမျှင်တန်းများ တစ်ခုချင်းစီ ပြေလျော့ကာ ၎င်းတို့၏ အနှစ်သာရ အစစ်အမှန်များ ပေါ်ထွက်လာတော့သည်။ ဝိညာဉ်ချီမျှင်တန်းတိုင်းတွင် ဓာတ်ကြီးငါးပါး ကိန်းအောင်းနေသည်ကို သူ မြင်တွေ့လိုက်ရ၏။ ဒါသည် အခြေခံအုတ်မြစ် ဖြစ်သလို၊ အနာဂတ်တွင် ဖန်တီးမည့် စည်းမျဉ်းပေါင်းမြောက်မြားစွာ၏ အစလည်း ဖြစ်ပေသည်။
သူ့စိတ်ထဲတွင် ဉာဏ်အလင်းများ တစ်ခုပြီးတစ်ခု ပွင့်လာတော့သည်။
ကိုယ်တွင်းကလီစာ `(၅)` ခုသည်လည်း မရပ်မနား တုန်ခါနေကြ၏။
ယခင်ကတော့ အင်္ဂါအစိတ်အပိုင်း `(၅)` ခုထဲရှိ ဓာတ်ကြီးငါးပါး ချီစွမ်းအားများသည် သီးခြားစီ ရပ်တည်နေခဲ့ကြ၏။ အချင်းချင်း ပဲ့တင်ထပ်မှု ရှိသော်လည်း တစ်ခုနှင့် တစ်ခု ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။
ယခုမူ အခြေအနေက ပြောင်းလဲသွားချေပြီ။
နင်ချီ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် ကလီစာ `(၅)` ခုကြားတွင် တံတားများ ခင်းလိုက်သကဲ့သို့ ဖြစ်သွားကာ သီးခြားဖြစ်နေသော ဓာတ်ကြီးငါးပါးမှာ ချက်ချင်းပင် ဆက်နွှယ် ပေါင်းစပ်သွားကြလေသည်။ 'မင်းထဲမှာ ငါရှိ၊ ငါ့ထဲမှာ မင်းရှိ' ဆိုသော အခြေအနေမျိုး ဖြစ်ပေါ်လာပြီး အဆုံးမဲ့သော ရှင်သန်ခြင်း စွမ်းအားများကို ပေးစွမ်းလာတော့သည်။
`ဝုန်း`
နင်ချီ၏ ခန္ဓာကိုယ် သိမ့်သိမ့်ခါ သွားရလေ၏။
ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများသည် နောက်ထပ်တစ်ဆင့် တိုးတက်သွားပြန်သည်။ ဓာတ်ကြီးငါးပါး ပြည့်စုံသွားပြီးနောက် ဝိညာဉ်စွမ်းအား၏ အရည်အသွေးမှာလည်း ပိုမိုမြင့်မားသော အဆင့်သို့ သန့်စင်သွားခြင်း ဖြစ်ပေသည်။
နင်ချီ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ မျက်ဝန်းထဲတွင် အရောင် `(၅)` မျိုး လှည့်ပတ် စီးဆင်းသွားပြီးမှ တည်ငြိမ်သွားတော့သည်။
နင်ချီ၏ ရင်ထဲတွင် အားရကျေနပ်မှုများ ကျန်ရစ်နေဆဲပင်၊
'နှမြောစရာ ကောင်းလိုက်တာ။ အခု အခြေအနေက သိုင်းကမ္ဘာရဲ့ အကန့်အသတ်ကို ရောက်သွားပြီ။ ဒီထက်ပိုပြီး အဆင့်တက်ချင်တယ်၊ ဒီကမ္ဘာကြီးက လက်ခံထားနိုင်မယ့် အခြေအနေမျိုးလည်း လိုချင်တယ် ဆိုရင်တော့... ကမ္ဘာ့ဆန္ဒရဲ့ စွမ်းအားနဲ့ ပေါင်းစည်းမှပဲ ဖြစ်တော့မယ်'
သူ ကောင်းကောင်းကြီး နားလည်သွားပြီ ဖြစ်၏။
ယနေ့ခေတ်တွင် ကျန်ရှိနေသေးသော တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ်မှ ကျွမ်းကျင်သူများပဲ ဖြစ်ဖြစ်၊ ၎င်းထက် ပိုမြင့်သော နတ်ဘုရား စွမ်းအား နယ်ပယ်မှ ပုဂ္ဂိုလ်များပဲ ဖြစ်ဖြစ်၊ အားလုံးသည် ကမ္ဘာ့ဆန္ဒ၏ 'ခွင့်ပြုချက်' ကို ရယူထားရသူများ ဖြစ်ကြ၏။
[တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ် -တစ်ပိုင်း ခရမ်းရောင် နန်းတော် နယ်ပယ်နဲ့ အခေါ်အဝေါ် အတူတူပါပဲနော်။ ]
အကြောင်းမူကား။
နတ်ဘုရား စွမ်းအား နယ်ပယ် ကျွမ်းကျင်သူများသည် ဤကဲ့သို့ ကမ္ဘာငယ်လေးအတွက် ကြီးမားလွန်းသော ခြိမ်းခြောက်မှုကြီး ဖြစ်နေသောကြောင့်ပင်၊ မတော်တဆ လှုပ်ရှားလိုက်ရုံဖြင့် ပြန်လည် ကုစားမရနိုင်သော ပျက်စီးဆုံးရှုံးမှုများကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။
ထို့ကြောင့် ရှေးခေတ်ကာလများတုန်းက သိုင်းသူတော်စင် တစ်ပါးသည် အကန့်အသတ်ကို ကျော်လွန်သွားသည်နှင့် တပြိုင်နက် နောက်ထပ်ကမ္ဘာတစ်ခုသို့ တက်လှမ်းသွားလေ့ ရှိကြ၏။ ဤသည်မှာ ကမ္ဘာငယ်လေးအနေဖြင့် ဖိအားများကို လျှော့ချရန်အတွက် ထို 'နတ်ဘုရားတု' ကြီးများကို နှင်ထုတ်လိုက်ခြင်း သဘောပင် ဖြစ်၏။ သို့သော် ယခုခေတ်တွင်မူ အထက်သို့ တက်လှမ်းခြင်းသည် ထောင်ချောက်တစ်ခုထဲသို့ ဝင်ရောက်သကဲ့သို့ ဖြစ်နေသလို၊ သိုင်းကမ္ဘာ၏ ကမ္ဘာ့ဆန္ဒ ကိုယ်တိုင်ကလည်း လမ်းကြောင်းကို ပိတ်ဆို့ထားပြီး ဖြစ်ရာ တက်လှမ်းချင်လျှင်ပင် တက်လှမ်း၍ မရနိုင်တော့ပေ။
'ထားလိုက်ပါတော့လေ။ ဓာတ်ကြီးငါးပါး ပြည့်စုံခြင်း အဆင့်ကို ရောက်ရှိပြီး သိုင်းသူတော်စင် နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်လာတာနဲ့တင် ငါ့အတွက် လုံလောက်နေပါပြီ'
နင်ချီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ဓာတ်ကြီးငါးပါး နတ်ဘုရား ဓားချီသည် ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ ဓာတ်ကြီးငါးပါး ဓားအခင်းအကျင်းသည်လည်း ၎င်း၏ အစွမ်းအထက်ဆုံး ပုံစံကို ထုတ်ဖော်နိုင်တော့မည် ဖြစ်၏။ သူ့ခွန်အားသည် စတုတ္ထအဆင့် သိုင်းသူတော်စင် တစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ချေပြီ။
ယခုဆိုလျှင် နတ်ဘုရား စွမ်းအား နယ်ပယ်ဟု ခေါ်ကြသော သူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည် ဆိုလျှင်တောင် သူ ယုံကြည်မှု ရှိနေပြီ ဖြစ်၏။
တစ်နည်းအားဖြင့် ပြောရသော်၊
သိုင်းကမ္ဘာ တစ်ခုလုံးတွင် သူ့ကို ယှဉ်နိုင်သူ မရှိတော့ပေ။
'ကမ္ဘာကြီးရဲ့ ဖိနှိပ်မှု ရှိနေတာ တစ်ခုကတော့ ဆိုးတာပေါ့။ တကယ်လို့များ ငါသာ ဝိညာဉ်နယ်ပယ် မှာ ရှိနေမယ်ဆိုရင် မွေးရာပါ နတ်ဘုရား စွမ်းအားတွေကို စုစည်းပြီး ခရမ်းရောင် နန်းတော် ဖွင့်ဖို့တောင် ကြိုးစားလို့ ရနေပြီ'
နင်ချီ အနည်းငယ် နှမြောတသ ဖြစ်မိလိုက်၏။
သို့သော် သူ လောကြီးမနေပါ။
တစ်ဖက်က ပြန်ကြည့်လျှင်လည်း ဒါသည် ဆိုးကျိုးသက်သက် ဟုတော့ မဆိုနိုင်ပေ။ သာမန်အတိုင်း ရိုးရှင်းစွာ ခရမ်းရောင် နန်းတော် ဖွင့်လှစ်ခြင်းမျိုးကို သူ စိတ်မဝင်စား။ အစစ်အမှန်သိုင်း ဘိုးဘေး တွက်ချက်ထားခဲ့သော အထွတ်အထိပ် နည်းလမ်းက သူ့ကို ဉာဏ်အလင်း တစ်ခု ပေးခဲ့သည်။
နင်ချီသည် ရှေ့လူတို့ တစ်ခါမှ မလျှောက်လှမ်းခဲ့ဖူးသော လမ်းသစ် တစ်ခုကို ဖောက်လုပ်ချင်နေမိ၏။
'မရေမတွက်နိုင်တဲ့ နတ်ဘုရား နည်းစနစ်တွေကို အုတ်မြစ်အဖြစ် ထားပြီး၊ ကမ္ဘာတစ်ခုလုံးကို ခရမ်းရောင် နန်းတော် အဖြစ် ဖန်တီးလိုက်မယ် ဆိုရင်... အဲဒီ အခြေခံအုတ်မြစ်က ကြောက်ခမန်းလိလိ နက်ရှိုင်းသွားလိမ့်မယ်။ အနာဂတ် လမ်းစဉ်ကလည်း အင်မော်တယ် တက်လှမ်းခြင်း `(၄)` ဆင့်နဲ့ နယ်ပယ် `(၈)` ခု ဆိုတာနဲ့ လုံးဝ ကွဲပြားသွားတော့မှာ'
နင်ချီ့တွင် ကြီးမားသော ရည်မှန်းချက် ရှိလေသည်။
ဤသည်မှာ အစစ်အမှန် အင်မော်တယ် လမ်းစဉ် ဖြစ်လာပေလိမ့်မည်။
သို့သော် သူသည် တစ်ဆင့်ပြီး တစ်ဆင့် သွားမှ ဖြစ်ပေမည်။
'အခုလောလောဆယ် အရေးအကြီးဆုံးက "ကမ္ဘာလောက ဟူသည် ငါသာလျှင်တည်း" တာအိုကို အမြန်ဆုံး ပြီးပြည့်စုံအောင် လုပ်ပြီး ကောင်းကင်ဘုံဆီ သွားရမယ်'
နင်ချီသည် အစစ်အမှန်သိုင်း ခန်းမဆောင်ထဲမှ လှမ်းထွက်လာပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ သူ၏ အကြည့်များသည် ကောင်းကင်ကို ထိုးဖောက်မြင်နေရသကဲ့သို့ စူးရှတောက်ပနေသည်။ အစစ်အမှန်သိုင်း ဘိုးဘေး ချန်ထားရစ်ခဲ့သော တာအိုကို လေ့လာရင်း ဘိုးဘေး၏ ပါရမီ ထူးကဲပုံကို လေးစားမိသော်လည်း သေချာ စိစစ်ကြည့်သောအခါ ထိုနည်းလမ်းတွင် အကြမ်းဖျင်း အချက်များစွာ ရှိနေသေးသည်ကို တွေ့ရှိခဲ့ရ၏။
တစ်နည်းအားဖြင့် ပြောရလျှင် အစစ်အမှန်သိုင်း ဘိုးဘေးသည် ယေဘုယျ သဘောတရားနှင့် အကြမ်းဖျင်း စီမံချက်ကိုသာ ချမှတ်ပေးခဲ့ခြင်း ဖြစ်သည်။
အသေးစိတ် အချက်အလက်များကိုမူ နောက်မျိုးဆက်များက ဆက်လက် ဖြည့်စွက် ပြုပြင်ရမည်သာ။
နင်ချီသည် မိမိ၏ လက်ရှိ အခြေအနေနှင့် ကိုက်ညီအောင် တစ်ဆင့်ချင်း တွက်ချက် ပြင်ဆင်နေ၏။
'ကမ္ဘာလောက ဟူသည် ငါသာလျှင်တည်း... ဒါပေမဲ့ ငါက ကမ္ဘာလောက မဟုတ်ဘူး။ ဒါကမှ ငါ လိုချင်တဲ့ ပုံစံပဲ။ ငါ လျှောက်မယ့် လမ်းစဉ်ကို အထွတ်အထိပ် နည်းလမ်းလို့ ခေါ်တာထက် ပြိုင်ဘက်ကင်း လမ်းစဉ်သစ် လို့ ခေါ်ရင် ပိုမှန်လိမ့်မယ်'
ထိုအတွေး ဝင်လာသည်နှင့် နင်ချီ၏ စိတ်အာရုံများ ကြည်လင်
ပြတ်သားသွားပြီး အတိုင်းအဆမဲ့သော ယုံကြည်မှုများ ရင်ထဲသို့ တိုးဝင်လာတော့သည်။
သူ့အနာဂတ် လမ်းခရီးကို သေသေချာချာ မြင်တွေ့လိုက်ရပြီ ဖြစ်၏။
သူသည် သိုင်းကမ္ဘာကို အခြေစိုက်စခန်းအဖြစ် အသုံးပြုကာ ကမ္ဘာ့ဆန္ဒနှင့် ပေါင်းစည်းထားသော ကျင့်ကြံခြင်း စနစ်တစ်ခုကို တည်ထောင်မည် ဖြစ်သည်။ အင်မော်တယ် လမ်းစဉ်ကို အမှီပြုထားသော်လည်း လုံးဝ ကွဲပြားခြားနားသော ပုံစံသစ် တစ်ခု ဖြစ်လာပေလိမ့်မည်။
'တစ်နေ့ကျရင်... ငါ ဒီသိုင်းကမ္ဘာကို ဝိညာဉ်ကမ္ဘာ ဖြစ်အောင် ပြောင်းလဲပစ်မယ်။ အဲဒီကနေမှ ဒဏ္ဍာရီထဲက အထွတ်အထိပ် အင်မော်တယ် ကမ္ဘာကြီး ဖြစ်လာအောင် လုပ်ပစ်မယ်။ အဲဒီအချိန်ကျရင် ငါ့ရှေ့က ဘယ် အစစ်အမှန် အင်မော်တယ် မဆို ပြောပလောက်တဲ့ အဆင့် ရှိတော့မှာ မဟုတ်ဘူး'
နင်ချီ၏ မျက်လုံးများတွင် ပြင်းပြသော ဆန္ဒများ တောက်လောင်နေပြီး စိတ်ကူးအကြံအစည် ပေါင်းများစွာ သူ့ခေါင်းထဲတွင် နေရာယူလာကြလေတော့သတည်း။