← Chapters

နယ်မြေ အရှင်သခင် (၂)

Vol. 29 Ch. 423

နယ်မြေ အရှင်သခင် (၂)

Vol. 29 Ch. 423

~တောင်နှင့် ပင်လယ် နယ်မြေ၏ ခြိမ်းခြောက်မှုက ကြောက်စရာ ကောင်းသည်မှာ အမှန်ပင်၊ သို့သော် နင်ချီ့တွင် ၎င်းကို ဖြေရှင်းနိုင်မည့် ယုံကြည်ချက် အပြည့်ရှိနေ၏။

နင်ချီသည် ဉာဏ်အလင်း လက်ဖက်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ကာ တာအိုကို ဆက်လက် တွက်ချက်နေ၏။ ယခုအချိန်တွင် ကျင့်ကြံခြင်းအတွက် သက်သက် အချိန်ပေးစရာ မလိုတော့သဖြင့် ကမ္ဘာအခြေပြု ကျင့်ကြံခြင်း စနစ်သစ်ကို ဖော်ထုတ်ရန် အချိန်ပို ရလာခြင်း ဖြစ်၏။

ဝိညာဉ်အလင်းတန်းများသည် ရေကြီးရေလျှံ မြစ်တစ်စင်းပမာ တရိပ်ရိပ် တက်လာကြ၏။

"ဒီ ကျင့်ကြံခြင်း စနစ်သစ်ကို ခဏလောက် ဘေးဖယ်ထားလိုက်မယ်။ ပထမအဆင့်ကတော့ သံသယ ဖြစ်စရာ မလိုဘူး။ ကမ္ဘာကြီးနဲ့ ပေါင်းစည်းပြီး ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားမယ်... ပြီးရင် နယ်မြေ အရှင်သခင် ဖြစ်လာမယ်။ ဒါကြောင့် ဒီအဆင့်ကို 'နယ်မြေ အရှင်သခင် နယ်ပယ်' လို့ပဲ ခေါ်လိုက်တော့မယ်။ အင်မော်တယ် လမ်းစဉ် ကျင့်ကြံခြင်း စနစ်နဲ့ မတူတော့တဲ့အတွက် ဒါကို 'နယ်မြေ အရှင်သခင် ကျင့်ကြံခြင်း စနစ်' လို့ အမည်ပေးတာ ပိုမှန်လိမ့်မယ်"

"ငါ့ တွက်ချက်မှုသာ မှန်မယ်ဆိုရင်... နယ်မြေ အရှင်သခင် နယ်ပယ်က ခရမ်းရောင် နန်းတော် နယ်ပယ်ထက် အများကြီး သာလွန်နေလိမ့်မယ်။ အင်မော်တယ် လမ်းစဉ် စနစ်ထဲက မူလဝိညာဉ် နယ်ပယ်နဲ့တောင် ယှဉ်လို့ ရနိုင်တယ်"

အစစ်အမှန်သိုင်း အမွေအနှစ်ကို ရရှိထားခြင်းကြောင့် နင်ချီ့တွင် ကိုးကားစရာ အုတ်မြစ်များစွာ ရှိနေ၏။ သူ့သုံးသပ်ချက်က ရာနှုန်းပြည့် မမှန်ကန်နိုင်သေးလျှင်တောင် အမှန်တရားနှင့် အလွန် နီးစပ်နေပြီ ဖြစ်၏။

နင်ချီ့ ရင်ထဲတွင် ယုံကြည်မှုများ ပြည့်နှက်နေ၏။

နယ်မြေ အရှင်သခင် ကျင့်ကြံခြင်း စနစ်၏ ပထမ အဆင့်ကိုသာ ပြီးပြည့်စုံအောင် ဖန်တီးနိုင်လိုက်ပါက တောင်နှင့် ပင်လယ် နယ်မြေမှ လက်ရှိ ကျရောက်နေသော ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်ပေလိမ့်မည်။

သူသည် စိတ်ကို နှစ်မြှုပ်ကာ အာရုံစူးစိုက်လိုက်၏။

ဝိညာဉ်အလင်းတန်းများသည် ရေတံခွန်ပမာ ဖြာကျလာတော့သည်။

"နယ်မြေ အရှင်သခင် ဖြစ်လာဖို့ဆိုရင် ကမ္ဘာ့ဆန္ဒနဲ့ ပေါင်းစည်းရမယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ မူလရပ်တည်ချက်နဲ့ လွတ်လပ်မှုကို ဘယ်လို ထိန်းသိမ်းထားမလဲ ဆိုတာက စိန်ခေါ်မှုပဲ။ ဖြစ်နိုင်တာကတော့... ဝိညာဉ် ကို နှစ်ပိုင်းခွဲလိုက်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်"

"နယ်မြေ အရှင်သခင် နယ်ပယ်နဲ့ ခရမ်းရောင် နန်းတော် နယ်ပယ်က ဆင်တူတဲ့ အချက်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ နယ်မြေ အရှင်သခင် နယ်ပယ်မှာက ကမ္ဘာကြီးရဲ့ ဝိညာဉ်စွမ်းအားကို အရန်သင့် သုံးလို့ ရတဲ့ အားသာချက် ရှိတယ်။ ခရမ်းရောင် နန်းတော် နယ်ပယ်က ဒါကို ဘယ်လိုမှ ယှဉ်လို့မရဘူး။ ကမ္ဘာ့ မူလအစကို အမှီပြုထားတဲ့အတွက် မွေးရာပါ နတ်ဘုရား နည်းစနစ်တွေ ရလာဖို့ကလည်း သိပ်မခက်ဘူး..."

"ခရမ်းရောင် နန်းတော် ဖွင့်တဲ့ နက်ရှိုင်းတဲ့ နည်းလမ်းတွေကို ကိုးကားလို့ ရနိုင်တယ်"

စိန်ခေါ်မှု များစွာသည် သူ့ခေါင်းထဲသို့ ဝင်ရောက်လာပြီးနောက် လျင်မြန်စွာပင် အဖြေ ပေါ်သွားကြ၏။

မည်သူမျှ မသိလိုက်ပါဘဲ... ရှေ့လူတို့ တစ်ခါမှ မစဉ်းစားမိခဲ့သော ကျင့်ကြံခြင်း စနစ်သစ် တစ်ခုသည် နင်ချီ၏ လက်ထဲတွင် တဖြည်းဖြည်း ပုံပေါ်လာနေလေပြီ။

အစစ်အမှန်သိုင်း ဘိုးဘေး ကိုယ်တိုင်ပင် ဤအချက်ကို မျှော်လင့်ခဲ့မိမည် မဟုတ်ပေ။ "ကမ္ဘာလောက ဟူသည် ငါသာလျှင်တည်း" တာအိုကို စတင် ဖန်တီးခဲ့စဉ်က ဝိညာဉ်ကမ္ဘာကြီးနှင့် ပေါင်းစည်းပြီး သက်တမ်းရှည်ရှည် နေသွားရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ ဤတာအိုသည် နင်ချီ၏ လက်ထဲရောက်မှ တကယ် အစွမ်းပြလာလိမ့်မည်ဟု သူ ဘယ်လိုလုပ် သိနိုင်ပါမည်နည်း။

သို့သော်လည်း အစစ်အမှန်သိုင်း ဘိုးဘေးသည် နင်ချီ့အတွက် အချိန်များစွာ သက်သာစေခဲ့သည်မှာ ငြင်းမရပေ။

မဟုတ်ပါက နင်ချီအနေဖြင့် သုညမှ စတင် စဉ်းစားရမည်ဆိုလျှင် ဆယ်စုနှစ်များစွာ၊ ရာစုနှစ်များစွာပင် ကြာမြင့်သွားနိုင်သည်။

ယခုမူ။

ရှေ့လူတို့၏ ပခုံးပေါ်တွင် ရပ်လျက်... အဟုန်ပြင်းစွာ ခရီးဆက်နိုင်ခဲ့ပြီ ဖြစ်ချေသည်။

...

သိုင်းကမ္ဘာတွင် ကမောက်ကမ ဖြစ်ရပ်များ စုဝေးလာနေ၏။

ဝိညာဉ် နိုးထခြင်း ပြီးနောက် အကျိုးဆက်များ တဖြည်းဖြည်း ပေါ်ပေါက်လာရာ ကမ္ဘာကြီးကို မဟာယန် မင်းဆက် တစ်ခုတည်းက လွှမ်းမိုးထားနိုင်ခြင်း မရှိတော့ပေ။ ရှေးဟောင်း သူတော်စင်များအတွက် သတ်မှတ်ပေးထားသော ကိုယ်ပိုင်နယ်မြေများသည်လည်း ကမ္ဘာကြီး ပြောင်းလဲသွားပြီးနောက် အဆမတန် ကျယ်ဝန်းလာခဲ့သည်။

ရှေးဟောင်း သူတော်စင်များသည် သူတို့၏ ကျင့်ကြံခြင်း အဆင့်များ အထွတ်အထိပ်သို့ ပြန်ရောက်လာကြသည်နှင့်အမျှ ယုံကြည်မှုများလည်း မြင့်တက်လာကြပြီး၊ ထိုကိုယ်ပိုင် နယ်မြေလောက်နှင့် ကျေနပ်ရောင့်ရဲခြင်း မရှိကြတော့ပေ။

အချို့ ရှေးဟောင်း သူတော်စင်များက ပူးပေါင်းကာ နိုင်ငံများ၊ ဂိုဏ်းများ တည်ထောင်ကြပြီး တစ်ချိန်က မဟာယန် မင်းဆက် ပိုင်ဆိုင်ခဲ့သော ကျယ်ပြောလှသည့် ဒေသများကို ဝါးမြိုပစ်လိုက်ကြ၏။

ဒီကိစ္စနှင့် ပတ်သက်ပြီး။

မဟာယန် မင်းဆက်မှ သိုင်းသူတော်စင်များကလည်း နှုတ်ဆိတ် နေလိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီး ပြောင်းလဲသွားပြီးနောက် မဟာယန် မင်းဆက် အနေဖြင့် ဤမျှ ကျယ်ဝန်းသော နယ်မြေများကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ကြောင်း သေချာနေသောကြောင့်ပင်၊ နေရာ အများအပြားသည် နန်းတွင်းနှင့် အဆက်အသွယ် ပြတ်တောက်နေကြပြီ ဖြစ်၏။ ထို့ကြောင့် သူတို့ဘက်က မျက်နှာသာ ပေးလိုက်သည့် သဘော သက်ရောက်သွားစေရန် လွှတ်ထားပေးလိုက်ခြင်း ဖြစ်သည်။

တစ်ခဏအတွင်းမှာပင်၊

ကမ္ဘာ့ အင်အားကြီး အဖွဲ့အစည်းများ ဖဲချပ်ဝေသလို ပြန်လည် နေရာချထားခြင်း ခံလိုက်ရ၏။

မင်းဆက်သစ် အများအပြား ပေါ်ပေါက်လာကြ၏။ မဟာယန် မင်းဆက်လောက် အင်အား မကြီးမားသော်လည်း လျှော့တွက်လို့မရသော အနေအထားများ ဖြစ်ကြ၏။

"မဟာယွီ မင်းဆက် ဟုတ်လား"

နင်ချီက ထိုနာမည်ကို ရေရွတ်ရင်း မျက်ခုံးပင့်လိုက်မိ၏။

တာအိုဆရာ ပိုင်ရှန် ပြောပြဖူးသော ယွီဘုရင် ပုလဲ၏ ဇာစ်မြစ်ကို သူ သတိရသွားသည်။ ယခင်က မိစ္ဆာဂိုဏ်း သည် မဟာယွီ မင်းဆက်၏ အကြွင်းအကျန်များက တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သူ သိထားသည်။ ယခု မဟာယွီ မင်းဆက်ကို ပြန်လည် တည်ထောင်လိုက်သူက မိစ္ဆာဂိုဏ်းကို သူ ဖျက်ဆီးပစ်ခဲ့ကြောင်း သိ၊ မသိတော့ သူ မသေချာ။ တကယ်လို့များ သိသွားခဲ့ရင်တော့ တစ်ခုခု ပြောလာနိုင်စရာ ရှိသည်။

သို့သော် နင်ချီက ချက်ချင်းပင် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်၏။ သူ့လက်ရှိ စွမ်းအားသည် သိုင်းကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်ရာ သူ့အမြင်အာရုံသည် သိုင်းကမ္ဘာ အတွင်း၌သာ ကျဉ်းမြောင်း မနေတော့ပေ။

မည်သို့ပင်ဆိုစေကာမူ သိုင်းကမ္ဘာ အတွင်း၌ လှိုင်းဂယက်များ ထနေသည်မှာတော့ အမှန်ပင်၊

သိုင်းသူတော်စင်များသည် သီးခြားနေမနေကြတော့ဘဲ တစ်ပါးပြီးတစ်ပါး ပေါ်ထွက်လာကြ၏။ ဝိညာဉ် နိုးထခြင်း ဖြစ်ပေါ်ပြီးနောက် သိုင်းပညာရှင်များသည် ကျင့်ကြံရ လွယ်ကူလာသည်ကို သတိထားမိလာကြပြီး အဆင့်အသီးသီးမှ သိုင်းပညာရှင်များ အများအပြား ပေါ်ထွက်လာကြ၏။ ရာစုနှစ်ချီမှ တစ်ခါ တွေ့ရခဲသော သိုင်းပညာ ပါရမီရှင်များလည်း မှိုလို ပေါက်လာကြ၏။

ကမ္ဘာကြီးသည် ရွှေခေတ်တစ်ခေတ်သို့ ရောက်ရှိလာပြီဟု ယုံကြည်ကာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။

သို့သော် မကောင်းသော အသံများလည်း ထွက်ပေါ်နေ၏။

ကမ္ဘာ့ပြင်ပမှ အလွန် အင်အားကြီးမားသော ရန်သူများ ကျူးကျော်လာတော့မည် ဖြစ်ကြောင်း၊ ရှေးဟောင်း သူတော်စင်များ ပေါ်ထွက်လာရခြင်းမှာ ထိုရန်သူများကို ရင်ဆိုင်ရန် ဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။

ဤကောလာဟလကြောင့် လူအများ ထိတ်လန့်သွားကြ၏။

ဒါသည် ရှေးဟောင်း သူတော်စင်များက တောင်နှင့် ပင်လယ် နယ်မြေ ရှိနေကြောင်းကို တဖြည်းဖြည်း သတင်းလွှင့်ပေးနေခြင်း ဖြစ်ကြောင်း နင်ချီ သိလိုက်၏။ သိုင်းကမ္ဘာသားများ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်ရန် ရည်ရွယ်ပုံရ၏။

အသက်အဆိပ် ရှိနေခြင်းကြောင့် အချို့အရာများကို ရှင်းပြရ ခက်ခဲနေ၏။

သိုင်းသူတော်စင်များ အနေဖြင့် ကမ္ဘာကြီး ပရမ်းပတာ ဖြစ်သွားမည်ကို စိုးရိမ်နေကြပုံလည်း ရ၏။

နယ်မြေ အရှင်သခင် ကျင့်ကြံခြင်း စနစ်ကို တွက်ချက်နေရင်း တစ်ဖက်ကလည်း နင်ချီသည် အစစ်အမှန်သိုင်းဂိုဏ်း၏ အင်အားကို မြှင့်တင်ရန် ကြိုးပမ်းနေ၏။

အစစ်အမှန်သိုင်း အမွေအနှစ်ကို ရရှိထားပြီးနောက်၊

စစ်မှန်သော အင်မော်တယ် လမ်းစဉ် ကျင့်ကြံခြင်း စနစ်ဖြင့် အစစ်အမှန်သိုင်း ဂိုဏ်းသား လူငယ်များသည် ဤလမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ကြပြီး ပိုမို ခိုင်မာသော အုတ်မြစ်ကို ချနိုင်ကြပေမည်။

အမွေအနှစ်များထဲတွင် ကျင့်ကြံခြင်း လျှို့ဝှက်နည်းစနစ်များ အပြင် အခင်းအကျင်း၊ ဆေးပညာနှင့် လက်နက် ဖန်တီးခြင်း စသည့် အထောက်အကူပြု ပညာရပ်များလည်း ပါဝင်လေသည်။ နင်ချီသည် နယ်မြေ အရှင်သခင် ကျင့်ကြံခြင်း စနစ်ကို ဖော်ထုတ်ရန် အာရုံစိုက်နေရသော်လည်း ဝိညာဉ်ဆေးလုံးများ ဖော်စပ်ရန် အချိန်အနည်းငယ် ပေးရသည်မှာ ပြဿနာ မရှိပေ။

ကောင်းကင်ဘုံတက်လှမ်း ဆေးလုံး တစ်လုံးတည်းဖြင့် ကောင်းကင်ဘုံလူသား နယ်ပယ် သိုင်းပညာရှင် တစ်ဦးအား ကောင်းကင်ဘုံလူသား နယ်ပယ် ပြည့်စုံခြင်း အဆင့်သို့ ရောက်သွားစေနိုင်သည်ကို ကြည့်လျှင် ထိုဆေးလုံး၏ အသုံးဝင်ပုံကို ခန့်မှန်းနိုင်သည်။

အစစ်အမှန်သိုင်း ဂိုဏ်းသားများ၏ စွမ်းရည်ကို အမြန်ဆုံး မြှင့်တင်ပေးရန်အတွက် ဝိညာဉ်ဆေးလုံးများသည် အကောင်းဆုံး နည်းလမ်းပင်၊

အစစ်အမှန်သိုင်း အမွေအနှစ်ထဲတွင် ဆေးနည်းပေါင်းမြောက်မြားစွာ ပါဝင်ပြီး ဖြစ်ရာ နင်ချီ အနေဖြင့် အနည်းငယ် မွမ်းမံလိုက်ရုံဖြင့် လုံလောက်သည်။ ကမ္ဘာကြီး ပြောင်းလဲသွားပြီးနောက် ဝိညာဉ်ဆေးပင်များ အများအပြား ပေါက်ရောက်လာပြီး အစစ်အမှန်သိုင်း ဂိုဏ်းပိုင် နယ်မြေထဲတွင်လည်း များစွာ စုဆောင်းထားပြီး ဖြစ်၏။ နင်ချီသည် ၎င်းတို့ကို ဝိညာဉ်ဆေးလုံးများအဖြစ် ဖော်စပ်လိုက်ရာ သူနှင့် ရင်းနှီးသူများအတွက် လုံလောက်သည်ထက်ပင် ပိုလျှံနေလေသည်။

ဒါ့အပြင်။

အစစ်အမှန်သိုင်း ခန်းမဆောင်၏ အချိန်အရှိန်မြှင့်တင်ပေးထားမှုလည်း ရှိသေးသည် မဟုတ်ပါလော။

နင်ချီသည် လျှို့ဝှက်မနေခဲ့ပါ။

သူ့ဆရာ၊ စီနီယာ အစ်ကိုကြီးများနှင့် အခြားသူများကို အတွင်းခန်းမဆောင်ထဲသို့ ခေါ်ဆောင်ပြီး ကျင့်ကြံစေခဲ့သည်။ သို့သော် အစစ်အမှန်သိုင်း ခန်းမဆောင် ရှိနေကြောင်း မပေါက်ကြားစေရန် ရတနာ၏ ဇာစ်မြစ်ကိုတော့ အသေးစိတ် ရှင်းမပြခဲ့ပေ။

ထို့အပြင် အစစ်အမှန်သိုင်း အမွေအနှစ်မှ အစွမ်းထက်သော လျှို့ဝှက်နည်းစနစ်များလည်း ရှိသေးသည်။

လော့ဝမ်ထျန်းနှင့် အခြားသူများ၏ စွမ်းအားသည် တစ်နေ့လျှင် မိုင်ထောင်ချီ ခရီးပေါက်သကဲ့သို့ တိုးတက်လာခဲ့ပါသည်။

ယခုဆိုလျှင် သူတို့ထဲမှ ထက်ဝက်ခန့်သည် ဒုတိယအဆင့်ဖြစ်သော သိမြင်ခြင်း နယ်ပယ် သို့ ရောက်ရှိနေကြပြီ ဖြစ်၏။ သိုင်းကမ္ဘာ ကျင့်ကြံခြင်း စနစ်အရ ဆိုလျှင်တော့ ကောင်းကင်ဘုံလူသား နယ်ပယ် ပင် ဖြစ်ပါသည်။

အခြားသော အစစ်အမှန်သိုင်း ဂိုဏ်းသားများ၏ စွမ်းရည်သည်လည်း လျင်မြန်စွာ တိုးတက်လာကြ၏။

လက်ရှိ အစစ်အမှန်သိုင်းဂိုဏ်းတွင် အရင်းအမြစ်များ၊ တာအို နည်းလမ်းများနှင့် ဆရာကောင်းများ အစုံအလင် ရှိနေပြီ ဖြစ်ရာ လျင်မြန်စွာ မတိုးတက်လာလျှင်သာ ထူးဆန်းနေပေလိမ့်မည်။

သို့သော်။

ဤပြောင်းလဲမှု အားလုံးကို အစစ်အမှန်သိုင်း ဂိုဏ်းသားများသာ သိရှိကြ၏။

ဝိညာဉ် နိုးထခြင်း ဖြစ်ပေါ်ပြီးကတည်းက အစစ်အမှန်သိုင်းဂိုဏ်းသည် ဂိုဏ်းတံခါး ပိတ်ထားခဲ့ပြီး ပြင်ပလူများ ဝင်ထွက်ခွင့် မပြုခဲ့ပေ။ မူလက နင်ချီသည် အုတ်မြစ် ခိုင်မာစေရန်အတွက် အစစ်အမှန်သိုင်း ဓားကျောက်တိုင်နှင့် တာအို တစ်သောင်း မျှော်စင်ကို လိုအပ်ခဲ့သော်လည်း ယခု အစစ်အမှန်သိုင်း အမွေအနှစ် ရရှိပြီးနောက်တွင်မူ ထိုအရာများက သိပ်မလိုတော့သလို ဖြစ်နေ၏။

သို့သော် နင်ချီက ထိုလမ်းကြောင်းကို စွန့်လွှတ်လိုက်ခြင်း မရှိပေ။

သတ္တဝါအားလုံး၏ ဉာဏ်ပညာကို စုစည်းပြီး ရှေ့ဆက်ခြင်းသည် သူ့အမြင့်ဆုံးအဆင့် ဉာဏ်အလင်းနှင့် ပေါင်းစပ်ရန် သူ မူလက ရည်မှန်းထားသော နည်းလမ်းကောင်း ဖြစ်၏။ အစစ်အမှန်သိုင်း ဓားကျောက်တိုင်နှင့် တာအို တစ်သောင်း မျှော်စင်တို့၏ လက်တွေ့ အကျိုးဖြစ်ထွန်းမှုက သူ့အတွေးအခေါ် မှန်ကန်ကြောင်း သက်သေပြခဲ့ပြီးပြီ။ ယခု နယ်မြေ အရှင်သခင် ကျင့်ကြံခြင်း စနစ်ကို ဖော်ထုတ်ရန် ကြံစည်နေချိန်တွင် ဤအရာနှစ်ခုသည် ပိုလို့ပင် အသုံးဝင်လာဦးမည်။

နင်ချီ့စိတ်ထဲတွင် သတ္တဝါအားလုံး၏ ဉာဏ်ပညာကို ပိုမို ထိရောက်စွာ အသုံးချနိုင်မည့် နည်းလမ်းပေါင်းများစွာ ရှိနေ၏။ လက်ရှိ အစစ်အမှန်သိုင်း ဓားကျောက်တိုင် နည်းလမ်းထက် ပိုမို ထိရောက်မည့် နည်းလမ်းများ ဖြစ်၏။

သို့သော် ထိုအရာအားလုံးကို သူ နယ်မြေ အရှင်သခင် ဖြစ်လာပြီး ပြင်ပရန်သူများကို နှိမ်နင်းပြီးမှသာ တစ်ဆင့်ချင်း ဆက်လုပ်သွားရပေမည်။

သို့မဟုတ်ပါက ရေပေါ်အရုပ် ရေးသကဲ့သို့ ဖြစ်နေလိမ့်မည်။

နင်ချီ မလောပါ။ ထမင်းတစ်လုပ် စားပြီးမှ တစ်လုပ် မျိုရသကဲ့သို့ အလောတကြီး လုပ်၍ မဖြစ်ကြောင်း သူ နားလည်ထားသည်။

...

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ။

ကမ္ဘာ့ပြင်ပမှ ရန်သူများအကြောင်း ကောလာဟလများသည် ပိုမို ပြင်းထန်လာခဲ့သည်။

"ကမ္ဘာ့ပြင်ပက ရန်သူတွေက အရမ်း အစွမ်းထက်တယ်တဲ့။ ငါတို့တွေ ယှဉ်နိုင်မယ့် အနေအထားမျိုး မဟုတ်ဘူးတဲ့။ သူတို့က ရန်လိုတဲ့သဘော မရှိပါဘူး၊ ငါတို့ကမ္ဘာကြီး သန်မာလာအောင် ကူညီချင်ရုံ သက်သက်ပါတဲ့။ ဒါပေမဲ့ သိုင်းသူတော်စင်တွေက သူတို့ကို ဝင်မလာနိုင်အောင် တားဆီး ပိတ်ပင်ထားကြတယ်တဲ့လေ"

ဒီကောလာဟလသည် ယုတ္တိမရှိသော်လည်း ယုံကြည်သူ အများအပြား ရှိနေကြ၏။

ကမ္ဘာအနှံ့တွင် သိုင်းသူတော်စင်များနှင့် ပတ်သက်သော မလိုတမာ ထင်ကြေးပေးမှုများ ထွက်ပေါ်လာသည်။ အကယ်၍သာ အကြွင်းမဲ့ အာဏာဖြင့် ဖိနှိပ်ထားခြင်း မရှိပါက ပရမ်းပတာ အဓိကရုဏ်းများ ဖြစ်ပွားနေလောက်ပြီ။

သို့သော် ထိုသို့ ဖိနှိပ်ထားသည့်ကြားမှပင်၊

ကမ္ဘာကြီးသည် မငြိမ်မသက် ဖြစ်နေဆဲ။

"ရှေးဟောင်း သူတော်စင်တွေထဲမှာ သစ္စာဖောက်ပြီး ပူးပေါင်းချင်နေတဲ့သူ ရှိပုံရတယ်။ ဒါက အခြေအနေကို စမ်းကြည့်တဲ့ သဘောပဲ။ ဒီသစ္စာဖောက်က ရာထူးရော စွမ်းအားပါ မသေးဘူး ဖြစ်မယ်။ မဟုတ်ရင် ဒီလို အခြေအနေမျိုး ဖြစ်လာအောင် ဖန်တီးနိုင်မှာ မဟုတ်ဘူး"

နင်ချီသည် ထိုသတင်းကို ကြားသော်လည်း တည်ငြိမ်သော အကြည့်ဖြင့် သုံးသပ်လိုက်၏။

သူ့ကို အချိန်နည်းနည်းလောက်သာ ထပ်ပေးပါ။

နယ်မြေ အရှင်သခင် ကျင့်ကြံခြင်း စနစ်၏ ပထမအဆင့်ကို အောင်မြင်စွာ ဖော်ထုတ်နိုင်လိမ့်မည်။ ပြီးလျှင် ကောင်းကင်ဘုံသို့ သွားရောက်ပြီး ကမ္ဘာ့ဆန္ဒနှင့် ပေါင်းစည်းမည်။

ထိုအချိန်ကျလျှင်၊

ဘယ်လို သစ္စာဖောက်မျိုးမဆို သူ့ရှေ့မှာ လူပြက်ကလေးတွေ ဖြစ်သွားစေရမည်။

သို့သော် ရုတ်တရက် ရောက်လာသော သတင်းတစ်ခုက နင်ချီ၏ အစီအစဉ်ကို ဖျက်ဆီးလိုက်လေသည်။

နောက် `(၇)` ရက် အတွင်း၊

ကောင်းကင်ဘုံ တောင်ထွတ် တွင် သိုင်းသူတော်စင်များ အစည်းအဝေး ကျင်းပမည်တဲ့။

All Chapters