← Chapters

သူတော်စင် (၁၀၀) စုဝေးပွဲနှင့် မိတ်ဟောင်းဆွေဟောင်းများ (၂)

Vol. 29 Ch. 425

သူတော်စင် (၁၀၀) စုဝေးပွဲနှင့် မိတ်ဟောင်းဆွေဟောင်းများ (၂)

Vol. 29 Ch. 425

~လူအတော်များများ သိထားကြသည်မှာ ကောင်းကင်ဘုံဓားသခင် သိုင်းသူတော်စင် သည် အေးစက်စက်နိုင်ပြီး ဂရုမစိုက်တတ်သူ တစ်ဦး ဖြစ်သည် ဟူ၍ပင်၊

ယနေ့မှသာ လူအများစုသည် သူ့ကို ပထမဆုံးအကြိမ် လူကိုယ်တိုင် မြင်ဖူးကြခြင်း ဖြစ်၏။

အချို့ သိုင်းသူတော်စင်များကတော့ သူ့ပုံစံကို ကြည့်ပြီး အစပိုင်းတွင် မကျေမနပ် ဖြစ်ခဲ့ကြသော်လည်း၊ ယနေ့ သူ့အမူအရာကို မြင်လိုက်ရသောအခါ ကောလာဟလများသည် အမှန်တကယ် မှန်ကန်နေကြောင်း လက်ခံလိုက်ရတော့သည်။

နင်ချီ၏ အကြည့်များသည် တည်ငြိမ်နေပြီး မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်တို့ `(၃)` ဦးအား ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်၏။ သို့သော် ထိုမျှလောက်နှင့်ပင် သူတို့ `(၃)` ဦးမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး ဘေးလူများ၏ အားကျသော အကြည့်များအလယ်တွင် ရင်ကော့ခေါင်းမော့ ရှိနေကြလေသည်။

နင်ချီ့စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်မိ၏။

ဓားမ မိစ္ဆာ၊ ချင်ယွင်နှင့် အခြားသူများကမူ အနည်းငယ် အနေခက်နေကြ၏။ ဤနေရာတွင် သူတို့ထက် သာလွန်သော စွမ်းအားရှင်များ များပြားလွန်းနေသည် မဟုတ်ပါလော။

နင်ချီသည် သူတို့ `(၃)` ဦးကို ဦးဆောင်ပြီး ကောင်းကင်ဘုံ တောင်ထွတ်ပေါ်သို့ ဆင်းသက်လိုက်၏။

ကုန်းကွကွ ပုံရိပ်တစ်ခုက သူတို့ကို ဆီးကြိုနှုတ်ဆက်လာသည်။

"နင်အာ... နောက်ဆုံးတော့ ရောက်လာပြီကိုး၊ ဟားဟားဟား"

ထို ဩရှသော ရယ်သံက လူတိုင်း၏ ရင်ကို တုန်လှုပ်သွားစေသည်။ သူတို့အားလုံး နင်ချီ့ကို မတူညီသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။ အကြောင်းမူကား ထိုအဘိုးအိုသည် သာမန်ပုဂ္ဂိုလ် မဟုတ်၊ နှစ်ပေါင်း သောင်းချီ ရှင်သန်လာခဲ့သော ရှေးဟောင်း လိပ်အိုကြီး ဖြစ်သောကြောင့်တည်း။ သူ့စွမ်းအားသည် သိုင်းကမ္ဘာ၏ အထွတ်အထိပ်တွင် ရှိနေသူ ဖြစ်၏။ ယခု ထိုပုဂ္ဂိုလ်ကြီး ကိုယ်တိုင်က ဤသို့သော အမူအရာဖြင့် ဆက်ဆံနေသည်ကို ကြည့်လျှင် နင်ချီ၏ စွမ်းအားသည် သူတို့နှင့် တန်းတူ ရပ်တည်နိုင်သည့် အဆင့်ရှိကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်နေ၏။

နင်ချီကလည်း ပြုံးရွှင်စွာဖြင့် တုံ့ပြန်လိုက်၏။

"နည်းနည်း နောက်ကျသွားတယ်ဗျာ"

သို့သော် လူအုပ်ကြီးကို ပိုမို အံ့အားသင့်သွားစေသော အရာက နောက်မှ လိုက်လာသည်။

ကောင်းကင်သတ် သိုင်းသူတော်စင် သည် တောင်ဝှေးတစ်ချောင်းကို အားပြုလျက် ထွက်ပေါ်လာပြီး ရွှင်မြူးစွာ ပြောလိုက်၏။

"ရက်ပိုင်းလောက် မတွေ့ရတာနဲ့ မိတ်ဆွေ ကောင်းကင်ဘုံဓားသခင်က ပိုပြီး တိုးတက်လာပြန်ပြီပဲ"

ထို့နောက် ခံ့ညားထည်ဝါသော အဘိုးအိုတစ်ဦး ထပ်မံ ထွက်ပေါ်လာပြီး သူ့နောက်တွင် သိုင်းသူတော်စင် အများအပြား လိုက်ပါလာကြ၏။ ထိုအထဲတွင် နင်ချီ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။

မြို့စောင့် မြောက်ပိုင်းဘုရင် လီရွှမ်ယန်က စိတ်လှုပ်ရှားသွားပြီး ထိုအဘိုးအို ဘယ်သူဘယ်ဝါ ဖြစ်သည်ကို ချက်ချင်း ရိပ်မိလိုက်၏။ မဟာယန် သိုင်းသူတော်စင်ပင်။

မဟာယန် သိုင်းသူတော်စင်သည် နင်ချီ့ကို အကဲခတ်လိုက်ပြီး ခေါင်းတစ်ချက် ညိတ်ကာ ပြောလိုက်၏။

"မျိုးဆက်သစ် လူငယ်တွေက တကယ်ကို ကြောက်စရာ ကောင်းတာပဲ"

ဒီစကားတစ်ခွန်းက အဓိပ္ပာယ် များစွာ သက်ရောက်သွားစေသည်။

သိုင်းသူတော်စင် အားလုံး မှင်သက်သွားကြ၏။

ဒီပုဂ္ဂိုလ်ကြီး `(၃)` ဦး၏ ဆက်ဆံပုံက နင်ချီ၏ အဆင့်အတန်းကို အမြင့်ဆုံးသို့ ဆွဲတင်ပေးလိုက်သလို ဖြစ်သွားသည်။ သူ့ကို သူတို့နှင့် တန်းတူ ယှဉ်ပြိုင်ဘက် တစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်ခြင်းပင်၊

လူအုပ်ကြီးထဲမှာ..၊

လူရိုင်းဧကရာဇ်နှင့် ဗုဒ္ဓပေါင်ရှု တို့၏ မျက်လုံးအိမ်များ ကျုံ့သွားပြီး စိတ်မလုံမလဲ ဖြစ်သွားကြ၏။ ထိုနေ့က အစစ်အမှန် နက်ရှိုင်းတောင်တွင် လက်စွမ်းပြခဲ့သူမှာ နင်ချီ ဖြစ်ကြောင်း သူတို့ သိထားကြ၏။ ယခု နင်ချီ၏ အင်အားက ဤမျှ ကြီးမားနေသည်ကို မြင်လိုက်ရသောအခါ ဓာတ်ကြီးငါးပါး ပြည့်စုံခြင်း အဆင့်သို့ ရောက်နေသော လူရိုင်းဧကရာဇ်ပင်လျှင် စိုးရိမ်စိတ် ဝင်လာမိ၏။

တာအိုဆရာ ပိုင်ရှန်ကမူ ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးဖြဲနေတော့သည်။

"ကျွတ်... ကျွတ်... မောင်နင်ချီက တကယ့် ပါရမီရှင်ပါလား။ မတွေ့တာ ခဏလေးပဲ ရှိသေးတယ်၊ ဒီအဘိုးကြီးတွေနဲ့တောင် ယှဉ်နိုင်နေပြီ။ ငါ ပိုင်ရှန်တော့ မတော်တဆ ရွှေတွင်းကြီး တွေ့လိုက်တာပဲဟေ့"

သူ ဝမ်းသာအားရ ဖြစ်နေ၏။ နင်ချီ၏ အကာအကွယ်သာ ရှိနေလျှင်၊ ထိုအဘိုးကြီးများကို သွားမစသရွေ့ သူ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ မဟုတ်ပါလော။

နင်ချီ့ကို ကာကွယ်ပေးပါမယ် ဟု အရင်က သူ ပြောခဲ့သော စကားများကိုတော့ လွှင့်ပစ်လိုက်ပြီ ဖြစ်၏။

ဟာသပဲ၊ အခုချိန်မှာ နင်ချီက သူ့အကာအကွယ် လိုဦးမှာတဲ့လား။

သိုင်းသူတော်စင်များကြားတွင် အံ့သြချီးကျူးသံများ ညံသွားသည်။

နင်ချီ ရောက်ရှိလာမှုသည် ဂယက်တစ်ခု ဖြစ်သွားစေခဲ့သည်။

နင်ချီကတော့ အချို့ကို အပြုံးဖြင့်သာ တုံ့ပြန်လိုက်၏။

သူ့အမူအရာက တည်ငြိမ်ပြီး ယုံကြည်မှု ရှိနေ၏။

သူသည် ရောက်ရှိနေသော သိုင်းသူတော်စင်များကို အကဲခတ်လိုက်၏။ ရှေးဟောင်း သူတော်စင်များ၏ အင်အားသည် အခြားသူများထက် များစွာ သာလွန်နေ၏။ ပဉ္စမအဆင့် သိုင်းသူတော်စင် အနည်းဆုံး `(၁၀)` ဦးခန့် ရှိပြီး၊ တတိယနှင့် စတုတ္ထအဆင့်များမှာ ဒါဇင်နှင့်ချီ ရှိသည်။ သိုင်းသူတော်စင် အသစ်များမှာမူ ပထမအဆင့်တွင်သာ ရှိနေကြသေးသည်။

သို့သော် မြောက်ပိုင်းဘုရင်ကို မြင်လိုက်ရသောအခါ နင်ချီ အနည်းငယ် အံ့သြသွားသည်။

မြောက်ပိုင်းဘုရင်သည် ဒုတိယအဆင့် သိုင်းသူတော်စင် ဖြစ်နေသည်ကိုး။

နင်ချီသည် မြောက်ပိုင်းဘုရင်၏ ဘေးမှ မဟာယန် သိုင်းသူတော်စင်ကို မသိမသာ တစ်ချက် ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်၏။ သို့သော် သူ့စိတ်ထဲတွင် မှတ်သားထားလိုက်၏။ မြောက်ပိုင်းဘုရင်သည် သူ့တပည့်၏ ဖခင် ဖြစ်သည့်အတွက် ဖြစ်နိုင်လျှင် မလိုလားအပ်သော ဘေးအန္တရာယ် မဖြစ်ရလေအောင် ပိုမို ဂရုစိုက်ပေးရမည်။

"မောင်နင်ချီ... မင်း တကယ် မိုက်တာပဲကွာ"

မျက်စိတစ်ဖက် မှိတ်ပြရင်း ထွက်ပေါ်လာသော အသံ တစ်ခုက နင်ချီ၏ အတွေးစကို ဖြတ်တောက်လိုက်၏။

တာအိုဆရာ ပိုင်ရှန်သည် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ၊ သူ့အနားသို့ တိုးကပ်လာခြင်း ဖြစ်၏။

နင်ချီ ရယ်ချင်စိတ်ကို ထိန်းရင်း ခေါင်းခါလိုက်မိ၏။

လူရိုင်းဧကရာဇ်နှင့် ဗုဒ္ဓပေါင်ရှုတို့၏ မျက်နှာများ မဲမှောင်သွားသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ အထူးသဖြင့် ဗုဒ္ဓပေါင်ရှု၏ မျက်နှာမှာ အိုးမဲသုတ်ထားသကဲ့သို့ မည်းနက်နေတော့သည်။

နင်ချီသည် သူ့လူများကို ခေါ်ပြီး နေရာယူရန် ပြင်လိုက်၏။

ထိုအချိန်၌..၊

ဝေးကွာသော ကောင်းကင်ယံဆီမှ တုန်လှုပ်ဖွယ်ရာ လှိုင်းတံပိုးတစ်ခု ရိုက်ခတ်လာသည်။

မည်းနက်သော တိမ်တိုက်များ လိပ်တက်လာပြီး မိစ္ဆာစွမ်းအားများ ဟိန်းထွက်နေ၏။ မရေမတွက်နိုင်သော ဝိညာဉ်များ၏ ညည်းညူသံကဲ့သို့ အသံများ ပဲ့တင်ထပ်နေ၏။ ထိုမြင်ကွင်းကို ကြည့်ရုံဖြင့် သိုင်းသူတော်စင် အချို့မှာ နေမထိထိုင်မသာ ဖြစ်လာကြ၏။ အချို့ဆိုလျှင် ရွံရှာသော အမူအရာများ ပေါ်လာသော်လည်း ချက်ချင်း ပြန်ဖုံးကွယ်လိုက်ကြ၏။

နင်ချီက စိတ်ဝင်တစား ကြည့်နေသော်လည်း စမ်းသပ်စစ်ဆေးခြင်း မပြုလုပ်ပေ။ ရန်သူ့ အငြိုးကို ဆွဲဆောင်သလို ဖြစ်သွားမည် စိုးသောကြောင့် ဖြစ်၏။

လာနေသူ ဘယ်သူဖြစ်မည်ကိုတော့ သူ အကြမ်းဖျင်း ခန့်မှန်းမိ၏။

လိပ်အိုကြီး၏ အသံက သူ့စိတ်ထဲသို့ ရောက်လာသည်။

'ခန်းမဆောင် သခင်... ဒါ ကျွန်တော် အရင်က ပြောဖူးတဲ့ သွေးမည်း မိစ္ဆာ ဘုရင် ပါပဲ။ သူ့အပြုအမူက အရမ်း ထူးဆန်းတယ်။ တစ်ခါတလေ စိတ်ထက်ပေါက်ရင် သာမန်အရပ်သား သန်းနဲ့ချီကို သတ်ပစ်တတ်တယ်။ ရှေးခေတ်တုန်းကတော့ သူက လူတကာ ရွံရှာတဲ့သူပေါ့။ ဒါပေမဲ့ ကမ္ဘာ့ဆန္ဒက သူ့ကို မျက်နှာသာ ပေးခဲ့တယ်။ တောင်နှင့် ပင်လယ် နယ်မြေ ကျူးကျော်မှုကို ခုခံကာကွယ်မယ့် အဓိက အင်အားစု ဖြစ်လာတာကြောင့် အရင်က အပြစ်တွေကို ခွင့်လွှတ်ပေးခဲ့တာပါ'

နင်ချီ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။ ချက်ချင်းပင် ထိုပုဂ္ဂိုလ်အပေါ် ကြည်ညိုစိတ် ပျောက်ဆုံးသွားတော့သည်။

အင်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ခြင်းသည် သူ လက်ခံနိုင်သော လမ်းစဉ် မဟုတ်။

"မိစ္ဆာ ဘုရင်ကြီး နောက်ကျနေပါလား"

တစ်စုံတစ်ယောက်က ဟာသလုပ်ပြီး မြှောက်ပင့် ပြောဆိုလိုက်၏။ ကောင်းကင်သတ် သိုင်းသူတော်စင်နှင့် မဟာယန် သိုင်းသူတော်စင်တို့ကလည်း နှုတ်ဆက်ကြသော်လည်း လိပ်အိုကြီးကမူ လုံးဝ လျစ်လျူရှုထားလိုက်၏။

မည်းနက်သော တိမ်တိုက်ကြီးသည် လျင်မြန်စွာ ရောက်ရှိလာသည်။

မိစ္ဆာဆန်သော ရယ်သံကြီးတစ်ခု ထွက်ပေါ်လာ၏။

"ငါက ဒီလိုပဲ နေသားကျနေပြီ။ ဘယ်သူမှ စိတ်မရှိကြပါဘူးနော်"

တိမ်တိုက်များ ကွဲသွားသည်။

အလွန် ချောမောခန့်ညားသော်လည်း ပျင်းရိလေးတွဲ့နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်ထွက်လာသည်။ သူ့ဘေးတွင် ဝတ်ရုံနက် ဝတ်ဆင်ထားသော သိုင်းသူတော်စင် အများအပြား ဝန်းရံထားသည်။

နင်ချီ၏ အကြည့်များသည် ရုတ်တရက် စူးရှသွားသည်။ ထိုအထဲတွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို သူ တွေ့လိုက်ရသောကြောင့်ပင်၊

ဝမ်ချွမ် ..

သူသည် ချင် ပြည်နယ် ဝမ်မျိုးနွယ်စု၏ ဘိုးဘေး ဖြစ်၏။ တစ်ချိန်က အစစ်အမှန်သိုင်းဂိုဏ်းနှင့် ရန်ငြိုးဟောင်း ရှိခဲ့ဖူးသူ။ မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းပြီး ပြစ်မှားခဲ့သဖြင့် မျိုးနွယ်စုတစ်ခုလုံး မျိုးဖြုတ်သတ်ဖြတ်ခံခဲ့ရ၏။ ဝမ်ချွမ်၏ အလောင်းကို ရှာမတွေ့ခဲ့ဘဲ ခေါင်းပြတ်ကြီး လွင့်ပါးသွားသည်ကိုသာ မြင်လိုက်ရသည်ဟု ကောလာဟလများ ထွက်ခဲ့ဖူးသည်။

နင်ချီက မူလက အင်အားကြီးလာလျှင် ဒီရန်ငြိုးဟောင်းကို စုံစမ်းရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် မေ့လျော့နေခဲ့သည်။

မထင်မှတ်ဘဲ ဒီနေ့ ဒီနေရာမှာ လာတွေ့ရလိမ့်မည်ဟု သူ ထင်မထားခဲ့။

'ဒါဆို ဝမ်ချွမ်က အဲဒီတုန်းက မသေခဲ့ဘူးပေါ့။ ပြီးတော့ သွေးမည်း မိစ္ဆာ ဘုရင်နဲ့ တစ်ခုခု ပတ်သက်နေတာပဲ'

ဝမ်မျိုးနွယ်စုတွင် လျှို့ဝှက်နည်းစနစ်တစ်ခု ရှိကြောင်း၊ ဝမ်ဘိုးဘေးသည် ထိုနည်းလမ်းကို အသုံးပြုပြီး ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ရောက်ရှိခဲ့ကြောင်း သတင်းများကို နင်ချီ ပြန်သတိရသွားသည်။ သူ အသက်ရှင် လွတ်မြောက်ခဲ့ခြင်းမှာ ထိုနည်းလမ်းနှင့် သက်ဆိုင်လိမ့်မည်ဟု သူ တွေးလိုက်မိ၏။

ဝမ်ချွမ်က တာအိုဆရာ လုံရှန်းကို လှမ်းမြင်လိုက်သည့်အခါ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ကပျာကယာ ခေါင်းငုံ့လိုက်၏။

သို့သော် သူ့ဘေးမှ အခြားတစ်ယောက်ကတော့ နင်ချီ့အဖွဲ့ကို အေးစက်စက် ကြည့်နေ၏။ ဖုံးကွယ်ထားရန် ကြိုးစားသော်လည်း မျက်လုံးထဲမှ အမုန်းတရားများကို အထင်းသား မြင်နေရ၏။

"ဒါ ဘယ်သူလဲ"

နင်ချီ စိတ်ထဲက မေးလိုက်ရုံ ရှိသေးသည်။ တာအိုဆရာ ပိုင်ရှန်၏ အသံလွှင့်စကား ရောက်လာသည်။

'အဲဒါ မိစ္ဆာဂိုဏ်းချုပ် ဖြစ်ဖို့ များတယ်။ အသစ် ပေါ်လာတဲ့ မဟာယွီ မင်းဆက်ကို တည်ထောင်တာ သူပဲလေ။ သူ့နောက်ခံက သွေးမည်း မိစ္ဆာ ဘုရင် ဖြစ်နေတာ အံ့သြစရာပဲ။ ကြည့်ရတာ အရင် မဟာယွီ သိုင်းသူတော်စင်တွေ အကုန်လုံး ကျဆုံးသွားပုံရတယ်။ မောင်နင်ချီ... သတိထားနော်။ ဒီ သွေးမည်း မိစ္ဆာ ဘုရင်က သူ့လူဆိုရင် အသေအလဲ ကာကွယ်ပေးတတ်တယ်လို့ နာမည်ကြီးတယ်'

နင်ချီ ရုတ်တရက် သဘောပေါက်သွားသည်။

အဲဒီတုန်းက သူ မိစ္ဆာဂိုဏ်း ဌာနချုပ်ကို ဝင်ရောက်စီးနင်းပြီး ဂိုဏ်းတစ်ခုလုံးကို မျိုးဖြုတ်လုနီးပါး လုပ်ခဲ့စဉ်က၊ လက်ကျန်လူများ ပျောက်ချင်းမလှ ပျောက်သွားခဲ့ကြ၏။ အခြား အင်အားစုတစ်ခုက တိတ်တဆိတ် ကူညီပေးခဲ့ခြင်း ဖြစ်မည်။ အခုမှ ဇာတ်ရည်လည်တော့သည်။

သူ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားသည်။

ရန်သူတွေ စုဝေးနေကြပါရောလား။

သွေးမည်း မိစ္ဆာ ဘုရင်က တစ်စုံတစ်ခုကို နားထောင်နေသကဲ့သို့ ရှိပြီးနောက် နင်ချီ့ဘက်သို့ မျက်လုံးထောင့်ကပ်ကြည့်ကာ ဘာစကားမှ မပြောဘဲ နေလိုက်၏။ သို့သော် နင်ချီက မလိုတမာ စိတ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ ထိုပုဂ္ဂိုလ်ကြီးက မကောင်းကြံတော့မည်မှာ သေချာသလောက် ရှိသည်။

သို့သော် နင်ချီ မတုန်လှုပ်ပါ။

ကျောက်ဆောင်ပမာ တည်ငြိမ်နေ၏။

အကြွင်းမဲ့ အင်အားက သူ့ကို အကြွင်းမဲ့ ယုံကြည်မှု ပေးထားသည်။ ဒီအခွင့်အရေးကို သုံးပြီး ရန်ငြိုးဟောင်းတွေကို အမြန်ဆုံး ရှင်းပစ်ရကောင်းမလား ဟုပင် သူ တွေးနေမိ၏။

သိုင်းသူတော်စင်များတွင် ကိုယ်စီ အတွေးများ ရှိနေကြ၏။

ကောင်းကင်ယံတွင် နောက်ထပ် စွမ်းအားရှင် တစ်ပါး ပေါ်ထွက်လာပြန်သည်။ အပြာရောင် ဇာပုဝါ လွှမ်းခြုံထားသော အလွန် လှပသည့် အမျိုးသမီးတစ်ဦး။ လက်ထဲတွင် ဖြူဖွေးသော ကျောက်စိမ်း ပုလင်းလေးကို ကိုင်ဆောင်ထားပြီး သူမ၏ မျက်နှာထားမှာ အတိုင်းအဆမရှိ နူးညံ့သိမ်မွေ့လှသည်။ သူမ ပေါ်လာသည်နှင့် သိုင်းသူတော်စင် အများအပြား၏ မျက်လုံးများ ပြောင်းလဲသွားပြီး တိတ်တဆိတ် လေးစားအားကျသော အရိပ်အယောင်များ ပေါ်လာကြ၏။

ပုံမှန်အားဖြင့် တည်ငြိမ်လွန်းသော မဟာယန် သိုင်းသူတော်စင် (လီရွှမ်ယန်) ကိုယ်တိုင်ပင် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်၏။

"မတွေ့တာ ကြာပြီပဲ..နတ်ဘုရားအရှင်မရေ... ခင်ဗျားရဲ့ ကျက်သရေက အရင်ကထက်တောင် ပိုတောက်ပ လာပါလား။ ကျုပ်တို့ကတော့ လေထဲက ဖယောင်းတိုင်လို ဖြစ်နေပါပြီ။ နတ်ဘုရားအရှင်မကို ဘယ်မီပါ့မလဲဗျာ"

တောင်ပင်လယ် နတ်ဘုရားအရှင်မက ပြုံး၍ ပြန်ပြောသည်။

"တာအိုမိတ်ဆွေများ အားလုံး ကျန်းမာကြမယ်လို့ ယုံကြည်ပါတယ်။ အစ်ကိုကြီး လီ ပြောတာက ကျွန်မကို အရှက်ရစေတာပါပဲ။ ရှင်တို့က တာအိုလမ်းစဉ်ကို ခိုင်ခိုင်မာမာ လိုက်စားကြလို့သာ ဒီလို ဖြစ်ရတာပါ။ ကျွန်မကတော့ အသုံးမဝင်တဲ့ ပြင်ပအရာတွေကို ပိုဂရုစိုက်မိနေလို့ပါ"

လူအများက ဝိုင်းဝန်း ချီးကျူးလိုက်ကြ၏။

သွေးမည်း မိစ္ဆာ ဘုရင်က နှုတ်ခမ်းမဲ့လိုက်သော်လည်း ဘာမှ ဝင်မပြောပေ။

နင်ချီက စိတ်ဝင်တစား ကြည့်နေမိ၏။ တောင်ပင်လယ် နတ်ဘုရားအရှင်မ၏ ဆွဲဆောင်မှုမှာ မသေးလှပေ။ ဒီလူအုပ်ကြီးထဲက ထက်ဝက်လောက်က သူမကို တစ်ဖက်သတ် ကြိုက်နေကြတာ ဖြစ်နိုင်ကြောင်း သူ တွေးမိလိုက်၏။

တောင်ပင်လယ် နတ်ဘုရားအရှင်မ ရောက်လာပြီးနောက် လေထုက ပိုပြီး သက်ဝင်လှုပ်ရှားလာသည်။

ခဏကြာသောအခါ၊

လူအားလုံး ခန်းမဆောင်ကြီးထဲတွင် နေရာယူလိုက်ကြ၏။

ကောင်းကင်သတ် သိုင်းသူတော်စင်က မတ်တတ်ရပ်လိုက်ပြီး တည်ကြည်လေးနက်စွာ ကြေညာလိုက်၏။

"လူစုံပြီ ဆိုတော့... ဒီ သိုင်းသူတော်စင် အစည်းအဝေးပွဲကို တရားဝင် စတင်လိုက်ကြရအောင်”

All Chapters