သိုင်းသူတော်စင် ကောင်းကင်ဘုံဓားသခင်... ကမ္ဘာ့ပြိုင်ဘက်ကင်း (၂)
Vol. 29 Ch. 427
~တဆက်တည်းမှာပင်၊
သိုင်းသူတော်စင် အားလုံး ကိုယ်စီ အရှိန်အဝါများ ထုတ်လွှတ်လိုက်ကြတော့သည်။
ပဉ္စမအဆင့်၊ စတတ္ထအဆင့် သိုင်းသူတော်စင်များ အများအပြား ရှိနေကြ၏။ ယခုအချိန်တွင် မည်သူမျှ သူတို့၏ အင်အားကို ဖုံးကွယ်မထားကြပေ။ အဘယ်ကြောင့်ဆိုသော် ယခုကိစ္စသည် ကောင်းချီးစွမ်းအား ခွဲဝေမှုနှင့် သက်ဆိုင်နေသောကြောင့်ပင်၊ ယခုမှ လာပြီး ဖုံးကွယ်နေလျှင် အလကား ဖြစ်သွားပေလိမ့်မည်။
စွမ်းအား ပင်လယ်ပြင်ကြီး အတွင်း၌..၊
သိုင်းသူတော်စင် အသစ်များမှာ တစ်ဆတ်ဆတ် တုန်နေကြ၏။
သူတို့အများစုမှာ ပထမအဆင့်တွင်သာ ရှိနေကြပြီး၊ အနည်းငယ်သော သူများသာ အထူးနည်းလမ်း သုံးကာ ဒုတိယအဆင့်သို့ တက်လှမ်းထားကြခြင်း ဖြစ်၏။ ထို့ထက်ပိုမြင့်သော အဆင့်ဟူ၍ သူတို့ထဲတွင် မရှိပေ။ ယခု သိုင်းသူတော်စင်ကြီးများက အစွမ်းကုန် အရှိန်အဝါ ထုတ်လွှတ်လိုက်သောအခါ သူတို့အဖြစ်မှာ ဝံပုလွေအုပ်ကြား ရောက်နေသော ခွေးလိမ္မာလေးများသဖွယ် ဖြစ်နေတော့သည်။
နင်ချီက မျက်ခုံးပင့်လိုက်၏။ သူ၏ ပဉ္စမအဆင့် သိုင်းသူတော်စင် အရှိန်အဝါကို ထုတ်ပြသင့်၊ မသင့် စဉ်းစားနေမိ၏။
ကမ္ဘာ့ဆန္ဒ၏ ကောင်းချီးစွမ်းအား ဆိုသည်ကို သူ သိပ်စိတ်မဝင်စားလှ။ အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းတွင် သူ ကမ္ဘာ့ဆန္ဒနှင့် ပေါင်းစည်းတော့မည် မဟုတ်ပါလော။ နယ်မြေ အရှင်သခင် ဖြစ်လာပြီးလျှင် ကျင့်ကြံခြင်း အဆင့် တိုးတက်ဖို့လောက်က ပြောပလောက်သည့် ကိစ္စ မဟုတ်တော့ပေ။ သူ ဒီသိုင်းသူတော်စင် အစည်းအဝေးပွဲကို တက်ရောက်လာခြင်းမှာ ကမ္ဘာ့ဆန္ဒကို နှိုးထရာတွင် အမှားအယွင်း မရှိစေရန် စောင့်ရှောက်ပေးဖို့ သက်သက်သာ ဖြစ်၏။
'သူ တကယ် ပဉ္စမအဆင့် ရောက်သွားပြီလား'
တာအိုဆရာ ပိုင်ရှန် ရင်တုန်သွားပြီး မယုံနိုင်အောင် ဖြစ်နေ၏။
‘ဝိညာဉ် နိုးထခြင်း နေ့ရက်တုန်းက အခြေအနေ ထူးခြားလို့ တစ်ရက်တည်းနဲ့ အဆင့် `(၄)` ဆင့် တက်သွားတာကို လက်ခံလို့ ရသေးသည်။ အခု ခဏလေးအတွင်း နောက်ထပ်တစ်ဆင့် ထပ်တက်ပြီး သူ့လို ပဉ္စမအဆင့် ရောက်လာတယ် ဆိုတာကတော့... ဒါ ဗလောင်းဗလဲ နိုင်လွန်းရာ ကျနေပြီ။’
'ဒီကောင်က တကယ့် ဘီလူးကောင်ပဲ'
တာအိုဆရာ ပိုင်ရှန် စိတ်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိ၏။
နင်ချီ၏ ပဉ္စမအဆင့်သည် သူ့ ပဉ္စမအဆင့်နှင့် တူမည် မဟုတ်ကြောင်း တာအိုဆရာ ပိုင်ရှန် ရိပ်မိလိုက်၏။ သူ့အနေဖြင့် နင်ချီ့ကို ယှဉ်နိုင်ဖို့ နေနေသာသာ၊ အလွယ်တကူ ဖိနှိပ်ခံလိုက်ရမည်ကိုပင် စိုးရိမ်နေမိ၏။ ကြောက်မက်ဖွယ် အတွေးတစ်ခု သူ့ခေါင်းထဲ ဝင်လာသည်။
'ကောင်းကင်သတ် သိုင်းသူတော်စင်တောင် နင်ချီ့ကို ယှဉ်နိုင်ပါ့မလား'
သိုင်းသူတော်စင် အားလုံး အချင်းချင်း အကဲခတ်နေကြ၏။
နင်ချီ ပဉ္စမအဆင့် ရောက်နေကြောင်း သိလိုက်ရသောအခါ အချို့မှာ အံ့အားသင့်သွားကြ၏။ အကြောင်းမူကား နင်ချီသည် ကောင်းကင်သတ် သိုင်းသူတော်စင်နှင့် ယှဉ်နိုင်သူဟု သတင်းကြီးနေသောကြောင့်ပင်၊ ထို့ကြောင့် သူတို့က နင်ချီ့ကို တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ် ဟုသာ ထင်မှတ်ထားခဲ့ကြ၏။
အခုတော့... အဲဒီတုန်းက ကောင်းကင်သတ် သိုင်းသူတော်စင်က အလျှော့ပေးလိုက်တာများလား။
သွေးမည်း မိစ္ဆာ ဘုရင် က နင်ချီ့ကို တစ်ချက် ကြည့်လိုက်ပြီး လျှို့ဝှက်နက်နဲစွာ ပြုံးလိုက်၏။
သိုင်းသူတော်စင် အားလုံး အရှိန်အဝါ ထုတ်လွှတ်ပြီးနောက်။
မဟာယန် သိုင်းသူတော်စင် က စကားစလိုက်၏။
"ကမ္ဘာ့ဆန္ဒ နှိုးထလာပြီ ဆိုရင်... လက်ရှိ ကျင့်ကြံခြင်း အဆင့်အတိုင်း စွမ်းအား မွေးဖွားခြင်း ကို လက်ခံယူကြမယ်။ တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ်က ဗဟိုချက်မမှာ နေမယ်။ ဓာတ်ကြီးငါးပါး ပြည့်စုံသူတွေက ဒုတိယ ဗဟိုချက်မ မှာ နေမယ်။ ပြီးရင် ပဉ္စမအဆင့် သိုင်းသူတော်စင်တွေ လိုက်မယ်"
သူ့စကားက ကျိုးကြောင်းဆီလျော်သဖြင့် အားလုံးက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ကြ၏။
ရုတ်တရက် ကောင်းကင်သတ် သိုင်းသူတော်စင်က ကြားဖြတ် ပြောလိုက်၏။
"ငါတော့ တစ်ခုခု လွဲနေတယ် ထင်တယ်"
အားလုံး အနည်းငယ် အံ့အားသင့်သွားကြ၏။
သူက ဆက်ပြောသည်။
"သိုင်းသူတော်စင် ကောင်းကင်ဘုံဓားသခင် ရဲ့ ကျင့်ကြံခြင်း အဆင့်ကို သာမန် ပေတံနဲ့ တိုင်းတာလို့ မရဘူး။ ငါ သူ့နဲ့ တစ်ခါ ယှဉ်ပြိုင်ဖူးတယ်။ သူက တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ်နဲ့ ညီမျှတဲ့ တိုက်ခိုက်စွမ်းရည် ရှိတယ်။ သူ့ကို ဗဟိုချက်မ ကောင်းချီး ခံယူခွင့် ပေးလိုက်တာက သိုင်းကမ္ဘာအတွက် ပိုအကျိုးရှိလိမ့်မယ်"
တစ်ခဏချင်းစီမှာပင်၊
မျက်လုံးအားလုံး နင်ချီ့ထံသို့ ရောက်ရှိလာကြ၏။
ဒါသည် ကောင်းကင်သတ် သိုင်းသူတော်စင်က နင်ချီ၏ စွမ်းရည်ကို လူသိရှင်ကြား ပထမဆုံးအကြိမ် အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ရာ အဓိပ္ပာယ် လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်၏။
ပဉ္စမအဆင့် သိုင်းသူတော်စင်များနှင့် ဓာတ်ကြီးငါးပါး ပြည့်စုံသူ အချို့က မကျေမနပ် ဖြစ်သွားကြ၏။ ခုနကမှ ကျင့်ကြံခြင်း အဆင့်အတိုင်း ခွဲဝေမယ်လို့ သဘောတူထားပြီး၊ အခုကျမှ သူ့အတွက် နောက်ပေါက်ဖွင့်ပေးသလို ဖြစ်နေသည် မဟုတ်ပါလော။ သို့သော် သူတို့၏ မကျေနပ်မှုကို ချက်ချင်း ပြန်ထိန်းချုပ်လိုက်ကြ၏။ ဒီကိစ္စမှာ သူတို့စကားက ဘာမှ အရာရောက်မည် မဟုတ်ကြောင်း သိထားကြသောကြောင့်ပင်၊
တကယ်လည်း အမှန်ပင်၊
ကောင်းကင်သတ် သိုင်းသူတော်စင်က သူတို့ကို ပြောနေခြင်း မဟုတ်။ ကျန်ရှိသော တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ် ပုဂ္ဂိုလ်ကြီး `(၄)` ဦးကို ရည်ရွယ်ပြောကြားခြင်း ဖြစ်၏။
အကယ်၍ သူတို့ သဘောတူလိုက်လျှင် ကျန်လူများ ကန့်ကွက်နေလည်း ဘာမှ ထူးမည် မဟုတ်။
လိပ်အိုကြီး ကတော့ နှုတ်ဆိတ်နေခဲ့သည်။
မူလက သူသည် နင်ချီ့အတွက် ဝင်ပြောပေးရန် ရည်ရွယ်ထားသော်လည်း ယခု ကောင်းကင်သတ် သိုင်းသူတော်စင်က ဦးအောင် ပြောလိုက်ပြီ ဖြစ်ရာ သူ ငြင်းစရာ အကြောင်း မရှိတော့။ သူက တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ကောင်းကင်သတ် သိုင်းသူတော်စင် ပြောတာ သဘာဝကျပါတယ်။ မိတ်ဆွေ ကောင်းကင်ဘုံဓားသခင်က ပါရမီ ထူးကဲလွန်းပြီး ပြိုင်ဘက်ကင်းတဲ့ စွမ်းရည် ရှိတယ်။ သူသာ စောစော မွေးဖွားလာခဲ့ရင် ငါတို့ လူအိုကြီးတွေ ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့များ သူက ကမ္ဘာ့ဆန္ဒရဲ့ ကောင်းချီးကို အသုံးပြုပြီး နတ်ဘုရား စွမ်းအား နယ်ပယ် ကို တန်းပြီး ရောက်သွားခဲ့ရင်... တောင်နှင့် ပင်လယ် နယ်မြေ ကျူးကျော်မှုကို ခုခံတဲ့နေရာမှာ အကြီးမားဆုံး အခန်းကဏ္ဍကနေ ပါဝင်နိုင်မှာ သေချာတယ်"
အထွတ်အထိပ် ပုဂ္ဂိုလ် `(၅)` ဦးအနက် `(၂)` ဦးက သဘောတူလိုက်ပြီ ဖြစ်၏။
လူတိုင်း အံ့အားသင့်စွာ ကြည့်နေကြ၏။
သို့သော် ချက်ချင်းပင် ထူးဆန်းပြီး လှောင်ပြောင်သံ ပါသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ကျွတ်... စည်းကမ်းတွေကို ချက်ချင်းကြီး ပြောင်းပစ်လိုက်တာ မကောင်းပါဘူး။ ခုနလေးတင်မှ ကျင့်ကြံခြင်း အဆင့်အတိုင်း ကောင်းချီးခံယူမယ်လို့ ဆုံးဖြတ်ထားကြတာလေ။ အခု လူတစ်ယောက်အတွက်နဲ့ ပြောင်းလိုက်တာက စည်းကမ်း မဟုတ်ဘူး။ ကျုပ်ကတော့ ကန့်ကွက်တယ်"
အားလုံး လှမ်းကြည့်လိုက်ကြ၏။
သွေးမည်း မိစ္ဆာ ဘုရင်က လက်ပိုက်လျက် အေးအေးလူလူ ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူက ဂရုမစိုက်သော ပုံစံဖြင့် ရှိနေပြီး၊ သူ့နောက်မှ ဝမ်ချွမ်နှင့် မိစ္ဆာဂိုဏ်းချုပ်တို့က အချင်းချင်း အကြည့်ဖလှယ်ကာ ကျိတ်ရယ်နေကြ၏။ သွေးမည်း မိစ္ဆာ ဘုရင်ကို အလွန်အမင်း အားကိုး လေးစားနေပုံရ၏။
"နတ်ဘုရားအရှင်မ ... ခင်ဗျားရော ဘယ်လိုမြင်လဲ" ဟု သွေးမည်း မိစ္ဆာ ဘုရင်က ပြုံးစစဖြင့် မေးလိုက်၏။
တောင်ပင်လယ် နတ်ဘုရားအရှင်မ၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။ သူမက နင်ချီ့ကို အားနာသော အကြည့်ဖြင့် ကြည့်လိုက်ပြီးမှ တည်ငြိမ်စွာ ပြောလိုက်၏။
"ကမ္ဘာ့ဆန္ဒရဲ့ စွမ်းအားက အကန့်အသတ်မရှိ ပေးနိုင်တာ မဟုတ်ပါဘူး။ ကျွန်မတို့ အရင်က တွက်ချက်ထားတာအရ ဆိုရင်... ဗဟိုချက်မ ကောင်းချီးက လူ `(၅)` ယောက်ကို နတ်ဘုရား စွမ်းအား နယ်ပယ် ရောက်အောင် ပို့ပေးနိုင်တယ်။ နောက်ထပ် လူတစ်ယောက် ထပ်တိုးလိုက်ရင် မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်"
"မိတ်ဆွေ ကောင်းကင်ဘုံဓားသခင်က ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပါ။ သူသာ ဒုတိယ ဗဟိုချက်မ မှာ ကောင်းချီး ခံယူမယ် ဆိုရင် တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ်ကို ရောက်သွားဖို့ အခွင့်အလမ်း များပါတယ်။ အဲဒီအချိန်ကျရင် သူ့စွမ်းအားက နတ်ဘုရား စွမ်းအား နယ်ပယ်နဲ့ နီးစပ်သွားမှာ ဖြစ်တဲ့အတွက်... ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် လမ်းပါပဲ"
ဒီစကားက သွယ်ဝိုက်သော နည်းဖြင့် ကန့်ကွက်လိုက်ခြင်းပင်၊
လူအုပ်ကြီး၏ မျက်နှာထားများ ထူးဆန်းသွားကြ၏။
အထွတ်အထိပ် ပုဂ္ဂိုလ် `(၅)` ဦး... `(၂)` ဦးက ထောက်ခံပြီး၊ `(၂)` ဦးက ကန့်ကွက်နေ၏။
တစ်ဦးသာ ကျန်တော့သည်။
မဟာယန် သိုင်းသူတော်စင်။
မဟာယန် သိုင်းသူတော်စင်က သူတို့ကို တစ်ချက် ကြည့်လိုက်ပြီး၊ ထို့နောက် နင်ချီ့ကို ကြည့်ကာ နောက်ဆုံးတွင် တိုးညှင်းစွာ ပြောလိုက်၏။
"မင်းတို့ သဘောပဲလေ"
သူက မဲမပေးဘဲ နေလိုက်ခြင်းကို ရွေးချယ်လိုက်၏။
ဒီအခြေအနေကြောင့် မျှော်လင့်ချက် ထားခဲ့ကြသော တာအိုဆရာ လုံရှန်းနှင့် ဓားမ မိစ္ဆာတို့ စိတ်ပျက်သွားကြ၏။ နင်ချီ့အနေဖြင့် ပိုမိုကြီးမားသော အကျိုးကျေးဇူး ရရှိမည် ဆိုလျှင် သိုင်းကမ္ဘာရော နင်ချီ့အတွက်ပါ ကောင်းမွန်မည်ဟု သူတို့ မျှော်လင့်ခဲ့ကြသည် မဟုတ်ပါလော။
သို့သော် နင်ချီကမူ ထိုကိစ္စနှင့် မသက်ဆိုင်သကဲ့သို့ တည်ငြိမ်နေဆဲပင်၊
သူ့စိတ်ထဲတွင်တော့ တွေးမိလိုက်၏။
လူသားမျိုးနွယ် ဆိုသည်မှာ ဘယ်လောက်ပဲ အန္တရာယ်ကြီးတဲ့ အခြေအနေ ရောက်ရောက်၊ ပြည်တွင်းစစ် ဖြစ်ဖို့ကိုတော့ ဝန်မလေးကြပါလား။ စည်းလုံးညီညွတ်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလား။
မည်သို့ပင်ဆိုစေကာမူ၊ သူ ကောင်းချီးစွမ်းအားကို သိပ်ဂရုမစိုက်ပါ။
သို့သော် ယခု အခြေအနေက အနေခက်စရာ ဖြစ်လာသည်။
ထောက်ခံသူ `(၂)` ဦး၊ ကန့်ကွက်သူ `(၂)` ဦးနှင့် ကြားနေသူ `(၁)` ဦး ဖြစ်နေသဖြင့် ဆုံးဖြတ်ချက် ချ၍ မရနိုင်တော့ပေ။
ကောင်းကင်သတ် သိုင်းသူတော်စင်၏ မျက်လုံးများတွင် အလင်းရောင် မရှိသော်လည်း တောင်ပင်လယ် နတ်ဘုရားအရှင်မနှင့် သွေးမည်း မိစ္ဆာ ဘုရင် တို့အပေါ် ဖိအားတစ်ခု သက်ရောက်စေခဲ့သည်။
တောင်ပင်လယ် နတ်ဘုရားအရှင်မက အားနာစွာ ပြုံးပြသော်လည်း လက်ထဲမှ ကျောက်စိမ်းပုလင်းလေးက နူးညံ့သော အလင်းရောင်များ ဆက်လက် ထုတ်လွှတ်နေသည်ကို ကြည့်လျှင် သူမ မမှုကြောင်း သိသာလှသည်။
သွေးမည်း မိစ္ဆာ ဘုရင်ကတော့ အေးစက်စွာ နှာမှုတ်လိုက်၏။
"ကောင်းကင်သတ်... ဒီပြဇာတ်တွေ ရပ်လိုက်ပါတော့။ အဖြေမထွက်မှတော့ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြစို့။ အချိန်ဖြုန်းမနေနဲ့။ တောင်နှင့် ပင်လယ် နယ်မြေ ကျူးကျော်မှုက နီးနေပြီ။ တစ်စက္ကန့်လေးတောင် အလဟသ မဖြစ်စေသင့်ဘူး"
"ပြီးတော့... မင်းက ဒီကောင်လေးကို ငါတို့နဲ့ တန်းတူ စွမ်းအား ရှိတယ်လို့ ပြောနေတာလား။ ဘယ်သူ သိမလဲ... နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရား တစ်ခုခု ရှိနေမလား ဆိုတာ"
သူ့ကိုယ်မှ အမည်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး မျက်လုံးများက ရိုင်းစိုင်းခက်ထန်နေ၏။
ရှေးခေတ်တုန်းကလည်း သူသည် ယခုကဲ့သို့ပင် ထင်ရာစိုင်းခဲ့သူ ဖြစ်၏။ တောင်နှင့် ပင်လယ် နယ်မြေ၏ ခြိမ်းခြောက်မှု ရှိနေသောကြောင့်သာ တော်ရုံလူက သူ့ကို ဘာမှ မပြောရဲကြခြင်း ဖြစ်၏။
ကောင်းကင်သတ် သိုင်းသူတော်စင်၏ အကြည့်များ တင်းမာသွားသည်။ သူ့မျက်လုံးအိမ်ထဲတွင် နတ်ဘုရား အလင်းရောင်များ ပြည့်လျှံလာသကဲ့သို့ ဖြစ်နေ၏။
ဒီစကားက သူ့ရဲ့ ဘက်လိုက်မှုကင်းစင်ခြင်းကို မေးခွန်းထုတ်လိုက်သလို ဖြစ်နေပြီး၊ သူ့အာဏာကို စိန်ခေါ်လိုက်ခြင်းပင်၊
သူနဲ့ နင်ချီကြားမှာ တစ်ခုခု သဘောတူညီမှု ရှိနေသယောင် စွပ်စွဲလိုက်ခြင်းလည်း ဖြစ်၏။
သို့သော် သူ စကားမပြောလိုက်ရသေးမီ။
တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ခင်ဗျား ပြောချင်တာက... ကျုပ်မှာ တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ် အဆင့်ရှိတဲ့ စွမ်းအား ရှိမရှိ သံသယ ဝင်နေတာလား"
ခန်းမဆောင်ကြီး အတွင်း၌..၊
တာအိုဆရာ လူငယ်လေးသည် ပထမဆုံးအကြိမ် မတ်တတ်ရပ်လိုက်၏။ ဖြူဖွေးသော တာအို ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေပြီး၊ လောကီအာရုံ ကင်းစင်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။ သိုင်းသူတော်စင်များ၏ နှလုံးသားများ ပြင်းထန်စွာ တုန်ခါသွားကြသည်။ အထူးသဖြင့် မိုးကြိုးမုန်တိုင်း သိုင်းသူတော်စင်နှင့် အဖွဲ့က ထိုနေ့က နင်ချီ၏ ပြိုင်ဘက်ကင်း ပုံရိပ်ကို ပြန်မြင်ယောင်လာသကဲ့သို့ ခံစားလိုက်ကြရ၏။
နင်ချီ အနည်းငယ် စိတ်မရှည် ဖြစ်သွားသည်။
ဟုတ်သည်။ ကမ္ဘာ့ဆန္ဒ၏ ကောင်းချီး ဆိုတာကို သူ ဂရုမစိုက်ပါ။
သို့ရာတွင်၊ သူ မလိုချင်၍ စွန့်လွှတ်လိုက်တာနှင့် သူများ လာလုတာကို ခံရတာနှင့်က မတူပေ။
ဒီ သွေးမည်း မိစ္ဆာ ဘုရင်က သူ့ကို တောက်လျှောက် ရန်စနေ၏။ သူသာ ဆက်ပြီး တိတ်နေလိုက်လျှင် လူတွေက သူ့ကို ကြောက်သွားပြီဟု ထင်သွားကြလိမ့်မည်။
ထို့အပြင်။
အခြေအနေ တစ်ခုလုံး ထူးဆန်းနေသည်ဟု သူ ခံစားနေရ၏။ ကိုယ်တိုင် ပါဝင်ပတ်သက်လိုက်မှ သဲလွန်စ တစ်ခုခု ရနိုင်လိမ့်မည်ဟု မျှော်လင့်မိ၏။ သူ ဒီကို လာရတဲ့ နောက်ထပ် ရည်ရွယ်ချက် တစ်ခုကို သူ မမေ့သေးပါ။
နင်ချီ ရှေ့ကို စူးစိုက်ကြည့်လိုက်၏။ နတ်ဘုရား ဓားတစ်စင်းက လေဟာနယ်ကို ခွဲဖြတ်လိုက်သကဲ့သို့ စူးရှသော အကြည့်ပင်..။
သိုင်းသူတော်စင်များသည် အကြွင်းမဲ့ ဓားစိတ်ဆန္ဒ တစ်ခု မြင့်တက်လာသည်ကို ခံစားလိုက်ရ၏။
သွေးမည်း မိစ္ဆာ ဘုရင် ခေတ္တမျှ ကြောင်သွားပြီးနောက် တဟားဟား အော်ရယ်လိုက်၏။
"မင်းက ငါ့ကို တိုက်ချင်လို့လား"
နင်ချီက ဘာမှ ပြန်မပြော။ လက်ကို နောက်ပစ်လျက် လေဟာနယ်ထဲသို့ ခြေလှမ်းလှမ်းကာ တက်သွားလိုက်၏။
ကောင်းကင်ဘုံ တောင်ထွတ် အထက် ကောင်းကင်ယံတွင် ရပ်တန့်လိုက်ပြီး၊ သူ၏ အကြည့်များသည် လေဟာနယ်ကို ဖောက်ထွင်းကာ သွေးမည်း မိစ္ဆာ ဘုရင်ထံသို့ ကျရောက်သွားသည်။ သူ၏ အေးစက်သော အသံသည် တောင်ထွတ်တစ်ခုလုံး ပဲ့တင်ထပ်သွားလေတော့သည်။
"ခင်ဗျား ကိုယ်တိုင် တက်ခဲ့လိုက်”