← Chapters

မိစ္ဆာဘုရင်ကို ဆုံးမခြင်း (၂)

Vol. 29 Ch. 429

မိစ္ဆာဘုရင်ကို ဆုံးမခြင်း (၂)

Vol. 29 Ch. 429

~ကြည့်ရတာ ပဉ္စမအဆင့် သိုင်းသူတော်စင် တစ်ပါးသာ ဖြစ်သော်လည်း တိုက်ခိုက်နိုင်စွမ်းကတော့ ကောင်းကင်ဘုံကို အာခံနေသကဲ့သို့ ကြောက်ခမန်းလိလိ ရှိလှပေသည်။

ဓားချီ၏ ရွှေရောင်အလင်းတန်း တဖြည်းဖြည်း မှေးမှိန်သွားသည်။

မည်းနက်သော မိစ္ဆာတိမ်တိုက်ကြီးသည် အပေါက်အပြဲ ဗရပွနှင့် ဖြစ်ကျန်ရစ်၏။

လူအုပ်ကြီးသည် အံ့သြတကြီး ငေးမောကြည့်ရှုနေကြ၏။

သွေးမည်း မိစ္ဆာ ဘုရင် ၏ ကိုယ်ခန္ဓာသည် နောက်သို့ လွင့်စဉ်သွားပြီး ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလာသည်။ သူ အထိနာသွားပြီ ဖြစ်ကြောင်းနှင့် မောက်မာမှု၏ တန်ဖိုးကို ပေးဆပ်လိုက်ရကြောင်း ထင်ရှားလှသည်။

နင်ချီ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။

"ပထမ တစ်ကွက်"

ထိုစကားလုံးများက သွေးမည်း မိစ္ဆာ ဘုရင်၏ မူလကတည်းက ပျက်ယွင်းနေသော မျက်နှာကို အသည်းရောင်သွားမတတ် နီမြန်းသွားစေသည်။ သူ့မျက်နှာကို မြေကြီးနှင့် ပွတ်တိုက်ခံလိုက်ရသလိုပင်၊ မူလက ဒီလူငယ်လေးကို ပညာပေးပြီး အထင်ကြီးခံရအောင် လုပ်မည်ဟု ကြံစည်ထားသော်လည်း မထင်မှတ်ဘဲ ကိုယ့်ခြေထောက်ကိုယ် ကျောက်ခဲနှင့် ထုမိသလို ဖြစ်သွားခဲ့ရ၏။

လူအုပ်ကြီး၏ မျက်နှာထားများ ထူးဆန်းနေပြီး စိတ်ထဲတွင် ကျိတ်ရယ်ချင်နေကြ၏။

ဒီ ကောင်းကင်ဘုံဓားသခင် သိုင်းသူတော်စင်က တကယ့် လူစားပဲ။ သွေးမည်း မိစ္ဆာ ဘုရင်နှင့် မတိမ်းမယိမ်း၊ သို့မဟုတ် သာလွန်သော စွမ်းအား ရှိနေတာတောင် တစ်ဖက်လူ ပြောထားသည့် စကားကို အခွင့်ကောင်းယူပြီး ပြန်နှိပ်ကွပ်နေ၏။

သွေးမည်း မိစ္ဆာ ဘုရင်၏ မျက်လုံးများ ရိုင်းစိုင်းခက်ထန်လာသည်။

"နောက်ထပ် `(၂)` ကွက် ကျန်သေးတယ်... မင်း ဘာတတ်နိုင်သေးလဲ ကြည့်ရသေးတာပေါ့"

ဒီတစ်ခါတော့ သူ ပိုပြီး ပြင်ဆင်ထားမည်ဟု တွေးလိုက်၏။ `(၂)` ကွက် ခံနိုင်ရုံလေးပဲလေ။ သူ့ဝှက်ဖဲတွေ အကုန်ထုတ်သုံးလိုက်ရင် ဒီကောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။

နင်ချီ ဘာမှ ပြန်မပြော။

သူက ဘယ်လက်ကို နောက်ပစ်ထားပြီး ညာလက်ညှိုးကို ထိုးလိုက်၏။

"ပင်း (မီး) နတ်ဘုရား ဓားချီ"

တစ်ခဏချင်းစီမှာပင်၊

နောက်ထပ် ကြောက်မက်ဖွယ် ဓားချီတစ်ခု ကောင်းကင်ကို ခွဲဖြတ်လိုက်ပြန်သည်။ ဤ အနီရောင် ဓားချီသည် ယခင် ရွှေရောင် ဓားချီနှင့် မတူပေ။ ထက်ရှမှု အနည်းငယ် လျော့နည်းသော်လည်း ပေါက်ကွဲအား ပိုမို ပြင်းထန်သည်။ ကြောက်မက်ဖွယ် မီးတောက်များ ကောင်းကင်သို့ ထိုးတက်သွားရာ သွေးမည်း မိစ္ဆာ ဘုရင်သည် မိစ္ဆာတိမ်တိုက်ကို ပြန်လည် စုစည်းရန် အချိန်မရလိုက်ဘဲ မီးဓားချီ၏ လောင်ကျွမ်းမှုကို ခံလိုက်ရပြီး တိမ်တိုက် ထက်ဝက်ကျော် ပျက်စီးသွားလေသည်။

ပထမ တစ်ကွက်တည်းနှင့် နင်ချီသည် ထိုမိစ္ဆာတိမ်တိုက်၏ ဟာကွက်ကို မြင်တွေ့ခဲ့ပြီး ဖြစ်၏။

ပင်း (မီး) နတ်ဘုရား ဓားချီနှင့် တိုက်ခိုက်လိုက်ခြင်းက အံ့ဖွယ် အာနိသင်ကို ပြသလိုက်ခြင်းပင်၊

သွေးမည်း မိစ္ဆာ ဘုရင်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားပြီး အစွန်းရောက် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ၏။ ဤအချိန်တွင် သူသည် `(၃)` ကွက် ပေးမည် ဆိုသည့် ကတိကို ဂရုမစိုက်နိုင်တော့။ အလိုအလျောက် ထူးဆန်းသော အော်သံကြီး ပြုလုပ်လိုက်ပြီး သူ့လက်ထဲတွင် သွေးရောင် တံခွန်တစ်ခု ဖွဲ့တည်လာတော့သည်။

နောက်တစ်ခဏမှာ..၊

သွေးရောင် တံခွန်သည် တောင်ကြီးတစ်လုံးပမာ ဖောင်းပွလာပြီး ပင်း (မီး) နတ်ဘုရား ဓားချီကို ရစ်ပတ်ဝါးမြိုရန် ကြိုးစားလိုက်၏။ ထို့နောက် ကြီးမားလှသော သွေးမည်းမိုးရေများကို နင်ချီ့ထံသို့ ရွာသွန်းချလိုက်၏။ ထိုမိုးရေများတွင် ပြင်းထန်သော တိုက်စားနိုင်စွမ်း ပါဝင်ပြီး ထိတွေ့မိသမျှ အရာအားလုံးကို အပေါက်အပြဲ ဖြစ်သွားစေနိုင်သဖြင့် မြင်ရသူများ၏ ဦးရေပြား ကျဉ်သွားစေသည်။

"ဟက်"

တိုးညှင်းသော ရယ်သံတစ်ခု ထွက်ပေါ်လာရာ သွေးမည်း မိစ္ဆာ ဘုရင်၏ မျက်နှာ ပိုမို နီမြန်းသွားပြီး နင်ချီ့ကို ရန်လိုစွာ စိုက်ကြည့်လိုက်၏။

`(၃)` ကွက် ပေးမည်ဟု ကတိပေးခဲ့သူက သူ၊ အခု ကတိဖျက်သူကလည်း သူ။

တကယ်ကို သိက္ခာရော၊ အရှက်ပါ ကုန်ပြီ ဖြစ်၏။

သို့သော် မကြာမီ၊ သူ့မျက်လုံးများ ရက်စက်ကြမ်းကြုတ်လာသည်။ နင်ချီ့ကို အနိုင်ယူလိုက်သရွေ့ ဘယ်သူမှ ဘာမှ ပြောရဲမှာ မဟုတ်ဘူးဟု တွေးလိုက်၏။

သို့သော် သူ့စိတ် အနည်းငယ် လွင့်သွားခိုက်မှာပင် သွေးမည်း မိစ္ဆာ တံခွန်ထံမှ ကြီးမားသော ဖိအားကို ခံစားလိုက်ရ၏။ ဓားချီက အလွန် ပြင်းထန်လွန်းသဖြင့် သွေးတံခွန်ကို စုတ်ဖြဲပစ်တော့မည့်အလား ဖြစ်နေ၏။ သူ ချက်ချင်း အာရုံပြန်စိုက်ပြီး အစွမ်းကုန် ဖိနှိပ်ရန် ပြင်လိုက်၏။

သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင်၊

နင်ချီက ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။

သူက လက်ညှိုးတစ်ချောင်း ထပ်မံ ထိုးလိုက်ရာ စိမ်းပြာရောင် ဓားချီ တစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။ ဤဓားချီသည် ထက်ရှမှု အနည်းငယ် လျော့နည်းသော်လည်း အဆက်မပြတ် စီးဆင်းနေသော သဘောရှိသည်။ ၎င်းသည် ယန် (ရေ) နတ်ဘုရား ဓားချီ ပင် ဖြစ်၏။ ဆက်တိုက် ထွက်ပေါ်လာသော ဓားချီ `(၃)` ခု၏ ကွာခြားချက်ကို ကြည့်ပြီး အချို့လူများ သဲလွန်စ ရိပ်မိနေကြပြီ ဖြစ်၏။ သူတို့၏ မျက်လုံးများထဲတွင် အံ့သြမှုများ ပိုမို ထင်ရှားလာသည်။

ထိုအချိန်၌..၊

စိမ်းပြာရောင် ဓားချီ၏ စွမ်းအားသည် သမုဒ္ဒရာ လှိမ့်ဝင်လာသကဲ့သို့ ကြီးမားပြင်းထန်လှသည်။ ကျယ်ပြောလှသော သွေးမည်း မိုးရေများသည် အမှုန့်အမွှားအဖြစ် ပြိုကွဲသွားကြလေသည်။

သွေးမည်း မိစ္ဆာ ဘုရင် မျက်နှာ ပျက်သွားသည်။

သူ အာရုံခံမိလိုက်၏။

သွေးမည်း မိစ္ဆာ တံခွန် အတွင်း၌ ပိတ်မိနေသော အနီရောင် ဓားချီသည်လည်း တောက်ပစွာ လင်းလက်လာပြီး ပြင်ပမှ ဝင်ရောက်လာသော စိမ်းပြာရောင် ဓားချီနှင့် ပဲ့တင်ထပ်လိုက်၏။ ရေနှင့် မီးသည် မူလကတည်းက ဇာစ်မြစ်တူညီကြပြီး အပြန်အလှန် အားဖြည့်ပေးနိုင်သလို အပြန်အလှန် ချေဖျက်နိုင်စွမ်းလည်း ရှိသည်။ ယခု ပူးပေါင်းပြီး ပေါက်ကွဲထွက်လာသော စွမ်းအားသည် အဆမတန် ကြီးမားလှပေသည်။

အနီနှင့် စိမ်းပြာရောင် အလင်းတန်းများသည် ကောင်းကင်တစ်ခွင် လောင်ကျွမ်းသွားပြီး သွေးမည်း မိစ္ဆာ တံခွန်ကြီးကို အပေါက်ကြီး ဖြစ်သွားအောင် စုတ်ဖြဲပစ်လိုက်၏။

သွေးမည်း မိစ္ဆာ ဘုရင် သွေးတစ်လုပ် အန်ချလိုက်ရ၏။

သို့သော် သူ့မှာ စဉ်းစားချိန် မရလိုက်။

ရေနှင့် မီး ဓားချီများ၏ လက်ကျန် အရှိန်အဝါများသည် လေဟာနယ်ကို ဖြတ်သန်းပြီး သူ့ထံ ရောက်ရှိလာပြီ ဖြစ်၏။ ဒါသည် အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်း၏ မဟာတာအိုဆရာ `(၉)` ဦးနှင့် တိုက်ခိုက်စဉ်က နင်ချီ ရရှိခဲ့သော ဉာဏ်အလင်း ဖြစ်ပြီး ဓားချီကို ပိုမို ဆန်းကြယ်ပြီး ရှောင်တိမ်းရ ခက်ခဲစေသည်။

သွေးမည်း မိစ္ဆာ ဘုရင်သည် သွေးမည်း လက်သီးမုဒြာ တစ်ခုကိုသာ အချိန်မီ ထုတ်ဖော်နိုင်လိုက်ပြီး ချက်ချင်းပင် ဓားချီ၏ ရိုက်ခတ်မှုကြောင့် ကောင်းကင်ပေါ်မှ ပြုတ်ကျကာ ကောင်းကင်ဘုံ တောင်ထွတ် ပေါ်သို့ ထိုးကျသွားလေတော့သည်။

"ဝုန်း"

စူးရှသည့် ပေါက်ကွဲသံကြီး ကောင်းကင်ယံတွင် ဟိန်းထွက်သွားရာ သိုင်းသူတော်စင်များ၏ ဦးရေပြားများ ကျဉ်သွားရ၏။

သွေးမည်း မိစ္ဆာ ဘုရင်သည် တောင်ထိပ်ပေါ်သို့ ထိုးစိုက်ကျသွားပြီး တောင်ကြီးကို ဖောက်ထွက်လုနီးပါး ဖြစ်သွားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်ကို သူတို့၏ ဝိညာဉ်အာရုံဖြင့် မြင်တွေ့လိုက်ရ၏။

"သိုင်းသူတော်စင် ကောင်းကင်ဘုံဓားသခင်က တကယ့် ကြမ်းတာပဲဟေ့"

လူတိုင်း စိတ်ထဲတွင် အံ့သြတကြီး ရေရွတ်လိုက်မိကြ၏။

ကောင်းကင်ယံတွင် ရပ်နေသော ပုံရိပ်ကို မော့ကြည့်ရင်း သူတို့၏ မျက်လုံးများထဲတွင် လေးစားရိုသေစိတ်များ အလိုအလျောက် ပေါ်ပေါက်လာသည်။

ဒါသည် ကမ္ဘာပေါ်ရှိ သိုင်းသူတော်စင် အားလုံး၏ ရှေ့မှောက်တွင် နင်ချီသည် အကြွင်းမဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများ စာရင်းထဲသို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်၊

နင်ချီသည် လက်ကို နောက်ပစ်လျက် ပြိုင်ဘက်ကင်းသော အမူအရာဖြင့် ရပ်နေ၏။

အမျိုးသမီး သိုင်းသူတော်စင် အချို့မှာမူ သူ့ကို ငေးမော ကြည့်ရှုနေကြ၏။

တာအိုဆရာ ပိုင်ရှန်မှာမူ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရ၏။ သွေးမည်း မိစ္ဆာ ဘုရင်ကို အားနာသောအားဖြင့်သာ မအောင့်နိုင်ဘဲ လက်ခုပ်တီးပြီး ထမရယ်မိသည်သာ။

အစစ်အမှန်သိုင်းတောင်၏ တပည့်များစွာထဲမှ နင်ချီ၏ ထူးကဲသော ပါရမီကို သူ တစ်ချက်တည်းနှင့် ရိပ်မိခဲ့သည် မဟုတ်ပါလော။

ယခုအခါ၊ တာအိုဆရာ ပိုင်ရှန်မှာ ကိုယ့်အမြင် ကိုယ် ပြန်လေးစားနေမိ၏။

အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများတွင် ကိုယ်စီ အတွေးများ ရှိနေကြ၏။

ကောင်းကင်သတ် သိုင်းသူတော်စင်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ အရင်တုန်းက နင်ချီသည် သူ ယုံကြည်မှုရှိရှိ ဖိနှိပ်နိုင်သူ ဖြစ်ခဲ့သော်လည်း၊ ယခုအခါတွင်မူ သူ မသေချာတော့ပေ။

မဟာယန် သိုင်းသူတော်စင်သည် နင်ချီ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေ၏။

တောင်ပင်လယ် နတ်ဘုရားအရှင်မသည်လည်း တည်ကြည်သော မျက်နှာထား ရှိနေသော်လည်း နောက်ဆုံးတွင် နူးညံ့စွာ ပြုံးလိုက်၏။

လိပ်အိုကြီး တစ်ဦးတည်းသာ တည်ငြိမ်နေ၏။ ရှိသမျှ လူတွေထဲမှာ နင်ချီ ဘယ်လောက် သန်မာကြောင်း သူ အသိဆုံးပင်၊ နင်ချီနှင့် အကြိမ်ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးသည်ကိုး။ နင်ချီ၏ ဓားချီ စွမ်းအားကို ထိန်းထားသေးကြောင်း သူ ကောင်းကောင်း သိသည်။ အကယ်၍သာ နင်ချီ အစွမ်းကုန် ထုတ်သုံးလိုက်လျှင် ဒီလူအိုကြီးတွေ နတ်ဘုရား နည်းစနစ် အကြမ်းထည် များကို ထုတ်သုံးမှ ရတော့မည်။

လူတိုင်း အတွေးကိုယ်စီ ရှိနေစဉ်မှာပင်၊

ဒေါသတကြီး အော်သံတစ်သံ ထွက်ပေါ်လာသည်။

"မင်း... သေလမ်း ရှာနေတာပဲ"

သွေးမည်း မိစ္ဆာ ဘုရင်သည် ဆံပင်များ ဖရိုဖရဲ၊ သွေးများ သံရဲရဲနှင့် စုတ်ပြတ်သတ်နေသော အနေအထားဖြင့် ပြန်တက်လာသည်။ ယခင်က ပေါ့ပါးပြီး ဆွဲဆောင်မှု ရှိသော ပုံစံများ ပျောက်ဆုံးကုန်တော့၏။ အားကောင်းသော အရှိန်အဝါ တစ်ခု သူ့ထံမှ ပေါက်ကွဲထွက်ပေါ်လာပြီး အလွှာလိုက် အလွှာလိုက် ဖြစ်နေသော အမည်းရောင် စွမ်းအားများသည် မိစ္ဆာတစ်ကောင်ပမာ ခိုင်မာလာသည်။

နင်ချီ၏ မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် တည်ကြည်လေးနက်မှု အရိပ်အယောင် ပေါ်လာသည်။

သူ မမှားဘူး ဆိုလျှင် ၊ ဒါသည် တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ် ကျွမ်းကျင်သူ၏ ဝှက်ဖဲပင် ဖြစ်ရမည်။

နတ်ဘုရား နည်းစနစ် အကြမ်းထည်။

နတ်ဘုရား စွမ်းအား နယ်ပယ် ကျွမ်းကျင်သူ ဆိုသည်မှာ ခရမ်းရောင် နန်းတော် နယ်ပယ် ကို ဆိုလိုခြင်း ဖြစ်၏။ သို့သော် ခရမ်းရောင် နန်းတော် ဖွင့်မည့် နည်းလမ်း မရှိသဖြင့် မွေးရာပါ နတ်ဘုရား နည်းစနစ်များကို ဆက်လက် မကျင့်ကြံနိုင်ကြခြင်း ဖြစ်၏။ တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ် ကျွမ်းကျင်သူများကမူ ကမ္ဘာ့ဆန္ဒ၏ စွမ်းအားကို အမှီပြုပြီး နတ်ဘုရား နည်းစနစ်၏ သန္ဓေသားလောင်း အဆင့်ကို အနိုင်နိုင် စုစည်းထားကြခြင်း ဖြစ်၏။

ဒါတောင်မှ စွမ်းအားက အလွန် ကြီးမားသည်။

ကြည့်ရတာ သွေးမည်း မိစ္ဆာ ဘုရင်သည် ချုပ်တည်းနိုင်စွမ်း ကင်းမဲ့သွားပြီး နောက်ဆက်တွဲ အကျိုးဆက်များကို ဂရုမစိုက်တော့ပုံ ရ၏။

သို့သော် အခြားသူများက သဘာဝကျကျပင် ခွင့်ပြုမည် မဟုတ်ချေ။

"တော်လောက်ပြီ... မိစ္ဆာ ဘုရင်"

ကောင်းကင်သတ် သိုင်းသူတော်စင်က ပထမဆုံး ရှေ့ထွက်လာပြီး နင်ချီနှင့် သွေးမည်း မိစ္ဆာ ဘုရင်ကြားတွင် ဝင်ရပ်ကာ သူတို့၏ ထက်ရှသော အရှိန်အဝါများကို ဖြတ်တောက်လိုက်ပြီး သွေးမည်း မိစ္ဆာ ဘုရင်၏ အရှိန်ကို ဖိနှိပ်လိုက်၏။

သွေးမည်း မိစ္ဆာ ဘုရင်၏ မျက်လုံးများ ဒေါသမီး တောက်လောင်နေ၏။

"ကောင်းကင်သတ်... မင်း ငါ့ကို တားချင်တာလား"

လိပ်အိုကြီးက တဟားဟား ရယ်မောရင်း ရှေ့တိုးလာသည်။

"သွေးမည်း... ဒီတစ်ခါ မင်းသာ ရန်မစခဲ့ရင် အခုလို အခြေအနေမျိုး ဖြစ်လာပါ့မလား။ လက်လျှော့လိုက်ပါတော့။ မိတ်ဆွေ ကောင်းကင်ဘုံဓားသခင်က သူ့စွမ်းရည်ကို သက်သေပြပြီးပါပြီ။ သူက ငါတို့နဲ့အတူ ဗဟိုချက်မ နေရာမှာ ကောင်းချီးခံယူဖို့ အရည်အချင်း ပြည့်မီပါတယ်"

သူ့အရှိန်အဝါကလည်း သွေးမည်း မိစ္ဆာ ဘုရင်ဘက်သို့ ဖိနှိပ်သွားသည်။

သုံးယောက်- တစ်ယောက်။

သွေးမည်း မိစ္ဆာ ဘုရင် ချက်ချင်း ငြိမ်ကျသွားသည်။ သူ ဘယ်လောက်ပဲ မောက်မာပါစေ၊ သုံးယောက် တစ်ယောက် ဆိုတာ သူ မနိုင်နိုင်သော ပမာဏ ဖြစ်ကြောင်း နားလည်သည်။ ကောင်းကင်သတ် သိုင်းသူတော်စင် တစ်ယောက်တည်းကိုပင် သူ နိုင်မည် မသေချာ။

သူ ဒေါသတကြီး အံကြိတ်လိုက်၏။

နင်ချီ၏ ဒဏ္ဍာရီဆန်သော ကျော်ကြားမှုသည် သူ့ခေါင်းကို နင်းပြီး ရယူသွားခြင်း ဖြစ်ရာ သူ အလွန် ဒေါသထွက်နေ၏။ အလိုအလျောက်ပင် တောင်ပင်လယ် နတ်ဘုရားအရှင်မ ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း အသံတစ်သံက ဦးအောင် ထွက်လာသည်။ မဟာယန် သိုင်းသူတော်စင်။

မဟာယန် သိုင်းသူတော်စင်က တည်ငြိမ်စွာ ပြောလိုက်၏။

"သွေးမည်း... ထားလိုက်ပါတော့ကွာ။ ပြည်ပရန်သူတွေ ကျူးကျော်လာတော့မယ့် အချိန်မှာ ပြည်တွင်းစစ် ဖြစ်နေတာ မကောင်းပါဘူး။ မိတ်ဆွေ ကောင်းကင်ဘုံဓားသခင်ကို ဗဟိုချက်မ နေရာမှာ ကောင်းချီးခံယူဖို့ ငါ သဘောတူတယ်"

သွေးမည်း မိစ္ဆာ ဘုရင် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။

ကြားနေ ဖြစ်ခဲ့သော မဟာယန် သိုင်းသူတော်စင်ကပါ သဘောတူလိုက်ပြီ။

သူ ခံစားခဲ့ရသော ဒေါသများ အလကား ဖြစ်သွားချေပြီ။

အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး အများစု၏ ဖိအားကို သူ ဆက်ပြီး ဆန့်ကျင်နေ၍ မဖြစ်နိုင်တော့။ ဆက်လုပ်လျှင် အကျိုးဆက်က ဆိုးရွားသွားနိုင်သည်။

တောင်ပင်လယ် နတ်ဘုရားအရှင်မက သွေးမည်း မိစ္ဆာ ဘုရင် အနားသို့ တိုးကပ်လာပြီး နူးညံ့စွာ ဖျောင်းဖျလိုက်၏။

"မိစ္ဆာ ဘုရင် ရယ်... ဘာလို့ စိတ်ဆိုးနေမှာလဲ။ တစ်ဖက်က ပြန်ကြည့်ရင် ဒါ ကောင်းတဲ့ကိစ္စပဲလေ။ မိတ်ဆွေ ကောင်းကင်ဘုံဓားသခင်သာ ကျွန်မတို့နဲ့အတူ ရှိနေရင် တောင်နှင့် ပင်လယ် နယ်မြေရဲ့ ကျူးကျော်မှုကို ခုခံဖို့ မျှော်လင့်ချက် ပိုရှိတာပေါ့။ ဗဟိုချက်မ နေရာမှာ လူတစ်ယောက် ပိုလာတာက ပြဿနာ မဟုတ်ပါဘူး"

သွေးမည်း မိစ္ဆာ ဘုရင် မျက်နှာ ပိုမည်းသွားသည်။

အေးပါ... ဟုတ်ပါပြီ... ခင်ဗျားတို့ တစ်ယောက်ချင်းစီက သိပ် တရားမျှတကြတာကိုး။ ကျွန်တော် တစ်ယောက်တည်းပဲ အကောင်းအဆိုး နားမလည်တဲ့သူ ဖြစ်နေတာပေါ့လေ။

တောင်ပင်လယ် နတ်ဘုရားအရှင်မကပါ သဘောတူလိုက်ပြီ ဖြစ်ရာ သူ့မှာ ပြောစရာ စကား မရှိတော့။

ပြင်းထန်စွာ နှာမှုတ်လိုက်ပြီး ဒေါသများကို ရင်ထဲတွင် မြိုသိပ်လိုက်ရ၏။

အားလုံး ပြီးဆုံးသွားပြီ။

ဘယ်လောက်ပဲ မကျေနပ်ပါစေ၊ သူ ဘာမှ လုပ်၍ မရတော့ပေ။

နင်ချီ ခပ်ရေးရေး ပြုံးလိုက်၏။

"အားလုံးကို ကျေးဇူးတင်ပါတယ်"

သူ ဗဟိုချက်မ နေရာကို သိပ်ဂရုမစိုက်သော်လည်း၊ ပိုနီးကပ်သော နေရာတွင် ရှိနေခြင်းက ယေဘုယျအားဖြင့် အကျိုးရှိသည်။ တစ်ခုခု ဖြစ်လာခဲ့လျှင် ပိုမို လျင်မြန်စွာ တုံ့ပြန်နိုင်မည် မဟုတ်ပါလော။

ထို့အပြင်၊ အစောက တိုက်ပွဲမှ တစ်စုံတစ်ရာ ရရှိလိုက်၏။

သဲလွန်စ အချို့ကို သူ တွေ့ရှိလိုက်ခြင်းပင်၊

တောင်ပင်လယ် နတ်ဘုရားအရှင်မ၏ နူးညံ့သော အကြည့်နှင့် ဆုံလိုက်သောအခါ နင်ချီ ပြုံးလိုက်မိ၏။

သစ္စာဖောက်က တစ်ယောက်တည်း မဟုတ်လောက်ဘူးဟု နင်ချီ သံသယ ဝင်မိလိုက်သည်။

All Chapters