← Chapters

သစ္စာဖောက် (၂)

Vol. 29 Ch. 434

သစ္စာဖောက် (၂)

Vol. 29 Ch. 434

~စကားဆုံးသည်နှင့်။

သူသည် ရှေ့ဆုံးမှ ဦးဆောင်ကာ ကမ္ဘာ့ဆန္ဒနှင့် အနီးကပ်ဆုံးနေရာ ဖြစ်သည့် ပေ `(၁၀၀)` ခန့် အကွာအဝေးတွင် နေရာယူလိုက်၏။ ထို့နောက် နင်ချီ အပါအဝင် အခြားသော အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများလည်း သူ့နည်းတူ လိုက်လုပ်ကြပြီး၊ ခြောက်ဦးသားသည် ကမ္ဘာ့ဆန္ဒကို ဗဟိုပြုကာ စက်ဝိုင်းပုံစံ ဝိုင်းရံလိုက်ကြ၏။

ထို့နောက်။

ဓာတ်ကြီးငါးပါး ပြည့်စုံသူများနှင့် ပဉ္စမအဆင့် သိုင်းသူတော်စင်များသည် သူတို့နောက်မှ လိုက်ပါလာပြီး၊ ကမ္ဘာ့ဆန္ဒနှင့် ပေ `(၃၀၀)` ခန့် အကွာအဝေးတွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်လျက် အသက်ရှူခြင်းကို ထိန်းညှိနေကြ၏။

ကျန်ရှိသော သိုင်းသူတော်စင်များသည် ကျင့်ကြံခြင်း အဆင့်အလိုက် အပြင်ဘက်သို့ တဖြည်းဖြည်း ရွှေ့ကာ နေရာယူကြ၏။

သူတော်စင် `(၁၀၀)` ခန့်သည် ကမ္ဘာ့ဆန္ဒကို စက်ဝိုင်းထပ်များဖြင့် ဝိုင်းရံထားကြပြီး၊ အားကောင်းသော အရှိန်အဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရာ အလွန် ခမ်းနားသော မြင်ကွင်းကြီး ဖြစ်ပေါ်နေလေသည်။

လူတိုင်း စိတ်ကို တည်ငြိမ်အောင် ထားပြီး အာရုံစူးစိုက်လိုက်ကြ၏။

တစ်ခဏချင်းစီမှာပင်၊

ကမ္ဘာ့ဆန္ဒသည် တစ်ဖန် တောက်ပစွာ လင်းလက်လာသော်လည်း ယခုတစ်ကြိမ် အလင်းရောင်တွင် ဖိနှိပ်မှု ပါဝင်ခြင်း မရှိတော့ဘဲ ထူးခြားသော စွမ်းအားတစ်ခုကို ထုတ်လွှတ်နေ၏။ နူးညံ့သော အလင်းတန်းများသည် လူတိုင်းကို ရစ်ပတ်ထားပြီး၊ ကမ္ဘာ့ဆန္ဒနှင့် နီးကပ်လေ ထိုထူးခြားသော စွမ်းအား စီးဝင်မှု ပိုမို ပြင်းထန်လေ ဖြစ်၏။

နင်ချီ သေသေချာချာ အာရုံခံလိုက်၏။

သူ့ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအားများ ဆူပွက်လာပြီး၊ ကိုယ်တွင်းကလီစာ ငါးခုသည် အရောင်ငါးမျိုး တောက်ပလျက် အဆက်မပြတ် လည်ပတ်နေ၏။ ကမ္ဘာ့ဆန္ဒထံမှ ထွက်ပေါ်လာသော ထူးခြားစွမ်းအားသည် ၎င်းတို့အပေါ် ကျရောက်လာပြီး ထူးခြားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေကာ ဉာဏ်အလင်းများ သူ့စိတ်ထဲသို့ ဝင်ရောက်လာစေသည်။

'အံ့ဖွယ် စွမ်းအားပါလား။ ဒါ ကမ္ဘာ့ မူလအစ စွမ်းအားများလား။ ဝိညာဉ် နိုးထခြင်းတုန်းက စွမ်းအားထက်တောင် ပိုပြီး ဆန်းကြယ်သေးတယ်။ အရင်က မမှန်းဆနိုင်ခဲ့တဲ့ နယ်ပယ်တွေဆီကို အလွယ်တကူ ရောက်သွားစေနိုင်တယ်'

နင်ချီ၏ ကလီစာ ငါးခုထဲရှိ ဓာတ်ကြီးငါးပါး ချီစွမ်းအားများ ပေါင်းစပ်သွားပြီး ပြောင်းလဲမှု ဖြစ်ပေါ်နေသည်ကို သူ ခံစားလိုက်ရ၏။ ဤဖြစ်စဉ်သည် သူ့ဘက်က ကြိုးစားအားထုတ်မှု သိပ်မလိုအပ်ဘဲ အလိုအလို ဖြစ်ပျက်နေခြင်း ဖြစ်၏။

အစစ်အမှန်သိုင်း အမွေအနှစ်မှတစ်ဆင့် နင်ချီသည် နောက်ထပ် နယ်ပယ် ဖြစ်သော ခရမ်းရောင် နန်းတော် နယ်ပယ်ကို မည်သို့ ကျင့်ကြံရမည်ကို သိရှိထားပြီး ဖြစ်၏။

ချီငါးပါးကို မူလအစဆီသို့ ပို့ဆောင်ခြင်း ၊ နတ်ဘုရား နည်းစနစ်များ စုစည်းခြင်း၊ ထို့နောက် နတ်ဘုရား နည်းစနစ်များကို အသုံးပြုပြီး ခရမ်းရောင် နန်းတော် ဖွင့်လှစ်ခြင်း။

မူလက ချီငါးပါးကို မူလအစဆီသို့ ပို့ဆောင်ခြင်း လုပ်ငန်းစဉ်သည် အလွန် ခက်ခဲလှပြီး၊ နတ်ဘုရား နည်းစနစ်များ စုစည်းရန်မှာ ပို၍ပင် ခက်ခဲသေးသည်။ သို့သော် ယခု မူလအစ စွမ်းအား၏ ကောင်းချီးအောက်တွင် နင်ချီ စိတ်ကူးလိုက်ရုံမျှဖြင့် နတ်ဘုရား နည်းစနစ်များသည် ထိုလမ်းကြောင်းအတိုင်း ဖြစ်ပေါ်လာနေပြီ ဖြစ်၏။

နင်ချီသည် သူကိုယ်တိုင် ဖော်ထုတ်ထားသော နယ်မြေ အရှင်သခင် ကျင့်ကြံခြင်း စနစ် အတိုင်း သွားရန် ရည်ရွယ်ထားသော်လည်း၊ ယခု အခြေအနေကို ကြုံတွေ့လိုက်ရသောအခါ အံ့သြမဆုံး ဖြစ်ရလေသည်။

အဝေးတစ်နေရာမှာ..၊

သိုင်းသူတော်စင် အချို့သည် နယ်ပယ် ချိုးဖျက်ခြင်း ကိုပင် စတင်နေကြပြီ ဖြစ်၏။

အကြောင်းမူကား အဆင့်နိမ့် သိုင်းသူတော်စင်များအတွက် အဆင့်တက်ရန်မှာ လုံလောက်သော ဓာတ်ကြီးငါးပါး ချီစွမ်းအားသာ လိုအပ်သဖြင့် ပိုမို လွယ်ကူသောကြောင့် ဖြစ်၏။

ထိုအခိုက်အတန့်၌..၊

ရှေးဟောင်း သူတော်စင်များ နှစ်ပေါင်း ထောင်ချီ ကြိုးပမ်းအားထုတ်ခဲ့ခြင်း၏ အဓိပ္ပာယ်ကို သူ နားလည်လိုက်၏။

ဝိညာဉ် နိုးထခြင်းနှင့် ကမ္ဘာ့ဆန္ဒ၏ ကောင်းချီးခံယူခြင်း လုပ်ငန်းစဉ်များမှတစ်ဆင့် အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းအားရှင် အများအပြားကို လျင်မြန်စွာ မွေးထုတ်ပေးနိုင်သည်။ အနာဂတ်တွင် တောင်နှင့် ပင်လယ် နယ်မြေ ကျူးကျော်လာသောအခါ ကမ္ဘာ့ဆန္ဒက ခေတ္တမျှ စွမ်းအား မြှင့်တင်ပေးလိုက်ပါက အောင်ပွဲ ရနိုင်ချေ ရှိပေသည်။

အတွေးများ သူ့ခေါင်းထဲတွင် လည်ပတ်နေ၏။

ပတ်ပတ်လည်တွင် နယ်ပယ် ချိုးဖျက်ခြင်း လှိုင်းဂယက်များ ထင်ရှားစွာ ပေါ်ထွက်နေ၏။

သို့သော် ကောင်းကင်သတ် သိုင်းသူတော်စင် ကဲ့သို့သော သူများမှာမူ နှေးကွေးနေကြ၏။ အကြောင်းမှာ သူတို့သည် တစ်ပိုင်း နတ်ဘုရား စွမ်းအား နယ်ပယ်မှ စစ်မှန်သော နတ်ဘုရား စွမ်းအား နယ်ပယ် သို့ တက်လှမ်းရန် ကြိုးစားနေကြသဖြင့် အချိန်ပိုယူရသောကြောင့် ဖြစ်၏။

နင်ချီ အနည်းငယ် အာရုံခံလိုက်ပြီး စိတ်အာရုံ တစ်စိတ်တစ်ပိုင်းကို ချန်ထားလျက် နယ်မြေ အရှင်သခင် နယ်ပယ် ဖော်ထုတ်ခြင်းတွင် အာရုံနှစ်မြှုပ်လိုက်၏။

ဝန်ခံရမည် ဆိုလျှင်။

ဤ ကြွယ်ဝသော မူလအစ စွမ်းအား စီးဝင်မှုသည် ကမ္ဘာ့ဆန္ဒ၏ လျှို့ဝှက်ချက်များကို အတိုင်းအဆမရှိ မြင်တွေ့ခွင့် ရစေခဲ့သည်။ ထို့အပြင် လာမည့် ပေါင်းစပ်မှုအတွက် လျှို့ဝှက် တံဆိပ်ခတ်နှိပ်ခြင်းများကို ကြိုတင် ပြုလုပ်ထားနိုင်စေခဲ့သည်။

ဒါသည် မမျှော်လင့်ထားသော ပျော်ရွှင်မှု တစ်ခုပင်၊ နင်ချီ့အတွက် နတ်ဘုရား စွမ်းအား နယ်ပယ်သို့ ရောက်ရှိခြင်းထက်ပင် ပိုမို ပျော်ရွှင်စေသည်။

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။

အရာအားလုံး ကောင်းမွန်စွာ တိုးတက်နေ၏။

သူတော်စင် အားလုံး ကြီးမားသော တိုးတက်မှုများ ရရှိကြပြီး၊ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး အချို့သည် အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေကြပြီ။

သို့သော် ထိုအချိန်မှာပင်၊

ရုတ်တရက် အပြောင်းအလဲ ဖြစ်ပေါ်လာသည်။

မူလက မျက်လုံးမှိတ်ပြီး နယ်ပယ် ချိုးဖျက်ရန် ကြိုးစားနေသော သွေးမည်း မိစ္ဆာ ဘုရင် သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ သူ့မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။ စကားတစ်ခွန်းမျှ မဆိုဘဲ သွေးမည်း မိစ္ဆာ တံခွန် ကို ထုတ်လိုက်၏။ လက်ကို ဝှေ့ယမ်းလိုက်ရာ တံခွန် အတွင်းမှ တိုက်စားနိုင်စွမ်းပါဝင်သော သွေးမည်း မိစ္ဆာ သံကြိုးများ ပစ်ထွက်သွားပြီး အမည်းရောင် မီးတောက်များ လောင်ကျွမ်းနေ၏။

ပစ်မှတ်ကတော့... ကမ္ဘာ့ဆန္ဒ တည့်တည့်ဆီသို့ပင်၊

`ဝီ`

ကမ္ဘာ့ဆန္ဒသည် အန္တရာယ်ကို အာရုံခံမိလိုက်သကဲ့သို့ ရုတ်တရက် တောက်ပလာသော်လည်း နောက်ကျသွားချေပြီ။ အချိန်ကြာမြင့်စွာ ကောင်းချီးပေးနေရသဖြင့် ကမ္ဘာ့ဆန္ဒသည် ခေတ္တမျှ အားနည်းနေချိန် ဖြစ်ရာ၊ ထို မိစ္ဆာ သံကြိုးများသည် လျှပ်စီးပမာ ပစ်ခတ်သွားပြီး ကမ္ဘာ့ဆန္ဒကို လှောင်အိမ်တစ်ခုသဖွယ် ချုပ်နှောင်လိုက်တော့သည်။

သူတော်စင်များ ထိတ်လန့်တကြား မျက်လုံးဖွင့်ကြည့်လိုက်ကြရာ ထိုမြင်ကွင်းကို အချိန်မီ မြင်တွေ့လိုက်ကြရ၏။

သူတို့မှာ စဉ်းစားချိန် မရလိုက်။

အရာအားလုံးက ရုတ်တရက် ဆန်လွန်းနေ၏။

သို့သော် လူတစ်ယောက်ကတော့ အစကတည်းက သတိရှိနေခဲ့သည်။

နင်ချီ မျက်လုံးဖွင့်လိုက်၏။

"သေချင်နေတာပဲ"

သူ့အကြည့်က အေးစက်နေ၏။ သူသည် အမြဲတမ်း စိတ်အာရုံ တစ်စိတ်တစ်ပိုင်းကို ချန်ထားပြီး အခြားသူများကို စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သွေးမည်း မိစ္ဆာ ဘုရင် စတင် လှုပ်ရှားလိုက်သည့် တခဏမှာပင် သူ တုံ့ပြန်ပြီး ဖြစ်နေ၏။ ကမ္ဘာ့ဆန္ဒကို သူ့ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားပြီး ဖြစ်ရာ၊ ယခု အခွင့်အရေးကို ယူပြီး ကမ္ဘာ့ဆန္ဒ၏ စွမ်းအားကို အနည်းငယ် လျော့နည်းသွားစေရန်နှင့် သစ္စာဖောက်ကို မျှားခေါ်ရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။

မထင်မှတ်ဘဲ ဒီလူကြီးက တကယ် သည်းမခံနိုင်တော့ဘူးပဲ။

ငွေရောင် ဓားအလင်းတန်း တစ်ချက် ဝေဝါးသွားပြီး ပျောက်ကွယ်သွားသည်။

အစစ်အမှန်သိုင်းဓား သည် မရေမတွက်နိုင်သော ဓားချီများအဖြစ် ကွဲထွက်သွားပြီး သွေးမည်း မိစ္ဆာ သံကြိုးများကို ဖြတ်တောက်လိုက်၏။

သွေးမည်း မိစ္ဆာ ဘုရင်က နင်ချီ့ကို ယုတ်မာသော အပြုံးဖြင့် ကြည့်လိုက်၏။ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

"ခွေးကောင်... ငါ မင်းကို သည်းခံနေတာ ကြာပြီကွ"

တစ်ခဏချင်းစီမှာပင်၊

ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ သွေးမည်း မိစ္ဆာ ဘုရင်သည် သူ့စွမ်းအားကို ဖုံးကွယ်မထားတော့ပေ။ မိစ္ဆာ တံခွန် ဝှေ့ယမ်းလိုက်ရာ မည်းနက်သော တိမ်တိုက်များ လိပ်တက်လာပြီး မူလက ငြိမ်းချမ်းနေသော လေဟာနယ်ကို ပြင်းထန်သော စစ်မြေပြင်အဖြစ် ပြောင်းလဲပစ်လိုက်၏။

မည်းနက်သော ဦးခေါင်းခွံများ တစ်ခုပြီးတစ်ခု အော်ဟစ်ထွက်ပေါ်လာကြပြီး သူတို့၏ အသံများက ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။

သွေးမည်း ရေစက်များသည် မိုးရေအဖြစ် စုစည်းသွားပြီး နင်ချီ့ထံသို့ သည်းကြီးမဲကြီး ရွာသွန်းချလိုက်၏။

နတ်ဘုရား နည်းစနစ် အကြမ်းထည်... သွေးမည်း နတ်ဘုရား မိုးရေ။

ယခု သွေးမည်း မိစ္ဆာ ဘုရင် ထုတ်ဖော်လိုက်သော စွမ်းအားသည် ကောင်းကင်ဘုံ တောင်ထွတ်တွင် ရှိစဉ်ကထက် များစွာ သာလွန်နေ၏။

သူတော်စင်များသည် ဉာဏ်အလင်းရယူခြင်း အခြေအနေမှ နိုးထလာကြပြီး မှင်သက်ကာ ကြောက်ရွံ့စွာ ကြည့်ရှုနေကြ၏။

"ဒါ... တောင်နှင့် ပင်လယ် နယ်မြေရဲ့ စွမ်းအားပဲ"

စောစောက ကောင်းကင်သတ် သိုင်းသူတော်စင် ပြသခဲ့သော ပုံရိပ်များထဲတွင် ထို မည်းနက်သော ဦးခေါင်းခွံ စွမ်းအားများ ပါဝင်ခဲ့သည်။ ယခု ထိုစွမ်းအားများ သွေးမည်း မိစ္ဆာ ဘုရင်ထံတွင် ပေါ်လာခဲ့ချေပြီ။

သွေးမည်း မိစ္ဆာ ဘုရင်၏ ရုတ်တရက် သစ္စာဖောက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ၊…

အဖြေက ရှင်းနေပြီ ဖြစ်၏။

"သွေးမည်း မိစ္ဆာ ဘုရင်... မင်း ဘာလို့ သစ္စာဖောက်ရတာလဲ"

သိုင်းသူတော်စင်များ၏ မျက်လုံးများ နီရဲလာကြ၏။

လိပ်အိုကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး စိမ်းစိုသော ဝိညာဉ်အလင်းရောင်များ သူ့ခန္ဓာကိုယ်တွင် စုစည်းလာသည်။

ထိုစဉ်၊ သွေးမည်း မိစ္ဆာ ဘုရင်က ယုတ်မာစွာ ရယ်မောလိုက်၏။

"ဟီးဟီး..သစ္စာဖောက်တယ် ဟုတ်လား။ ခေတ်အခြေအနေကို နားလည်တဲ့သူက ပညာရှိ ဖြစ်တယ် ဆိုတာလောက်ပါပဲကွာ။ မင်းတို့ ငတုံးတွေ... ဒီလောက် ပြင်ဆင်မှုလေးနဲ့ ဝိညာဉ်ကမ္ဘာလို နယ်ပယ်ကြီး တစ်ခုရဲ့ စွမ်းအားကို တကယ် ခုခံနိုင်မယ် ထင်နေတာလား"

"ငါ ပြောပြမယ်... အရင်တုန်းက အခြေအနေ ဆိုတာ တောင်နှင့် ပင်လယ် နယ်မြေက အသင့်မဖြစ်သေးတဲ့အချိန်မှာ ကမ္ဘာ့ဆန္ဒရဲ့ ရိုက်ခတ်မှုကို ခံလိုက်ရလို့သာ ဖြစ်သွားတာ။ အခု သူတို့က အသင့် ပြင်ထားပြီးပြီ။ မင်းတို့ နိုင်မယ် ထင်နေတာလား။ ရယ်စရာ ကောင်းလိုက်တာ"

သူက သူတော်စင်များကို ရက်စက်စွာ ပြုံးပြလိုက်၏။

သွေးမိုးရေများသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

ထက်ဝက်က တွေ့ကရာ လူကို တိုက်ခိုက်ပြီး၊ ကျန်ထက်ဝက်က ကမ္ဘာ့ဆန္ဒကို ပစ်မှတ်ထားနေ၏။

နင်ချီ၏ မျက်နှာထား တည်ငြိမ်နေဆဲ။ သူက လက်ညှိုးတစ်ချောင်း ထောင်လိုက်ရာ ဓားချီ `(၅)` ခု ကောင်းကင်သို့ ထိုးတက်သွားသည်။

ဓာတ်ကြီးငါးပါး နတ်ဘုရား ဓားချီ။

ဓားချီများသည် ပြင်းထန်စွာ ထက်ရှပြီး နက်ရှိုင်းသော လျှို့ဝှက်ချက်များ ပါဝင်နေ၏။ အပြန်အလှန် ဆက်နွှယ်ပြီး အဆုံးမဲ့ ဖြစ်ပေါ်နေကာ စွမ်းအား အကန့်အသတ်မရှိ ဖြစ်နေ၏။ နတ်ဘုရား နည်းစနစ်များကိုပင် ကျော်လွန်နေသော အဆင့် ဖြစ်၏။ ကောင်းကင်ထိုး ဓားချီ `(၅)` ခုသည် သွေးမည်း နတ်ဘုရား မိုးရေများကို ဖြတ်တောက် ပစ်လိုက်၏။

သွေးမည်း မိစ္ဆာ ဘုရင် မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး မဲမှောင်စွာ ရယ်မောလိုက်၏။

"ကောင်းကင်ဘုံဓားသခင်... မင်းလို ပါရမီရှင်က သိုင်းကမ္ဘာနဲ့အတူ ရောပြီး သေချင်နေတာလားကွ၊ ငါနဲ့ ပူးပေါင်းပြီး ဒီ ကမ္ဘာ့ဆန္ဒကို ဖျက်ဆီးပစ်လိုက်စမ်းပါ။ ပြီးရင် တောင်နှင့် ပင်လယ် နယ်မြေ တပ်မတော်ကို ကြိုဆိုကြမယ်လေ။ အဲဒီအချိန်ကျရင် ဒီကောင်းမှုကြောင့် ငါတို့ တောင်နှင့် ပင်လယ် နယ်မြေကို ရောက်သွားရုံတင် မကဘူး... အဆုံးမဲ့ အရင်းအမြစ်တွေပါ ရနိုင်မှာကွ"

နင်ချီ ဘာမှ ပြန်မပြော။

တောင်ပင်လယ် နတ်ဘုရားအရှင်မက ပထမဆုံး အော်ဟစ်လိုက်၏။

"သွေးမည်း မိစ္ဆာ ဘုရင်... ရှင် တကယ် အမှားကြီး မှားပြီ။ မူလကတော့ ရှင် လမ်းမှန် ပြန်ရောက်လာလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ ခွေးမြီးကောက် ကျည်တောက်စွပ်လို့ မရဘူး ဆိုတာ ဒါမျိုးကို ပြောတာပဲ။ ရှင် သေသင့်ပြီ"

"တာအိုမိတ်ဆွေတို့... ကျွန်မနဲ့အတူ မိတ်ဆွေ ကောင်းကင်ဘုံဓားသခင်ကို ကူညီပြီး ဒီသစ္စာဖောက်ကို သတ်ပစ်ကြရအောင်"

အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး အချို့ တဖြည်းဖြည်း နိုးထလာကြ၏။ သူတို့သည် နယ်ပယ် ချိုးဖျက်လုနီးပါး ဖြစ်နေသော်လည်း ဖိအားပေး၍ ရပ်တန့်လိုက်ရသည်။

လိပ်အိုကြီး၏ လက်ဝါးတွင် စိမ်းစိုသော အလင်းရောင်များ စုစည်းလာပြီး ရှေးဟောင်း တောင်စိမ်းကြီး အဖြစ် ပြောင်းလဲကာ သွေးမည်း မိစ္ဆာ ဘုရင်ကို ဖိချလိုက်၏။

တောင်ပင်လယ် နတ်ဘုရားအရှင်မ၏ ကျောက်စိမ်းပုလင်းသည် လင်းလက်လာပြီး လက်တစ်ထောင် ဗောဓိသတ္တ ပုံရိပ်ကို ဖန်တီးကာ မြင့်မြတ်သော အရှိန်အဝါများ ထုတ်လွှတ်လိုက်၏။

အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး `(၂)` ဦး ပူးပေါင်း တိုက်ခိုက်လိုက်ရာ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့သော် နောက်တစ်ခဏမှာ..၊

အားလုံး မှင်သက်သွားကြ၏။

လက်တစ်ထောင် ဗောဓိသတ္တသည် ရုတ်တရက် ဦးတည်ချက် ပြောင်းသွားပြီး၊ ဧရာမ အရွယ် လက်ဝါးများဖြင့် လိပ်အိုကြီးကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ လိပ်အိုကြီးသည် နင်ချီ၏ သတိပေးမှုကြောင့် တောင်ပင်လယ် နတ်ဘုရားအရှင်မကို သတိထားနေခဲ့သော်လည်း၊ ဤမျှ ရုတ်တရက် ပြောင်းလဲသွားမှုကို မျှော်လင့်မထားခဲ့သဖြင့် အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိဘဲ၊ အလျင်အမြန်ပင် မူလဇာစ်မြစ် ပုံစံပြောင်းပြီး လိပ်ခွံဖြင့် ကာကွယ်လိုက်ရ၏။

"တောင်ပင်လယ် နတ်ဘုရားအရှင်မ... ခင်ဗျား ဘာလုပ်တာလဲ"

ကွေ့ချန်ချင်း ဒေါသတကြီး အော်ဟစ်လိုက်၏။

တောင်ပင်လယ် နတ်ဘုရားအရှင်မက တိုးညှင်းစွာ ရယ်မောလိုက်၏။

"မိစ္ဆာ ဘုရင် ပြောတာ အမှန်တွေ ပါနေသလို ခံစားရလို့ပါ ရှင်"

သူမ၏ ရယ်သံတွင် ပုံမှန် မဟုတ်သော ဆွဲဆောင်မှု တစ်မျိုး ပါဝင်နေ၏။

သူတော်စင်များ တစ်ကိုယ်လုံး အေးစက်သွားကြ၏။

အခြေအနေက ဆိုးရွားသွားခဲ့ချေပြီ။

All Chapters