← Chapters

ခေတ်အခြေအနေကို နားလည်သူသာ ပညာရှိ

Vol. 29 Ch. 435

ခေတ်အခြေအနေကို နားလည်သူသာ ပညာရှိ

Vol. 29 Ch. 435

~တောင်ပင်လယ် နတ်ဘုရားအရှင်မ၏ ရုတ်တရက် တိုက်ခိုက်မှုသည် မည်သူမျှ သတိမထားမိလိုက်သော အခြေအနေမျိုးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ ၎င်း၏ အဓိပ္ပာယ်မှာ ရှင်းလင်းပြတ်သားလှပေသည်။ သွေးမည်း မိစ္ဆာ ဘုရင် ၏ စကားလေး တစ်ခွန်းနှစ်ခွန်းကြောင့် သူမ စိတ်ပြောင်းသွားခြင်း မဟုတ်နိုင်ရာ ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိတော့သည်။

တောင်ပင်လယ် နတ်ဘုရားအရှင်မပါ ဘက်ပြောင်းသွားခြင်းပင်၊

အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများထဲမှ `(၂)` ဦးတောင် သစ္စာဖောက်သွားပြီ ဆိုသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

အရာအားလုံး ရုတ်တရက် ဖြစ်ပျက်သွားခဲ့သည်။

ကမ္ဘာ့ဆန္ဒနှင့် နီးကပ်သော နေရာမှာ..၊

နင်ချီက သွေးမည်း မိစ္ဆာ ဘုရင်ကို တိုက်ခိုက်နေပြီး၊ ကွေ့ချန်ချင်း နှင့် တောင်ပင်လယ် နတ်ဘုရားအရှင်မတို့ အပြန်အလှန် တိုက်ခိုက်နေကြ၏။ သွေးမည်း မိစ္ဆာ ဘုရင်နှင့် တောင်ပင်လယ် နတ်ဘုရားအရှင်မတို့သည် ကမ္ဘာ့ဆန္ဒအပေါ် လွှမ်းမိုးမှု တစ်စုံတစ်ရာ ပြုလုပ်ရန် ရည်ရွယ်ထားပုံရသော်လည်း နင်ချီနှင့် ကွေ့ချန်ချင်းတို့က ပိတ်ဆို့ တားဆီးထားသည်။ တိုက်ပွဲ၏ လှိုင်းဂယက်များမှာ အလွန် ပြင်းထန်လွန်းသဖြင့် အခြား သိုင်းသူတော်စင်များ ဝင်ရောက်စွက်ဖက်၍ မရနိုင်ဘဲ စိုးရိမ်တကြီး ကြည့်နေရုံသာ တတ်နိုင်ကြ၏။ အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးနေပြီ ဖြစ်၏။

ထို့အပြင် လူတိုင်း၏ စိတ်ထဲတွင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ဝင်လာသည်။

သူတို့နှစ်ဦးအပြင် တခြား သစ္စာဖောက်များ ရှိနေဦးမလား။

ထိုအတွေး ဝင်လာသည့် တခဏမှာပင်၊

ဝိညာဉ်စွမ်းအား လှိုင်းဂယက်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

သိုင်းသူတော်စင် အချို့သည် မျက်နှာဖုံးကွာကျသွားပြီး ဘေးပတ်ဝန်းကျင်ရှိ မိတ်ဆွေများကို ရန်လိုစွာ တိုက်ခိုက်လာကြတော့သည်။

"လူရိုင်းဧကရာဇ်... မင်း ဘယ်လိုလုပ်ရဲတာလဲကွ"

"ဗုဒ္ဓပေါင်ရှု ... ဘာလို့ ဒီလိုလုပ်ရတာလဲ"

"သိုင်းသူတော်စင် အမြဲစိမ်း ... မင်းကို ရင်ဘတ်ချင်း တူတဲ့ မိတ်ဆွေရင်းလို့ သဘောထားခဲ့တာ... ငါ တကယ် လူမှားခဲ့တာပဲ"

ပြစ်တင်ရှုတ်ချသံများ ဆူညံစွာ ထွက်ပေါ်လာသည်။

တစ်ချိန်က အရင်းနှီးဆုံး မိတ်ဆွေများက ဤမျှအထိ ယုတ်ညံ့သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ စစ်ပွဲပင် မစရသေးမီ သူတို့ ဘက်ပြောင်းသွားကြချေပြီ။ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့သော နက်ရှိုင်းသည့် အမုန်းတရားများကို သူတို့ မေ့လျော့သွားကြလေပြီလား။

သူတို့ စိတ်ရောကိုယ်ပါ ထိခိုက်ခံစားလိုက်ရပြီး ယုံကြည်နိုင်စွမ်း မရှိ ဖြစ်နေကြ၏။

သစ္စာဖောက် သိုင်းသူတော်စင်များမှာမူ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

"ခေတ်အခြေအနေကို နားလည်တဲ့သူက ပညာရှိပဲကွ... ငါတို့က ရှင်သန်မယ့်လမ်းကို ရွေးတာပဲ ရှိတယ်"

"လမ်းစဉ်မတူရင် အတူတူ လက်တွဲလို့ မရဘူးလေ"

သူတို့က ပြတ်သားနေကြ၏။ ဒီလမ်းကို ရွေးချယ်ပြီးမှတော့ နောင်တရမည် မဟုတ်။

ဤ သစ္စာဖောက် သိုင်းသူတော်စင်များသည် အခြားသူများ နင်ချီနှင့် ကွေ့ချန်ချင်းတို့ကို သွားရောက် ကူညီမည့် လမ်းကြောင်းကို ခိုင်ခိုင်မာမာ ပိတ်ဆို့ထားကြ၏။

သူတို့ အရေအတွက် နည်းပါးသော်လည်း အချို့မှာ ကျင့်ကြံခြင်း အဆင့် မြင့်မားသူများ ဖြစ်ကြ၏။

တစ်နည်းအားဖြင့် ပြောရလျှင်။

ကျင့်ကြံခြင်း အဆင့် မြင့်မားလေ သေရမှာကို ပိုကြောက်လေပင် ဖြစ်၏။ ပိုမို မြင့်မားသော နေရာများကို မြင်တွေ့ချင်ကြ၏။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာလာသည့်အခါ ကိုယ်ကျိုးကြည့်သော စိတ်ဓာတ်များ ပေါ်ပေါက်လာတတ်သည်မှာ ဆန်းကြယ်သော ကိစ္စ မဟုတ်ပေ။

"အထွတ်အထိပ် ကမ္ဘာ့ဆန္ဒတော်... ကောင်းကင်ဘုံ မိုးကြိုး ကို စေလွှတ်ပြီး ဒီသစ္စာဖောက်တွေကို မျိုးဖြုတ်ပေးသနားပါ ခင်ဗျာ"

သိုင်းသူတော်စင် တစ်ပါးသည် သွေးအလိမ်းလိမ်းဖြင့် အော်ဟစ်လိုက်ပြီး ရှေးဟောင်း တာအို အသံလှိုင်း လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ ကမ္ဘာ့ဆန္ဒကို အတင်းအဓမ္မ ဆင့်ခေါ်ရန် ကြိုးစားလိုက်၏။

သစ္စာဖောက်များ အနေဖြင့် အစောပိုင်းကတည်းက တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ခြင်း မပြုလုပ်ခဲ့ရသည့် အကြောင်းရင်းမှာ ဤအချက်ကြောင့်ပင်၊ အကယ်၍ သူတို့၏ ရည်ရွယ်ချက်ကို အနည်းငယ်မျှ ထုတ်ပြလိုက်မိသည်နှင့် အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။ သူတို့ ဘယ်လောက်ပဲ သန်မာပါစေ၊ ကမ္ဘာ့ဆန္ဒ၏ ရှေ့မှောက်တွင် ဘာမှ မဟုတ်ပေ။ သူတို့သည် ယခုအချိန်အထိ သည်းခံစောင့်ဆိုင်းခဲ့ပြီး ကမ္ဘာ့ဆန္ဒ အားအနည်းဆုံး ဖြစ်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်း ယူလိုက်ကြခြင်း ဖြစ်၏။

ကမ္ဘာ့ဆန္ဒသည် သူတော်စင်အပေါင်း၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် တောက်ပစွာ လင်းလက်လာသည်။

သို့သော် မမြင်ရသော ဝိညာဉ် သံကြိုးများ ရုတ်တရက် ပေါ်ပေါက်လာပြီး ကမ္ဘာ့ဆန္ဒကို တင်းကျပ်စွာ ချည်နှောင်လိုက်ရာ စွမ်းအားများ ယိုစိမ့်ထွက်လာခြင်း မရှိတော့ပေ။

လူတိုင်း အံ့အားသင့်သွားကြ၏။

ဒီ ဓမ္မ နည်းလမ်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းပြီး ကမ္ဘာ့ဆန္ဒကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားထားခြင်း ဖြစ်ကြောင်း ထင်ရှားနေ၏။ သစ္စာဖောက်များသည် အသင့် ပြင်ဆင်လာခဲ့ကြ၏။ ဒီနည်းလမ်းကို တောင်နှင့် ပင်လယ် နယ်မြေက ပေးသနားထားခြင်း ဖြစ်ဖို့ များသည်။

မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှု ရောထွေးနေသော အကြည့်များသည် နောက်ဆုံး ကျန်ရှိနေသေးသော အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး `(၂)` ဦးထံသို့ ရောက်ရှိသွားကြ၏။

မဟာယန် သိုင်းသူတော်စင် နှင့် ကောင်းကင်သတ် သိုင်းသူတော်စင် ။

အခြား ပုဂ္ဂိုလ်ကြီး `(၄)` ဦး တိုက်ခိုက်နေကြသော်လည်း သူတို့နှစ်ဦးမှာမူ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ တစ်ဦးကို တစ်ဦး သတိထား စောင့်ကြည့်နေကြ၏။

ယခုမူ၊ ကမ္ဘာ့ဆန္ဒကို ဝိညာဉ် သံကြိုးများ ချည်နှောင်လိုက်သည်နှင့် မဟာယန် သိုင်းသူတော်စင်၏ အကြည့်များ ရုတ်တရက် စူးရှသွားပြီး တည်ကြည်လေးနက်စွာ ပြောလိုက်၏။

"ကောင်းကင်သတ်... ဘာလို့လဲ ဗျ။ ဘာဖြစ်လို့ ခင်ဗျား ဖြစ်နေရတာလဲ"

သူ့မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။ အခြားသူများကို သံသယ ဝင်ခဲ့ဖူးသည်။ ယခု တိုက်ခိုက်နေကြသူများသည် ဟန်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟုပင် တွေးခဲ့ဖူးသည်။ သို့သော် သူ အရင် စမလှုပ်ရှားခဲ့ပေ။ သို့သော် ကောင်းကင်သတ် သိုင်းသူတော်စင် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ကမ္ဘာလောကကြီးတွင် စည်းကမ်း ထိန်းသိမ်းသူအဖြစ် လျှောက်လှမ်းခဲ့သော၊ အမိန့်အာဏာ တည်ဆောက်သူအဖြစ် ရပ်တည်ခဲ့သော သူသည်လည်း နှစ်ကာလ ကြာမြင့်လာသည့်အခါ ယိုယွင်းပျက်စီးသွားခဲ့ပြီလော။

အခြားသူများလည်း ထပ်တူထပ်မျှ ထိတ်လန့်သွားကြ၏။

ကောင်းကင်သတ် သိုင်းသူတော်စင်ပင် သစ္စာဖောက်သွားလိမ့်မည်ဟု မည်သူမျှ စိတ်ကူးမယဉ်ခဲ့ဖူးကြပေ။

တစ်ခဏချင်းစီမှာပင် လူတိုင်း မလုံခြုံမှုကို ခံစားလိုက်ရပြီး စိတ်ဓာတ်ရေးရာ ထိခိုက်မှု ကြီးမားသွားသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ကောင်းကင်သတ် သိုင်းသူတော်စင်သည် သိုင်းကမ္ဘာ၏ နံပါတ် `(၁)` ပုဂ္ဂိုလ်ဟု သတ်မှတ်ထားကြသူ ဖြစ်၏။ လူသိရှင်ကြား မကြေညာထားသော်လည်း သိုင်းသူတော်စင် အများစုက ထိုသို့ ယုံကြည်ထားကြ၏။

ကောင်းကင်သတ် သိုင်းသူတော်စင်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး နှုတ်ဆိတ်နေ၏။

သူသည် စကားလုံးများအစား လက်တွေ့ လုပ်ရပ်ဖြင့် တုံ့ပြန်လိုက်၏။

ကောင်းကင်ထိုး ဓားကြီး ထံမှ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒ ပေါက်ကွဲထွက်ပေါ်လာပြီး မဟာယန် သိုင်းသူတော်စင်ထံသို့ ခုတ်ပိုင်းချလိုက်၏။ ပြင်းထန်ပြီး ပြိုင်ဘက်ကင်းသော ထိုစွမ်းအားသည် ကောင်းကင်ကိုပင် နှစ်ခြမ်းကွဲသွားစေနိုင်မည့်အလား ထင်မှတ်ရ၏။

မဟာယန် သိုင်းသူတော်စင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ရှေးဟောင်း တံဆိပ်တုံးကို ပစ်လွှတ်လိုက်၏။ အဆုံးမဲ့ မီးတောက်များ ဟိန်းထွက်လာပြီး ပုံသဏ္ဍာန် အမျိုးမျိုး ပြောင်းလဲကာ ခုခံသော်လည်း လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသော ကောင်းကင် ဓားကြီး၏ ရှေ့မှောက်တွင် တစ်ခုပြီးတစ်ခု ပြတ်တောက်သွားကြရ၏။ ကောင်းကင်သတ် သိုင်းသူတော်စင်၏ စွမ်းအားသည် ယခင်က ပြသခဲ့သည်ထက် ပိုမို သာလွန်နေ၏။

လီရွှမ်ယန် .. ကြီးမားသော ဖိအားကို ခံစားလိုက်ရ၏။

သူ ကောင်းကင်သတ် သိုင်းသူတော်စင်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ကြိုတင် ခံစားမိလိုက်သဖြင့် စိတ်လေးလံသွားသည်။

လီရွှမ်ယန်က ဒေါသတကြီး အော်ဟစ်လိုက်၏။

"ကောင်းကင်သတ်... ခင်ဗျား တောင်နှင့် ပင်လယ် နယ်မြေ ဘက်ကို ကူးပြောင်းသွားတာ... ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာနဲ့ ဆန္ဒကို လေးစားရာ ရောက်ရဲ့လား ဗျ။ ကောင်းကင်သတ် မျိုးဆက် တစ်ခုလုံးကို တောင်နှင့် ပင်လယ် နယ်မြေက မျိုးဖြုတ် သတ်ဖြတ်ခဲ့ပြီး ခင်ဗျားရဲ့ ဘိုးဘေး တစ်ယောက်တည်းပဲ အသက်ရှင် ကျန်ရစ်ခဲ့တာကို ခင်ဗျား သိရဲ့လား ။ အဲဒီလို နက်ရှိုင်းတဲ့ ရန်ငြိုးကြီးကို ခင်ဗျား မေ့သွားပြီလား"

ဒီစကားတွေ မပြောလျှင် ပြဿနာ မရှိသော်လည်း၊ ပြောလိုက်သည့်အခါတွင်မူ တည်ငြိမ်နေသော ကောင်းကင်သတ် သိုင်းသူတော်စင်၏ မျက်နှာထားသည် ရုတ်တရက် ရိုင်းစိုင်းခက်ထန်သော ဒေါသအဖြစ် ပြောင်းလဲသွားလေသည်။

"ဘိုးဘေးရဲ့ ဂုဏ်သိက္ခာနဲ့ ဆန္ဒ ဟုတ်လား"

"ရွံစရာကောင်းတဲ့ ဂုဏ်သိက္ခာ... အားလုံးက ရွံစရာတွေချည်းပဲ"

"ဘာလို့ မင်းတို့ကျတော့ မိဘမေတ္တာ၊ ဆွေမျိုးမိတ်သင်္ဂဟတွေရဲ့ ဂရုစိုက်မှုတွေကို ခံစားရပြီး... ကမ္ဘာ့အသန်မာဆုံး ဖြစ်တဲ့ ငါကျတော့ မြောင်းထဲက ကြွက်တစ်ကောင်လို အထီးကျန်နေရတာလဲ... ဘာလို့လဲ"

ကောင်းကင်သတ် သိုင်းသူတော်စင်၏ မျက်လုံးများ သွေးရောင် လွှမ်းသွားသည်။ နှစ်ပေါင်းများစွာ မြိုသိပ်ထားခဲ့ရသော ခါးသီးမှုများကို ဖွင့်ထုတ်လိုက်သကဲ့သို့ ရက်ရက်စက်စက် တိုက်ခိုက်တော့သည်။

"ငါ မွေးလာတဲ့ နေ့ကစပြီး... သဘာဝအလျောက် မျက်စိကန်းခဲ့ရတယ်။ နေ့တိုင်း နှိပ်စက်ခံခဲ့ရတယ်။ မိသားစုလည်း ပျက်စီးခဲ့ရတယ်။ ကောင်းကင်ဘုံက ငါ့ကို အထီးကျန်ခြင်း ကျိန်စာ တိုက်ထားသလိုပဲ။ ငါ ဘယ်သူ့ကိုပဲ ကောင်းကောင်းဆက်ဆံပါစေ... အဲဒီလူက ဒုက္ခရောက်ပြီး နှိပ်စက်ခံရစမြဲပဲ”

All Chapters