နောက်ဆုံးတော့လည်း ပိုက်ဆံပေးမှနိုင်တာပဲ
Vol. 18 Ch. 171
ည...လုံးဝကို မှောင်နေသောည။
လေ.... ရိုးတွင်းခြင်ဆီထိအောင် အေးစက်လှသောလေ။
ကျိတုန်းက ကုတင်ဘေး မှီရပ်ရင်း ညအမှောင်အောက်က မြို့ငယ်လေးကို ငေးကြည့်နေသည်။ သူ၏ ရင်ထဲ သတ်ဖြတ်ချင်စိတ်များ တားမနိုင်ဆီးမရ ထိုးတက်လာ၏။
မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တစ်ယောက်အနေဖြင့် လူသားကမ္ဘာကို ရောက်လာချိန် ဂိုဏ်းပေါင်းစုံကို ဒုက္ခမပေးလိုက်ရလျှင် နာမည်နှင့် မလိုက်ဖက်ဘူး မဟုတ်ပေလား။
“ဘယ်ကနေ စသတ်ရမလဲ...” ကျိတုန်း အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သွေးနံ့အလွန်နံနေသော မြို့တော်ဝန်အိမ်တော်ကို မျက်စိကျသွား၏။
“အဟက်... ဒီနေရာက အဆင်ပြေသားပဲ။”
သူ့ပုံရိပ် ဝေဝါးသွားပြီး မျက်စိတစ်မှိတ်အတွင်း အိမ်တော်ရှေ့ ရောက်သွားသည်။ အတွင်းမှ အမျိုးသမီးတစ်ဦး၏ ငိုယိုတောင်းပန်သံများ ထွက်ပေါ်နေ၏။
“အရှင်... မရိုက်ပါနဲ့တော့... တောင်းပန်ပါတယ်... ရှောင်ချွေက ငယ်သေးလို့ပါ။ အရှင် ခိုင်းတာကို မလုပ်ချင်လို့ မဟုတ်ပါဘူး...”
ခြံဝင်းအတွင်း၌ ဆံပင်ဖြူဖြူ အဘိုးကြီးတစ်ဦးက ဆူးပါသော ကြိမ်လုံးဖြင့် သားအမိ နှစ်ယောက်ကို ရိုက်နှက်နေသည်။ နှစ်ယောက်လုံး သွေးအိုင်ထဲတွင် လဲနေသော်လည်း အဘိုးကြီးကတော့ မရပ်သေးပေ။
ထိုစဉ် အလင်းတစ်ချက် လက်သွား၏။
သုံးပေခန့်ရှိသော သွေးစွန်းနေသည့် ဓားတစ်စင်းက အဘိုးကြီး၏ ကျောဘက်မှနေ၍ ရင်ဘတ်ကို ဖောက်ထွက်သွား၏။ ကျိတုန်းက လရောင်အောက်တွင် အေးအေးဆေးဆေး လျှောက်လာရင်း အဘိုးကြီး၏ အလောင်းဘေးမှ ဖြတ်သွားခဲ့သည်။
“တကယ့်ကို မြင်ကွင်းကောင်းပဲ။”
သူ၏ ဓားဖျားမှ သွေးတစ်စက် ကျလာ၏။ “ရယ်စရာကောင်းလိုက်တာ... လူတွေက ငါတို့လို မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကို သရဲတစ္ဆေတွေထက် ပိုယုတ်မာတယ်လို့ ပြောကြတယ်...” ကျိတုန်း၏ အေးစက်သော မျက်လုံးများက သွေးစွန်းနေသော ခြံဝင်းကို ဝေ့ကြည့်လိုက်၏။ “ဒါပေမဲ့ ဒီလို ဖြောင့်မတ်တဲ့လူကြီးမင်းတွေရဲ့ ရက်စက်မှုနဲ့ ယှဉ်ရင် ငါတို့က ဘာမှ မဟုတ်သေးပါဘူး။”
အိမ်တော်မှ အစေခံများမှာ ထိတ်လန့်တကြား ထွက်ပြေးကုန်ကြသည်။ ကျိတုန်းက ဓားကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် တစ်အိမ်လုံးရှိ လူယုတ်မာများကို သတ်ဖြတ်လိုက်ပြီး ထိုသားအမိ နှစ်ယောက်သာ ကျန်တော့သည်။
ကောင်းကင်ပေါ်မှ မိုးပျံလှေပေါ်တွင် စုချီနျန်က အောက်မှမြင်ကွင်းကို ကြည့်ရင်း အံ့သြနေမိသည်။ သူက လီချင်းရန်ကို လှည့်ကြည့်ကာ တုံ့ဆိုင်းစွာ မေးလိုက်၏။
“ဘိုးဘေး... ဒါ တကယ်ပဲ ငါတို့ပစ်မှတ်လား။ သူ့လုပ်ရပ်တွေက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူနဲ့ မတူဘူး...”
အဂ္ဂိရတ်ဂိုဏ်းချုပ် ကျိုးရွှမ်ကျိကလည်း ဝါးယပ်တောင်ကို ခတ်ရင်း ဆိုသည်။ “စုဂိုဏ်းချုပ် ပြောတာ မှန်တယ်။ ဒါပေမဲ့ သေချာအောင် သူ ဘယ်လိုပညာရပ် သုံးလဲဆိုတာ ကြည့်တာပေါ့။ မိုးပျံလှေကို နည်းနည်း နိမ့်လိုက်ကြစို့။”
သူတို့ စကားပြောနေစဉ်မှာပင် အောက်က ခြံဝင်းအတွင်းရှိ သွေးများမှာ ကျိတုန်းထံသို့ အလိုအလျောက် စီးဝင်သွားသည်။ ထိုသားအမိနှစ်ယောက်မှာလည်း မျက်စိတစ်မှိတ်အတွင်း အသားတွေ ခန်းခြောက်သွားကာ အလောင်းကောင် ဖြစ်သွားတော့သည်။
ကျိတုန်းက ကောင်းကင်ကို မော့ကြည့်ရင်း ရက်စက်သော အပြုံးဖြင့် အော်ပြောလိုက်သည်။
“ပုန်းနေတဲ့သူတွေ... ရောက်လာမှတော့ ထွက်လာခဲ့ကြတော့...”
“...ကဲ၊ အခုတော့ သေချာသွားပြီ။ သူက မိစ္ဆာစစ်စစ်ပဲ။”
စုချီနျန်က နောင်တရစွာဖြင့် ဓားကိုဆွဲကာ မိုးပျံလှေပေါ်မှ ခုန်ချလိုက်သည်။ ဓားအလင်းတန်း တစ်ခုက ညအမှောင်ကိုခွင်းပြီး အောက်ဘက်မှ သွေးရောင်လွှမ်းနေသော လူဆီသို့ ဦးတည် သွားတော့သည်။
“ဓားကျောင်းတော်က ခွေးတွေလား။ သိပ်ကောင်းတယ်...”
ကျိတုန်းသည် သူ ပေါ်သွားမှန်း သိသော်လည်း မကြောက်ပေ။ သူ့ရှေ့မှလူက အခြေတည် ဝိညာဉ်အဆင့် နှောင်းပိုင်းသာ ရှိသေးသည်။ သူက ယခုပင် သွေးများကို စုပ်ယူထားတာကြောင့် အားပြည့်နေ၏။
စုချီနျန်၏ ဓားချက်ကို ကျိတုန်းက မရှောင်ဘဲ လက်ဝါးဖြင့် ပြန်တိုက်သည်။ သူ၏ လက်ဖဝါးထဲတွင် သွေးနီရောင် မျက်လုံးတစ်လုံး ပွင့်လာပြီး ဓားကို ဖမ်းထားလိုက်၏။
ကျိတုန်း၏ ဘယ်လက်က လရောင်ထက် ပိုမြန်နေခဲ့သည်။
စုချီနျန်က နောက်သို့ သုံးမီတာခန့် ဆုတ်ခွာသွားခဲ့ရပြီး ပုခုံးတွင် သွေးရောင် လက်ဝါးရာ ဖြစ်သွားခဲ့၏။
“ပထမလက်ဝါးက သေခြင်းရှင်ခြင်းရဲ့ အတိမ်အနက်ကို သင်ပေးဖို့ပဲ...”
ဓားအစွန်းက သူ၏ လက်ဝါးထဲရှိ မိစ္ဆာပုံစံကွက်များနှင့် ပွတ်တိုက်ပြီး မီးပွင့်များ ဖြစ်လာသည်။
ဝုန်း...
အခြေတည်ဝိညာဉ်အဆင့် နှစ်ယောက်၏ အားပြိုင်မှုကြောင့် လမ်းမတစ်ခုလုံး ဖုန်မှုန့်အဖြစ် ကြေမွသွားခဲ့သည်။
“ဒုတိယလက်ဝါးက ငရဲပြည်လမ်းကြောင်းကို တိုင်းဖို့...”
အလွန်ကြီးမားလှသော လက်သည်းတစ်ခုက သွေးမြူမှ ဖြစ်ပေါ်လာပြီး စံအိမ်ကို ကြွေမွ၍ သွားစေ၏။ စုချီနျန်က နောက်ဆုတ်နေရင်း ဓားစွမ်းအင်များ ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း မိစ္ဆာအရှိန်အဝါများက ၎င်းတို့ကို တိုက်စားနေကာ အရောင်ဖျော့ဖျော့ အလင်းရောင် သုံးခုသာ ကျန်ခဲ့စေသည်။ ဓားကို ကျစ်ကျစ်ဆုပ်ထားသော သူ၏လက်က အရိုးထိအောင် ပွင့်ထွက်သွားခဲ့၏။
“ဟေ့လူတွေ... ဘာရပ်ကြည့်နေတာလဲ။ ဆင်းလာပြီး ကူကြဦး...” စုချီနျန် ဒဏ်ရာရသွားသဖြင့် အပေါ်သို့ အော်ဟစ်အကူအညီတောင်းလိုက်သည်။
ကျိတုန်း မျက်မှောင်ကြုတ်လိုက်၏။
နောက်ထပ် ပြိုင်ဘက်တွေလား။
သူ မတုံ့ပြန်နိုင်ခင်မှာပင် ကောင်းကင်မှ သတ်ဖြတ်ချင်စိတ်များ စိမ့်ထွက်နေသော အနက်ရောင်နှင့် အဖြူရောင် နယ်ရုပ်များ ပြည့်နေသော စစ်တုရင်ခုံကြီးတစ်ခု ပေါ်ထွက်လာပြီး ကျိတုန်းကို ပိတ်ဆို့ထားလိုက်သည်။
“ကျိုးရွှမ်ကျိ... မင်းက သေဖို့ ရောက်လာတာလား။”
စစ်တုရင်ခုံကို မြင်ရုံဖြင့် ကျိတုန်းက ပြိုင်ဘက်ကို ချင်ချင်းပင် မှတ်မိလိုက်သည်။ သူက လေထဲ၌ ပုံရိပ်တစ်ခုကို စိုက်ကြည့်နေ၏။ ယပ်တောင်နှင့်လူပင်။
“မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ယောက်က မောက်မာရဲတယ်လား။” ကျိုးရွှမ်ကျိ သရော်ပြုံး ပြုံးလိုက်ပြီး သူ၏ မျက်လုံးကျဉ်းကျဉ်းက အေးစက်စက် အရောင်လက်သွားခဲ့သည်။ “ငါ့ရဲ့ အဂ္ဂိရတ်ဂိုဏ်းမှာ မိစ္ဆာအတတ်တွေ ဖြန့်ရဲတယ်ပေါ့။ ဒီနေ့ မင်းကို ငါ့ရဲ့ စစ်တုရင်ခုံဝိညာဉ်နဲ့ ဧည့်ခံပေးမယ်။”
“အော်မီတော်ဖော်... ဒီကိုယ်တော်လည်း ဒကာကြီးရဲ့ ကောင်းကင်မိစ္ဆာအတတ်ကို စမ်းပါရစေ။”
နောက်ထပ် အသံတစ်သံ ထွက်လာသည်။
ကျိတုန်း ဖျပ်ခနဲ ကြည့်လိုက်ရာ ပြိုလဲနေသော ခြံဝင်းပေါ်တွင် လက်အုပ်ချီထားသော ရင်ဘတ် ဗလာနှင့် ဇန်ဂိုဏ်းမှ ဘုန်းကြီးတစ်ပါးကို တွေ့လိုက်ရသည်။
သူတစ်ယောက်တည်းသာ မဟုတ်ပေ။ တခြား ဂိုဏ်းပေါင်းစုံမှ အခြေတည်ဝိညာဉ်အဆင့် ပညာရှင် ၁၀ယောက်ကျော် ပေါ်လာခဲ့သည်။
တစ်မြို့လုံးသည် သူတို့၏ ဖိအားကြောင့် တုန်လှုပ်နေ၏။ မိုးပျံလှေ၏ တာအိုအရှိန်အဝါက ပျံ့နှံ့နေပြီး မြို့ကို ကာရံထားကာ ကျိတုန်းကို ပိတ်ဆို့ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ချန်ဟွိုက်အန်က ဖုန်းကို ထုတ်ကာ ၉၈ယွမ် ပေးချေပြီး သူ၏ တည်ရှိမှုကို ဖုံးကွယ် ထားလိုက်၏။
ထိုအခါ ကျိတုန်းက အခြေအနေ မဟန်တော့မှန်း သိသွားသည်။
သို့သော် သူ မယုံနိုင်သည်က...
ငါ့ရဲ့ အငွေ့အသက်ကို သခင်မက ကောင်းကင်ကနေ ဖုံးကွယ်ပေးထားတာ မဟုတ်လား။ ကောင်းကင်လျို့ဝှက်ချက်တွေကို ဖုံးကွယ်ထားရင် ဒီဖြောင့်မှန်တဲ့ ဂိုဏ်းတွေက ဘယ်လိုလုပ် ငါ့ကို ရှာတွေ့သွားတာလဲ။ ဘာလို့ ဒီမှာ ကြိုပြီးတော့ စုနေကြတာလဲ...
“အဟက်... မင်းတို့အားလုံး ငါ့ကို သတ်နိုင်မယ် ထင်နေတာလား..”
ကြက်သွေးရောင် မိစ္ဆာအရှိန်အဝါတစ်ခု လှိမ့်တက်လာပြီး ကျိတုန်းက အခြေတည်ဝိညာဉ်အဆင့် တန်ခိုးရှင်များ အရှေ့တွင် မတ်မတ် ရပ်နေခဲ့ပြီး သူ၏ တည်ရှိမှုက ပိုမို၍ ပြင်းထန်လာသည်။ သူ၏ နှုတ်ခမ်းပေါ်တွင်လည်း လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။
“အချိန်ကိုက်ပဲ။ မင်းတို့တွေ အားလုံးကို ငါကိုယ်တိုင် လိုက်သတ်စရာ မလိုတော့ဘူး...”
သူ၏စကား မဆုံးသေးခင်မှာပင် ဘယ်လက်က ချိပ်ပိတ်တစ်ခု ဖန်တိးလိုက်ပြီး လက်ဝါးတစ်ချက် ပစ်လွှတ်လိုက်ရာ စုချီနျန်၏ ဓားစွမ်းအင်နှင့် ဇန်ဂိုဏ်းမှ ဗုဒ္ဓအလင်းရောင်ကို ကြေမွသွားစေ၏။
သွေးမြူ ရုတ်တရက် ဖြစ်ပေါ်လာပြီး သွေးလက်ဝါးကြီးတစ်ခုကို ဖန်တီးကာ အားလုံးကို ဖိနှိပ်လိုက်ရင်း အဆုံးမဲ့ သွေးပင်လယ်တစ်ခု ဖြစ်ပေါ်လာပြီး ပတ်ပတ်လည်ကို စိတ်ဝိညာဉ် စွမ်းအင်များဖြင့် မွန်းကြပ်သွားစေခဲ့သည်။ အားလုံးက ကာကွယ်ရေး အခင်းအကျင်းများ လုပ်နေစဉ်မှာပင် ကျိတုန်းက သွေးတိမ်တိုက်အဖြစ် ပြောင်းလဲကာ အဝေးသို့ အလွန်ပင် လျင်မြန်သောနှုန်းဖြင့် ထွက်ပြေးတော့သည်။
“ဟိုခွေးကောင် ပြေးသွားပြီ...”
ကျိတုန်း၏ ရယ်သံက ကောင်းကင်မှာ ကျန်ရစ်ခဲ့သည်။ “ကျုံးကျိုးလျို့ဝှက်နယ်မြေ ပြီးတာနဲ့ ငါ့ရဲ့ ထျန်မိုဂိုဏ်းက ကမ္ဘာကို အုပ်စိုးလိမ့်မယ်... မင်းတို့ လည်ပင်းတွေကို အသင့်ပြင်ထားကြ။ ဟားဟားဟား...”
အရင်တိုက်ခိုက်ပြီး ဆုတ်ခွာခြင်းက အကောင်းဆုံး ဗျူလာပင်။
သူ၏ သွေးတိမ်တိုက် ထွက်ပြေးခြင်း ပညာက အမြန်ဆုံး ဖြစ်သည်။ သွေးအနှစ်သာရကို လောင်ကျွမ်းခြင်းက တန်ဖိုးအနည်းငယ် ပေးရသော်လည်း သူ ခုနက အတော်များများကို ပြန်ဖြည့်ပြီးပြီ ဖြစ်သည်။ အခြေတည်ဝိညာဉ်အဆင့် ပြီးပြည့်စုံခြင်း အဆင့်ကလူတောင် သူ့ကို မမီနိုင်ပေ။
ထိုအရာက ရှေးခေတ်မှ အစွမ်းအထက်ဆုံး မိစ္ဆာအတတ်၏ ယုံကြည်မှုပင်။
ကျိတုန်းက နတ်ဘုရားအားလုံး အကွာအဝေး အစွန်နားသို့ ရောက်သွားသည့်အခါ မိုးပျံလှေပေါ်တွင် ချန်ဟွိုက်အန် မျက်နှာ ပျက်သွား၏။
“ချီးပဲ... အသုံးမကျတဲ့ကောင်တွေ... နောက်ဆုံးတော့ ပိုက်ဆံပေးမှ နိုင်တာပဲ...”
သူ၏ ဖုန်းမျက်နှာပြင်တွင် ရွေးချယ်စရာ ၃ ခု ပေါ်လာသည်။
[၆ယွမ် ဖြည့်ပြီး မဟာသုမေရုလက်ဝါးဖြင့် ကျိတုန်းကို ချက်ချင်း အမှုန့်ချေလိုက်ပါ...]
[၆၆ယွမ် ဖြည့်ပြီး ဓားတစ်ချက်တည်းဖြင့် ကျိတုန်း၏ နောက်ဆုံးသော မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ပါ...]
[၆၆၆ယွမ် ဖြည့်ပြီး သူရိန်ခြေကန်ချက်ဖြင့် ကျိတုန်းကို မမေ့နိုင်စရာ ခြေထောက်အတွေ့အကြုံ ပေးလိုက်ပါ...]
...