← Chapters

အိပ်မက်များကို တစ်ချက်တည်း ကန်ပစ်ခြင်း

Vol. 18 Ch. 172

အိပ်မက်များကို တစ်ချက်တည်း ကန်ပစ်ခြင်း

Vol. 18 Ch. 172

ယခင်ကဆိုလျှင် ချန်ဟွိုက်အန်သည် ချွေတာသောအနေဖြင့် ၆ယွမ်သာ သုံးပေမည်။ သို့သော် ယခုက မတူတော့ပေ။

လက်ထဲတွင် ကုဋေတစ်သောင်း ရှိနေရာ လီချင်းရန်ကို လောကကြီး၏ အံ့သြဖွယ်ရာများ ပြသရပေမည်။

[တပည့်၊ သေချာကြည့်ထား။ မင်းရဲ့ဆရာ အစွမ်းပြတော့မယ်...]

ဟင်းလင်းပြင်ထဲ မိုးခြိမ်းသံလို ဟိန်းထွက်သွားသော အသံကြောင့် လီချင်းရန်နှင့် ယွဲ့ချန်ချီတို့က မိုးပျံလှေအနားကို အပြေးအလွှား သွားကြည့်ကြသည်။ ချန်ဟွိုက်အန်ကတော့ ထိုအချိန်တွင် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချနေရ၏။

[ကျေးဇူးပြု၍ အနှစ်သက်ဆုံး နတ်ဘုရားခြေထောက်ကို ရွေးချယ်ပါ...]

[၆ယွမ် ထပ်ဖြည့်ပြီး ပိုးဖြူကျောက်စိမ်းခြေထောက်ကို ရယူလိုက်ပါ။ ကျိတုန်းကို ရင်ခုန် စိတ်လှုပ်ရှားပြီး တုန်ရင်သွားစေလိမ့်မည်]

[၁၂ယွမ် ထပ်ဖြည့်ပြီး အနက်ရောင် ခြေအိတ်ရှည်နှင့် ခြေထောက်ကို ရယူပါ။ ကျိတုန်းအား အရှက်ရခြင်း အဓိပ္ပာယ် သင်ပေးလိုက်ပါ]

[၃၆ယွမ် ထပ်ဖြည့်ပြီး နှင်းကိုက်လူအိုခြေထောက်ကို ရယူပါ။ အနံ့အသက်ဆိုးများဖြင့် ကျိတုန်းကို သတိမေ့သွားအောင် ကန်လိုက်ပါ]

[အချိန်အကန့်အသတ်နှင့် အထူး ပရိုမိုးရှင်း - ၄၈ယွမ်တည်းဖြင့် ခြေအိတ်ထပ်၊ သားရေဖိနပ်နှင့် နံပါတ်၃၄ ရေခဲမုန့် ကွန်ဘိုကို ရယူလိုက်ပါ...]

[အထူးပြုလုပ်ချက် မပါသည့် “လေးနက်သောခြေကန်ချက်”ကို အခမဲ့ အသုံးပြုပြီး ကျိတုန်း၏ အိမ်မက်များကို တစ်ချက်တည်း နင်းခြေပစ်လိုက်ပါ...]

ချန်ဟွိုက်အန် - “....”

နေပါဦ.... ဘာတွေလား...

ပိုးဖြူခြေထောက်၊ အနက်ရောင်ခြေအိတ်... ဒါတွေက တကယ် လိုအပ်လို့လား....

ခြေထောက်စွဲလမ်းသူများအတွက် အကျိုးခံစားခွင့်ဆိုသည်ကို သူက စနောက်နေသည် ဟူ၍သာ ထင်ခဲ့သည်။ တကယ် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် အနက်ရောင်ခြေအိတ်ဖြင့် ကန်သော သူရိန်ခြေကန်ချက်က ဘယ်လိုပုံစံမျိုး ဖြစ်မည်ကို သူ နည်းနည်းတော့ သိချင်မိသားပင်...

ကြည့်ကောင်းမှာတော့ အသေအချာပဲ။

ဒါပေမဲ့ ဘယ်လောက်ပဲ ချမ်းသာနေပါစေ ပိုက်ဆံကို အလကား မဖြုန်းသင့်ဘူးလေ။

လီချင်းရန်နဲ့ ပိုအဆင်ပြေမှ တခြားဗားရှင်းကို သုံးကြည့်ရမယ်လေ...

ပြီးတော့... လီချင်းရန်ရဲ့ရှေ့မှာ သိက္ခာရှိတဲ့ ဆရာကြီး ပုံရိပ်ကို အပျက်မခံနိုင်ဘူး။

ချန်ဟွိုက်အန်က “လေးနက်သောခြေကန်ချက်”ကိုသာ ရွေးချယ်လိုက်၏။

[ကျေးဇူးပြု၍ သင့်ဖုန်းကို ကြမ်းပြင်ပေါ်ချပြီး နင်းလိုက်ပါ]

ချန်ဟွိုက်အန် - “......”

ချင်းယွန်ဘုံတွင်...

အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများ အစွမ်းကုန် ကြိုးစားကြသော်လည်း ကျိတုန်း၏ မိစ္ဆာထွက်ပြေးခြင်းအတတ်က အလွန် မြန်ဆန်လွန်းနေသည်။

စုချီနျန် အံကြိတ်လိုက်မိ၏။ ထိုမိစ္ဆာသာ လွတ်သွားလျှင် လူသားလောက သွေးပင်လယ် ဝေသွားပေတော့မည်။ သူက ဘိုးဘေးဆီမှ အကူအညီတောင်းရန် မိုးပျံလှေဘက်ကို လှည့်ကြည့်လိုက်တဲ့အချိန်တွင်....

အရာရာတိုင်း ရပ်တန့်သွားသလို ခံစားလိုက်ရ၏။ မိုးပျံလှေမှ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားတော့သည်။

လေထုက ကျောက်တုံးလို မာကျောသွားသလိုပင်။ အားလုံးက ဘာမှ မလှုပ်ရှားနိုင်တော့ဘဲ ကောင်းကင်မှာ ပေါ်လာတဲ့ ဧရာမ ခြေထောက်ကြီးကိုသာ မော့ကြည့်နေကြရ၏။ ထိုခြေထောက်ကြီး၏ ပစ်မှတ်ကတော့ ကျိတုန်းပင်။

“အံ့သြလောက်ပါပေတယ်...” စုချီနျန် မျက်လုံးပြူးသွား၏။ “ဘိုးဘေးက... သူ့ရဲ့ ခြေထောက်နဲ့ အစွမ်းပြနေပြီ...”

“ဆရာက တကယ်ကြီး ကန်တော့မလို့လား...” လီချင်းရန်က ကောင်းကင်မှ ခြေထောက်ကြီးကို ကြည့်ပြီး မျက်တောင်ခတ်လိုက်၏။ မည်သည်ကြောင့် မသိပေ။ ၎င်းက ခြေထောက်ကြီး တစ်ခုသာ ဖြစ်သော်လည်း တကယ့်ကို ခန့်ညားထည်ဝါနေသလိုပင်။ သူ ဖက်တွယ်ထားလျှင် အန္တရာယ်ကင်းနေနိုင်ပေသည်။

“ဒါက တော်တော်ကြီးတဲ့ ခြေထောက်ပဲ...” ယွဲ့ချန်ချီက ကိုယ့်ကိုယ်ကိုယ် ဖက်ထားလိုက်သည်။ “ဒီလို တစ်ချက်နင်းလိုက်ရင် တစ်မြို့လုံး မပြားသွားဘူးလား...”

မိုးပျံလှေက မမြင်နိုင်သော အားတစ်ခုဖြင့် ရှေ့ဆက်သွားနေ၏။

တစ်ဖက်တွင်တော့ ကျိတုန်းက တိုင်းပြည် နှစ်ခုကြားက တောနက်နယ်မြေထဲကို ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ မည်သည့်တိုင်းပြည်ကို အရင်ဝင်သတ်ရမလဲ စဉ်းစားနေစဉ် ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်ကြီးက သူ့ကို ပစ်မှတ်ထားလိုက်သည်ကို ခံစားလိုက်ရ၏။

“မကောင်းတော့ဘူး...” သူ အနောက်ကို လှည့်ကြည့်လိုက်ရာ ဦးရေပြားပင် ထုံကျင်၍ သွားခဲ့သည်။

တိမ်တိုက်တွေအပေါ်မှာ ဧရာမ ခြေထောက်ကြီးတစ်ခုက ကောင်းကင်ကို ဖုံးလွှမ်းပြီး ကျဆင်း လာနေပြီ ဖြစ်သည်။ ထိုဖိအားကြောင့်ပင် သူ့၏ မိစ္ဆာအငွေ့အသက်များ တုံ့ဆိုင်းသွားရ၏။

အစပိုင်းတွင် ဝေးနေသော်လည်း ချက်ချင်းပင် တောက်တီး ပုံစံကွက်များ ရှိနေသော ဖိနပ်က နေရာလွတ်ကို ကွဲကြေစေကာ သူ့ခေါင်းပေါ်သို့ ရောက်လာခဲ့သည်။

“အား...”

သေဘေးနှင့် ရင်ဆိုင်ရချိန်တွင် ကျိတုန်းက သွေးအန်ထွားပြီး သွေးအသူရာကိုယ်ပွားကို အသည်းအသန် ခေါ်ယူလိုက်ရသည်။ သို့သော် ထိုကိုယ်ပွား ပြည့်စုံအောင် မပေါ်လာခင်မှာပင် သူ့၏ ညာပခုံးက ပေါက်ကွဲထွက်သွားပြီး သွေးမည်းများက ခြေထောက်ပေါ် စင်သွားကာ တဇက်ဇက်နှင့် အငွေ့အပျံသွားခဲ့သည်။

မြေပြင် တုန်ခါသွားပြီး ကျောက်စရစ်မဲများ အပေါ်တက်လာကာ...

ဝုန်း...

ဧရာမ ခြေထောက်ကြီးက မြေပြင်ပေါ်ကို နင်းချလိုက်သည်။ မိုင်ပေါင်း တစ်ရာအတွင်းမှာရှိတဲ့ မြေပြင်မှာ ဧရာမ ချိုင့်ခွက်ကြီးတစ်ခုအဖြစ် နိမ့်ဆင်းသွားတော့၏။ ကျိတုန်း၏ အော်ဟစ်သံက သနားစရာကောင်းလောက်အောင် ထွက်ပေါ်လာခဲ့သည်။

“အသက်ချမ်းသာပေးပါ...စီနီယာ... တောင်းပန်ပါတယ်...”

ကျိတုန်းက အာခေါင်သံဖြင့် အော်ဟစ်နေတော့သည်။

“သခင်မ...ကယ်ပါဦး။”

မိုင်ပေါင်းထောင်ချီဝေးသော နေရာတွင်...

တောင်တန်းတစ်သောင်း၏ နက်ရှိုင်းသောနေရာရှိ ရှေးဟောင်း ဘုရားကျောင်းတစ်ခု ပျက်စီး သွား၏။ မီးခိုးရောင်ဝတ်စုံနှင့် သီလရှင်တစ်ပါး မျက်လုံးဖွင့်လာပြီး လက်ချောင်းတစ်ချောင်းနဲ့ ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ကျိတုန်းရဲ့ နဖူးကို ထိတွေ့လိုက်သည်။

ထိုအချိန်မှာပင် ကြေမွနေသော ကျိတုန်း၏ သွေးအသူရာကိုယ်ပွားက ချက်ချင်း ပြန်လည် ပေါင်းစည်းသွား၏။ သို့သော် ထူးခြားသည်က ထိုကိုယ်ပွား၏ ဘယ်ဘက်ခြမ်းမှာ ငြိမ်သက်အေးချမ်းသော ဗုဒ္ဓအငွေ့အသက်များ ထွက်နေပြီး ညာဘက်ခြမ်းတွင်တော့ ရက်စက်သော မိစ္ဆာပုံစံ ဖြစ်နေခြင်းပင်။

“တိတ်တိတ်နေစမ်း...”

ထိုဗုဒ္ဓ-မိစ္ဆာကိုယ်ပွားက လက်ညှိုးလေး တစ်ချက် လှုပ်လိုက်ရုံနဲ့ ကောင်းကင်တစ်ခုလုံး တုန်ခါ သွားတော့သည်။

မိုးပျံလှေမှ လီချင်းရန်နှင့် ယွဲ့ချန်ချီတို့ ကျောချမ်းသွားကြ၏။ ခဏအကြာတွင် သင်္ဘော၏ ကာကွယ်ရေး အချင်းအကျင်းများက ဖန်သားပြင်လို ကွဲအက်သွားတော့သည်။

ဟင်းလင်းပြင်ထဲမှ ဧရာမလက်ညှိုးကြီးတစ်ခု ထွက်ပေါ်လာပြီး မိုးပျံလှေဆီကို ဦးတည်လာ၏။

“မကောင်းတော့ဘူး... ချင်းရန်တို့ သင်္ဘောပေါ်မှာ ရှိနေသေးတယ်...” စုချီနျန်က အပြေးအလွှား သွားကယ်ရန် ကြိုးစားသော်လည်း လက်ညှိုးကြီးက သင်္ဘောကို အရင် ထိုးဖောက်သွားလေပြီ။

ဝုန်း..

ပေါက်ကွဲမှုကြောင့် တိမ်တိုက်များ အစအနမကျန် လွင့်စင်သွားခဲ့သည်။ အားလုံးက မှင်တက် နေစဉ်မှာပင်...

ဖုန်မှုန့်များ အကြားမှ လူရိပ်တစ်ခု ထွက်ပေါ်လာ၏။

“ဘိုးဘေး...” စုချီနျန် မျက်ရည်များပင် ဝဲလာခဲ့သည်။

ချန်ဟွိုက်အန်က ပျက်စီးနေသော သင်္ဘောအကြွင်းအကျန်များ အကြားတွင် ရပ်နေ၏။ သူ၏ အနောက်တွင်တော့ လီချင်းရန်နှင့် ယွဲ့ချန်ချီတို့က ဘာဒဏ်ရာမှ မရဘဲ ရှိနေကြလေသည်။ ချန်ဟွိုက်အန်၏ ဘယ်လက်က ထိုဗုဒ္ဓ-မိစ္ဆာကိုယ်ပွား၏ ဧရာမလက်ညှိုးကို ဖမ်းထားပြီး သူ၏ အင်္ကျီလက်များက တိုက်ခိုက်မှုကြောင့် စုတ်ပြဲကုန်ကာ တောင့်တင်းသော လက်မောင်းကို ဖော်ပြ နေခဲ့သည်။

ဂွပ်...

သူက လက်ချောင်းလေးများကို အနည်းငယ် လိမ်လိုက်ရုံဖြင့် လက်ညှိုးကြီးက အဖျားမှ စပြီး ကြေမွသွားတော့သည်။ ဗုဒ္ဓ-မိစ္ဆာကိုယ်ပွားက ချန်ဟွိုက်အန်ကို စိုက်ကြည့်လိုက်၏။ ပြီးနောက် ယောက်ျားသံရော မိန်းမသံပါ ရောနေသော အသံဖြင့် ပြောလိုက်သည်။

“ဗောဓိပင်ဆိုတာ သစ်ပင် မဟုတ်ဘူး။ ကြေးမုံပြင်ဆိုတာလည်း စင်တစ်ခု မဟုတ်ဘူး။ ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးတာက ချင်းယွန်ဘုံတစ်ခုလုံးရဲ့ ကံကြမ္မာကို နှောင့်ယှက်လိုက်တာပဲ ဆိုတာကို မင်းသိလား။ စီရင်ချက် အချိန်ကျရင် မင်း ခံစားရမယ့် ကံကြမ္မာကိုရော မင်းသိရဲ့လား”

ချန်ဟွိုက်အန် ရယ်မောလိုက်၏။ သူက လက်နှစ်ဖက်ကို အနောက်မှာ ပစ်ထားပြီး အေးစက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။

“အဟက်... ကံကြမ္မာအကြောင်း ဆရာလာလုပ်နေတာလား...”

“ကောင်းပြီလေ... အဲဒီကံကြမ္မာကို ဒီမှာတင် အပြတ်ရှင်းကြတာပေါ့။”

သူက ညာလက်ကို ဖြည်းဖြည်းချင်း ဆုပ်လိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံး ရပ်တန့်သွားသလိုပင်။

“တပည့်..” ချန်ဟွိုက်အန်က လက်လှမ်းလိုက်သည်။ “ငါ့ကို အရက် တစ်ခွက် ပေး။”

လီချင်းရန်က ပျာပျာသလဲနှင့် အရက်ခွက်ကို ထုတ်ပေးလိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ ဆရာဖြစ်သူကို အထင်ကြီးအားကျသော စိတ်များဖြင့် ပြည့်နှက်နေလေသည်။

ချန်ဟွိုက်အန်က လက်ဟန်တစ်ခု ပြုလုပ်ပြီး အရက်ကို တစ်ငုံ သောက်လိုက်၏။ အရက် လည်ချောင်းထဲ စီးဝင်သွားသော အချိန် သူ၏ မျက်လုံးများက နှင်းခဲနေသော ဓားတစ်စင်းလို စူးရှသွားတော့သည်။ သူ၏ အနက်ရောင် ဝတ်ရုံကို လေများ တိုက်ခတ်လာပြီး ခါးတွင် ကြေးခွံနက်ဓား ပေါ်လာ၏။

“မူးနေတဲ့ မျက်လုံးတွေက ဓားကို အရှင်းလင်းဆုံး မြင်ရတယ်...”

သူ ဓားကို မဆွဲထုတ်ရသေးပေ။ သို့သော်လည်း သူ့ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်ချီစွမ်းအင်များက ဓားအသွင် ပြောင်းလဲနေလေပြီ။

“ငါ့မှာ ဓားတစ်စင်းရှိတယ်... အဲဒီဓားက ကောင်းကင်ဘုံကိုတောင် မူးယစ်စေနိုင်တယ်...”

ချန်ဟွိုက်အန်က လက်ညှိုးနှင့် လက်ခလယ်ကို ပူးပြီး ဗုဒ္ဓ-မိစ္ဆာကိုယ်ပွားဆီကို ချိန်လိုက်ကာ သူ ယိုင်တိယိုင်တိုင်နှင့် ရယ်မောရင်း ပြောလိုက်၏။

“ဒီဓားချက်ရဲ့ ကံကြမ္မာကို ခင်ဗျား ခံနိုင်ရည် ရှိမရှိ ကြည့်ရသေးတာပေါ့။”

....

All Chapters