← Chapters

ဒါဆို... မင်း စမ်းကြည့်လေ

Vol. 18 Ch. 173

ဒါဆို... မင်း စမ်းကြည့်လေ

Vol. 18 Ch. 173

“ဘိုးဘေး... ကဗျာရွတ်တော့မယ်...”

ဓားပျံပေါ်တွင် ရပ်နေသော စုချီနျန်က ကောင်းကင်ယံသို့ ထိုးတက်သွားသည့် ကြောက်မက်ဖွယ် ဓားအရှိန်အဝါကို ကြည့်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

ဘေးတွင်ရပ်နေသော ကျိုးရွှမ်ကျိမှာ ခဏတာ ကြောင်အသွားပြီး မေးလိုက်သည်။ “ဂိုဏ်းချုပ်စု... ဘာလို့ အဲဒီလိုပြောတာလဲ။”

“ဘိုးဘေးက ဓားမထုတ်ခင် အမြဲတမ်း ကဗျာရွတ်လေ့ရှိတယ်။ သူ ကဗျာရွတ်ပြီဆိုရင် တစ်ယောက်ယောက်ကတော့ သေတာပဲ...” စုချီနျန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ “ဒီတစ်ခါတော့ အကြီးအကျယ် ဖြစ်တော့မှာပဲ...”

“အိုး...” ကျိုးရွှမ်ကျိက သူ၏ယပ်တောင်ကို ဖြတ်ခနဲပိတ်ကာ လက်ခုပ်တီးပြီး ပြုံးလိုက်သည်။ “ဒါဆို သူ ဓားမထုတ်ခင်မှာ ပါးစပ်ကို ပိတ်ထားလိုက်ရင်၊ ကဗျာမရွတ်နိုင်အောင် တားလိုက်ရင်၊ ဓားက ထွက်မလာတော့ဘူးပေါ့... ဟုတ်လား။”

စုချီနျန် သူ့ကို စောင်းကြည့်လိုက်ပြီး ပြောသည်။ “ဒါဆိုလည်း... မင်း စမ်းကြည့်လေ...”

“...မလုပ်ရဲပါဘူး...”

ကောင်းကင်ထက်ဝယ်။

ဝိညာဉ်အရက် လည်ချောင်းထဲသို့ စီးဝင်သွားစဉ် အရက်စက်အချို့မှာ ချန်ဟွိုက်အန်၏ မေးစေ့တစ်လျှောက် စီးကျလာသည်။ သို့သော် မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် မမြင်ရသော ဓားချီများ၏ ဖြတ်တောက်မှုကြောင့် မြူခိုးများအဖြစ် ပြောင်းလဲသွားတော့သည်။

ချွမ်း...

ဓားအိမ်ထဲမှ စူးရှသော အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ဓားကို မဆွဲထုတ်ရသေးသော်လည်း ၎င်း၏ အရှိန်အဝါမှာ ပုံဖော်ပြီးသား ဖြစ်နေလေပြီ။

ခဏချင်းတွင် မိုင်ပေါင်းထောင်ချီ ကျယ်ပြောသော တိမ်ပင်လယ်ကြီးမှာ နှင်းခဲနှင့် ရေခဲပြင်ကြီး အဖြစ် ပြောင်းလဲသွားပြီး ဝတ်စုံနက်နှင့်လူကို ဗဟိုပြုကာ စက်ဝိုင်းပုံစံ ဟာလာဟင်းလင်းပြင်ကြီး ဖြစ်ပေါ်လာသည်။

ချန်ဟွိုက်အန်၏ အရက်ရှိန်ကြောင့် ဝေဝါးနေသော မျက်လုံးများမှာ မှေးစင်းသွားပြီး သူက အကျယ်ကြီး ရယ်ရင်း ကဗျာရွတ်လိုက်သည်။

“အဖြူရောင် ဘုရင်မင်းမြတ်က... လမင်းကို လှမ်းဖမ်းဖို့ အားထုတ်တာ အချည်းနှီးပဲ...”

အင်္ကျီလက်ကို ခါလိုက်ရာ အရက်ခွက် ပေါက်ကွဲသွားပြီး အရက်စက်များစွာမှာ ကောင်းကင်အနှံ့ လွင့်စင်သွားကာ ရူးသွပ်နေသော ဓားသမား၏ ပုံရိပ်ကို ထင်ဟပ်နေစေသည်။ သူက အနည်းငယ် ယိမ်းထိုးရင်း ဆက်ရွတ်နေလိုက်၏။

“ဒါထက် ကောင်းကင်ယံကို ရိုက်ခွဲပြီးတော့... ကိုယ့်ရဲ့ ရူးသွပ်မှုကို စမ်းသပ်ကြည့်တာက ပိုပြီးတော့တောင် ကောင်းဦးမယ်...”

ကြေးခွံနက်ဓားကို ဓားအိမ်မှဆွဲထုတ်လိုက်ရာ ဓားအသိများမှာ ကောင်းကင်ဘုံသို့ ထိုးတက် သွားသည်။

လူတိုင်း၏ အကြည့်မှာ ဝတ်စုံနက်နှင့် လူရိပ်ဆီသို့ ရောက်ရှိသွားပြီး သူ၏နောက်ကွယ်ရှိ ဟင်းလင်းပြင် အက်ကွဲသွားသည်ကို မြင်လိုက်ရသည်။

ကြီးမားလှသော ဓားတာအို ပုံရိပ်ယောင်ကြီး တစ်ခု ကောင်းကင်သို့ ထိုးတက်လာသည်။

တိမ်ပင်လယ်ထက်တွင် ရပ်တန့်နေပြီး ကောင်းကင်အထိ မြင့်မားလှသော ဓားကဲ့သို့ ပုံသဏ္ဌာန်မှာ စူးရှထက်မြက်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ တစ်ခါတစ်ရံ တိမ်တိုက်များ အကြားတွင် တင်ပျဉ်ခွေထိုင်ကာ တရားမှတ်သကဲ့သို့ ဓားကို ပိုက်ထားတတ်ပြီး တစ်ခါတစ်ရံမူ လမင်းကို အမှီပြုကာ မူးယစ်ရီဝေစွာဖြင့် ဓားသွားကို စောင်းတီးသကဲ့သို့ တီးခတ်ရင်း အဆုံးမဲ့ တေးသီချင်းများကို သီဆိုနေတတ်သည်။

ရုတ်တရက် ထိုပုံရိပ်ယောင်ကြီးက လက်ညှိုးနှင့် လက်ခလယ်ကို ဓားသဏ္ဌာန် ထောင်လိုက်ပြီး လေထုထဲတွင် စာလုံးများ ရေးထွင်းလိုက်၏။

ကောင်းကင်ယံကြီး တုန်ခါသွားခဲ့သည်။

မင်ရည်ကဲ့သို့ အမည်းရောင် အစင်းကြောင်းများမှာ ကောင်းကင်ထက်တွင် ပေါက်ကွဲ ထွက်ပေါ်လာပြီး စာလုံးများ၏ အရှိန်အဝါမှာ မိုးကုပ်စက်ဝိုင်းကို ထိုးဖောက်သွားကာ ကျယ်ပြောလှသော ကောင်းကင်ကြီးကို ကဗျာစာလိပ် တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ချန်ဟွိုက်အန် လက်ကောက်ဝတ်ကို ခါယမ်းလိုက်ရာ အေးစက်သော ကြယ်အလင်းတန်းများ လွင့်စင်သွားသည်။ သူ၏ဓားမှာ နဂါးတစ်ကောင်ကဲ့သို့ ကခုန်နေပြီးနောက် တိမ်တိုက်များကို ဖြတ်ကျော်ကာ လခြမ်းကွေးလေးကို ချိတ်ဆွဲလိုက်၏။

ကောင်းကင်မှ မင်ရေတံခွန်ကြီး တစ်ခု ရုတ်တရက် ကျဆင်းလာပြီး မြူခိုးလွှာများကို ဖြတ်သန်း သွားသော တစ်ကြောင်းတည်းသော အမည်းရောင်မျဉ်းကြီး ဖြစ်ပေါ်လာသည်။ မြေပြင်သို့ မရောက်မီမှာပင် ၎င်းမှာ အနှိုင်းမဲ့ထက်မြက်လှသော ဓားသွားတစ်ခုအဖြစ် အသွင်ပြောင်း သွားခဲ့သည်။

မင်ရည်များမှာ ဓားအနှစ်သာရအထဲ စိမ့်ဝင်သွားပြီး ဓားသွားမှာ နှင်းခဲများဖြင့် ဖုံးလွှမ်း၍ သွားခဲ့သည်။ ပေတစ်ထောင်ရှည်သော ဓားအလင်းတန်းမှာ ကောင်းကင်ထက်တွင် ရေးထွင်း ထားသော ကဗျာများမှတစ်ဆင့် ပေါ်ထွက်လာခြင်းပင်။

ရယ်သံများ ပဲ့တင်ထပ်သွား၏။

“ဒီဓားချက်က ငါ့ကို ပျော်ရွှင်စေတယ်... တကယ့်ကို ကျေနပ်စရာပဲ... အားရစရာပဲ...”

ခဏတာ တောင့်ခဲသွားသော ဗုဒ္ဓ-မိစ္ဆာ ပုံရိပ်ယောင်ကြီး ရုတ်တရက် ပြန်လည်လှုပ်ရှားလာသည်။

သို့သော် ၎င်းလှုပ်ရှားလိုက်သည့် တစ်ခဏမှာပင် မင်ရည်ဖြင့် သွန်းလုပ်ထားသော ဓားမှာ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။

“ကောင်းလိုက်တဲ့ တိုက်ကွက်...”

ဗုဒ္ဓ-မိစ္ဆာ ပုံရိပ်ယောင်၏ ဘယ်ဘက်မျက်လုံးမှာ ရွှေရောင်ကြာပန်းများ ပွင့်လန်းလာပြီး ညာဘက် မျက်လုံးတွင် ငရဲမီးများဖြင့် တောက်လောင်နေသည်။ ကျောက်စိမ်းဖြူ လက်ခြောက်ဖက်မှာ ကြီးမားသော လက်သင်္ကေတတစ်ခု ဖော်ဆောင်လိုက်ရာ လက်တစ်ဖက်က မြေအောက်ကမ္ဘာ၏ ငရဲမီးများကို ဆွဲဆောင်လိုက်ပြီး အခြားသော လက်တစ်ဖက်က ဗုဒ္ဓဘုံ၏ အေးချမ်းမှုကို ဖော်ဆောင်သည်။ ပရိတ်ရွတ်သံနှင့် မိစ္ဆာတို့၏ ဟိန်းဟောက်သံများမှာ ရောယှက်နေပြီး အဝေးမှ ကြည့်နေသော အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများကိုပင် မူးဝေထိုင်းမှိုင်းသွားစေသည်။

“ကြီးမြတ်တဲ့ တာအိုအတွက်... ချက်ချင်းဆုတ်ကြ... ဒီတိုက်ပွဲက ငါတို့နဲ့ မဆိုင်ဘူး...”

တိုက်ပွဲ၏ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် စုချီနျန်၏ မျက်နှာ ဖြူလျော့သွား၏။

ဘိုးဘေးကြီး၏ ဓားတာအိုကို လေ့လာခြင်းက ရခဲလှသော အခွင့်အရေးမှန်း သိသော်လည်း မိမိအသက် ဘေးကင်းရန်အတွက် ဘေးကင်းရာသို့ အမြန်ဆုတ်ခွာလိုက်ရသည်။

ဝုန်း...

မင်ဓားနှင့် နတ်ဘုရားချိပ်ပိတ်တို့ ထိပ်တိုက်တွေ့ဆုံသွားသည်။ ကောင်းကင်ကြီး အက်ကွဲသွားပြီး မြေပြင်ကြီးမှာ တုန်ခါသွားတော့သည်။ မိုင်ပေါင်းထောင်ချီ ကျယ်ပြောသော သဲကန္တာရကြီးမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရသည်။

“ဂျူနီယာလေး... မင်းမှာ ဒီလောက်ပဲ အစွမ်းအစ ရှိတာဆိုရင် ငါ့ရဲ့ ကံကြမ္မာကို ထမ်းပိုးဖို့ မထိုက်တန်သေးဘူး...”

ဗုဒ္ဓ-မိစ္ဆာ ပုံရိပ်ယောင်မှာ ယခင်ကကဲ့သို့ မခိုင်ခံ့တော့ချေ။ ကျောက်စိမ်းဖြူ လက်မောင်းများမှ အက်ကြောင်းများမှာ ရင်ဘတ်အထိ ရောက်ရှိလာပြီ ဖြစ်သည်။ သို့သော် ထိုအရာက ဓားကျင့်ကြံသူ၏ အစွမ်းကုန်ဖြစ်လိမ့်မည်ဟု သူ ယုံကြည်နေသည်။

ထိုဓားကျင့်ကြံသူမှာ အစွမ်းတွေ ကျန်သေးတာလား။

“ဒီတစ်ချက်ကတော့... မြင့်မြတ်တဲ့တောင်ထွတ် ၅လုံးကို တုန်လှုပ်စေရမယ်...”

ချန်ဟွိုက်အန်က ဓားကို မြှောက်လိုက်ပြီး ထပ်မံရွတ်ဆိုလိုက်သည်။

ဓား၏ လှုပ်ရှားမှုမှာ “တောင်ထွတ်၅လုံးကို တုန်လှုပ်စေပြီး ချန်ကျိုးဒီရေကို ဆန့်ကျင်မယ်” ဆိုသော စာလုံးများကို မင်ရည်ဖြင့် ရေးဆွဲလိုက်ပြီး ကဗျာနဂါးတစ်ကောင်အဖြစ် ရစ်ပတ်သွား၏။

နောက်ကွယ်ရှိ ဓားတာအို ပုံရိပ်ယောင်ကြီးက ရုတ်တရက် လက်ကို မြှောက်လိုက်သည်။

တောင်တစ်လုံးစာ လေးလံသော မှင်တံကြီးက တိမ်တိုက်များကို ဖြတ်သန်းသွား၏။

“တောင်ထွတ်၅လုံးကို တုန်လှုပ်စေ” ဟူသော စာလုံးမှာ ဓားအလင်းတန်းဖြင့် တောက်ပလာပြီး “ချန်ကျိုးဒီရေကို ဆန့်ကျင်မယ်” ဆိုသော မင်ရည်များမှာ လှိုင်းတံပိုးများကဲ့သို့ ထကြွလာ၏။

နောက်ဆုံးစုတ်ချက် ပြီးဆုံးသွားသည်နှင့် ကောင်းကင်ယံကြီးမှာ အတွင်းဘက်သို့ ပြိုလဲကျ သွားခဲ့သည်။

ကောင်းကင်ကို ဖြတ်သန်းနေသော မင်ရည်များမှာ နောက်ထပ် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့ပြန်သည်။

ဓား ကျဆင်းလာ၏။

တိတ်ဆိတ်သော ပေါက်ကွဲမှုတစ်ခုက ကမ္ဘာမြေပေါ်ရှိ အရောင်အသွေး အားလုံးကို ဝါးမျို၍ သွားခဲ့သည်။

ဗုဒ္ဓ-မိစ္ဆာ ပုံရိပ်ယောင်ကြီးမှာ တိမ်တိုက်ထက်မှ နတ်ဘုရားနှင့်တူသော ပုံရိပ်ကို ငေးကြည့် နေမိသည်။

မှေးမှိန်နေသော လခြမ်းကွေးအောက်တွင် ချန်ဟွိုက်အန်က ဓားကို အိမ်ထဲပြန်ထည့်လိုက်ပြီး သက်ပြင်းချကာ ခေါင်းခါလိုက်သည်။

“ဓားပုံသဏ္ဌာန် ၁၂မျိုးမှာ တိုက်ကွက် ၇ချက်ပဲ ရှိတာ... ကျုပ်က နှစ်ချက်ပဲ ထုတ်ပြရသေးတယ်... ခင်ဗျားက ကျုပ်ရဲ့ ကံကြမ္မာကို တောင့်ခံနိုင်စွမ်း လုံးဝကို မရှိပါလား...”

စကား အဆုံးတွင် ဓားရာပါးပါးလေး တစ်ခုက ပုံရိပ်ယောင်၏ နဖူးအလယ်မှ ကွဲထွက်၍ သွားတော့သည်။

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး နတ်ဘုရားပုံရိပ်မှာ အစိပ်စိပ်အမွှာမွှာ ကွဲကြေသွားကာ မရေမတွက်နိုင်သော ကံကြမ္မာ မီးပွားများအဖြစ် ပျော်ဝင်သွားတော့သည်။

မိုင်ပေါင်း ထောင်ချီအကွာ ပြိုပျက်နေသော ရှေးဟောင်းဘုရားကျောင်း တစ်ခု၏ အနက်ရှိုင်းဆုံး နေရာတွင်...

မီးခိုးရောင်ဝတ်စုံနှင့် သီလရှင်အိုကြီးမှာ တရားမှတ်နေရင်း အပြင်းအထန် တုန်ခါသွား၏။ သူ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

“ကြောက်စရာကောင်းလိုက်တဲ့ ဓားတာအို ကျွမ်းကျင်မှု...”

သူက နှုတ်ခမ်းမှ သွေးစများကို လျစ်လျူရှုကာ ဝင်လေထွက်လေကို ထိန်းညှိရန် ချက်ချင်း တင်ပျဉ်ခွေ ထိုင်လိုက်သည်။ အချိန်အတော်ကြာမှသာ သူ ပြန်လည် သက်သာလာခဲ့သည်။

ကျိတုန်း၏ ပုံရိပ်ယောင်နှင့် ပေါင်းစပ်ထားသော ကိုယ်ပွားဖြင့် ဆင်းသက်လာခြင်း ဖြစ်သော်လည်း ၎င်းမှာ သူ၏ စစ်မှန်သော အနှစ်သာရ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

သို့သော် ဓားနှစ်ချက်တည်းနှင့် ထိုဓားကျင့်ကြံသူက သူ၏ ဖြစ်တည်မှုကို ဖျက်ဆီးလုနီးပါး ဖြစ်သွားစေခဲ့သည်။

ကျန်ရှိနေသော ဓားအသိများမှာ သူ၏ ပျက်စီးသွားသော စွမ်းအားများနှင့်အတူ အရိုးထဲအထိ ထိုးဖောက်ဝင်ရောက်လာသော ကပ်ပါးကောင်ကဲ့သို့ ဝိညာဉ်ထဲသို့ ပြန်လည် စီးဝင်လာခဲ့သည်။

သူသည် ဟင်းလင်းပြင်ထွင်းဖောက်ထွင်း နယ်ပယ်၏ တတိယအဆင့်မှာ ရှိမနေပါက သူ လုံးဝ ချေမှုန်းခံလိုက်ရမည်မှာ သေချာ၏။ သူ့နေရာတွင် ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသာဆိုလျှင် ထိုရိုက်ခတ်မှုကြောင့် ချက်ချင်း သေဆုံးသွားပေလိမ့်မည်။

“ဒီချင်းယွန်မှာ ဘယ်တုန်းက ဒီလို ကြောက်စရာကောင်းတဲ့ ဓားကျင့်ကြံသူ ပေါ်လာတာလဲ။ သူက ဓားကျောင်းတော်က ရှေးဟောင်း မိစ္ဆာအိုကြီးများလား...”

သီလရှင်အိုကြီး၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားပြီး သူ၏ အကြည့်များမှာ မရေရာမှုများဖြင့် လှုပ်ခတ်နေခဲ့သည်။

အကယ်၍ သူက ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦးသာဆိုလျှင် ချင်းယွန်ဘုံပေါ် ကျရောက်တော့မည့် ဘေးအန္တရာယ်ကို သိနေသင့်သည်။

သို့သော် ခုနက သူ၏တုံ့ပြန်မှုအရ ဘာမှမသိကြောင်း ထင်ရှားနေ၏။

ထို့အပြင် “ချန်” ဟု အမည်ရသော ဒဏ္ဍာရီလာ ဓားကျောင်းတော် ဘိုးဘေးမှာလည်း လောကမှ ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်သလို သူတို့၏ ဓားတာအိုများမှာလည်း လုံးဝ ကွဲပြားနေသည်။

သူ တံခါးပိတ် ကျင့်ကြံနေစဉ်အတွင်း ထိုမျှ ကြောက်စရာကောင်းသော ဓားကျင့်ကြံသူတစ်ဦး ပေါ်လာစရာ အကြောင်းမရှိပေ။

“သူက ကံကြမ္မာရဲ့ ဖောက်ထွက်မှု တစ်ခုလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က ငါ့ကို လမ်းမှားအောင် တမင်တကာ ရုပ်ဖျက်ထားတာလား...”

သီလရှင်အိုကြီးက တကိုယ်တည်း ရေရွတ်လိုက်ပြီး မျက်လုံးထဲ အေးစက်သော အရောင်အဝါများ လက်ခနဲ ဖြစ်သွားသည်။

“သခင်မ... ကျွန်တော့်ကို ကယ်ပါဦး... ကျွန်တော် မသေချင်သေးဘူး...”

ကျိတုန်း၏ ကျန်ရှိနေသော ဝိညာဉ်အကြွင်းအကျန်မှာ သူ့ကို အသည်းအသန် ဖက်တွယ်ထား၏။ သူ၏ ပုံရိပ်ယောင်မှာ မရေမတွက်နိုင်သော ဓားဒဏ်ရာများကြောင့် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။

“မင်းကို ကယ်ရမယ် ဟုတ်လား။”

သီလရှင်အိုကြီးက လှောင်ပြုံးပြုံးလိုက်ပြီး သူ၏ဝိညာဉ်ကို ဆွဲဖမ်းလိုက်၏။

“မင်းက နိမ့်ကျတဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ယောက်ပဲ။ ငါက မင်းကို ကံကြမ္မာဘေးကနေ ကာကွယ်ပေးနေတာ မဟုတ်ဘူး။ မင်း တောင်တန်းတစ်သောင်းကနေ ထွက်လာကတည်းက မင်းရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသားပဲ...”

“ခင်ဗျား... ခင်ဗျား ကျွန်တော့်ကို လိမ်ခဲ့တာာပဲ...”

ကျိတန်း ဒေါသတကြီး အော်ဟစ်လိုက်၏။

“ယုတ်မာတဲ့ ကောင်မစုတ်... ခင်ဗျားလည်း အသေဆိုးနဲ့ သေပါစေ...”

သီလရှင်အိုကြီးက အေးစက်စွာ ရယ်မောလိုက်၏။ သူ၏ လက်ချောင်းများက ကျိတုန်း၏ ဝိညာဉ်ကို ဆုပ်လိုက်ရာ ၎င်းမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ဘုရားကျောင်း ပျက်ကြီးထဲတွင် သူ၏ တိုးတိုးလေး ရေရွတ်သံသာ ကျန်ရစ်ခဲ့တော့သည်။

“တာအိုမှာ ချို့ယွင်းချက် ရှိနေတယ်... တာအိုမှာ တကယ် အပြစ်အနာအဆာ ရှိနေတာပဲ...”

....

....

All Chapters