← Chapters

သွားလို့ရပြီ

Vol. 18 Ch. 174

သွားလို့ရပြီ

Vol. 18 Ch. 174

ပေါင်းစည်းခြင်းနယ်ပယ် နောက်ဆုံးအဆင့် ခန္ဓာကိုယ်အတွက် တစ်မိနစ်လျှင် တစ်သိန်းနှုန်းဖြင့် ချန်ဟွိုက်အန် ချင်းယွန်ဘုံတွင် နာရီဝက်ခန့် ကုန်ဆုံးခဲ့ပြီးပြီ ဖြစ်သည်။

ဘာလို့ ပိုပြီးတော့ ကြာကြာ မနေတာလဲ ဟုတ်လား။ ကြောက်မက်ဖွယ် အသုံးစရိတ်ကိုပဲ ကြည့်လိုက်ဦး။ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်ရင် ကု‌ဋေ တစ်သောင်း မပြောနဲ့၊ ကုဋေ သန်းတစ်ထောင် ရှိရင်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး။

ထို့အပြင် အလှမ်းဝေးမှ အလွမ်းဝေသည် မဟုတ်ပါလား...

ခဏတဖြုတ် ပေါ်လာပြီးချင်း ပြန်သွားမှသာ လီချင်းရန် သူ့ကို နေ့တိုင်း လွမ်းဆွတ်နေမည် ဖြစ်သည်။

၎င်းမှာ သူ၏ ကိုယ်ပွားက လီချင်းရန်ကို တကယ်တမ်း ထိတွေ့၍ မရသောကြောင့် လက်လျှော့လိုက်ခြင်းမျိုး လုံးဝ မဟုတ်ပေ။

လီချင်းရန်နှင့် အခြားသူများ ခရီးသွားလာရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် ချန်ဟွိုက်အန်က အလတ်စား မိုးပျံလှေတစ်စင်းကို ဝယ်ယူခဲ့သည်။

“ပုံရိပ်ယောင်ကောင်မလေးစျေးဆိုင်”သည် ယခုအခါတွင် အခြေခံအုတ်မြစ်အဆင့် အလတ်စား အထိ မြှင့်တင်ပြီးဖြစ်၍ အလတ်စား မိုးပျံလှေများကို တိုက်ရိုက်ဝယ်ယူနိုင်ပြီ ဖြစ်သည်။

သင်္ဘောပေါ်တွင် စုချီနျန်က နှစ်သစ်ကူးပွဲတော် ကျင်းပနေရသကဲ့သို့ ပြုံးပျော်နေ၏။

“မိတ်ဆွေ ကျင့်ကြံသူတို့... အားလုံး ခရီးပန်းနေကြမှာပဲ။ ဒီမှာပဲ ထမင်းတစ်နပ်လောက် အတူ စားသွားကြပါဦးလား။ စိတ်ချပါ... ကျုပ်တို့ ဓားကျောင်းတော်က ဆင်းရဲပေမဲ့ ဧည့်ဝတ်ကျေပွန်မှု အပိုင်းမှာတော့ အားမနာစတမ်းပါပဲ...”

“အဲ... အဲဒါကလေ... ဂိုဏ်းချုပ်စု၊ ကျုပ်ရဲ့ ဆေးဖိုထဲမှာ ဆေးလုံးတစ်လုံး ဖော်စပ်စရာ ရှိသေးလို့။ အရင်ပြန်မှ ဖြစ်မယ်...” ကျိုးရွှမ်ကျိက အိုးတိုးအန်းတန်း ရယ်မောရင်း ပထမဆုံး နှုတ်ဆက် ထွက်ခွာသွားသည်။

“သြော်... ကျုပ်လည်း အခုမှ သတိရတယ်။ ဝိညာဉ်သားရဲက သားဖွားရခက်နေလို့။ ချက်ချင်း ပြန်ပြီး ကိုင်တွယ်မှ ဖြစ်မယ်...” သားရဲထိန်းကျောင်းရေးဂိုဏ်းမှ အကြီးအကဲတစ်ဦးက ပြောကာ လှည့်ထွက်သွားပြန်သည်။

“အော်မီတော်ဖော်... ဒီကိုယ်တော်လည်း ဆွမ်းခံကြွဖို့ သွားရပါဦးမယ်...”

ကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် အကြောင်းပြချက်အမျိုးမျိုး ပေးကာ ပျောက်ကွယ်သွားကြသည်။

ခဏအတွင်းမှာပင် လူစည်ကားနေသော မိုးပျံလှေကြီးမှာ လုံးဝကို ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။

အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများပင် အလုအယက် ထွက်ပြေးသွားကြသည်ကို ကြည့်ကာ စုချီနျန်မှာ အံ့အားသင့်ပြီး ကြောင်အအနှင့် ကျန်ရစ်ခဲ့သည်။

ဒီနေ့က တကယ်တမ်း ပျော်စရာနေ့ ဖြစ်သင့်တာလေ...

ဘိုးဘေးက အစွမ်းပြခဲ့ပြီး ချင်းယွန်ဘုံရဲ့ အန္တရာယ်ကြီးကို ရှင်းထုတ်ပေးခဲ့ပြီ။ ဓားကျောင်းတော် အတွက် နာမည်ကြီးမယ့် အချိန်ရောက်ပြီ။ ငါကတောင် စိုးရိမ်စိတ်တွေကို ဘေးဖယ်ပြီး ထမင်းစားပွဲလုပ်ဖို့ ဖိတ်ခေါ်နေတာကို... အားလုံးက အမြန်ဆုံးနှုန်းနဲ့ ထွက်ပြေးသွားကြတာ...

“ထူးဆန်းတယ်... ထူးဆန်းတယ်... ပုံမှန်ဆိုရင် ဒီအဘိုးကြီးတွေက ငါ့ဆီကနေ ရသမျှ အရင်းအမြစ်ကို ညှစ်ထုတ်ဖို့ပဲ ချောင်းနေကြတာ။ ဘာလို့ ဒီနေ့မှ ဒီလောက် ယဉ်ကျေး နေကြတာလဲ...”

“ဆရာ တကယ်ပဲ မသိတာလား...”

ယွဲ့ချန်ချီက လီချင်းရန်၏အနားတွင် ခြေတစ်လှမ်းပင် အကွာမခံဘဲ ရပ်နေသော ချန်ဟွိုက်အန် ဘက်သို့ မေးထိုးပြလိုက်သည်။

“ဟိုက သတ်ဖြတ်ခြင်း အခင်းအကျင်းကို ကြည့်လိုက်ဦး။” ယွဲ့ချန်ချီက ပြောသည်။

မိုးပျံလှေပေါ်တွင် မရေမတွက်နိုင်သော စိတ်ဝိညာဉ်ချီစွမ်းအင် ဓားပေါင်း သောင်းနှင့်ချီကာ လေထုထဲ ဝဲပျံနေသည်။ ဓားအသိများက ပြင်းထန်လွန်းလှသဖြင့် ကောင်းကင်ယံကြီးပင် မှောင်မည်းနေ၏။

“စိတ်မှန်တဲ့ ဘယ်သူကများ ဒီမှာ ဆက်နေရဲမှာလဲ...”

စုချီနျန် လှည့်ကြည့်လိုက်သည်နှင့် တုန်လှုပ်သွားတော့သည်။

မရေမတွက်နိုင်သော ဓားများက လေထဲတွင် နဂါးများကဲ့သို့ ဟိန်းဟောက်ကာ ကောင်းကင်မှ ကျဆင်းလာသော မိုးကြိုးများအလား တဖျပ်ဖျပ် တောက်ပနေကြ၏။ မိုးပျံလှေ တစ်စင်းလုံးမှာ ဓားများဖြင့် ဝန်းရံထားသော ထောင်ချောက်ကြီးတစ်ခု ဖြစ်နေလေပြီ။

“ဒါ... ဒါ ကာကွယ်ပေးနေတာ မဟုတ်ဘူး... ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်တော့မယ့် ပုံစံကြီးပဲ...”

“...ကဲပါ။ ဒါလည်း ကောင်းတာပဲ။ အနည်းဆုံးတော့ ငါ့ရဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး သက်သာသွားတာပေါ့။”

သူက ခေါင်းခါရင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ သင်္ဘောထဲရှိ သူ၏နေရာသို့ အသာအယာ ပြန်သွားလိုက်သည်။

လီချင်းရန်ပင်လျှင် ဓားတာအိုအပေါ် နားလည်မှု အသစ်များ ရရှိနေပြီဖြစ်ရာ သူလည်း ခုနက မြင်တွေ့ခဲ့ရသည်များကို ပြန်လည် ဆင်ခြင်သုံးသပ်ရန် လိုအပ်သည်။

“ဝိညာဉ်ကျောက်တုံး ဆယ်တုံးတဲ့လား...”

ယွဲ့ချန်ချီက နှာခေါင်းရှုံ့လိုက်၏။

တကယ်ပါပဲ... ကပ်စေးနှဲလိုက်တာ။

ဟို အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ ဆက်မနေခဲ့တာ တော်သေးတာပေါ့။ မဟုတ်ရင် ဓားကျောင်းတော် ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ ဂုဏ်သိက္ခာတွေ ချက်ချင်း ပြိုလဲ ကုန်တော့မှာ။

“ဧည့်ခံပွဲလုပ်မယ်ဆိုမှတော့ အနည်းဆုံး ဝိညာဉ်ကျောက်တုံး အတုံးနှစ်ဆယ်လောက်တော့ သုံးသင့်တာပေါ့ မဟုတ်ဘူးလား”

တစ်ဖက်တွင်မူ ချန်ဟွိုက်အန်က အစွမ်းပြနေဆဲ ဖြစ်သည်။

သို့သော် သူက အလကားသက်သက် အစွမ်းပြနေခြင်း မဟုတ်ပေ။

လီချင်းရန်မှာ ဉာဏ်အလင်း ပွင့်နေသည့် အခြေအနေသို့ ရောက်ရှိနေသဖြင့် သူ့ကို ကာကွယ်ပေးနေခြင်း ဖြစ်သည်။

ဘာလို့ ဒီလောက်အထိ ခမ်းခမ်းနားနား လုပ်နေတာလဲ။

ရိုးရှင်းပေသည်။

လီချင်းရန်ကို လူကိုယ်တိုင် တွေ့ရခဲသည် မဟုတ်ပါလား။

ယခုလို တွေ့ရခိုက်တွင် သူ့ကို အကောင်းဆုံးများသာ ပေးချင်သည်။

သူ၏ ကာကွယ်မှုမှာ လုံးဝကို အပြည့်အဝ ဖြစ်နေရပေမည်။

လီချင်းရန်က အချိန်ပို လိုအပ်နေသေးသည်ကို မြင်သောအခါ ချန်ဟွိုက်အန်က ရရှိထားသည့် အရာများဘက်သို့ အာရုံပြောင်းလိုက်သည်။

ဗုဒ္ဓ-မိစ္ဆာ ပုံရိပ်ယောင်ကို သတ်ဖြတ်ပြီးနောက်တွင် လက်ဆောင်ပစ္စည်းများက ချက်ချင်း ထွက်မလာခဲ့ပေ။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မှ “မိစ္ဆာလမ်းစဉ်ကျင့်ကြံသူအပိုင်းအစ” တစ်ခုနှင့် “ကောင်းကင်မိစ္ဆာကျင့်စဉ်” စာအုပ်တစ်အုပ်ကို ရရှိခဲ့သည်။ ၎င်းမှာ နောက်ကွယ်မှ ကြိုးကိုင်သူ၏ ကျင့်စဉ် ဖြစ်ကြောင်း ထင်ရှားလှသည်။

သူ့ကို တကယ်တမ်း အာရုံစိုက်မိစေသည့် အရာမှာ....

ထိုမိစ္ဆာလမ်းစဉ်ကျင့်ကြံသူမှာ ချက်ချင်းသေဆုံးသွားသင့်သော်လည်း တစ်စုံတစ်ယောက်၏ အစွမ်းဖြင့် သူ၏ပုံရိပ်ယောင်ကို ပြန်လည်ရှင်သန်စေခဲ့ခြင်းပင်။

ထို့အပြင် ထိုဗုဒ္ဓ-မိစ္ဆာ ပုံရိပ်ယောင်မှာ လူတစ်ဦးတည်းက ထိန်းချုပ်ထားခြင်း မဟုတ်ပေ။

ဗုဒ္ဓဘက်ခြမ်းမှ စွမ်းအားမှာ သန့်စင်ပြီး မျှတနေကာ စစ်မှန်သော ဗုဒ္ဓကျင့်စဉ်မှ ဆင်းသက်လာခြင်း ဖြစ်ကြောင်း သိသာနေသည်။

သူက သိချင်စိတ်ဖြင့် ဇန်ဂိုဏ်းမှ ဂိုဏ်းချုပ်ကို မေးမြန်းကြည့်သော်လည်း ထိုကိုယ်တော်ကပင် တိကျသော အဖြေမပေးနိုင်ခဲ့ပေ။

ချင်းယွန်ဘုံတွင် ဗုဒ္ဓကျင့်စဉ်များကို လေ့ကျင့်သော လေလွင့်ကျင့်ကြံသူများစွာ ရှိကြောင်းသာ သူက ပြောပြခဲ့သည်။

ဗုဒ္ဓသာသနာတွင် စည်းကမ်းများ တင်းကျပ်လှသဖြင့် စည်းကမ်းဖောက်ဖျက်၍ နှင်ထုတ်ခံရသော ကျင့်ကြံသူများစွာ ရှိသည်။

ဥပမာအားဖြင့် “ပြုံးနေသောဗုဒ္ဓ”ဟု လူသိများသည့် “အေးစက်သောဇန်စိတ်ထား”မှာ ထင်ရှားသော သာဓက တစ်ခုပင်။

နှစ်ပေါင်းများစွာအတွင်း ထိုကဲ့သို့ လေလွင့်ဗုဒ္ဓကျင့်ကြံသူ မည်မျှလောက် ရှိနေမည်ကို မည်သူက သိနိုင်မည်နည်း။

ထိုသူများထဲတွင် မယုံနိုင်လောက်အောင် အစွမ်းထက်သည့် တစ်ယောက်စ၊ နှစ်ယောက်စ ရှိနေနိုင်သည်မှာ သေချာပေသည်။

“တစ်ခုခုတော့ မဟုတ်တော့ဘူး... ဒါက ထောင်ချောက်လား။ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ တခြား ကြိုးကိုင်သူ ရှိနေသေးတာလား။”

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်၏။

ဘေးကင်းစေရန်အတွက် သူသည် နောက်ထပ်တစ်ကြိမ် “ကောင်းကင်နက္ခတ်တွက်ချက်ခြင်း” ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ယခင်က ထိုမိစ္ဆာလမ်းစဉ်ကျင့်ကြံသူကို နိမိတ်ဖတ်စဉ်က သူ၏ ကံတရားဆုံးရှုံးမှု အထပ်၅၀ ကုန်ဆုံးခဲ့ပြီး ယခုအခါ အထပ်၅၀ ကျန်ရှိနေသေးသည်။

ဒါဆိုရင် လုံလောက်ပြီ။

“ငါ့ကိုပြော။ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ သခင်လေးနောက်ကွယ်က တကယ့် ကြိုးကိုင်သူက ဘယ်သူလဲ...”

သူ၏ ဝန်ဆောင်မှု မျက်နှာပြင်ပေါ်ရှိ စက်ဝိုင်းမှာ အတော်ကြာအောင် လည်နေပြီးနောက် သတိပေးချက် တစ်ခု တက်လာခဲ့သည်။

[ ပစ်မှတ်၏ ကံကြမ္မာကို တာအိုရတနာတစ်ခုဖြင့် ဖုံးကွယ်ထားပါသည်။ အတင်းအဓမ္မ တွက်ချက်ခြင်းသည် သင်၏ ကံတရားဆုံးရှုံးမှုကို အနည်းဆုံး အထပ်၂၀၀၀ အထိ တိုးမြင့်စေ လိမ့်မည်။ သင်၏ လက်ရှိအစွမ်းဖြင့် အထပ်၁၀၀၀ထက် ကျော်လွန်သော ကံတရားဆုံးရှုံးမှုကို တောင့်ခံနိုင်စွမ်းမရှိပါ။ ကျေးဇူးပြု၍ အခြေခံအုတ်မြစ်အဆင့်သို့ ရောက်ရှိပြီးမှ ထပ်ကြိုးစားပါ ]

“တာအိုရတနာ ဟုတ်လား...”

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်သွား၏။

၎င်းမှာ သူ၏ ကောင်းကင်နက္ခတ် တွက်ချက်ခြင်း ထိုးဖောက်မရသော ပထမဆုံးအရာပင်။

သူက နောက်ထပ် မေးခွန်းတစ်ခုကို စမ်းကြည့်လိုက်သည်။

“တာအိုရတနာ ဆိုတာ ဘာလဲ။”

“ဒါက ဒီနေ့အတွက် သင်င့ရဲ့ စတုတ္ထမြောက် တွက်ချက်ခြင်းပါ။ ဒီအဖြေအတွက် ယွမ် တစ်သောင်း ကျသင့်မှာ ဖြစ်ပြီးတော့ ကံတရားဆုံးရှုံးမှုကို တိုးမြင့်စေမှာ မဟုတ်ပါဘူး...”

“ယွမ်တစ်သောင်း ဟုတ်လား...”

ချန်ဟွိုက်အန် ခဏတာ တိတ်ဆိတ်သွား၏။

ထို့နောက် သူ၏အကြည့်မှာ ဘေးခန်းတွင် တရားမှတ်နေသော စုချီနျန်ထံသို့ တဖြည်းဖြည်း ရောက်ရှိသွားသည်။

သူ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။

“ဂိုဏ်းချုပ်စု။ ဒီကို ခဏလာခဲ့ဦး။ မေးစရာရှိလို့...”

“ဂိုဏ်းချုပ်စု... တာအိုရတနာဆိုတာ ဘာလဲ။”

“အာ... တာအိုရတနာဆိုတာက တာအိုဥပဒေသတွေ ကိန်းဝပ်နေတဲ့ ဝိညာဉ်ရတနာ တစ်ခုပါ။ ဒီရတနာတွေမှာ ထူးဆန်းတဲ့ အစွမ်းတွေ အများကြီးရှိတယ်... နောက်ထပ် အယူအဆတစ်ခုလည်း ရှိသေးတယ်။ အရည်အချင်းရှိပြီး ကံကောင်းတဲ့ ကျင့်ကြံသူတွေကို တာအိုရတနာအဖြစ် သွန်းလုပ်လို့ ရတယ်တဲ့။ ဒါပေမဲ့ အဲဒါကတော့ များသောအားဖြင့် မိစ္ဆာဂိုဏ်းတွေက သူတို့ရဲ့ သက်တမ်းကို တိုးဖို့အတွက် လုပ်တတ်တဲ့ အရာမျိုးပါ...”

ချန်ဟွိုက်အန်က ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ မင်းရဲ့ ဗဟုသုတက အားကိုးရတယ်။ သွားလို့ရပြီ။”

စုချီနျန်၏ အပြုံးမှာ အေးခဲသွား၏။

“အဲ... ဒါပဲလား။ တခြား ဘာမှ ထပ်မမေးတော့ဘူးလား...”

ချန်ဟွိုက်အန် မျက်လုံးမှိတ်လိုက်သည်။

“မမေးတော့ဘူး...”

စုချီနျန် - “...”

အခွင့်အရေးကော...

လမ်းညွှန်ချက်တွေကော...

အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတိုင်း သိတဲ့ မေးခွန်းရိုးရိုးလေး တစ်ခုတည်းနဲ့တင် ငါ့ကို နှင်ထုတ်လိုက်ပြီပေါ့ ဟုတ်လား။

“နှလုံးသားမရှိတဲ့ လူယုတ်မာကြီး...”

သူ ကန့်ကွက်ချင်သော်လည်း နောက်ဆုံးတွင် ပါးစပ်ပိတ်လိုက်ရ၏။

ဘိုးဘေးတွင် သူ့အကြောင်းနှင့်သူ ရှိပေလိမ့်မည်။

ဘိုးဘေးက ဟင်းလင်းပြင်ထွင်းဖောက် နယ်ပယ် ကျင့်ကြံသူလေ။ သူ့ရဲ့ လုပ်ဆောင်ချက်တိုင်းမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ရှိမှာပဲ။

ဒါက မေးခွန်းထုတ်စရာ မဟုတ်ဘူး။

စုချီနျန် စိတ်ကောက်ကာ နှုတ်ခမ်းစူရင်း နေရာသို့ ပြန်ထိုင်လိုက်ပြီး ချန်ဟွိုက်အန်ကို ရန်လိုသော အကြည့်များဖြင့် ကြည့်နေတော့သည်။

ချန်ဟွိုက်အန်က ထိုအကြည့်များကို ခံစားမိသော်လည်း လျစ်လျူရှုထားလိုက်၏။

....

All Chapters