ငါက ကံကြမ္မာသားတော်များလား
Vol. 18 Ch. 176
ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်မိသည်။
တစ်ခုခုတော့ မဟုတ်တော့ဘူး။
ချီစုစည်းအဆင့်နှင့် အခြေခံအုတ်မြစ်အဆင့်များအတွက် တိုက်ပွဲဝင်ဆုလာဘ်များက အမြင့်ဆုံး ဖြစ်သော အခြေခံအုတ်မြစ် ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ယခုအခါ အဆင့်မြင့် ဆုလာဘ်နှစ်ခုသာ ကျန်ရှိတော့သည်။
• အခြေခံအုတ်မြစ် နှောင်းပိုင်းအဆင့်အတွက် ရွှေရောင် လျို့ဝှက်သေတ္တာ တစ်လုံး။
• အခြေခံအုတ်မြစ် ပြီးပြည့်စုံခြင်းအဆင့်အတွက် ဓားဝိညာဉ် အမြုတေ တစ်ခု။
ချန်ဟွိုက်အန်က တိုက်ပွဲဝင်ဆုလာဘ်များကို လက်ခံလိုက်ပြီးနောက် သူ၏ အိတ်ကပ်ထဲရှိ ရွှေရောင် လျို့ဝှက်သေတ္တာကို စိုက်ကြည့်နေမိသော်လည်း သိပ်မပျော်နိုင်ပေ။
အဘယ်ကြောင့်နည်း...
အကြောင်းမှာ သူက လျို့ဝှက်သေတ္တာ ကံစမ်းခြင်းများတွင် ကံအလွန်ဆိုးသောကြောင့် ဖြစ်သည်။ သူသည် မူလကတည်းက ဂိမ်းကံစမ်းမဲများတွင် ကံနိမ့်လွန်းသူဖြစ်ရာ ယခုကဲ့သို့ ကံတရားဆုံးရှုံးမှု အထပ်၉၅၀ ရှိနေသည့် အခြေအနေတွင် တကယ်တမ်း ကောင်းမွန်သော အရာတစ်ခုခုသာ ပေါက်ခဲ့မည်ဆိုလျှင်...
သူ ငါးဆင့် လျှပ်စစ်ပန်ကာ အရှေ့မှ ကြက်တစ်ကောင်လို ဝမ်းသာအားရ တွန်မိပေလိမ့်မည်။
[ရွှေရောင် လျို့ဝှက်သေတ္တာကို ဖွင့်မလား (ပါဝင်မှု- အန္တိမအဆင့်ဆုလာဘ် - ၁%၊ ရွှေရောင်အဆင့် ဆုလာဘ် - ၉၈.၉%၊ ခရမ်းရောင်အဆင့် ဆုလာဘ် - ၀.၁ %)]
“အဟက်...”
ချန်ဟွိုက်အန်က ခြောက်ကပ်ကပ် ရယ်သံတစ်ခု လွှတ်လိုက်မိသည်။
သူ၏ ကံကြမ္မာက မျက်စိရှေ့တွင်ပင် ပေါ်လွင်နေသည်ဟု ခံစားနေရသည်။
“ပြီးအောင်ပဲ လုပ်လိုက်ရအောင်ပါ။”
ဖွင့်မယ်...
စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ မျက်နှာကို ကျိန်းစပ်၍ သွားစေသည်။
[ ဂုဏ်ယူပါတယ်။ သင် ရရှိသွားသောဆုမှာ... အန္တိမအဆင့်ဆုလာဘ် - ကြက်သွေးနီနှလုံးသား အမြင် - လင်းရှီးထွင်းစာ ဖြစ်ပါတယ်...]
“ဘာကြီးလားဟ...”
ချန်ဟွိုက်အန်၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွား၏။
အန္တိမအဆင့် ဆုလာဘ်ကြီးလား...
ကံတရားဆုံးရှုံးမှု အထပ်၉၅၀ ရှိနေတာတောင် အရှားပါးဆုံးဖြစ်တဲ့ ၁%ကို ရသွားတယ်လား...
“ဒါ... ငါက တကယ်ပဲ ကံကြမ္မာသားတော်များလား...”
သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း အဓိပ္ပာယ် ရှိလှသည်။ ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ရရှိကတည်းက သူသည် ကံကြမ္မာ၏ စောင့်ရှောက်မှုကို ရရှိထားပြီးသား ဖြစ်သည်။ ကံတရား ဆုံးရှုံးမှု အထပ်၉၅၀ကြားတွင် မသေဘဲ ရှင်သန်နေခြင်းကပင် လက်တွေ့ဘဝ၏ အထူးဗားရှင်းတစ်ခုကို ကစားနေရသည်ဟု သက်သေပြနေခြင်း မဟုတ်ပါလား။
ထိုအန္တိမဆုလာဘ်မှာ သူနှင့် ထိုက်တန်လှပေသည်။
သို့သော်လည်း...
“ကြက်သွေးနီနှလုံးသား အမြင် - လင်းရှီးထွင်းစာ... ဒါက ဘာကြီးလဲ။”
ကျင့်ကြံမှုကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်နေဆဲဖြစ်သော လီချင်းရန်ကို တစ်ချက် ကြည့်လိုက်ပြီး ချန်ဟွိုက်အန်က ထိုပစ္စည်း၏ ရှင်းလင်းချက်ကို အမြန်စစ်ဆေးလိုက်သည်။ အကယ်၍ အသုံးမဝင်သည်မျိုး သို့မဟုတ် အသုံးမပြုနိုင်သေးသည်မျိုး ဖြစ်နေပါက သူ ဒုက္ခရောက်ပေလိမ့်မည်။
[ ကြက်သွေးနီနှလုံးသား အမြင် - လင်းရှီးထွင်းစာ ]
• တစ်ဦးတစ်ယောက်၏ ပညာရပ်များအပေါ် နားလည်သဘောပေါက်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ အသိအမြင်များမှာ သဘာဝအတိုင်း ထွက်ပေါ်လာတတ်သည်။ ထိုအသိအမြင်များဖြင့် ကျင့်စဉ်များကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း၊ သန့်စင်ခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်းများကို ပြုလုပ်နိုင်ပေလိမ့်မည်။
• (ခြွင်းချက်- [ကြာစိမ်းဓားသိုင်းကျမ်း]ကဲ့သို့ အန္တိမအဆင့် မြင့်မားသည့် ကျင့်စဉ်များကိုမူ ပြုပြင်၍ မရနိုင်။)
ပစ္စည်းစာရင်းအိုင်ကွန်တွင် ရွှေရောင် ဝိညာဉ်စွမ်းအင် အမျှင်တန်းလေးတစ်ခုကို တွေ့ရ၏။
ချန်ဟွိုက်အန် ခဏမျှ စဉ်းစားလိုက်ပြီး...
“ဒါက ဂိမ်းထဲက ကျင့်စဉ်တွေကို စိတ်ကြိုက် ပြင်လို့ရတဲ့ အယ်ဒီတာလိုမျိုးပေါ့ ဟုတ်လား”
ကောင်းလှချည်လား...
တကယ် မိုက်တဲ့ဟာပဲ......
မည်သည့်ကျင့်စဉ်ကို စတင်ပြုပြင်ရမည်ဟု မဆုံးဖြတ်ရသေးမီမှာပင် နူးညံ့သောအသံလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ဆရာ... ဘာကို ကြည့်နေတာလဲ။”
ချန်ဟွိုက်အန် တစ်ကိုယ်လုံး တောင့်ခဲသွား၏။
သူ မော့ကြည့်လိုက်ရာ... ခဏတာအတွင်း စိတ်ကူးများ ဗလာဖြစ်သွားရသည်။
လီချင်းရန်က လရောင်အောက်တွင် ရပ်နေပြီး ငွေရောင်အလင်းတန်းများက သူ၏ ဖြူစင်သော ဝတ်စုံပေါ်တွင် ဝေဝါးသော အရှိန်အဝါတစ်ခုကို ဖန်တီးပေးထားသည်။ သူ၏ အသားအရေမှာ နို့ရည်လို ဖြူဝင်းနေပြီး အသက်ရှူလိုက်တိုင်း လှပသော ညှပ်ရိုးလေးများမှာ အနည်းငယ် လှုပ်ရှားနေ၏။ သူ ခေါင်းလေးကို စောင်းလိုက်သောအခါ နက်မှောင်သော ဆံနွယ်အချို့မှာ လည်ပင်းသားလေးပေါ်သို့ ဝဲကျလာသည်။ သူ၏ အကြည့်များမှာ နှင်းမှုန်များကဲ့သို့ ခံစားချက်များ ပြည့်နှက်နေပြီး နှုတ်ခမ်းထောင့်မှ ပါးချိုင့်လေးများကြားတွင် အရည်ပျော်ကျနေသယောင် ရှိနေသည်။
ချန်ဟွိုက်အန်း ဆက်၍ မကြည့်ရဲတော့ပေ။
သူက အမျိုးသမီးနိုင်ငံတော်ရှိ ဘုရင်မရှေ့မှ ထန်ဆန်းကိုယ်တော်ကဲ့သို့ပင် ခံစားလိုက်ရကာ မိမိ၏ နှာခေါင်းကိုသာ ငုံ့ကြည့်နေမိတော့သည်။
“အဟမ်း... ငါက... လောကကြီးရဲ့ အရေးကိစ္စတွေကို လေ့လာနေတာပါ...” သူက စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။
“ဒါပေမဲ့ ဆရာ... ဆရာက ကျွန်မဘက်ကို စိုက်ကြည့်နေတာ တော်တော်ကြာပြီလေ...”
“အာ... ဂိုဏ်းချုပ်စုက ဟင်းချက်တော်တယ်လို့ ငါ ကြားတယ်... သူ့ကို လက်စွမ်းပြခိုင်းရင် ဘယ်လိုလဲ...” ချန်ဟွိုက်အန် ရှောင်လွှဲ၍ ပြောလိုက်ပြန်သည်။
“ဆရာ... ဆရာက ဟိုငါးမိစ္ဆာအတွက် ပန်းထိုးခြေအိတ်လေးတွေ လုပ်ပေးခဲ့တယ်လေ... တပည့် အတွက်လည်း တစ်စုံလောက် လုပ်ပေးလို့ ရမလား။”
လီချင်းရန်က နီမြန်းသော နှုတ်ခမ်းလေးကို ခပ်ဖွဖွ ကိုက်လိုက်ပြီး သူ၏ မျက်နှာကို ရှောင်ဖယ်ကာ လည်ပင်းဆီသို့သာ စိုက်ကြည့်နေမိသည်။ သူကိုယ်တိုင်လည်း ချန်ဟွိုက်အန်ကို တည့်တည့် မကြည့်ရဲပေ။
“အင်း... ရတာပေါ့။ ပြန်ရောက်တာနဲ့ ပို့ပေးလိုက်မယ်။”
ချန်ဟွိုက်အန် ကျင့်ကြံနေဟန်ဆောင်ကာ မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။
ရုတ်တရက် သင်းပျံ့သော လေပြေတစ်ခုက သူ့ထံသို့ တိုက်ခတ်လာ၏။
သူ မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်လိုက်ရာ...
ဝါးကုတင်၏ အနားသတ်တွင် ပန်းထိုးဖိနပ်လေးတစ်စုံ တစ်လက်မခန့်အကွာတွင် ရပ်တန့်၍ နေသည်ကို တွေ့လိုက်ရသည်။
လီချင်းရန် ခေါင်းငုံ့ကာ ရပ်နေပြီး ဘာမှမပြောပေ။ သူ၏ အင်္ကျီကော်လာမှ နားရွက်များအထိ နီမြန်းနေသော အရိပ်အယောင်များ ပေါ်ထွက်နေသည်။
ချန်ဟွိုက်အန် တိတ်ဆိတ်နေမိသည်။ စိတ်ထဲတွင်မူ ဗုဒ္ဓကျမ်းစာများကိုသာ ရွတ်ဆို၍ နေတော့သည်။
ထိုစဉ် တံခါးဝတွင် စုချီနျန်က ခေါင်းပြူ၍ ချောင်းကြည့်နေသည်။ မူလက သူသည် ဘိုးဘေးချန်အား သူ၏ ဆိုးသွမ်းသော တပည့်မလေးကို ရွှေရောင်အခွင့်အရေး ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကား လာပြောခြင်း ဖြစ်သည်။
သို့သော် အတွင်းသို့ ကြည့်လိုက်သောအခါ...
ဝါးကုတင်ပေါ်တွင် ဆရာနှင့် တပည့်တို့ မလှုပ်မယှက် ထိုင်နေကြသည်ကို မြင်လိုက်ရသည်။
တစ်ဦးမှာ ငွေရောင်ဆံနွယ်များ ဖားလျားကျလျက် နတ်ဘုရားဆန်သော အရှိန်အဝါ ရှိနေသော်လည်း မျက်လုံးများမှာမူ အကြီးအကျယ် စိတ်ရှုပ်ထွေးနေပုံရသည်။ ကျန်တစ်ဦးမှာမူ ပါးပြင်များ နီမြန်းလျက် လက်ချောင်းလေးများဖြင့် ပိုးထည်ဝတ်စုံကို လိမ်နေကာ အောက်သို့ ငုံ့ကြည့်လျက် အတွေးထဲတွင် နစ်မျောနေပုံရသည်။
စုချီနျန်က ပြောမည့်စကားများကို ချက်ချင်း ပြန်မျိုချလိုက်ရသည်။
သူ့၏ ဗီဇစိတ်အရ... ထိုကဲ့သို့နူးညံ့သိမ်မွေ့သော ပတ်ဝန်းကျင်ကို ဝင်မနှောင့်ယှက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း သိလိုက်သည်။ သို့မဟုတ်ပါက သူသည် တစ်စုံတစ်ရာသော စကြဝဠာဆိုင်ရာ ကံကြမ္မာအရှုပ်အထွေးများကြားတွင် ပါဝင်ပတ်သက်သွားနိုင်ပေသည်။
တိတ်ဆိတ်စွာပင်... သူ နောက်သို့ ဆုတ်လိုက်ပြီး ခြေထောက်ကို သုံးကာ တံခါးကို ညင်သာစွာ ပိတ်ပေးလိုက်သည်။
အချိန်များ ကုန်ဆုံးသွား၏။
သူတို့နှစ်ဦးစလုံးမှာ... သည်းခံနိုင်စွမ်း အကန့်အသတ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ထိုစဉ်မှာပင်...
မိုးပျံလှေမှာ အနည်းငယ် တုန်ခါသွားပြီးနောက် ရပ်တန့်သွားခဲ့သည်။
လျိုရှားတောင်ထွတ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ချန်ဟွိုက်အန် သက်ပြင်းချကာ မတ်တပ်ရပ်လိုက်သည်။ လီချင်းရန်ကလည်း မျက်တောင် ခတ်ရင်း အမြန်ထလိုက်သည်။ သူက ချန်ဟွိုက်အန်၏ လက်မောင်းကို လှမ်းတွဲရန် ကြိုးစားလိုက်သော်လည်း...
သူ၏လက်မှာ ဟင်းလင်းပြင်ကိုသာ ဖြတ်သန်းသွားခဲ့သည်။
သူက မိမိ၏ လက်ဖဝါးကို ငေးကြည့်နေမိပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်လေး တစ်ခဏမျှ ဖြတ်ပြေးသွားသည်။ ဆရာဖြစ်သူ၏ အဆိပ်မှာ လုံးဝ မပျောက်ကင်းသေးပေ။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်မှာ အဝေးတစ်နေရာတွင် မိစ္ဆာကြီး တစ်ကောင်နှင့် တိုက်ခိုက်နေရဆဲဖြစ်ကာ အချိန်မရွေး သေခြင်းနှင့် ရှင်ခြင်းကြား ရောက်ရှိနေနိုင်ကြောင်း သူ တွေးမိလိုက်သည်။
“အဟမ်း... ငါက လမ်းမလျှောက်နိုင်လောက်အောင် မအိုသေးပါဘူး။ ချင်းရန်... တွဲပေးဖို့ မလိုပါဘူး။ ငါတို့ လျိုရှားတောင်ထွတ်ကို ရောက်ပြီ။ သွားကြရအောင်။”
သူ၏ ကိုယ်ပွားအတွက် အချိန် သိပ်မကျန်တော့ပေ။ ချန်ဟွိုက်အန်က စုချီနျန်အား လျိုရှားတောင်ထွတ်ရှိ တပည့်အားလုံးကို တောင်ထိပ်တွင် စုဝေးရန် အမိန့်ပေးလိုက်သည်။
“ငါက အခွင့်အရေး ပေးမယ်ဆိုမှတော့... သူတို့တွေက တကယ်ပဲ ထိုက်တန်ရဲ့လားဆိုတာ အရင် ကြည့်ရမယ်။”
သန်းခေါင်ယံအချိန် ကျော်လွန်သွားသည်နှင့်...
ကောင်းကင်နက္ခတ်ကို ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်သည်။ ချန်ဟွိုက်အန် ချက်ချင်းပင် မေးလိုက်သည်။
“ဂိုဏ်းသားတွေရဲ့ သစ္စာရှိမှုနဲ့ စိတ်ဓာတ်ကို စစ်ဆေးပေးနိုင်မယ့် ရတနာ ဒါမှမဟုတ် ပညာရပ် တစ်ခုခု ရှိလား...”
[တွက်ချက်နေပါသည်...]
ချင်းယွန်ဘုံတစ်ခွင် ကောင်းကင်ယံမှာ တုန်ခါသွားသဖြင့် ကျင့်ကြံသူများမှာ မော့ကြည့် နေကြသော်လည်း မကြာမီပင် ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်ကြသည်။
[ကောင်းကင်နက္ခတ်ကို တွက်ချက်ပြီးပါပြီ...]
[အဖြေ - ဂိုဏ်းချုပ် စုချီနျန်ကိုသာ မေးလိုက်ပါ]
ချန်ဟွိုက်အန် - “……”
တွက်ချက်မှု တစ်ခုတော့ အလကား ဖြစ်သွားပြီ။
ဓားကျောင်းတော်တွင် ဂိုဏ်းစောင့်ရတနာတစ်ခုဖြစ်သော နှလုံးသားသန့်စင်ဓားမှန် ရှိကြောင်း သိလိုက်ရသည်။ ထိုရတနာမှာ တပည့်များ၏ ဓားနှလုံးသားကို ပိုမို၍ ခိုင်မာအောင် လေ့ကျင့်ပေးရာတွင် အသုံးပြုပြီး တပည့်များ၏ သစ္စာရှိမှုနှင့် စိတ်ဓာတ်ကိုပါ ဖော်ပြနိုင်သည့် အစွမ်းရှိသည်။
ထို့ကြောင့် တပည့်တစ်ဦးမှာ မိစ္ဆာအတတ်များကို ကျင့်ကြံနေသည်ဟု စွပ်စွဲခံရသောအခါ စုချီနျန်က မယုံကြည်ခဲ့ခြင်း ဖြစ်သည်။ ထိုတပည့်ဖြစ်သူ တူရှင်းဟယ်မှာ မိစ္ဆာအတတ်များကို စတင်ကျင့်ကြံကတည်းက ထိုနှလုံးသားသန့်စင်ဓားမှန်ကို တစ်ကြိမ်မျှပင် အသုံးမပြုခဲ့သဖြင့် လူမိခြင်း မရှိခဲ့ခြင်းပင် ဖြစ်သည်။
ဘိုးဘေးချန်မှ ကျုံးကျိုး လျို့ဝှက်နယ်မြေ ခရီးစဉ်မတိုင်မီ တပည့်တိုင်းအား ကြီးမားသော အခွင့်အရေးများ ပေးအပ်မည်ဟူသော သတင်းကြောင့် စုချီနျန်မှာ အလွန်ဝမ်းသာသွားသည်။ သူက လျိုရှားတောင်ထွတ်တစ်ခွင် လှည့်လည်ကာ ကျင့်ကြံနေသော တပည့်တိုင်းကို သွားရောက် နှိုးတော့သည်။
တပည့်များအားလုံး နှလုံးသားသန့်စင်ဓားမှန်ရှေ့မှ ဖြတ်သန်းကာ တောင်ထိပ်တွင် စုဝေးမိ နေချိန်တွင်မူ... ညနက်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချန်ဟွိုက်အန်က လက်နှစ်ဖက်ကို အနောက်ပစ်ကာ လေထဲတွင် ရပ်နေသည်။ သူ၏ အနောက်တွင် ကြေးခွံနက်ဓားမှာ မြေပြင်အထက် ၃ လက်မခန့်တွင် ဝဲနေပြီး ၎င်းမှ ထွက်ပေါ်နေသော အေးစက်သော ဓားအရှိန်အဝါမှာ လရောင်ကို ကျနေသော နှင်းများကဲ့သို့ ပျံ့လွင့်စေသည်။
ထိုတပည့်များမှာ ကျုံးကျိုးလျို့ဝှက်နယ်မြေတွင် မိမိတို့ကိုယ်တိုင်အတွက်နှင့် ဂိုဏ်းအတွက် အသက်ကို ရင်း၍ တိုက်ပွဲဝင်ကြရတော့မည်။ ထိုလျို့ဝှက်နယ်မြေမှာ အလွန်ပင် အန္တရာယ် ကြီးမားလှသည်။
ယခုအခါတွင်မူ... သူ၏ တွက်ချက်မှုဖြင့်ပင် မမြင်နိုင်သော နောက်ကွယ်မှ ကြိုးကိုင်သူမှာ ထိုနေရာတွင် ပုန်းအောင်းနေသည်။ သူ မည်မျှပင် ကြိုးစားခဲ့သော်လည်း လီချင်းရန်၏ ရှင်သန်နှုန်းမှာ ၈၀%ခန့် အထိသာ ရှိသေးသည်။ အန္တရာယ်များမှာ နေ့ခင်းကြောင်တောင် မြင်နေရသကဲ့သို့ပင်။
အယောင်ဆောင်ပင် ဖြစ်လင့်ကစား ဓားကျောင်းတော်၏ ဘိုးဘေးတစ်ဦးအနေဖြင့် သူသည် တစ်စုံတစ်ခုကို ပြောပြရပေလိမ့်မည်။
…
…