ဓားကျင့်ကြံသူတစ်ဦးရဲ့ စိတ်ဝိညာဉ်
Vol. 18 Ch. 177
ချန်ဟွိုက်အန် မိမိကိုယ်ကိုယ် ပြန်လည်တည်ငြိမ်အောင် ခဏမျှ အချိန်ယူလိုက်ရသည်...
သူက သိပ္ပံဘာသာရပ်တွင် အထူးပြုကျောင်းသားတစ်ဦး ဖြစ်သဖြင့် စကားအပြောအဆိုတွင် ထူးချွန်လှသူတော့ မဟုတ်။
သို့သော် သူ၏ ကိုယ်ပွားကို အကြိမ်ကြိမ် အားဖြည့်ကာ ချင်းယွန်ဘုံသို့ ဆင်းသက်ခဲ့ပြီးနောက်...
လောကကြီး၏ အနိမ့်အမြင့် အတက်အကျများကို မြင်တွေ့ခဲ့ရပြီးနောက်...
သူ၏ စိတ်အစဉ်မှာလည်း မသိမသာပင် ပိုမိုနက်ရှိုင်းလာခဲ့သည်။
ယခုအခါ ဂိုဏ်းတပည့်ပေါင်းများစွာက သူ့ကို စိုက်ကြည့်နေကြသဖြင့် ရင်ခုန်နှုန်းများ မြန်လာကာ ခေါင်းထဲတွင် ဗလာဖြစ်သွားသော်လည်း...
တစ်စုံတစ်ရာသော စကားလုံးများမှာ သူ၏ နှလုံးသားထဲမှ သဘာဝအတိုင်း စီးဆင်းလာခဲ့သည်။
“ဓားကျောင်းတော်က တပည့်တို့... ကြည့်ကြ...”
ချန်ဟွိုက်အန်သည် လက်ညှိုးနှင့် လက်ခလယ်ကို ဓားကဲ့သို့ ထောင်ကာ ကောင်းကင်ယံသို့ မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။
ချွမ်း...
အဝေးတစ်နေရာမှ နှင်းဖုံးနေသော တောင်ထွတ်တစ်ခုမှာ ဓားသံတစ်ချက်နှင့်အတူ ရုတ်တရက် ပြိုကျသွားပြီး တောင်ထိပ်ပိုင်းမှာ ပြတ်တောက် သွားတော့သည်။ ဖြောင့်စင်းညီညာသော တောင်၏ ပြတ်ပိုင်းမျက်နှာပြင်မှာ လရောင်အောက်တွင် ဝင်းလက်တောက်ပနေသည်။
စုချီနျန်၏ မျက်ခွံများ တွန့်သွား၏။
ထိုတောင်မှာ ယခုမှ စိုက်ပျိုးရေးလုပ်ငန်းများ စတင်ထားပြီး စိတ်ဝိညာဉ်စိုက်ခင်းများစွာ ရှိနေသည်။ ဘိုးဘေး၏ လက်ချောင်းတစ်ချက် ဝှေ့ယမ်းလိုက်ရာတွင် အနည်းဆုံး အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀သိန်းဖိုးခန့် ရှိနေသော ရင်းနှီးမြှုပ်နှံမှုမှာ မျက်စိတစ်မှိတ်အတွင်း ပြာကျသွားခဲ့ရလေပြီ...
ချန်ဟွိုက်အန်က ခိုင်မာသော အသံဖြင့် ဆက်ပြောသည်။
“ဓားကျောင်းတော်က တပည့်တစ်ယောက်ဟာ ဒီတောင်ရဲ့ ကျောရိုးလို မားမားမတ်မတ် ရပ်တည်ရမယ်။”
“နှစ်ပေါင်းသုံးထောင်တိုင်တိုင် လေပြင်းတွေ၊ နှင်းခဲတွေက သူ့ကို တိုက်ခိုက်ခဲ့တယ်... တောင်ထွတ်တွေ ပြိုကျခဲ့တယ်၊ တောင်စောင်းတွေ အက်ကွဲခဲ့တယ်... ဒါပေမဲ့ ဒီကျောရိုးကတော့ ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။ ကွေးမယ့်အစား အကျေခံမယ်။ ဦးညွှတ်မယ့်အစား အကျိုးခံမယ်။”
ထို့နောက် ချန်ဟွိုက်အန်က ကျိုးပဲ့နေသော ဓားတစ်လက်ကို ထုတ်လိုက်သည်။ ၎င်းမှာ လီချင်းရန်အား စုရွှမ်ဓားကို ပေးအပ်ပြီးနောက် သူ ပြန်ယူထားခဲ့သော သူ၏ဓားဟောင်းလေးပင် ဖြစ်သည်။ မူလက သူသည် အမှတ်တရအဖြစ် သိမ်းထားခြင်း ဖြစ်သော်လည်း ယခုအခါ ၎င်းမှာ သင်္ကေတတစ်ခု ဖြစ်လာခဲ့လေပြီ။
တပည့်များမှာ ထိုကျိုးပဲ့နေသော ဓားကို ငေးကြည့်နေကြသည်။ ဓားကိုယ်ထည်မှာ အက်ကြောင်းများဖြင့် ပြည့်နှက်နေသော်လည်း ၎င်းထံမှ မယိမ်းယိုင်သော ဓားအသိများ ထွက်ပေါ်နေဆဲပင်။
“ဓားတာအိုရဲ့ အနှစ်သာရမှာ... ကျောရိုးက ပထမ၊ ဓားသွားက ဒုတိယပဲ...”
ချန်ဟွိုက်အန်၏ ငွေရောင်ဆံနွယ်များမှာ လေမတိုက်ဘဲ လွင့်မြောနေ၏။ သူ၏ အနောက်တွင် နှစ်ပေါင်းသုံးထောင် သက်တမ်းရှိသော ထင်းရှူးပင်ကြီးမှာ သူ၏ စကားလုံးများနှင့်အတူ ထွက်ပေါ်လာသော မမြင်နိုင်သည့် ဓားအသိကြောင့် အသံမထွက်ဘဲ အစိပ်စိပ်အမွှာမွှာ ကွဲအက် သွားတော့သည်။
“ဓားတစ်လက်ဟာ... နှင်းကြားက ထင်းရှူးပင်လို ဖြစ်ရမယ်... နှင်းခဲတွေ ဘယ်လောက်ပဲ ဖုံးဖုံး... ကောင်းကင်ဆီကို ဖြောင့်ဖြောင့်တန်းတန်း လမ်းဖောက်ပြီး ထိုးဖောက်နိုင်ရမယ်...”
စုချီနျန်က ပျက်စီးသွားသော ထင်းရှူးပင်ကြီးကို ကြည့်ကာ... ဂိုဏ်း၏ အသုံးစရိတ်စာရင်းတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀တုံး ထပ်တိုးလိုက်၏။
ဘိုးဘေး...ကတော့ တကယ်ကို ရက်စက်တာပဲ။
“နောက်ဆုံးအနေနဲ့က... ဓားကို သွေးဖို့ ကိစ္စပဲ။”
“ဆယ်နှစ်ပတ်လုံး သွေးထားတဲ့ဓား... အေးစက်တဲ့အသွားဟာ စမ်းသပ်မှု မခံရသေးဘူး။”
“မင်းတို့ရဲ့ ဂိုဏ်းတူ ညီအစ်ကိုတွေဟာ မင်းတို့အတွက် ဓားသွေးကျောက်တွေပဲ... သွေးနဲ့ သန့်စင်ထားတဲ့ ဓားသွား၊ ဝိညာဉ်နဲ့ သွေးထားတဲ့ အသွား... အဲဒါမှသာ သေခြင်းနဲ့ ရှင်ခြင်း အခိုက်အတန့်မှာ မိစ္ဆာသွေးကို အပြည့်အဝ သောက်သုံးနိုင်မှာ။”
“ဒီတစ်ခါ လျို့ဝှက်နယ်မြေထဲ ဝင်တဲ့အခါ ဒီအချက် ၃ချက်ကို မှတ်ထားကြ...”
ချန်ဟွိုက်အန်က ကျိုးပဲ့နေသော ဓားကို ပြန်သိမ်းလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ဓားအသိမှာ လရောင်နှင့် ပေါင်းစပ်သွားပြီး စိတ်ဝင်တစား နားထောင်နေကြသော တပည့် အားလုံး၏ နဖူးဆီသို့ စိမ့်ဝင်သွားတော့သည်။
“ဓားသွားဟာ သတ်ဖြတ်ဖို့ မဟုတ်ဘူး... မင်းတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ဘေးကင်းအောင် စောင့်ရှောက်ဖို့ပဲ။”
“ဓားရဲ့ အရှိန်အဝါဟာ ကျော်ကြားဖို့ မဟုတ်ဘူး... တရားသောလမ်းစဉ်ကို ဆက်လက် ရှင်သန်စေဖို့ပဲ။”
“ပြီးတော့... မင်းတို့ရဲ့ဓား ကျိုးသွားတဲ့အခါ ဝမ်းမနည်းနေကြနဲ့။”
သူ၏ အသံမှာ ရုတ်တရက် နူးညံ့သွားသည်။
သို့သော် ထိုအခိုက်အတန့်မှာပင် ဓားကျောင်းတော် တစ်ခုလုံး တုန်ခါသွားတော့သည်။
လင်းယွီရှီ တရားထိုင်နေသော ဂိုဏ်း၏ ဘိုးဘေးခန်းမဆောင်ရှိ ဘိုးဘေးများ၏ ဝိညာဉ် ပလ္လင်များမှာ ပြင်းထန်စွာ တုန်ခါလာသည်။ တောင်နောက်ဘက်ရှိ ဓားသင်္ချိုင်းမှ မြေကြီးထဲ စိုက်ဝင်နေသော ကျိုးပဲ့နေသော ဓားများမှာလည်း တစ်ပြိုင်နက်တည်း တုန်ခါလာကြ၏။
ဂွက်...
ဓားအိမ်များ ကွဲအက်သံများ ညဘက်တွင် ဟိန်းထွက်သွားသည်။
အပြာရောင် ဓားအလင်းတန်းပေါင်းများစွာ ကောင်းကင်သို့ ပျံတက်သွားသည်။ ကျိုးပဲ့နေသော ဓားများက လေထဲသို့ ပျံတက်ကာ လျိုရှားတောင်ထွတ် တောင်ထိပ်ကို ဝန်းရံလျက် ဝဲပျံနေကြပြီး ၎င်းတို့၏ ဓားသွားများမှာ တုန်ခါသံများ ထွက်ပေါ်နေသည်။
တပည့်များ မော့ကြည့်လိုက်ရာ ဓားများ တောက်ပနေသည်ကို တွေ့ရသည်။ ကျိုးပဲ့နေသော ဓားသွားတိုင်းပေါ်တွင် ရွှေရောင်စာလုံးများဖြင့် နာမည်များ ပေါ်ထွက်လာသည်။ ၎င်းတို့မှာ ယခင်မျိုးဆက် အဆက်ဆက်မှ ကျဆုံးသွားခဲ့သော ဓားကျောင်းတော် တပည့်များ၏ အမည်များပင်။
ချန်ဟွိုက်အန်လည်း ၎င်းတို့ကို ငေးကြည့်နေမိသည်။ ခဏတာအတွင်း သူ၏ စိတ်ထဲတွင် ပုံရိပ်ပေါင်း များစွာ ဖြတ်ပြေးသွားသည်။
သွေးနှင့်မျက်ရည်များ။
အရှုံးမပေးသော ဟိန်းသံများ။
မယိမ်းယိုင်သော စိတ်ဝိညာဉ်များ။
သူ၏မျက်ဝန်းများ အနည်းငယ် ဝေဝါးလာကာ အသံမှာလည်း တုန်ယင်နေ၏။
“သူတို့ရဲ့ အထက်မြက်ဆုံး ဓားပညာဟာ... သူတို့ရဲ့ ကျိုးပဲ့နေတဲ့ ခန္ဓာကိုယ်တွေနဲ့ ရဲဘော်တွေကို ကာကွယ်ပေးခဲ့တဲ့ ပုံစံပဲ။”
“သူတို့ရဲ့ အတောက်ပဆုံး ဓားအလင်းတန်းဟာ... သူတို့ရဲ့ ဝိညာဉ်တွေ ကွယ်ပျောက်သွားချိန်မှာ နောက်ဆုံး ပေါက်ကွဲထွက်သွားတဲ့ ဓားအခင်းအကျင်းပဲ။”
ဝီး...
ရုတ်တရက် အချို့သော တပည့်များ၏ ကိုယ်ပိုင်ဓားများမှာ ဓားအိမ်ထဲမှ အလိုအလျောက် ထွက်လာကြပြီး ကောင်းကင်မှ ကျိုးပဲ့နေသော ဓားများနှင့် ပဲ့တင်ထပ်လာကြသည်။
“ဓားတွေကို ပြန်သိမ်းလိုက်။”
ချန်ဟွိုက်အန် အကြည့်ကို နှိမ့်ချကာ ညင်သာစွာ အမိန့်ပေးလိုက်သည်။ တစ်ခဏအတွင်းမှာပင် ဓားအားလုံး တိတ်ဆိတ်သွားတော့သည်။
“တကယ်လို့ မင်းတို့ရဲ့ ဓားကျိုးသွားတဲ့နေ့ ရောက်လာခဲ့ရင်... မင်းတို့ရဲ့ အရိုးတွေကို ဓားသွားလို သုံးလိုက်... မင်းတို့ရဲ့ သွေးကို ဓားသွားလို သုံးလိုက်... မင်းတို့ရဲ့ ဝိညာဉ်ကို မီးလျှံအဖြစ် သုံးလိုက်။”
“နှစ်ပေါင်းတစ်သောင်းတိုင်တိုင် ဓားကျောင်းတော် တည်တံ့နေတာဟာ အစွမ်းထက်တဲ့ နတ်ဘုရားဓားတွေကြောင့် မဟုတ်ဘူး... ရန်သူကို ကျောမခိုင်းဘဲ ရင်ဆိုင်ခဲ့တဲ့သူတွေရဲ့ မကျိုးပဲ့နိုင်တဲ့ ဓားအရိုးတွေကြောင့်ပဲ။”
ဓားကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်ဆိုသည်မှာ ထိုအရာပင်။
လေပြင်းများက သူ၏ စကားလုံးများကို လွင့်စင်သွားစေသော်လည်း လျိုရှားတောင်ထွတ် တစ်ခုလုံးတွင်မူ ဓားအသိများမှာ ကောင်းကင်သို့ ထိုးတက်နေကာ ဓားဟိန်းသံများမှာ ဘုရားကျောင်း ခေါင်းလောင်းသံများကဲ့သို့ ပဲ့တင်ထပ်နေတော့သည်။
ဓားသင်္ချိုင်း၏ အစွန်းတွင် နှစ်ပေါင်း ၃၀တိုင်တိုင် သေဆုံးနေခဲ့သော သံကုက္ကိုပင်ကြီးမှာလည်း ရုတ်တရက် ရွက်သစ်များ ဝေဆာလာတော့သည်။
…
…
“ငါ... ချင်းယွန်ဘုံမှာ တကယ့်ကို ဂန္ထဝင်ဆန်တဲ့ အရာတစ်ခုကို လုပ်လိုက်မိတာလား။”
ကိုယ်ပွား၏အချိန် ကုန်ဆုံးသွား၏။ ချန်ဟွိုက်အန်က ဗီအာဦးထုပ်ကို ချွတ်လိုက်ပြီး လက်များ တုန်ယင်နေကာ စိတ်ထဲတွင်လည်း ဝေဝါးနေဆဲ ဖြစ်သည်။
“ငါ တကယ်ပဲ အဲဒီစကားတွေကို ပြောခဲ့တာလား။ ငါ ဘယ်တုန်းက ဒီလောက် စကားပြော ကောင်းသွားတာလဲ...”
မိမိကိုယ်ကိုယ် ပြန်ချီးကျူးရန် ဆုံးဖြတ်လိုက်ပြီး သူက မှန်ထဲမှ မိမိပုံရိပ်ကို လက်မ ထောင်ပြလိုက်သည်။
“ငါက တော်လိုက်တာ...”
အရင်းအမြစ်များကို ခွဲဝေပေးပြီးပြီ ဖြစ်သည်။ လီချင်းရန်၏ အသက်ရှင်နှုန်းမှာ ၉၉.၉၉၉%အထိ မြင့်တက်လာခဲ့သည်။ သို့သော်... ၁၀၀%တော့ မပြည့်သေးပေ။
ချန်ဟွိုက်အန် ထိုအချက်ကို လက်ခံလိုက်သည်။ “ဒီလောကမှာ ဘယ်အရာမှ အကြွင်းမဲ့ မရှိပါဘူး... နေက အရှေ့က ထွက်ပြီး အနောက်မှာ ဝင်တာဟာ မပြောင်းလဲနိုင်တဲ့ အမှန်တရားလို့ ထင်ရပေမဲ့ တကယ်လို့ နေကို ဖောက်ခွဲလိုက်ရင်ရော...”
သူက ပိုက်ဆံများစွာ အကုန်အကျခံခဲ့သော်လည်း အလကား ပေးခဲ့ခြင်းတော့ မဟုတ်ပေ။ ဓားကျောင်းတော် တပည့်များကို ခိုင်းဖတ်များအဖြစ် အလုပ်ခိုင်းခဲ့သည်။ အဂ္ဂိရတ် ပညာရှင်များက သူ့အတွက် ဆေးလုံးများ ဖော်ပေးရသည်။ အဆောင်လုပ်သူများက အဆောင်များ လုပ်ပေးရသည်။ ဓားသမားများက ဓားစေ့များ သွန်းလုပ်ပေးရသည်။ ဘာမှ မလုပ်နိုင်သူများက...
ဓားတာအို အသိအမြင်တွေကို စာစီစာကုံး ရေးပေးရသည်။ သူက ၎င်းတို့ကို စစ်ဆေးရန် ဆိုပြီး သိမ်းထားလိုက်သည်။ တကယ်တမ်း သူက ကုန်သည်တစ်ယောက်လို အမြတ်ထုတ်နေခြင်း ဖြစ်၏။ သူက အရက်သောက်ရသည်ကို ဝါသနာပါသည်ဟု အကြောင်းပြကာ စုချီနျန်ကို အဂ္ဂိရတ်ဂိုဏ်းဆီကမှ ဝိညာဉ်အရက်များကိုပင် မှာခိုင်းခဲ့သေးသည်။
အရင်းအမြစ် အများအပြား ပေးအပ်ပြီးနောက်တွင်တော့ ဓားကျောင်းတော်၏ ကပ်စေးအနှဲဆုံး ဂိုဏ်းချုပ်ကြီးပင်... မျက်ရည်ကျလုနီးပါး ဖြစ်သွားရသည်။ အံ့သြစရာကောင်းတာက သူ စျေးပင် ပြန်မဆစ်ခဲ့ပေ။ ချန်ဟွိုက်အန် အလွန် ကျေနပ်သွား၏။ မဟုတ်ပါက သူသည် ဂိုဏ်းချုပ် ခန်းမဆောင်ကို လေဝင်လေထွက် ကောင်းအောင် လုပ်မိပေလိမ့်မည်။
…
လီချင်းရန်၏ နူးညံ့သောအကြည့်များ စောင့်ကြည့်မနေတော့သည့် အချိန်မှာမှ သူ၏ အန္တိမအဆင့် ဆုလာဘ်ကို စစ်ဆေးရန် အားအင် ရှိလာတော့သည်။
ချန်ဟွိုက်အန်က ကြက်သွေးနီနှလုံးသားအမြင်မှာ ရုပ်ဝတ္ထုတစ်ခုအဖြစ် ပေါ်လာမည်ဟု ထင်ခဲ့သော်လည်း ၎င်းမှာ စိတ်ထဲသို့ တိုက်ရိုက် စိမ့်ဝင်သွားခဲ့သည်။ ရွှေရောင် အသိဉာဏ် အလင်းတန်းတစ်ခု သူ၏ အသိစိတ်ထဲတွင် လင်းလက်သွား၏။ ယခုအခါ ၎င်းမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး သူ အလိုရှိသည့် အချိန်တိုင်း အသုံးပြုနိုင်ပြီ ဖြစ်သည်။
“ငါ့မှာ ကျင့်စဉ်နှစ်ခု ရှိတယ်။ ဒီရေလှိုင်းကျင့်စဉ်နဲ့ ကောင်းကင်မိစ္ဆာကျင့်စဉ်ပဲ။ ဘယ်တစ်ခုကို အဆင့်မြှင့်ရမလဲ...”
သူက ကောင်းကင်မိစ္ဆာကျင့်စဉ်ကို ထုတ်လိုက်သည်။ ၎င်းမှာ လူကြီးတစ်ဦး၏ လက်ဖျံခန့်ရှိသော ကျောက်ပြားတစ်ခု ဖြစ်ပြီး သွေးရောင်များ လွှမ်းနေကာ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသော စာသားများဖြင့် ပြည့်နှက်နေ၏။ ကြည့်လိုက်ရုံနှင့်ပင်... သူ၏ ဝိညာဉ်ပင် တုန်လှုပ်သွားသည်။
“ငါ ဒါကို ပြုပြင်ပြီးတော့ ဓားကျင့်ကြံသူ တစ်ယောက်အနေနဲ့ မိစ္ဆာလမ်းစဉ်ထဲကို ခြေစုံပစ် ဝင်လိုက်ရမလား...”
…