← Chapters

အကုန်ပျောက်ဆုံးသွားခြင်း

Vol. 18 Ch. 180

အကုန်ပျောက်ဆုံးသွားခြင်း

Vol. 18 Ch. 180

စနေနှစ်ခိုင် ကြီးလွန်းနေလျှင်... သားရေဝတ်စုံပင် မထိန်းနိုင်တော့ပေ။

တိုက်ခိုက်ရေးသမားများအနေဖြင့် ကျပ်ထုတ်နေသော သားရေဝတ်စုံများကို ဝတ်ဆင်သည်က လှုပ်ရှားရလွယ်ကူစေပြီး ကာကွယ်မှုပေးနိုင်ကြောင်းကို ချန်ဟွိုက်အန် နားလည်သည်။

ဒါပေမဲ့ ဝတ်စုံမှာ တမင်တကာ ဟာကွက်တွေ ချန်ထားတာကျတော့...

ဒီလို နွေရာသီ အပူရှိန်ကြီးထဲမှာလေ။

ဘယ်သူ့ကို စမ်းသပ်ချင်နေတာလဲ...

သူက ယခုမှ အိပ်ရာနိုးကာစဖြစ်ပြီး တစ်နေ့တာ၏ အားအင်အပြည့်ဆုံး အခြေအနေတွင် ရှိနေခြင်း ဖြစ်သည်။

၎င်းကို သူ သည်းမခံနိုင်ပေ။ ပြတ်ပြတ်သားသား တားဆီးရပေမည်။

လင်းချန်က ရင်ဘတ်ကို ဖိထားရင်း ပါးပြင်များ အနည်းငယ် နီမြန်းသွားသော်လည်း အေးစက်သော မျက်ဝန်းများတွင်မူ သတ်ဖြတ်လိုစိတ်များ လက်ခနဲ ပေါ်လာသည်။

“နင် သေချင်နေတာပဲ...”

သူက ကြာပွတ်ဖြင့် ရိုက်နှက်လိုက်ရာ ကြာပွတ်ထိပ်ဖျားရှိ ဆူးချွန်များက လေထုကို ခွင်းလျက် ချန်ဟွိုက်အန်၏ မျက်နှာဆီသို့ ပြင်းထန်စွာ ဦးတည်သွား၏။

လင်းချန်က သူ၏ကြာပွတ် ချန်ဟွိုက်အန်၏ အရေပြားကို ဖောက်ထွက်သွားပြီး သွေးများ ပန်းထွက်လာမည့် အချိန်ကို မြင်ယောင်နေမိသည်။

သို့သော် ကြာပွတ်က ချန်ဟွိုက်အန်ကို မထိခင်မှာပင် မမြင်ရသော အားတစ်ခုဖြင့် နောက်သို့ ပြန်ကန်ထွက်သွားပြီး ရုံးခန်းပြတင်းပေါက်မှ မှန်ချပ်ကို ရိုက်ခွဲမိသွားခဲ့သည်။

ထိုရိုက်ခတ်မှုမှာ ပြင်းထန်လွန်းသဖြင့် လင်းချန်ပင် အနောက်သို့ ခြေလှမ်း အတော်များများ ယိုင်သွားရသည်။

“ကပ္ပတိန်ကျောက်... ဒီပြတင်းပေါက်က ဘယ်လောက်တန်လဲ။”

ချန်ဟွိုက်အန်က လက်ချောင်းများကို ခါထုတ်လိုက်ရင်း မျက်ဝန်းထဲတွင် နောက်ပြောင်လိုသည့် အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။

၀.၅စက္ကန့် အတွင်းမှာတင် သူ အခြေအနေကို သုံးသပ်ပြီးသွားပြီ ဖြစ်သည်။

ဒီမိန်းမလေးက လူသစ်မဟုတ်ဘူး။ ပြဿနာရှာဖို့ ရောက်လာတာ သိသာနေတယ်။

ဒါဆိုရင်တော့...

ဒါကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ရမှာပေါ့။

“ဒါက အထူးမှာထားတဲ့ ဖန်သားပြင်တွေ။ တစ်ချပ်ကို ယွမ် နှစ်သောင်းလောက် ရှိမယ်။” ကျောက်ရင်းက ချန်ဟွိုက်အန်ကို သေချာစိုက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။

သူ စိတ်ထင်နေ၍လား မသိပေ။ ယနေ့ ချန်ဟွိုက်အန်၏ အရှိန်အဝါက တစ်မျိုး ဖြစ်နေသလိုပင်။

ယခုမှ သွေးထားသော ဓားတစ်လက်လိုမျိုးပင်...

ချန်ဟွိုက်အန်က ကျောက်ရင်းကို မျက်ခုံးပင့်ပြလိုက်သည်။

“အဟမ်း... ကပ္ပတိန်ကျောက်။ သေချာ ပြန်စဉ်းစားပါဦး... ဒီမှန်က တကယ်ပဲ အဲဒီလောက်ပဲ တန်တာလား။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ဒါက တော်တော်လေး ထူးခြားတဲ့ နောက်ခံ ရှိတယ်လေ... အဖိုးတန်တဲ့ အရာတစ်ခုပေါ့...”

ပထမတော့ ကျောက်ရင်းက သူဆိုလိုသည်ကို နားမလည်ခဲ့ပေ။

သို့သော် နောက်မှ သူ သတိရသွားသည်။

ချန်ဟွိုက်အန်က ဆင်းရဲမည်ကို အသေအလဲ ကြောက်တတ်ခြင်းကိုပင်။

သူ ချက်ချင်း သဘောပေါက်သွား၏။

သူ၏ နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်ရင်း ရုတ်တရက် သတိရသွားဟန်ဆောင်လိုက်သည်။

“ဪ... ဟုတ်သားပဲ... အုပ်ချုပ်ရေးမှူး။ ကျွန်မ အခု မှတ်မိပြီ။ ဒီမှန်က ရိုးရိုးဖန်မှန် မဟုတ်ဘူး။ ရှင့်ရဲ့ ရုံးခန်း လုံခြုံရေးအတွက် ရှားပါးပစ္စည်းတွေ ထည့်သွင်း ပြုလုပ်ထားတာ။ တစ်ချပ်ကို တကယ်တော့ တစ်သိန်းခွဲ တန်တာ...”

နှစ်သောင်းကနေ တစ်သိန်းခွဲဆိုတော့ ၇ဆလောက် တက်သွားတာပေါ့။

တော်တော်လေးကို ကျိုးကြောင်းဆီလျော်တဲ့ ဈေးနှုန်းပဲ။

ဒီထက်ပိုရင်တော့ လူတွေရဲ့ ဉာဏ်ရည်ကို စော်ကားရာ ရောက်သွားလိမ့်မယ်။

ချန်ဟွိုက်အန် ကျေနပ်သွားပြီး ဒေါသထွက်နေဆဲဖြစ်တဲ့ လင်းချန်ဘက် လှည့်လိုက်သည်။

“ကြားတယ်မလား...” သူက ပြုံးစိစိဖြင့် ပြောသည်။ “ကဲ... ကတ်နဲ့ ပေးမလား။ ဖုန်းနဲ့ပဲ ပေးမလား။”

လင်းချန်က မေးခွန်းကို ဂရုမစိုက်ဘဲ ချန်ဟွိုက်အန်ကို စိုက်ကြည့်နေသည်။

“သူတို့က နင့်ကို အုပ်ချုပ်ရေးမှူးလို့ ခေါ်နေကြတာဆိုတော့... နင်က ချန်ဟွိုက်အန်လား။”

“ဒါပေါ့... အတိအကျပဲ...”

ချန်ဟွိုက်အန်က ကိုယ်ကို မတ်ရင်း အထိုက်တန်ဆုံးသော မျက်နှာပေးကို လုပ်လိုက်သည်။

“ငါကတော့ တစ်ဦးတည်းသော အထူးပြိုင်ဘက်ကင်း အချောအလှ၊ အတုမရှိ ကျောက်စိမ်း မျက်နှာနဲ့ နဂါးဖြူလေး၊ ယဉ်ကျေးသိမ်မွေ့ပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ မိန်းကလေးတွေ စွဲလန်းရတဲ့ ဂန္ထဝင်ချန်ဟွိုက်အန်ပဲ...”

ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ် - “...”

လင်းချန် - “...”

C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုက တကယ်ပဲ ဒီလိုလူပြက်ကြီးကို အုပ်ချုပ်ရေးမှူးအဖြစ် ရွေးလိုက်တာလား...

အားလုံး ရူးကုန်ကြပြီလား...

သို့သော် သူက ချန်ဟွိုက်အန်၏ မျက်နှာကို သေချာကြည့်မိသောအခါ နှလုံးသားက မသိမသာ ခုန်သွားရပြန်သည်။

ချောတယ်... သူက တကယ်ကို မယုံနိုင်စရာကောင်းလောက်အောင် ချောလွန်းနေတာပဲ။

အရှက်မရှိ ကြွားလုံးထုတ်နေပြီး ကလေးဆန်နေပေမဲ့ သူ့ရဲ့ နတ်ဘုရားဆန်တဲ့ ရုပ်ရည်ကိုတော့ ဖုံးကွယ်ထားလို့ မရဘူး။

သူက မိမိ၏ စေ့စပ်ထားခြင်းကိုတောင် ဖျက်ပစ်ချင်စိတ်လေး ဖြစ်သွားရသေးသည်။

လင်းချန်က ထိုအတွေးများကို အမြန်ဖယ်ထုတ်လိုက်ပြီး သူ လာရခြင်းမှာ ရာထူးလွှဲယူရန် ဖြစ်ကြောင်း ယောင်ယမ်းရန် မဟုတ်ကြောင်း မိမိကိုယ်ကိုယ် ပြန်သတိပေးလိုက်သည်။

သူ မျက်မှောင်ကြုတ်လိုက်၏။

“ချန်ဟွိုက်အန်။ ငါက ဌာနချုပ်က တရားဝင် ခန့်အပ်ထားတဲ့ C ပြည်နယ် အုပ်ချုပ်ရေးမှူး အစစ်ပဲ။ နင့်ရဲ့ ခန့်အပ်မှုကို သူတို့တွေက သဘောမတူဘူး။ ဒါကြောင့် ဒီနေ့ကစပြီး နင်က ငါ့ရဲ့ လက်အောက်ငယ်သားပဲ။”

သူက ပြုံးလိုက်သည်။

“ငါ့မှာ အတွင်းရေးမှူး တစ်ယောက် လိုနေသေးတယ်။ နင် လုပ်ပေါ့။”

ချန်ဟွိုက်အန်က မျက်ခုံးပင့်လိုက်၏။

“အော်... အတွင်းရေးမှူးလား။ မင်း ပြောချင်တာက... အလုပ်ရှိရင် အလုပ်လုပ်ပြီး၊ အလုပ်မရှိရင် အလုပ်ခံရမယ့် အတွင်းရေးမှူးမျိုးလား။”

လင်းချန် မျက်တောင်လေး ခတ်လိုက်ပြီး အသံကို ပိုမိုဆွဲဆောင်မှုရှိအောင် ပြောင်းလိုက်သည်။

“နင်က အဲဒီလို အဓိပ္ပာယ်ဖွင့်ချင်တယ်ဆိုရင်လည်း... ကန့်ကွက်စရာ မရှိပါဘူးနော်။”

“အဟမ်း... မရဘူး။ ငါ ငြင်းတယ်။”

ချန်ဟွိုက်အန်က သူ၏ ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး ဖြောင့်မှန်သော စိတ်ဓာတ်ဖြင့် ပြန်ပြောလိုက်သည်။

“ငါက အုပ်ချုပ်ရေးမှူးအဖြစ် ဆက်နေမယ်။ မင်းကပဲ ငါ့ရဲ့ အတွင်းရေးမှူး လုပ်လိုက်။ စိတ်ချပါ... ငါ မင်းကို ဘာမှ မလုပ်ပါဘူး။”

ဘာတွေ လာနောက်နေတာလဲ...

အုပ်ချုပ်ရေးမှူးအဖြစ် ဆက်နေမှ သုံးမကုန်တဲ့ ဘတ်ဂျက်တွေ ရှိနေမှာလေ။

ကု‌ဋေတစ်သောင်း ဘတ်ဂျက်ရဲ့ စွမ်းအားကို မြည်းစမ်းဖူးပြီးပြီ ဆိုမှတော့ အောက်ခြေကို ပြန်မဆင်းနိုင်တော့ဘူး။

လင်းချန်၏မျက်နှာ ပျက်သွားသည်။

“ကံဆိုးချင်တော့ ဒါက နင်ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။”

သူက ကြာပွတ်ကို တစ်ဖန် ပြန်ရမ်းလိုက်ပြီး ချန်ဟွိုက်အန်ဆီ ချိန်ရွယ်လိုက်သည်။

“တိုက်ကြရအောင်။ တကယ်လို့ နင်နိုင်ရင် မှန်ဖိုး ပေးပြီး ချက်ချင်း ထွက်သွားမယ်။ တကယ်လို့ နင် ရှုံးရင်တော့... ငါ့အတွင်းရေးမှူး လုပ်ရမယ်။ ပြီးရင် နင့်ကို နေ့တိုင်း နှိပ်စက်ပစ်မယ်...”

ချန်ဟွိုက်အန်က ထိုသို့ တိုက်ခိုက်ရန်သာ စိတ်အားထက်သန်နေသော မိန်းကလေးကို အဖော်လုပ်ပေးရန် လုံးဝ စိတ်မဝင်စားပေ။

သူ့တွင် လုပ်စရာ အရေးကြီးကိစ္စ အများအပြား ရှိသေးသည်။ ဥပမာ မိစ္ဆာနှိမ်နင်းရေး မစ်ရှင်များ ယူခြင်း၊ မိစ္ဆာများကို သတ်ခြင်းနှင့် ယခုမှ ပြုပြင်ထားသော ကောင်းကင်မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်ခြင်းမျိုးပင်။

သို့သော် သူ ရှောင်ထွက်ရန် ကြိုးစားတိုင်း ပိတ်ဆို့ခံနေရသည်။

“တော်တော့နော်။”

သူ၏ မျက်နှာပေါ်တွင် ကြင်နာတတ်တဲ့ အပြုံးတစ်ခု ပေါ်လာသော်လည်း...

မျက်ဝန်းထဲမှ အေးစက်သော အရိပ်အယောင်များက တခြားအဓိပ္ပာယ်ကို ဖော်ဆောင်နေ၏။

“ကောင်းပြီလေ... ငါ မင်းကို တစ်ချက် အခမဲ့ ရိုက်ခွင့်ပေးမယ်။”

“တကယ်လို့ မင်း ငါ့ရဲ့ လက်ဝါးချက် တစ်ချက်ကို ခံနိုင်ရင် ရှုံးတယ်လို့ ဝန်ခံလိုက်မယ်။”

သူ ကြိုတင် စီစဉ်ထားပြီးသားပင်။

သူက ထိုကောင်မလေးကို ဒေါင်လိုက် ရိုက်ထုတ်ပြီး နောက်ထပ် ပြတင်းပေါက် မှန်သုံးချပ်ကိုပါ ဖောက်ထွက်သွားအောင် လုပ်လိုက်မည်။

ထိုသို့ဆိုလျှင် နောက်ထပ် ယွမ် လေးသိန်းခွဲ ထပ်ရမည် ဖြစ်သည်။

သူ၏ အစွမ်းကမူ ချန်ဟွိုက်အန် ခံစားမိသလောက် ချီစုစည်းခြင်း အဆင့်မှာသာ ရှိသေးသည်။ သူ၏ စိတ်ဝိညာဉ် ချီစွမ်းအင်များက မတည်ငြိမ်ပေ။ သူက အဆင့်နိမ့်တဲ့ အတွင်းအား ကျင့်စဉ်တစ်ခုခုကို လေ့ကျင့်ထားခြင်း ဖြစ်နိုင်၏။

တကယ်တမ်းပြောရရင် သူက သိပ်ပြီး အစွမ်းထက်ပုံ မရပေ။

“နင် တကယ် လုပ်မှာလား။” လင်းချန် တုံ့ဆိုင်းသွား၏။

သူ၏ ရပ်တည်ချက်က တစ်စုံတစ်ရာသော ဖိအားတွေကို ထုတ်လွှတ်နေသလို ခံစားနေ၍ပင်။

သို့သော် သူ့တွင် အက်စပါ စွမ်းရည်များ ရှိနေသေးတယ်။ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပေသည်။

“အချိန်မဆွဲနဲ့တော့။”

ချန်ဟွိုက်အန်က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

ခြေထောက်က သတ္တုကြမ်းပြင်ကို နင်းလိုက်ရာ တစ်ခန်းလုံး တုန်ခါသွားပြီး မိုးခြိမ်းသံလို အသံကြီး ထွက်ပေါ်လာခဲ့သည်။

လက်ဝါးကို အနည်းငယ် ဆုပ်လိုက်ရာ...

လက်ချောင်းများကြားမှ အပြာရောင် လျှပ်စီးတန်းများသည် လှောင်အိမ်ထဲမှ မိုးကြိုးနဂါး ခုနစ်ကောင်လို ရုန်းကန်နေကြ၏။

သူတို့ အကြည့်ချင်း ဆုံသွားသော အခါတွင်တော့ လင်းချန် တစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တောင့်ခဲသွားရသည်။

ပထမဆုံးအကြိမ်အဖြစ်...

သူ တွေးမိလိုက်သည်မှာ....

ငါ တကယ်ပဲ ဒီလက်ဝါးချက်ကို ခံနိုင်ပါ့မလား။

သို့သော် သူ အဖြေမရှာနိုင်ခင်မှာပင်...

မိစ္ဆာနှိမ်နင်းသူတစ်ယောက်က တံခါးကို ဝုန်းခနဲ ဖွင့်ဝင်လာပြီး အသက်ကို လုရှူနေရသည်။

“ကပ္ပတိန်ကျောက်... အုပ်ချုပ်ရေးမှူးချန်... ကျင်းတဲမြို့မှာ တစ်ခုခု ဖြစ်နေပြီ...”

“ကျင်းတဲမြို့လား...” လင်းချန် မျက်တောင်ခတ်ရင်း သတင်းလာပို့သူဘက် လှည့်လိုက်သည်။

“လင်းမြစ်နားက မြို့ကို ပြောတာလား။”

“ဟုတ်ပါတယ်။ အဲဒီမြို့ပဲ...” မိစ္ဆာနှိမ်နင်းသူက မောဟိုက်နေခဲ့သည်။

“လွန်ခဲ့တဲ့ လဝက်လောက်က ရှေးဟောင်း ဂူပျက်တစ်ခုထဲကနေ အပြစ်အနာအဆာမရှိတဲ့ ကြွေထည်ပစ္စည်းတွေ တူးဖော်ရရှိခဲ့ပါတယ်။ အဲဒီကို ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ ကျောင်းသားတွေ အများကြီး ရောက်လာခဲ့ကြတယ်... ဒါပေမဲ့ မနေ့ကစပြီး သူတို့အားလုံး ပျောက်ဆုံးသွားခဲ့တယ်။”

“လူပေါင်း ၃၀၀၀ ကျော် ဘာအစအနမှ မကျန်ဘဲ ပျောက်သွားတာပါ။”

“ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တစ်ခုနဲ့ တူတယ်...” လင်းချန်က တည်ငြိမ်နေဆဲပင်။

သူ၏ မိသားစုဖြစ်သော လင်းမျိုးနွယ်စုက ကျင်းတဲမြို့နားတွင် အခြေစိုက်၏။

J ပြည်နယ်၏ ထိပ်တန်း မိစ္ဆာနှိမ်နင်းသူ ဗိုလ်ချုပ်အဆင့် နှစ်ယောက်က သူ့ဦးလေးနှင့် သူ၏ ဝမ်းကွဲတို့ ဖြစ်ကြသည်။

ထို့ကြောင့် မည်ကဲ့သို့ ထူးဆန်းဖြစ်ရပ်ပင် ဖြစ်စေကာမူ သူ မစိုးရိမ်ပေ။

သို့သော်...

“J ပြည်နယ် ဌာနခွဲက ချက်ချင်းပဲ မိစ္ဆာနှိမ်နင်းရေး ဗိုလ်ချုပ်အဆင့် နှစ်ယောက်ကို စေလွှတ်ပြီး စုံစမ်းခိုင်းခဲ့တယ်...”

“ဒါပေမဲ့ အခုအချိန်အထိ သူတို့လည်း ပျောက်ဆုံးနေတုန်းပဲ။”

လင်းချန် တစ်ကိုယ်လုံး တုန်သွားပြီး မျက်နှာ ဖြူဖျော့သွား၏။

သတင်းလာပို့သူက အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ဆုံး သတင်းစကားကို ပြောလိုက်သည်။

“ပြီးတော့ လွန်ခဲ့တဲ့ နှစ်နာရီလောက်ကပဲ ကျင်းတဲမြို့က ဒေသခံတွေပါ စပြီးတော့ ပျောက်ဆုံး သွားနေပြီ။”

All Chapters