One Mountain is Always Higher Than the Next
Vol. 11 Ch. 102
မနက်ခင်း ညီလာခံအစည်းအဝေး စတင်ခဲ့သည်။
ယွဲ့လင်းက အမှုဟောင်းများ၏အခြေအနေကို မေးမြန်းခဲ့ပါသည်။
အချိန်ကြာနေပြီဖြစ်သည့် အမှုဟောင်းများအတွက် သဲလွန် စကိုအလွယ်တကူရှာတွေ့နိုင်မည်မဟုတ်ပါ။ ထို့အပြင် ယွဲ့ဟွာဘက်တော်သားများကလည်း ထိုကိစ္စနဲ့ပတ်သတ်ပြီး ထပ်မံမေးခွန်းထုတ်ခဲ့ကြသည်။
အဆင့်နိမ့် အရာရှိအမတ်များကလည်း တစ်ယောက်တစ် ပေါက် ထပ်ပြီးငြင်းခုံကြပြန်ပါသည်။
ယွဲ့လင်းထံ ကျန်းကျီမြောင် ကရုဏာသက်စွာ လှည့်ကြည့်လိုက်သည်။
[အရှင်မင်းကြီးဖြစ်ရတာ မလွယ်ဘူးပဲ၊ အစည်းအဝေးတစ်ခုပြီးတာနဲ့ခေါင်းတွေ တကျီကျီမြည်နေတော့မှာ၊ အနောက်နန်းဆောင်ထဲက ညီအစ်မတွေကမှ အဆင်ပြေသေးတယ်၊ အားလုံး သာသာယာယာပဲ]
ကျန်းကျီမြောင် ဆူညံသံတွေကို လျစ်လျူရှုလိုက်ပြီး သုံးပြည်ထောင်ရာဇဝင်ကို ဆက်ကြည့်နေလိုက်ပါသည်။
အောက်တွင် အဖွဲ့နှစ်ဖွဲ့က အပြင်းအထန်ငြင်းခုံနေကြသည်။
တရားရေးရာဝန်ကြီးလည်း လည်းပင်းမှာသွေးကြောတွေထောင်၊ မျက်နှာတစ်ခုလုံး နီရဲလောက်သည့်အထိ အရှုံးမပေးဘဲ ငြင်းခုံနေပါသည်။ ထိုစဉ်ရုတ်တရက်…
တရားရေးရာဝန်ကြီး ကျောက်ရုပ်လို ရပ်တန့်သွားသည်။
သုံးပြည်ထောင်ရာဇဝင်တွင် ချောင်ချောင်နှင့် ချန်းကုန်းတို့ အဘိုးကြီးလု၏အိမ်တော်တွင် တည်းခိုနေသည့် ဇာတ်ဝင်ခန်းကို ရောက်ရှိနေပြီဖြစ်သည်။ အဘိုးကြီးလုမှာ အလွန်နွေးထွေးပြီး ချောင်ချောင်ကို ဧည့်ခံဖို့အတွက်သေရည်ထွက်ဝယ်ခဲ့သည်။
အဘိုးကြီးလုထွက်သွားသောအခါ ဓားသွေးနေသည့် အသံကို ချောင်ချောင် ရုတ်တရက် ကြားလိုက်ရပါသည်။ သူ့ကို အဘိုးကြီးလု လုပ်ကြံသတ်ဖြတ်ဖို့ ကြံနေသည်ဟူသော အထင်ဖြင့် အိမ်တော်အတွင်းရှိ အစေခံတွေအားလုံးကို ချောင်ချောင် သတ်ဖြတ်ခဲ့သည်။ မီးဖိုချောင်ထဲကိုရောက်ခါမှ သူ အမှားလုပ်မိပြီဖြစ်မှန်း နားလည်သွားခဲ့လေသည်။
ချောင်ချောင်နှင့် ချန်းကုန်းတို့ သွေးချောက်ချားကာ အိမ်တော်မှထွက်ပြေးခဲ့ရသည်။
ထိုဇာတ်ဝင်ခန်းကို ကြည့်ခြင်းအားဖြင့် သံသယများတတ်သည့် ချောင်ချောင့် စိတ်ဓာတ်ကိုသိမြင်နိုင်ပါသည်။
အမြော်အမြင်ကြီးသည့် လူတစ်ဦးအဖြစ်မှ သံသယလွန်ကဲသော လူသတ်သမားတစ်ဦးအဖြစ်သို့ ချောင်ချောင် ရုတ် တရက် ပြောင်းလဲသွားသည်ကို အရာရှိအမတ်များ လက်ခံရခက်ခဲနေသည်။
လမ်းတွင် ချောင်ချောင်နှင့် ချန်းကုန်းတို့ သေရည်ဝယ်ပြီး ပြန်လာသော အဘိုးကြီးလုနှင့် ထပ်မံဆုံတွေ့ခဲ့ရသည်။
အဘိုးကြီးလုအား ချောင်ချောင် မတွန့်မဆုတ် သတ်ပစ်ခဲ့ပါသည်။
ထို့နောက် အဓိပ္ပာယ်မပြတ်သားသော စကားတစ်ခွန်းကို ချောင်ချောင်ဆိုခဲ့သည်။
“ငါ့အပေါ် ကမ္ဘာကြီး မတရားလုပ်ခွင့်ရစေရန်ထက်၊ ကမ္ဘာကြီးကို ငါပဲ မတရားလုပ်ခွင့်ရစေရမယ်”
ထိုစကားကို နောက်ပိုင်းမျိုးဆက်များက အဓိပ္ပာယ်အမျိုးမျိုး ဖော်ဆောင်ကာကောက်ချက်ချခဲ့ကြသည်။ သို့သော် သုံးပြည်ထောင်ရာဇဝင်ထဲမှာတော့ သူရဲကောင်းလည်းဖြစ် သူယုတ်မာလည်းဖြစ်သော ချောင်ချောင့် သရုပ်ကိုမြင်သာ အောင် ဖော်ဆောင်ဖို့အတွက် အဖြစ်အပျက်တစ်ခုတည်းနှင့် ဖော်ပြသွားခဲ့သည်။
ကျန်းကျီမြောင် ဇာတ်လမ်းကိုကြည့်ဖူးပြီးသားဖြစ်သဖြင့် ဘာမှ သိပ်မခံစားခဲ့ရပါ။
သို့သော် အောက်မှာ ငြင်းခုံနေကြသည့် နန်းတွင်းအရာရှိတွေကမူ ရီဝေငိုင်ကျသွားခဲ့သည်။
သုံးပြည်ထောင်အစတွင် တုန်ကျိုးကို လုပ်ကြံသတ်ဖြတ်ဖို့ ချောင်ချောင် ကြံစည်ခဲ့စဉ်တုန်းက ပြိုင်ဘက်ကင်းဖြောင့် မတ်မှန်ကန်သူတစ်ဦးဟု သူတို့ထင်ခဲ့ကြသည်။
သို့သော်…
အချိန်အကြာကြီး မစောင့်လိုက်ရဘဲ ချောင်ချောင်၏ခံယူချက်နှင့် စိတ်ဓာတ်တို့က ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
အရာရှိအမတ်များက ဒါကိုလက်မခံနိုင်ကြပါ။
“မဖြစ်နိုင်ဘူး! ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!”
တရားရေးရာဝန်ကြီး ဟစ်ကြွေးလိုက်ပါသည်။ သူ့ပုံစံက အလွန်ဝမ်းနည်းပက်လက်ဖြစ်နေကာ ရင်ဘတ်ကိုလက်ဖြင့်ထုပြီး ကြမ်းပြင်ကို ဖနောင့်ဖြင့် ဆောင့်တော့မည့်ပုံစံမျိုးဖြစ်နေသည်။
သူနဲ့အပြိုင် ငြင်းခုံနေသည့် ထုံးတမ်းရေးရာဒုဝန်ကြီးလည်း ကြက်သေသေသွားသည်။
“???”
သူ ဘာမှတောင် မပြောရသေးဘူး
တရားရေးရာဝန်ကြီးက ဘာလို့ အရမ်းနာကျင်သွားတဲ့ပုံစံပေါက်နေတာလဲ…
ဒါပေမယ့် ရပါတယ်!
မီးလောင်ရာ လေပင့်ပြီး တရားရေးရာဝန်ကြီးရဲ့ ရပ်တည် ချက်ကို ပြိုလဲသွားအောင် လုပ်ပေးရမှာပေါ့!
ထုံးတမ်းရေးရာဒုဝန်ကြီး နှစ်ဆတိုးပြီး တိုက်ခိုက်ဖို့အသင့်ပြင်လိုက်သည်။
ထိုစဉ် တရားရေးရာဝန်ကြီးက ရုတ်တရက် ခေါင်းပြန်လှည့်လာပြီး ထုံးတမ်းရေးရာဒုဝန်ကြီးကို နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
မနေ့က သုံးပြည်ထောင် အပိုင်းနှစ်ပိုင်းကိုကြည့်ပြီး တရားရေးရာဝန်ကြီးက ချောင်ချောင့်အမာခံ ပရိတ်သတ်ဖြစ်သွားခဲ့သည်။ ယခု ရုတ်တရက် ပြောင်းလဲသွားသည့် ချောင်ချောင်ကို ကြည့်ရင်း သူ့ရင်ထဲက ဒေါသတွေ ဘယ်သူ့အပေါ် ပုံချရမှန်းမသိဖြစ်နေခဲ့သည်။
တရားရေးရာဝန်ကြီး ပါးစပ်ဟလိုက်သောအခါ ရှေးခေတ်အဆဲစကားပေါင်းစုံ ထွက်ပေါ်လာခဲ့သည်။
ထုံးတမ်းရေးရာဒုဝန်ကြီး ခုခံဖို့ ကြိုးစားသော်လည်း တရားရေးရာဝန်ကြီး၏ စကားလုံးတိုက်ခိုက်မှုများက ယခင်ကထက် အဆမတန်ပိုအားကောင်းလာသည်။ သူ့မျက်နှာပေါ် တံတွေးများတောင် ပက်စင်လာပြီး ထုံးတမ်းရေးရာဒုဝန်ကြီး တစ်ခွန်းမှပြန်မပြောနိုင်လောက်အောင် ကြက်သေသေသွားရသည်။
ထို့နည်းတူ ဒေါသထွက်နေသည့် အခြားအရာရှိအမတ်များစွာလည်း ရှိနေပါသေးသည်။
ထို့ကြောင့် ညီလာခံထဲ ငါးစိမ်းတန်းတစ်ခုလို ဆူညံပွက်လောရိုက်သွားလေတော့သည်။
ကျန်းကျီမြောင် စိတ်ထဲမှ ညည်းညူလိုက်လေသည်။
[ဆူညံနေတာပဲ၊ ဒီလောက်အော်ဟစ်နေကြတာ ညီလာခံပြီးရင် လည်ချောင်းတွေ မနာကြဘူးလားမသိဘူး]
သို့သော်လည်း ကျန်းကျီမြောင်ကမူ ပြဿနာတွေကို မြိန်မြိန်ရှက်ရှက်စောင့်ကြည့်နေခဲ့ပါသည်။ နန်းတော်၏ရာထူးမြင့် ဝန်ကြီးအမတ်များ ဖြစ်နေကြသော်လည်း စကားများရန်ဖြစ်သည့်အခါ တိုင်းသူပြည်သားများနှင့် ဘာမှမကွာ ခြားလှပေ။
နောက်ဆုံးမှာ မတ်တပ်ရပ်နေသည့် ယန်ဖုလည်း ဗရုတ်သုက္ခဖြစ်နေသည့် ညီလာခံကြီးကို စိတ်ဓာတ်ကျစွာငေးကြည့် နေခဲ့သည်။ ထိုစိတ်ဝင်စားစရာဇာတ်လမ်းတွဲအား အားလုံး ထပ်ကြည့်ပြီးသွားကြပြီထင်သည်။ သူတစ်ယောက်တည်းသာ ကျန်ခဲ့တာဖြစ်သည်။
ယွဲ့လင်းကလည်း ဆူညံပွက်လောရိုက်မှုများအား တည်တည်ငြိမ်ငြိမ်သာ စောင့်ကြည့်နေခဲ့ပြီး တစ်ခါတလေ စကားလမ်းကြောင်း ဝင်သွယ်ပေးခဲ့သည်။ စကားများငြင်းခုံနေကြရင်း တချို့အရေးကိစ္စတွေ တဖြည်းဖြည်း ရှေ့ရောက်လာခဲ့ကြပါသည်။
[အချိန်ကျပြီ]
ကျန်းကျီမြောင်၏အတွေးသံ ရုတ်တရက် ထွက်ပေါ်လာသည်။
မကြာသေးခင်ကမှ ဆူညံနေသည့် ညီလာခံတစ်ခုလုံးချက် ချင်းငြိမ်ကျသွားခဲ့သည်။ အရာရှိအမတ် တစ်ဝက်လောက်က ချက်ချင်းပါးစပ်ပိတ်သွားခဲ့တာကြောင့်ပင်။
ဆက်ငြင်းခုံချင်သေးသည့် အမတ်များလည်း ဆွံ့အသွားကြသည်။
“???”
ဘာဖြစ်တာလဲ!
ဒီလူတွေ စိတ်ချင်းဆက်သွယ်နိုင်ကြတာလား!
တစ်ပြိုင်တည်း ငြိမ်ကျသွားလိုက်တာ!
[ဒီနေ့အတွက် အတင်းအဖျင်းတွေ ဖတ်ကြည့်ရအောင်…]
ကျန်းကျီမြောင် စိတ်ဝင်တစား စတင်ဖတ်ရှုလိုက်ပါသည်။
[ထုံတမ်းရေးရာဒုဝန်ကြီး ရှစ်ယိုချန်းမှာ ထူးထူးဆန်းဆန်း ဝါသနာတစ်ခုရှိတယ်၊ ကုတင်ပေါ်မှာ ကြာပွတ်နဲ့ အရိုက်ခံရတာကို သဘောကျတယ်တဲ့…ကိုယ်လုပ်တော်တစ်ယောက်ဆို ကြာပွတ်အကိုင်ကျွမ်းလို့ ရှစ်ယိုချန်းအရေးပေးတာကို ခံရတယ်တဲ့…]
ရှစ်ယိုချန်းကို ကျန်းကျီမြောင် လှမ်းကြည့်လိုက်သည်။
အရာရှိအမတ်များလည်း ရှစ်ယိုချန်းကို ဝိုင်းကြည့်လိုက်ကြသည်။
[သူ့အသက်က ၄၀ - ၅၀ လောက်ရှိနေပြီလေ ! ဒီအရွယ်ကြီးနဲ့ အဲ့လို ဝါသနာမျိုးရှိနေတာလား! BDSM က အဲ့လောက် စိတ်လှုပ်ရှားစရာကောင်းလို့လား ?]
လူတိုင်းအကြည့်ကို သတိထားမိသွားသော ရှစ်ယိုချန်း ကြက်သေသေသွားပါသည်။
“???”
ဘာဖြစ်တာလဲ…
ဘာလို့ သူ့ကို အားလုံးဝိုင်းကြည့်နေကြတာလဲ!
အရာရှိအမတ်များ၏အကြည့်က တဖြည်းဖြည်းကြက်သီး ထစရာကောင်းလာပါသည်။
ကျွတ် ကျွတ် ကျွတ်…
ရှစ်ယိုချန်းနှင့် သူ့ကြင်ယာတော်တို့ အိမ်ထောင်ရေးအဆင် မပြေသည့်အကြောင်းကို အားလုံးကြားဖူးကြသည်။ ယခု အကြောင်းအရင်းကို အားလုံးခန့်မှန်းနိုင်လေပြီ။
သခင်မကြီးရှစ်က ကြာပွတ်အကိုင်မကျွမ်းလို့ပေါ့…
အရာရှိအမတ်များ၏အကြည့်တွေကြောင့် ရှစ်ယိုချန်း ဇဝေဇဝါဖြစ်ကာ နဖူးပေါ်ဇောချွေးများပင်ပြန်လာရသည်။ ဘာတွေ ဖြစ်သွားမှန်းမသိသော်လည်း စိတ်ထဲအလိုလို လေးလံလာခဲ့သည်။
ကံကောင်းစွာဖြင့် ကျန်းကျီမြောင်က တစ်ချက်သာကြည့်လိုက်ပြီး အကြည့်ပြန်လွှဲလိုက်သည်။ အရာရှိအမတ်များလည်း နားလည်မှုဖြင့် အကြည့်ပြန်ရုတ်သိမ်းလိုက်ကြသည်။
ထိုအခါမှ ရှစ်ယိုချန်း စိတ်အေးနိုင်ပါသည်။
[ဒီနေ့ကနေ သုံးရက်ကြာရင် ချူးဟယ်လင်းကို ဖမ်းဆီးလာတဲ့ ကိုယ်ရံတော်အဖွဲ့က ရွှမ်းရှီတောင်ကြားလမ်းကို ဖြတ်လိမ့်မယ်၊ အဲ့ဒီအချိန်မှာ ရွှမ်းရှီတောင်ရဲ့ ဓားပြတွေ အလစ်ဝင်တိုင်တာကိုခံရပြီး ကိုယ်ရံတော်တစ်ဖွဲ့လုံး အသတ်ခံရလိမ့်မယ်၊ အသတ်ခံရမယ့်အထဲ ချူးဟယ်လင်းလည်း ပါတယ်…]
အရာရှိအမတ်တွေအားလုံး မျက်နှာပျက်သွားကြသည်။ ချူးဟယ်လင်းမှာ အလွန်အရေးပါသည့် သက်သေတစ်ခု ဖြစ်သည်။
သူသာ သေဆုံးသွားပါက ဒီအမှု သက်သေမဲ့ဖြစ်သွားလိမ့် မည်။ ချူးဟယ်လင်း နှစ်ပေါင်းများစွာ စုဆောင်းလာသည့် စည်းစိမ်တွေ ဘယ်ကိုရောက်ရှိသွားသလဲ အားလုံးသိနေကြသည်။ သို့သော် စွပ်စွဲချက်တင်ဖို့အတွက် ခိုင်လုံသည့် သက်သေလိုအပ်သည်မဟုတ်ပါလား ?
ထို့ကြောင့် ချူးဟယ်လင်း လုံးဝသေဆုံးလို့မဖြစ်ပါ။
[အရှင်မင်းကြီးကို သတိပေးရမယ်…အဲ့ဒီဓားပြတွေက တကယ့်ဓားပြတွေမဖြစ်နိုင်ဘူး၊ ဇာတ်လမ်းထဲကအတိုင်းဆို ယွဲ့ဟွာလက်အောက်မှာ လျှို့ဝှက်တပ်ဖွဲ့တချို့ရှိနေတယ်၊ အဲ့ဒီဓားပြတွေကလည်း ယွဲ့ဟွာရဲ့လျှို့ဝှက်တပ်ဖွဲ့ထဲကပဲ ဖြစ်နိုင်တယ်]
အရာရှိအမတ်များ မျက်နှာထပ်ပျက်သွားရပြန်သည်။
ဘာဖြစ်တယ်!
မင်းသားအန်းဟယ်မှာ လျှို့ဝှက်တပ်ဖွဲ့တွေတောင် ရှိတယ်ဟုတ်လား!
ရွှမ်းရှီတောင်က နန်းတော်နဲ့အရမ်းနီးကပ်တဲ့ တောင်လေ…
သူ့ တပ်ဖွဲ့တွေကို အဲ့ဒီနေရာမှာဖုံးကွယ်ထားတယ်ဆိုတော့…
ယွဲ့ဟွာ ဘာလုပ်ဖို့ကြံနေတာလဲ… အရှင်မင်းကြီးကို ပုန်ကန်ဖို့လား!
အမတ်များအားလုံး တုန်လှုပ်ချောက်ချားသွားသလို ဒေါသလည်း ကြီးသွားကြရသည်။
တာ့ယုံတိုင်းပြည်နဲ့ လောတိုင်းပြည်တို့ စစ်မက်ဖြစ်ပွားဖို့ သိပ်မလိုတော့ပါ။ အခုလိုအချိန်မျိုးမှာသာ ပြည်တွင်းစစ် ဖြစ်သွားလျှင် တာ့ယုံတိုင်းပြည် ပျက်သုဉ်းရပေလိမ့်မည်။
ထီးနန်းရဖို့အတွက်နဲ့ မင်းသားအန်းဟယ် ဘာမဆိုလုပ်တော့မှာလား…
မြို့စားရှဲ့မျက်နှာလည်း သုန်မှုန်သွားခဲ့သည်။ မိဖုရားကြီးဆီမှာ သစ္စာခံဖို့ သူ့ဇနီးဘာကြောင့် အကြိမ်ကြိမ်မှာခဲ့သလဲဆိုတာ မြို့စားရှဲ့နားလည်သွားပါပြီ။
မိဖုရားကြီး၏စွမ်းပကားက အလွန်ကြီးမားသည်။ သာမန်လူတွေ မသိနိုင်သည့်အရာများအားသိနေပြီး အနာဂတ်ကိုပါကြိုတင်သိမြင်နိုင်လေသည်။
မိဖုရားကြီး ပေးအပ်ထားသည့် သတင်းအချက်အလက်များကြောင့်သာမဟုတ်လျှင် သူတို့ ကြိုတင်ပြင်ဆင်နိုင်ချိန်ရှိမှာ မဟုတ်ပေ။ ယွဲ့ဟွာသာ အမှန်တကယ်ပုန်ကန်ဖို့ တပ်ဖွဲ့တွေ စုစည်းနေလျှင် တာ့ယုံတိုင်းပြည် ဒုက္ခတွင်းထဲ ရောက်သွားနိုင်သည်။
ကံကောင်းစွာဖြင့် သူတို့မှာ ကြိုတင်ပြင်ဆင်ချိန်ရှိသွားပြီဖြစ်သည်။
ညီလာခံထဲက အရာရှိအမတ်များ၏အသွင်အပြင်မှာ အလွန်စိတ်လေးလံနေပုံပေါ်ပြီး သတ်ချင်ဖြတ်ချင်စိတ် ပေါက်နေပုံလည်းပေါ်သည်။
ယွဲ့ဟွာ မျက်မှောင်ကြုတ်သွားသည်။
ဒီလူတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုများ ဆက်သွယ်နေကြတာလဲ…
မျက်နှာထားတွေ၊ တုန့်ပြန်ပုံတွေက အားလုံးနီးပါးအတူတူပဲ!
[နောက်ဆုံးအတင်းအဖျင်းကို ဖတ်ကြည့်ရအောင်…]
ကျန်းကျီမြောင် နောက်တစ်မျက်နှာ လှန်လိုက်ရာမျက် လုံးများ ပြူးကျယ်သွားခဲ့ရသည်။
သူ့ကိုယ် သူ အတွေ့အကြုံရင့်ကျက်ပြီး လေးပြင်းမုန်တိုင်းဒဏ်ကို ခံနိုင်သူဖြစ်နေပြီဟု ကျန်းကျီမြောင် ယုံကြည်ထားသည်။ ချန့်လုံ ကိုယ်လုပ်တော်နှင့် သားဖြစ်သူတို့ ဖောက်ပြားနေသည့် ကိစ္စမှာတောင် ကျန်းကျီမြောင် မျက်ခုံးပင့်ရုံသာ အံ့အားသင့်ခဲ့ရသည်။
ထုံးတမ်းရေးရာဒုဝန်ကြီး၏ BDSM ကိစ္စကိုတောင် သူမ ရင်မခုန်ခဲ့ချေ။
[တောင်တွေဆိုတာ တစ်လုံးထက်တစ်လုံး ပိုမြင့်နေတတ်တယ်လို့ ထင်ထားတာ… တကယ်တော့ ငါ ပထမဆုံးမြင်ခဲ့ရတဲ့ တောင်တန်းကြီးက အမြင့်ဆုံးဖြစ်နေတာကိုး!]